ညို သို့မဟုတ် ညိုမီမီခင်


Featured Image
ညို သို့မဟုတ် ညိုမီမီခင်
အဆင်မပြေမှုများစွာနဲ့မိန်းမတစ်ယောက် ၊
လောကဓံနဲ့ အချိန်ပြည့် နပန်းလုံးနေရတဲ့ မိန်းမတစ်ယောက် ၊ အတေ‌ွးအမြင်အသိညဏ်ရှိသလိုလိုနဲ့ အသိခေါက်ခက်အ၀င်နက်တဲ့ မိန်းမတစ်ယောက် ။
ညိုရဲ့အကြောင်းဟာ ပုံမှန်မြင်တွေ့နေကြ ခေတ်စနစ်များဆီက ပြယုဂ်တစ်ခုပါပဲ။အသက်၂၀ကျော်ဘ၀မှာ အိမ်ထောင်ပြုတယ်။ အိမ်‌ေထာင်ရှင်မဖြစ်ပြီး သားသမီးရတယ်။လင်ယောကျာ်းရဲ့အဆိုးအကောင်းတွေကိုလည်း မျှဝေခံစားရတယ်။အိမ်ထောင်ကဖောက်ပြန်တာခံရတယ်။အဲ့ဒီအချိန်အထိ ညိုရဲ့ဘ၀ဟာ ရေမကူးတတ်တဲ့သူလိုပါပဲ။နစ်လိုက် ပြန်ပေါ်လာရင်း အသက်ရှုလိုက်လုပ်ရင်း ကောက်ရိုးမျှင်အစလေးကို သူ‌ဆွဲထားခဲ့တယ်။
ဒါပေမဲ့ ကံကြမ္မာဝဲဂယက်က ညိုကို လစ်ပစ်မ ၊ တစ်ခုလပ်မဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးကို အပ်နှင်းလိုက်ချိန် ညို့ရဲ့ကမ္ဘာပျက်ခြင်းစပါတယ်။အဲ့သလိုနဲ့ပဲ ညိုရဲ့ဘ၀ဟာ တည်ငြိမ်လိုက် ၊ လှုပ်ခတ်လိုက်ဖြစ်ရင်း ညိုဖြတ်သန်းရာ သက္ကရာဇ်‌ေတွကို ကျော်လွန်ပါတယ်။
ညိုမီမီခင်အတွက် အမှောင်မိုက်ဆုံးကာလတစ်ခုကိုရောက်ချိန်ဟာ မြန်မာနိုင်ငံရဲ့အမှောင်မိုက်ဆုံးအချိန်ပါပဲ။ ညိုသာမကဘဲ လူတွေအားလုံး ပျောက်သောလမ်းမှာစမ်းတဝါးဝါး ဖြစ်ခဲ့ရတာကို အ‌ေခြခံလူတန်းစားတိုင်း သိကြတာအဟုတ်ပါပဲ။
ဒီလိုနဲ့ပဲ ဘ၀ဇာတ်ခုံပေါ်မှာ နေရေး၊စား‌ေရးအတွက် ကပြဖျော်ဖြေဖို့ရာ ညိုတစ်ယောက် မင်းသမီးဖြစ်လာခဲ့ရပါတယ်။အငြိမ့်မင်းသမီးမဟုတ်တဲ့ နေ့ငှက်မလေး တိမ်မည်းညိုအဖြစ်နဲ့ပေါ့။ နှစ်ပါးသွားဆိုပေမဲ့ ကြည့်ရတာကကြိုးမညီတဲ့ နေ့ဘက်နှစ်ပါးသွားဖြစ်ခဲ့တယ်။ ညိုကျင်လည်ရာ မှတ်တိုင်နဲ့လမ်းဆုံတွေဟာလည်း ခါးသက်နေခဲ့တယ်။ အဲ့ဒီလို ညို့ဇာတ်ကြောင်းက ညှို့ယူဆွဲငင်ထားပါတယ်။
‌စာရေးသူက စာအုပ်ထဲမှာ ညိုဖြတ်သန်းရာ ခုနှစ်အလိုက် ခေါင်းစဉ်တွေနဲ့ ရေးသွားတယ်။
တိမ်မည်းညို (၂၀၂၂ခုနှစ်) လက်ရှိကာလနဲ့စတယ်။ ညို သို့မဟုတ် ညိုမီမီခင် ( ၂၀၀၉ခုနှစ်) မှာ အိမ်ထောင်ပြုခါစကာလ အိမ်ထောင်ရှင်ဘ၀။ ကောင်းကင်ညို ( ၂၀၁၃ခုနှစ်) ဒုတိယကလေးမွေးခါစကာလ။ မိုးသားညို (၂၀၁၈ခုနှစ်) ညို့အတွက်ရုန်းကန်ရတဲ့ကာလ ၊ပြီးမှ လက်ရှိကာလကိုပြန်ရောက်တယ်။မှောင်မိုက်မှာပြိုတဲ့ ရွှေကျီးမလေး
ညိုကို ဘာတွေက ဘယ်လိုဖြစ်စေခဲ့တာလဲ။
ညိုဟာ အိမ်ထောင်တစ်ခုကို မပြိုကွဲစေချင်ခဲ့ပါဘူး ။ လင်ရကံမကောင်းတာတောင် ဖောက်ပြန် နေမှန်းသိလျက်နဲ့နူတ်ဆိတ်နေပြီး သားသမီးရှေ့ရေးကြည့်ရင်း နေတတ်သူပါ။စိတ်သဘောထားကောင်းပြီး တစ်ဖက်သူကိုကြည့်တတ်တဲ့ ညိုရဲ့အတွေး ၊ တွေးရင်းတွေဝေနေတတ်တဲ့ ညို့အကျင့်ကြောင့် စာဖတ်သူအနေနဲ့ မကျေနပ်ချက်လေးတွေလည်းဖြစ်မိပါတယ်။
နေ့ဘက်မှာပျံတဲ့‌ နေ့ငှက်ဆိုပေမဲ့ ညို့အလုပ်ဟာ မလင်းဘဲ မှောင်နေပါတယ်။ စာ‌ေရးသူကတော့ ညိုရဲ့ဘ၀ ၊ ညို့လုပ်ရပ် ၊ ဆုံးဖြတ်ချက်တွေအပေါ်နားလည်ပေးနိုင်ကြမယ်ဆို ကျေနပ်ပါတယ်လို့ မှာပါတယ်။စာဖတ်သူအနေနဲ့လည်း နားမလည်နိုင်စရာမရှိခဲ့ပါဘူး။ ညိုဖြတ်သန်းခဲ့ရတဲ့ ခေတ်စနစ်တွေထဲမှာ ကျင်လည်နေကြရသူချင်း စာနာလို့ပါပဲ။
၀တ္ထုထဲက ညို့ဘ၀ဟာ အဆုံးမသတ်သလို လက်တွေ့ဘ၀မှာလည်း ညို့လိုပဲ သူသူကိုယ်ကိုယ် ပျံသန်းနေတဲ့ မပြီးဆုံးသော နေ့ငှက်ကလေးများရဲ့ နေ့‌ေပါင်းများစွာရှိပါလိမ့်မယ်။
ဒီနေရာတွေမှာ သူတို့ပျံသန်းပါတယ်။
တညင်းကုန်းလမ်းဆုံမှာ သူတို့ရှိပါတယ်။
အင်းစိန်ပန်းခြံမှတ်တိုင်မှာ သူတို့ရှိပါတယ်။
သမိုင်းလမ်းဆုံမှာ သူတို့ရှိပါတယ်။
လှည်းတန်းလမ်းဆုံမှာ သူတို့ရှိပါတယ်။
မြေနီကုန်းလမ်းဆုံမှာ သူတို့ရှိပါတယ်။
တာမွေဗလီမှတ်တိုင်မှာ သူတို့ရှိပါတယ်။
မြောက်ဥက္ကလာအဝိုင်းထိပ်မှာ သူတို့ရှိပါတယ်။
သိမ်ကြီးဈေးမှတ်တိုင်မှာလည်း ရှိပါတယ်။
ပန်းဆိုးတန်းလမ်းမထက်မှာ ခုံးတံတားအောက်မ‌ှာ၊ဘူတာကြီးမှာလည်း သူတို့ရှိနေနိုင်ပါတယ်။
၂၈၊၇၊၂၀၂၃
ညို 🦜
🟫စာရေးသူ – ထွန်းတောက်ထွဋ်(သင်္ချာ)
🟫မျက်နှာဖုံးပန်းချီ – လင်း၀ဏ္ဏ
🟫တန်ဖိုး – ၅၀၀၀
🟫စာမျက်နှာ -၁၉၀
🟫ပုံနှိပ်မှတ်တမ်း – ၂၀၂၃ခုနှစ် ၊ ဇူလိုင်လ
ပထမအကြိမ် ၊ အုပ်ရေ ၇၀၀

Main Menu