နှလုံးလှဆရာဝန်


Featured Image
စာအုပ်အမည်… နှလုံးလှဆရာဝန်
စာရေးဆရာ… ကျော်အောင်
စာအုပ်အမျိုးအစား… ဘာသာပြန်စာပေ
ထုတ်ဝေသူ… မဟာစာပေ
ထုတ်ဝေခြင်း… ပဥ္စမအကြိမ်
မျက်နှာဖုံးဒီဇိုင်း… မိုးသိမ်းခိုဃ်
စာမျက်နှာ… ၃၃၇
တန်ဖိုး… ၉၀၀၀
သူရဲကောင်း ၊ လူစွန့်စား ဆိုတဲ့ ဂုဏ်ပုဒ်တွေဟာ စစ်သားတွေ ၊ တိုက်ခိုက်ရေးသမား တွေ ကိုပဲ ညွှန်းဆိုလို့ ရတာ မဟုတ်ပါဘူး ။ သက်သောင့်သက်သာ ဘဝကို ထားရစ်ခဲ့ပြီး တန်ဖိုးရှိတဲ့ လူ့အသက်တွေကို စစ်မြေပြင်မှာ လူနာတွေကို စွန့်စွန့်စားစား ကယ်တင်ပေးတဲ့ ခွဲစိတ်ဆရာဝန် တစ်ယောက်ကိုလည်း ပေးအပ်သင့်တဲ့ ဂုဏ်ပုဒ်တစ်ခုပါ ။
” လူနာတွေနဲ့ ငါ သေလည်း အတူတူ သေမယ် ။ ရှင်လည်း အတူတူ ရှင်မယ် ။ လူနာတွေကို ပစ်ပြီး ငါ ကိုယ်လွတ် မရုန်းနိုင်ဘူး ” ဒီလို ရဲရဲဝံ့ဝံ့ နဲ့ ပြောသွားခဲ့တဲ့ ဆရာဝန် တစ်ယောက် ဤကမ္ဘာမြေပေါ် ရှိခဲ့ဖူးတယ် ။ သူကတော့.နော်မန်ဗက်သွန်း ဆိုတဲ့ လူစွန့်စား ဆရာဝန် တစ်ယောက်ပါ ။ စွန့်စားခန်း တွေ အပြည့်နဲ့ ဗက်သွန်းရဲ့ဘဝဟာ စိတ်ဝင်စားဖို့ ကောင်းလှပါတယ် ။
ကနေဒါနိုင်ငံ ဇာတိ နော်မန်ဗက်သွန်း ဆရာဝန် ဖြစ်စမွာ ပထမကမ္ဘာစစ် စဖြစ်တယ်.။ စစ်မြေပြင်ရဲ့ အနိဋ္ဌာရုံတွေကို သူ နားလည် သိမြင်ခဲ့ရတယ် ။ စစ်ကြီးပြီးတော့ အမေရိက ၊ ဒက်ထရွိုက်မြို့ ရဲ့ ဆင်းရဲသားရပ်ကွက်မွာ ဆေးခန်းဖွင့်တယ် ။ ဆေးဖိုးဝါးခ မတတ်နိုင်လို့ သေဆုံးခဲ့ရတဲ့ လူတန်းစားတွေ အတွက် ဗက်သွန်း ဟာ ကြေကွဲခဲ့ရတယ် ။
သူ့ အသက် ၃၆ နှစ်မွာ အဲဒီခေတ်က လူသေဆုံးမှု အများဆုံး ရောဂါဖြစ်တဲ့ အဆုတ်နာရောဂါ ကို ခံစားရတယ် ။ သူ့မိန်းမ ဖရန်စီ နဲ့ပါ ကွဲကွာသွားပြီး နယူးယောက်မြို့ ဆာရာနက် ရေအိုင်ဘေးက ထရူဒေါ ဆေးရုံက နားနေဆောင်မှာ နော်မန် ဗက်သွန်း ဟာ သေမယ့်ရက်ကို စောင့်နေရတယ် ။
သေမင်းကို ဒီအတိုင်းကြီးပဲ ထိုင်စောင့်နေရမယ့် အစား ဗက်သွန်းဟာ စွန့်စားပြီး ခွဲစိတ်ကုသမှု ခံယူဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ အဆုတ်ထဲ လေသွင်းကုသတဲ့ ခွဲစိတ်မှု ခံယူပြီး လူသစ်တစ်ယောက်လို သူ ပြန်ရှင်သန်လာခဲ့တယ် ။ ဖရန်စီ နဲ့ ပါ ဒုတိယအကြိမ် ပြန်ပေါင်းထုပ်လိုက်တယ် ။
သူတို့ခေတ်က သေမင်းရောဂါ ဖြစ်တဲ့ အဆုတ်နာရောဂါ ကို သေလုမြောပါး ခံစားခံရပြီး သူ့လို ဝေဒနာရှင်တွေကို အသက်ရှင်သန်အောင် ကုသဖို့ ပြန်လာတဲ့ နော်မန်ဗက်သွန်း ရဲ့ ဖြတ်သန်းမှု ဟာ ပြာပုံထဲက ပြန်နိုးထလာတဲ့ ဖီးနစ်ငှက် ပမာလိုပဲ ။
ဗက်သွန်းဟာ လူနာတွေ အသက်ကယ်ဖို့ ရင်ခေါင်း ခွဲစိတ်ရန် ခွဲစိတ် ကိရိယာတွေကို အသစ် တီထွင်ခဲ့တယ် ။ ဖီလာဒဲလ်ဖီးယား မြို့က ပီလင်း ခွဲစိတ်ကိရိယာ ထုတ်လုပ်ရေး ကုမ္ပဏီ ကနေ “ဗက်သွန်း နံရိုး ညှပ်” ၊ “ဗက်သွန်း အဆုတ်လေသွင်းစက်” စတာတွေ ပေါ်လာတယ် ။
ဗက်သွန်းဟာ စိတ်ထက်တယ် ၊ ဒေါသကြီးတယ် ၊ ကြောက်စရာကောင်းတယ် ။ အဲဒါကြောင့်ပဲ သူ့အပေါ် နားလည်တဲ့ သူ့မိန်းမ ဖရန်စီ ဟာ သူ့ကို စွန့်ခွာခဲ့တယ် ။ လူတစ်ယောက် အနေနဲ့ဆို ဗက်သွန်းဟာ ဒေါသကြီးတယ် ၊ ဆူပူကြိမ်းမောင်း တတ်တယ် ။.ဆရာဝန်တစ်ယောက် အနေနဲ့ဆို ဗက်သွန်းရဲ့ မျက်နှာဟာ ရွှင်ပြုံးနေတယ် ၊ ကြင်နာမှုကို ပြနေတယ် ။
စပိန်နိုင်ငံမှာ ဗိုလ်ချုပ် ဖရန်ကိုရဲ့ ဖက်ဆစ်တပ်တွေ အာဏာသိမ်းတော့ ပြည်တွင်းစစ် (၁၉၃၆_၁၉၃၈) ဖြစ်တယ် ။ သမ္မတ ဘက်တော်သားတွေ အကူအညီ တောင်းလို့ နော်မန်ဗက်သွန်း နဲ့ နောက် ဆရာဝန်တစ်ယောက် စပိန်ပြည် စစ်မြေပြင်ကို သွားရောက် ဆေးကုသမှု ပေးကြတယ် ။ သွေးထွက်လွန်နေတဲ့ ဒဏ်ရာရ စစ်သားတွေ မသေအောင် သွေးသွင်းကုသခြင်းကို အားကျိုးမာန်တက် လုပ်ဆောင်ခဲ့ပါတယ် ။ အဲဒီခေတ်တုန်းက သွေးသွင်းကုသခြင်း ဟာ ခက်ခဲနေသေးတယ် ။
စပိန်ပြည်တွင်းစစ် မှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ နော်မန်ဗက်သွန်း ဟာ ၁၉၃၈ မှာ သူ့ရဲ့ ဆေးပစ္စည်းတွေ ၊ ခွဲစိတ်ကိရိယာ တွေနဲ့အတူ ဟောင်ကောင် ကနေတစ်ဆင့် တရုတ်ပြည်ကို သွားခဲ့တယ် ။ ဥက္ကဋ္ဌကြီး မော်စီတုန်း နဲ့ လည်း တွေ့ဆုံခဲ့ပြီး စစ်မြေပြင်က ဒဏ်ရာရ.စစ်သားတွေရဲ့ ၇၅% ကို ပြန်ကောင်းလာအောင် ကုသပေးမယ် ဆိုတဲ့ ကတိစကား နဲ့ တရုတ်_ဂျပန် စစ်ပွဲထဲ ရောက်သွားတယ် ။
တရုတ်စစ်သားတွေနဲ့ ပြည်သူတွေက
“တို့ ဆရာဝန် ပိုင်ချူအင် “
” တို့ မိတ်ဆွေ ပိုင်ချူအင် ” ဆိုပြီး အမြတ်တနိုး ဂုဏ်ပြု ခေါ်ဆိုခြင်း ခံရတဲ့အထိကို ဗက်သွန်း ရဲ့ ဂုဏ်သတင်း ကျော်ဇော ထင်ရှားခဲ့ပါတယ် ။
Ted Allen နဲ့ Sydney Gordon တို့နှစ်ဦးက ဒေါက်တာဗက်သွန်းရဲ့ ပေးစာတွေ ၊ နေ့စဉ်မှတ်တမ်းတွေကို ကိုးကားပြီး
The Scalpel ,The Sword ( နှလုံးလှဆရာဝန်) ဆိုတဲ့ ဒီ ဖြစ်ရပ်မှန် စာအုပ်ဟာ အောက်ခြေ လူတန်းစားတွေအတွက် ၊ စစ်ပွဲဆတင်နွှဲနေကြတဲ့ ဒဏ်ရာရ စစ်သည်တော်တွေ အတွက်စွမ်းစွမ်းတမံ ကူညီပေးခဲ့တဲ့ လူစွမ်းကောင်း ဆရာဝန် တစ်ယောက်ရဲ့ အားတက် ဂုဏ်ယူဖွယ် ဘဝ ဖြတ်သန်းမှုတွေ ဖြစ်ပါကြောင်း ။

Main Menu