ပန်းကလေးတွေ သဘာဝ၊
နူးညံ့တယ်၊ သိမ်မွေ့တယ်၊
ထိလွယ်ရှလွယ်တဲ့ သဘောမှာရှိတယ် …
အဖူးကနေ အငုံ
အငုံကနေ အပွင့်
ရနံ့သင်းသင်းနဲ့ ရှင်သန်နိုင်ဖို့ ဆိုရင်တော့ …

ဆရာမပျိုးရဲ့ ဒီစာအုပ်လေးနဲ့ ဇလပ်နီကို လိုက်ရှာနေတာ ကြာပြီရယ်။ လှည်းတန်းက ရာပြည့်မှာ ဒီစာအုပ်လေးကို ရခဲ့တယ်။ အသစ်ဆိုပေမဲ့ စာအုပ်ဆိုင်မှာ တင်ထားတာကြာပြီမို့ ဝါပြီး ဟောင်းနေပြီ။ စာရွက်အသားကလည်း ကိုင်ပြီးရင် လက်မှာ နည်းနည်းညစ်ပြီး ဖုန်နံ့ရတယ်ရယ်။ ဒါပေမဲ့ ဝယ်လို့ရတာတောင် တော်လှနေပြီမို့ ပျော်ပြီးပဲ ယူလာခဲ့လိုက်တယ်။

ကျောင်းဆရာ ဇာတ်အိမ်ပြုထားတဲ့ ရိုးရိုးရှင်းရှင်း ဖြစ်ရပ်မှန်ဝတ္ထုလေးတစ်ပုဒ်ပါ။ မိချော (ပန်းစကား) ဟာ လားရှိုးမြို့က “မေတ္တာရှင်ကလေးပျော်ကျောင်း” လေးမှာ မူကြိုဆရာမလေးအဖြစ် အလုပ်လုပ်ရင်းနဲ့မှ ကလေးတွေကို ပြုစုစောင့်ရှောက် ကူညီပံ့ပိုးပေးခဲ့ရတဲ့အကြောင်းလေးတွေကို ရေးသားထားပါ။

ရိုးရှင်းတဲ့ ဇာတ်လမ်းလေးပေမဲ့ ယူတတ်ရင် လေ့လာစရာတွေ အများကြီးပါပဲ။ ကိုယ်တိုင်ကိုယ်ကျ အလုပ်လုပ်ရာကနေမှ ရေးသားထားတဲ့ စာအုပ်လေးဖြစ်လို့ ပိုပြီးတော့လည်း လက်တွေ့ကျပါတယ်။ ကျောင်းရဲ့အခက်အခဲတွေ၊ ဆရာမ မလုံလောက်တဲ့ အခက်အခဲတွေ၊ ကလေးတွေကို သွန်သင်ဆုံးမဖို့ နည်းလမ်းရှာရတာတွေ၊ ကလေးတွေရဲ့ ကျောင်းတွင်း ပြဿနာအမျိုးမျိုးနဲ့ အိမ်တွင်းပြဿနာအမျိုးမျိုး အကြောင်းတွေ စသဖြင့် တကယ့်ကိုမှ ကျောင်းပိုင်း၊ ကလေးပိုင်း၊ သင်ကြားရေးပိုင်း၊ ဘဝအတွေ့အကြုံပိုင်းတွေကို လစ်ဟာမှုမရှိဘဲ တစ်ချက်ချင်း ချပြသွားတာ တော်တော်လေး ဖတ်လို့ကောင်းသလို ပညာလည်းရပါတယ်။

ကလေးတွေကို သင်ကြားပေးတဲ့ နည်းစနစ်တွေကလည်း တကယ်ကို သိမ်မွေ့ပြီး ပညာသားပါလှတယ်။

ကလေးတွေ စိတ်ဝင်စားပြီး လက်လှမ်းမီ ကိုင်တွယ်ထိတွေ့လို့ရအောင် ကလေးမျက်လုံးနဲ့ တန်းတန်း နေရာလောက်မှာ အင်္ဂလိပ်အက္ခရာ၊ မြန်မာအက္ခရာလေးတွေကို ကပ်ထားပေးတာတွေ၊

ကလေးကြိုက်တတ်တဲ့ အကောင်၊ အသီးလေးတွေမေးပြီး ကတ်လေးတစ်ခုစီမှာ ကလေးနာမည်တစ်ဖက် နောက်တစ်ဖက်မှာ သူကြိုက်တဲ့ အကောင်/အသီးပုံလေးတွေ။ ကလေးတွေ ကျောင်းမရောက်ခင်မှာ ကတ်များလေးတွေ အားလုံးကို ရုပ်ပုံလေးတွေဘက် လှည့်ပြီး ကလေးကျောင်းရောက်လာရင်တော့ သူကိုယ်တိုင် သူ့နာမည်ပါတဲ့ ကတ်ကို တစ်ဖက်လှည့်တယ်။ ဒီနည်းအားဖြင့် ကျောင်းလာသူ၊ မလာသူကို စစ်ဆေးကြတာတွေ

‘မ’ ဆိုတဲ့ အငြင်းစကား မသုံးဘဲ ကလေးတွေကို ဆုံးမကြပုံတွေ

ပုံပန်းသဏ္ဌာန်၊ အနံ့အရသာ၊ အရောင်အဆင်းနဲ့ အသုံးဝင်ပုံတွေကို ကျောက်သင်ပုန်းမှာ မရေးပြဘဲ တကယ့်လက်တွေ့ အပြင်မှာရှိတဲ့ ပစ္စည်းတွေနဲ့ ရှင်းပြသင်ပြပုံတွေ

တုတ်ကိုင်ဆုံးမတဲ့ ဦးပဉ္စဇင်းနဲ့ တုတ်ကိုင်တာမကြိုက်တဲ့ တုတ်မကိုင်ဘဲ ဆုံးမတတ်တဲ့ ဆရာမလေးတွေကြားက ပဋိပက္ခလေးတွေ
စသဖြင့် ECCD (Early Childhood Care and Development) နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေလည်း အများကြီး ဖတ်မှတ်လေ့လာရပါတယ်။

ကျောင်းမှာကျွေးတဲ့ မုန့်ကို ချပါတီလို့ မှန်အောင်ပြောနိုင်တဲ့ “ရွှေတိုက်ဝန်လေး”

အာလူးဟင်းအရောင်ကို ချေးတုံးရောင်” လို့ ပြောတဲ့ “ပြည့်ဖြိုးမောင်”

ကျောင်းသားသစ် “ဇော်ဒိန်” လေး ထွက်ပြေးလို့ ဆရာမချော လိုက်ဖမ်းရတာတွေ

ဆရာမကို နင်၊ ငါနဲ့ ပြောတတ်တဲ့ “နန်းခြူးပျော်”

“ဒီမှာတွေ့လား သားတို့အိမ်က ကြက်သားက အကြီးကြီး၊ ဆရာမတို့ကျွေးတဲ့ ကြက်သားက လက်သည်းခွံလောက်ရှိတာ” လို့ ပြောတဲ့ အောင်အောင်

ကလေးတွေရဲ့ ဒီလိုချစ်စရာကောင်းတဲ့ အပြုအမူ အပြောအဆိုလေးတွေနဲ့ ဗဟုသုတလည်း ရသလို စာဖတ်ရင်းနဲ့ တဟီးဟီး ရယ်နေရတာရယ်။ ဒါကြောင့် ဒီစာအုပ်လေးက ကလေးတွေ သင်ပြတဲ့ ဆရာ/ဆရာမတွေရော ကလေးမိဘတွေပါ ဖတ်ကြည့်သင့်ပါတယ်။

စာအုပ်အမည် – ဖယောင်းဥယျာဉ်

စာရေးသူ – ပျိုး

မျက်နှာဖုံးပန်းချီ – ကျော်မင်းမောင်

ထုတ်ဝေမှု – မဟာစာပေ၊ ပထမအကြိမ်၊ ဩဂုတ်လ ၂၀၁၈

စာမျက်နှာ – ၃၀၃

တန်ဖိုး – ၃၅၀၀ ကျပ်