ပျိုး – ဇလပ်နီ

🤍🤍 လောကမှာ ကိုယ်ဘယ်လောက်ပဲ အဖြူရောင်ကြိုက်ကြိုက်၊ ကိုယ်က ဘယ်လောက်ပဲဖြူစင်ဖြူစင် ပတ်ဝန်းကျင်က အရောင်လေးနည်းနည်း ရောလိုက်တာနဲ့ ကိုယ့်မှာ အစွန်းအထင်းကြီးကိုဖြစ်လို့။ အဲဒီအစွန်းအထင်းကြီးဟာ ကိုယ်အရွယ်ရောက်တဲ့ အချိန်အထိ ပျောက်ကွယ်မသွားခဲ့ပါဘူး။ သူတို့အတွက် တစ်ခဏဆိုပေမဲ့ အဆိုးခံလိုက်ရတဲ့ ကိုယ့်အတွက်တော့ တစ်သက်စာ အနာတရပါပဲ။ အဲဒီလိုအချိန်မျိုးမှာ ကိုယ့်ပတ်ဝန်းကျင်ကိုပဲ နာကြည်းရမလား၊ ကိုယ့်ကိုယ်ကိုယ်ပဲ နာကြည်းလိုက်ရမလားဆိုတာ ကိုယ် တကယ့်ကို မသိတော့တာပဲ။ တစ်ခုတော့ရှိတယ်။ ကိုယ့်အကြိုက် အဖြူလွလွပေါ်ကို အရောင်တွေ စွန်းထင်းပြီးကတည်းက ကိုယ်အဖြူရောင်ကို စွန့်လွှတ်ခဲ့လိုက်တော့တာပါပဲ။ ကိုယ် မစွန့်လွှတ်ခဲ့ရင်လည်း ကိုယ့်ဆီမှာ ကိုယ်ချစ်တဲ့ အဖြူရောင်တွေမှ မရှိတော့တာပဲကွယ် … (~ စာ ၄၅) 🤍🤍
🌹 ဒီစာအုပ်လေးကို လိုချင်လို့ လိုက်ရှာဝယ်နေခဲ့တာ ကြာပြီပေါ့။ တကယ်ကို ခက်ခက်ခဲခဲနဲ့ ရခဲ့တဲ့ စာအုပ်လေးကို ဖတ်လိုက်ရချိန်မှာ ဖတ်ချင်ခဲ့ရတဲ့ ဆန္ဒတွေ ပြေပျောက်တဲ့အပြင် တကယ့်ကို အလေးအနက်ထားပြီး ဖတ်သင့်တဲ့ စာအုပ်လေးတစ်အုပ်မို့ လိုက်ရှာခဲ့ရကျိုး နပ်ပါတယ်။ ဇာတ်လမ်းလေးက “ဇလပ်နီ” ဆိုတဲ့ ကောင်မလေးရဲ့ ဘဝဖြစ်စဉ်လေးပါ။
🌷 မမဖြူနာမည်က မမဇလပ်ဖြူမို့လို့၊ နီ့ကိုကျတော့ ဇလပ်နီလို့ပဲ မှည့်ခဲ့တာပေမဲ့ နီကတော့ ဇလပ်နီဆိုသည့် နာမည်လေးကို သိပ်သဘောကျသလို ဇလပ်ပန်းနီနီလေးတွေကိုလည်း သိပ်ကိုချစ်လှပါသည်။
🌺 နီက ၁၁ နှစ်၊ မမဖြူက ၁၈နှစ်။ မမဖြူဟာ ပုံပြင်ထဲက စင်ဒရဲလားလေးလို သိပ်ချစ်စရာကောင်းပြီး မိခင်ဖြစ်သူရဲ့ချစ်ခြင်းကိုလည်း သူ့ထက် ပိုခံရသူလို့ ထင်မိတယ်။ နီကတော့ ဝဝကစ်ကစ်နဲ့ ဝက်ပေါက်လေးနဲ့ တူပြီး အဖေချစ်သမီး။ နီလိုချင်တဲ့ ပစ္စည်းမှန်သမျှ မမဖြူဆီမှာ ရှိနေရင် မမဖြူအကျတွေကိုသာ နီရတတ်စမြဲပေါ့။ နီကိုယ်တိုင်ကလည်း အကျတွေ သုံးရတယ်လို့ မမြင်ဘဲ ကျေကျေနပ်နပ် သုံးစွဲပါတယ်။
🌹 ကိုကိုလေးလို့ခေါ်တဲ့ အသားညိုညို၊ ဝဝကစ်ကစ် ‘ထူးမြတ်ဘိုဘို’ က နီ့ထက် လေးနှစ် ကြီးပါတယ်။ နီနဲ့ အထက်အောက်လို ဖြစ်နေတော့ မမဖြူထက် နီနဲ့ အနေပိုနီးတယ်။ မမဖြူထက်လည်း နီ့ကို ပိုချစ်တဲ့သူပေါ့။
🌷 နွေရာသီတစ်ရက်မှာ နီတို့နေကြတဲ့ ကျောက်မဲမြို့ကနေ ဖခင်ရဲ့ဇာတိရွာဖြစ်တဲ့ ညောင်ပင်သာရွာလေးကို နီတို့ မိသားတစ်စုလုံး သွားရောက်ကြပါတယ်။ သွားလည်ကြရင်း မိုးတွေရွာတဲ့ တစ်ရက်မှာ သွားဆော့နေကျ ချောင်းရဲ့တစ်ဖက်ကမ်းက အဝါရောင်အသီးလေးတွေကို ခူးပေးဖို့ နီက ကိုကိုလေးကို ပူဆာခဲ့ရာက ကိုကိုလေး သေဆုံးသွားခဲ့ရတယ်။ အဲဒီကတည်းက နီ့အမေရဲ့ချစ်ခြင်းတွေဟာလည်း နီ့ဆီကနေ အငွေ့ပျံပျောက်ကွယ်သွားပါတော့တယ်။
🌺 အစ်ကိုလေး သေဆုံးပြီး တစ်နှစ်ကျော်လောက်မှာ အစ်ကိုဝမ်းကွဲဖြစ်သူရဲ့ မတော်မတရား ပြုခြင်းကို ခံလိုက်ရပါတယ်။ အဲဒီနောက်ပိုင်းမှာ ပတ်ဝန်းကျင်ရဲ့ သနားသလို အကြည့်တွေ၊ အဓိပ္ပါယ်ဖော်ရခက်တဲ့ အကြည့်တွေ၊ တချို့ကလည်း ကဲ့ရဲ့ပြစ်တင်တာတွေ၊ ကလေးအချင်းချင်းကြား မိဘတွေရဲ့ သွေးခွဲစကားတွေကြောင့် နီလေးခမျာ ဘာမှနားမလည်ဘဲ အပြောခံရရှာပြီး နေမပျော်ဘဲ ဖြစ်လာတော့တယ်။
🌹 ဒီလိုနဲ့ မေမေ၊ မမဖြူနဲ့ နီတို့ မန္တလေးကို ပြောင်းလာခဲ့ကြတယ်။ နီ့ဖေဖေကတော့ အစိုးရဝန်ထမ်းမို့ ကျောက်မဲမှာပဲ ကျန်ခဲ့ပြီး ပင်စင်ရတော့မှသာ မန္တလေးကို လိုက်လာခဲ့တော့တယ်။ နီဆယ်တန်း အောင်စာရင်း ထွက်တဲ့နေ့မှာပဲ နီ့ဖေဖေမှာ အသည်းကင်ဆာ ရှိနေကြောင်း သိလိုက်ကြရတယ်။ နီ့ဖေဖေရဲ့ ဆေးဖိုးစရိတ်ကြောင့် နီ့မေမေရဲ့ အထည်ဆိုင်လေးလည်း ပြုတ်ပြုတ်ပြုန်းရခဲ့ရတယ်။
🌷 သားသမီးတစ်ယောက်အနေနဲ့ တာဝန်ကျေချင်တဲ့ နီလည်း အီးမေဂျာ ဒုတိယနှစ်နဲ့ ကျောင်းထွက်ပြီး ရန်ကုန်ကို ထွက်သွားခဲ့တယ်။ နီ့စိတ်ကူးက အဝေးကနေ တတ်နိုင်သလောက်လေး ထောက်ပေးဖို့ပေါ့။ ငယ်ကတည်းက ကံအကြောင်း မလှခဲ့တဲ့ နီလေးဟာ ရှေ့ဆက်ရတဲ့ ဘဝခရီးမှာလည်း ကံဆိုးမှုတွေကိုသာ တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ကြုံခဲ့ရရှာပါတယ်။
🌺 အစပိုင်းမှာ နီလေးရဲ့ ကလေးသဘာဝ ပင်ကိုယ်အတွေးလေးတွေကို သရုပ်ပေါ်အောင်ရေးထားတော့ နီလေးဟာ ရုပ်လုံးကြွပြီးတော့ ချစ်ဖို့အရမ်းကောင်းပါတယ်။ ဥပမာ- “အိမ်ကျန်လေးဆိုတာ ဘာလဲဟင်။ နီတစ်ယောက်တည်း အိမ်စောင့်ရမှာလား၊ ပျင်းစရာကြီး အဲဒါဆိုရင်တော့ အိမ်မှာ မကျန်ချင်ပေါင်၊ မမဖြူကျ ဘယ်သွားမှာမို့လို့လဲ၊ အိမ်မကျန်ဘဲနဲ့” ဆိုပြီး လိုက်မေးတတ်တာလေးတွေ။
“ဘယ်များ သဝေထိုးနေပါလိမ့် ဒီမမတစ်ယောက်တော့” ဆိုပြီး သူ့မမပြောတဲ့အတိုင်း လိုက်ပြောတတ်တာလေး။
“အစိုးရဝန်ထမ်းဆိုတာ ဘာကြီးလဲ။ အစိုးရရဲ့ဝန်ကို ထမ်းထားရတာလားဟင်။ အစိုးရဆိုတာကရော ဘာကြီးလဲ” ဆိုပြီး မမကို မေးခွန်းပြန်ထုတ်တတ်တာလေးတွေ။
🌹ကလေးဘဝကနေ တဖြည်းဖြည်း ကြီးပြင်းသွားတဲ့ နီကလေးရဲ့ပုံစံနဲ့ အတွေးတွေကိုလည်း မသိနားမလည်တဲ့ ဖြူစင်တဲ့ ကလေးကနေ အရိုးခံ ဖြူစင်တဲ့ မိန်းမငယ်လေးအဖြစ် မသိမသာလေး ပြောင်းလဲရေးသားသွားတာဟာ နီ့ရဲ့ ပင်ကိုယ်စရိုက်လေး မပျောက်ပျက်ဘဲနဲ့ ကြီးပြင်းသွားတဲ့ မိန်းမငယ် နီလေးကို မြင်တွေ့ရပါတယ်။ နောက်ပိုင်း လောကဓံပင်လယ်ပြင်ကြီးထဲ ရောက်ချိန်မှာလည်း နီဟာ လူတွေနဲ့ အခြေအနေ အချိန်အခါအပေါ် လိုက်ပြီး လောကကြီးက ဆေးခြယ်ပေးတဲ့အတိုင်း အရောင်ပြောင်းလဲနိုင်လာတဲ့ လည်ဝယ်သူတစ်ယောက်အဖြစ် ပြောင်းလဲသွားပုံလေးတွေကို ဖတ်ရတာ တကယ်ကိုပဲ ပြင်ပကြောင့် ပြောင်းလဲလာရတဲ့ လူတွေရဲ့ သဘောတွေကို ထင်ဟပ်ပြသထားပါတယ်။
😇😇😇
📖 စာအုပ်အမည် – ဇလပ်နီ
👩💻 စာရေးသူ – ပျိုး
👨🎨 မျက်နှာဖုံးဒီဇိုင်း – အောင်ကျော်
🖨 ထုတ်ဝေမှု – မဟာစာပေ၊ ပထမအကြိမ်၊ နိုဝင်ဘာလ ၂၀၁၉
📄 စာမျက်နှာ – ၂၁၆
💵 တန်ဖိုး – ၃၀၀၀ ကျပ်
📰🗞📰🗞📰🗞📰
#ဇလပ်နီ
#ပျိုး