မနေ့က ဝယ်လာပြီးပြီးချင်း မြည်းကြည့်ရာကနေ တစ်ခါတည်း အဆုံးထိဖတ်ဖြစ်သွားတဲ့ စာအုပ်ပါ။


Featured Image

သဘာဝလွန်ဖြစ်ရပ်တွေ၊ စိတ်ရဲ့စွဲလမ်းမှုတွေနဲ့ ရက်ရှယ် ဇာတ်တည်ထားတဲ့ စာမျက်နှာ ၁၆၀ ကျော်ပဲရှိတဲ့ ဝတ္ထုလတ်တစ်အုပ်မို့ တစ်ထိုင်နဲ့ဖတ်ဖြစ်ခဲ့ပါတယ်။ စာမျက်နှာနည်းတာတစ်ခုတည်းကြောင့် မဟုတ်ဘဲ အင်္ဂလိပ်လိုဆို page-turner လို့ခေါ်တဲ့ ဆွဲဆောင်မှုရှိတဲ့ စာအုပ်မျိုးမို့ ဖတ်ဖြစ်တယ်လို့ ဆိုရမယ်။
ဒီစာအုပ်ဖတ်ပြီး နိုင်းနိုင်းတို့၊ ဝတ်မှုံရွှေရည်တို့ရဲ့ ‘လိပ်ပြာစံအိမ်’ တို့၊ ထိုင်းရုပ်ရှင် Pee Mak တို့ကို တန်းသတိရသွားမိတယ်။ (လိပ်ပြာစံအိမ်ဇာတ်ကားက ဂျပန်ရုပ်ရှင် Dark Water ကို ပြန်မှီးထားတာဖြစ်ပြီး ဟောလီးဝုကလည်း ဂျင်နီဖာ ကော်နယ်လီနဲ့ Dark Water အမည်နဲ့ပဲ ပြန်ပြီး အမှီးရိုက်ဖူးထားပါသေးတယ်၊ စကားချပ်။) နောက်ပြီး ငယ်ငယ်က ကြည့်ဖူးတဲ့ Ghost ရုပ်ရှင်လည်း ပြန်အမှတ်ရမိသွားတယ်။
ဝတ္ထုကို ပြန်ဆက်ရရင် ကလောင်အမည် ‘မဧကံ’ နဲ့ စိမ်းနေတော့ ရုတ်တရက် ဆရာမ ခင်ခင်ထူးရဲ့ ‘မအိမ်ကံ’ လိုမျိုး နောက်ထပ် မဧကံနာမည်နဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ဝတ္ထုလားတောင် ထင်မိသေးတယ်။ ဇာတ်လမ်းမှာ အဓိကဇာတ်ကောင်က မီးမီးလို့ အိမ်ခေါ်နာမည်ရှိတဲ့ အမျိုးသမီးတစ်ဦး။ သူ့မှာ ငယ်ငယ်ဆိုတဲ့ ရုပ်ချင်းချွတ်စွပ်တူတဲ့ အမြွှာညီမလေးတစ်ယောက်ရှိတယ်။ သူတို့ ကလေးဘဝ ခြောက်နှစ်လောက်မှာပဲ ခရီးသွားရင်း ယာဉ်မတော်တဆဖြစ်ပြီး ငယ်ငယ်က ဆုံးသွားတယ်။ မီးမီးကတော့ ဆေးရုံသာ တက်ရပြီး အသက်မသေခဲ့ဘူး။
ဒါပေမဲ့ မီးမီးက သူ့ညီမလေး ငယ်ငယ်ဆုံးသွားတယ် ဆိုတာကို စိတ်က လက်မခံနိုင်ဘူး။ သူ ဆေးရုံ တက်နေရချိန်မှာတောင် ငယ်ငယ့်ကို ခုတင်ဘေးမှာ မြင်နေတာကိုး။ မီးမီးက ငယ်ငယ့်ကိုမြင်နေရတယ်လို့ ပြောတော့ အိမ်သားတွေက သူ့ကို စိတ်ဒဏ်ရာကြောင့် ကြောင်သွားတယ်ပဲ မှတ်ကြတယ်။ ငယ်ငယ့်ကို သူ စကားပြောပြောနေသံကို ကြားရပေမဲ့ ကလေးဘာသာဘာဝ တစ်ယောက်တည်း စကားပြောတယ်ပဲ ထင်ကြတယ်။ မီးမီးက သူ့ညီမလေးဆုံးကတည်းက ဘယ်ကလေးအဖော်မှ မထားတော့ဘဲ အိမ်မှာပဲ တွင်းအောင်းနေတာ များတယ်။ ငယ်ငယ်ရောက်လာရင် ငယ်ငယ့်ကိုစကားပြောတယ်။ မီးမီးဟာ သာမန် ကလေးဘဝ လူမှုပေါင်းသင်း ဆက်ဆံရေးရပ်ဝန်းရဲ့ အပြင်မှာကြီးပြင်းခဲ့တဲ့ ကလေးတစ်ဦး။ အဖေရယ်၊ အဘွားရယ်၊ (မသိစိတ်ထဲ အသက်ဆက်ရှင်နေတဲ့) အမြွှာညီမလေးရယ်ကိုပဲ အဖော်လုပ်လာခဲ့တာ ကိုဦးနဲ့တွေ့တဲ့ အထိ။
ကိုဦးက စိတ်ရောဂါကုဆရာဝန်။ ကိုဦးကို မီးမီးက သူ့ညီမလေးနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်ကို ပြောပြတော့ စိတ်ကုဆရာဝန်က ဒါ မသိစိတ်က မြင်နေရတာဖြစ်တဲ့အကြောင်း၊ ဒီလောက် နှစ်ပေါင်းများစွာ ခံစားရတာ အန္တရာယ်များကြောင်း၊ စိတ်ကုသမှုခံယူသင့်ကြောင်း ပြောတော့ မီးမီးလည်း ကျိုးကြောင်းဆီလျော်တာရယ်၊ သူ့ချစ်သူက သူ့ကို အရူးလို့ထင်မှာကြောက်တာရယ်နဲ့ ကုသမှုခံယူတယ်။ ဆေးသောက်တယ်။ လူတွေနဲ့ ထိတွေ့ဆက်ဆံတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာလုပ်တယ်။ ညီမလေး တကယ်မရှိဘူးလို့ မှတ်ယူတယ်။ ပေါ်လာရင်လည်း မမြင်ချင်ယောင် ဆောင်နေလိုက်တယ်။
နောက်ဆုံးတနေ့တော့ သူဆေးသောက်နေတာကို စိတ်ဝင်စားသလို လာငေးကြည့်နေတဲ့ ငယ်ငယ့်ကို ငယ်ငယ်ဟာ တကယ်မရှိဘူး၊ မမ နေမကောင်းဖြစ်နေလို့ မြင်ရတာ၊ ဆေးသောက်ရင် ငယ်ငယ့်ကို မမ မြင်နေရတာ ပျောက်သွားမယ်လို့ ပြောလိုက်တယ်။ ငယ်ငယ်က သူ့အစ်မ စကားကြားတော့ ရှိုက်ကြီးတငင်ငိုတယ်။ မီးမီးလည်း ဘာလုပ်ရမှန်းမသိဖြစ်ပြီး သူအိမ်ထောင်ပြုတော့မှာဖြစ်ကြောင်း၊ သူ့ကိုပုံမှန်ဘဝနဲ့ နေခွင့်ပေးဖို့အကြောင်းပြောရင်း နောက်ကို ထပ်မလာတော့ဖို့၊ အခု ထွက်သွားဖို့ ဆူပူမာန်မဲ လိုက်မိတယ်။
ငယ်ငယ်ဟာ သူ့ကိုနှင်လွှတ်နေတဲ့ အစ်မဖြစ်သူကို မျက်ရည်တွေကြားကနေ နာကျင်ဝမ်းနည်းတဲ့မျက်နှာနဲ့ စူးစူးရဲရဲကြည့်ပြီး လှေကားအတိုင်း ဒုန်းဆင်းပြေးသွားတယ်။ အဲဒီအချိန်မှာပဲ အိမ်အောက်ထပ်က အဘွားဖြစ်သူက အပေါ်ထပ်က မြေးဖြစ်သူကို ‘မီးမီးရေ ဘာဖြစ်လို့ လှေကားကနေ ခြေသံပြင်းပြင်းနဲ့ ဆင်းပြေးရတာလဲ’ လို့ လှမ်းအော်တယ်။ အဲဒီလို အဘွားရဲ့အော်သံကိုကြားတော့ မီးမီးလည်း ဟာခနဲ ဖြစ်သွားတော့တယ်။ ညီမလေးကို သူ့စိတ်က ထင်နေရတာမှ မဟုတ်ပဲ။ ညီမလေး တကယ်ရှိနေတာပဲ။ အရင်က ညီမလေး တကယ်မသေဘူးဆိုပြီး သိပ်မခံစားဘဲ ဖြစ်နေရာကနေ ခုမှ ညီမလေးက တကယ်သေသွားသူလို ဖြစ်သွားတယ်။
ဇာတ်လမ်းစစချင်း ဇာတ်ကောင်ဟာ ဆုံးသွားတဲ့အမြွှာညီမဖြစ်သူနဲ့ပတ်သက်ပြီး ထင်ယောင်ထင်မှားဖြစ်တဲ့ စိတ်ရောဂါဝေဒနာ ခံစားနေရသူပုံစံမျိုးနဲ့ ဖွင့်ခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ ဒါဟာ စိတ်ရောဂါ ဝေဒနာရှင်တစ်ဦးရဲ့ ဇာတ်လမ်း မဟုတ်တော့ဘဲ သဘာဝလွန်ဖြစ်ရပ်၊ လူမျိုးတိုင်း၊ ယဉ်ကျေးမှုတိုင်း အယူအဆ အမျိုးမျိုးနဲ့ ယုံကြည်ကြတဲ့ သရဲ၊ တစ္ဆေ၊ ဝိညာဉ်၊ မကျွတ်မလွတ်သူတို့ ပါဝင်ပတ်သက်နေတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါတယ်။
မြန်မာပင်ကိုရေးတွေထဲမှာ ဒီလိုဝတ္ထုအမျိုးအစား (genre) မျိုး ရေးတာရှားပါတယ်။ ဇာတ်လမ်းမှာ ပရလောကတွေ ပါဝင်ပေမဲ့လည်း သည်းထိတ်ရင်ဖို သရဲကားကြည့်ရသလိုမဟုတ်ဘဲ လူ့သဘော၊ လူ့မနောနဲ့ စိတ်ပညာရှုထောင့်ကနေပါ ခံစားလို့ရမယ့် စာပေတန်းဝင် ဝတ္ထုလက်ရာတစ်ပုဒ် ဖြစ်ပါတယ်။ ဒါမျိုး ဖတ်ချင်နေတဲ့ အာသီသလေးလည်း ရေငတ်တုန်း ရေတွင်းထဲကျဆိုသလို ပြေသွားရလို့ ဝမ်းမြောက်မိပါတယ်။
အရေးအသား
ပြေပြစ်ညက်ညောတယ်။ အဖွဲ့အနွဲ့ အကွန့်တွေ မပါပေမဲ့ ရိုးရိုးရှင်းရှင်း စကားပြေနဲ့ပဲ ဆွဲခေါ်သွားနိုင်တဲ့ အရေးအသားမျိုး။ မကြိုက်တဲ့အချက်အချို့ကတော့ မြန်မာလိုရေးတဲ့ဝတ္ထုထဲမှာ (မလိုအပ်ဘဲ) အင်္ဂလိပ်စကားလုံးတွေ ညှပ်ရေးတာပါပဲ။ မြန်မာဘာသာနဲ့ရေးတဲ့စာတစ်ပုဒ်မှာ မြန်မာလိုပဲ တတ်နိုင်သမျှ ရေးစေချင်ပါတယ်။
“… ငကြောက်ဟု ဆိုချင်ဆို Psychiatric (sic) ဖြစ်ပြီး သရဲကြောက်သလားဟု ပြောချင်ပြော …” (စာ ၆၆)
“… လူ၏ ခန္ဓာကိုယ်သည် သာမန်ရှော့ခ်ကြောင့် သတိလစ်သည့်အခါတိုင်း ခန္ဓာကိုယ်မှ လုံလောက်သည့် energy ပြည့်လာလျှင် သတိလည်လာမြဲသာ။ သူပေးခဲ့သည့် sedation ကလည်း ပြင်းသည်ဟု မဆိုသာ …” (၎င်း)
“Come on doctor၊ ခင်ဗျား လူတော်တစ်ယောက်ပါ၊ paranormal activities ဆိုတာ normal မဟုတ်တဲ့ အဖြစ်အပျက်တွေ၊ ဘယ်လို normal မဟုတ်တာလဲ ဆိုတော့ လူ့စိတ်က normal မဟုတ်တာ…” (စာ ၆၉)
“ခင်ဗျား လူတော်တစ်ယောက်ပါ ကိုဦး၊ ခင်ဗျား အမျိုးသမီးက psychosis ပါ၊ ဒါပေမဲ့ သူက အတက်ချည်းပဲ ဖြစ်နေတာ၊ ပြန်ကျမလာတော့ တစ်ခါတလေကျ ဒါတွေက confused ဖြစ်တတ်တယ် ဒေါက်တာ၊ very confusing” (၎င်း)
စာရေးသူ
‘ညီမလေး’ ဟာ စာရေးသူရဲ့ ပထမဆုံး ပုံနှိပ်လုံးချင်း ဝတ္ထုလို့ ယူဆရ။ စာရေးသူ ကိုယ်ရေးအကျဉ်းအရ blog နဲ့ forum ခေတ်မှာကတည်းက စာရေးခဲ့သူလို့သိရ။ စင်ကာပူမှာ နေထိုင် ကျောင်းတက် အလုပ်လုပ်ကိုင်ခဲ့ဖူး။ စင်ကာပူရောက် မြန်မာအိမ်အကူစတဲ့ အခြေခံအလုပ်သမားအမျိုးသမီးငယ်တွေ အကြောင်း ရေးသားတဲ့ ‘ခုနစ်ထပ်မှာနေသည်’ ဝတ္ထုတိုဟာ blog ခေတ်မှာ စာဖတ်သူတွေကြား လူကြိုက်များခဲ့တယ်လို့ သိရ။ အဲဒီ ဝတ္ထုတိုကို တခြားတစ်ယောက်က ခိုးကူးယူပြီး သူ့နာမည်တပ်ဖော်ပြခဲ့ဖူးလို့ အခြေအတင်ဖြစ်၊ စာရေးခြင်းကို စိတ်ပျက်ပြီး ကိုယ်ပိုင် blog ကိုပိတ်သိမ်းခဲ့တယ်လို့ ဆို။ စာရေးသူရဲ့ကိုယ်ရေးအကျဉ်းဟာ ကိုယ့်အကြောင်းကိုယ် မိတ်ဆက်တာနဲ့ သိပ်မတူဘဲ သူ့အကြောင်းကို တခြားတစ်ယောက်က အမွှမ်းတင်ရေးထားတာနဲ့ တူနေ။
မှတ်ချက်။ ။ ရုပ်ရှင်ပြန်ရိုက်လို့ကောင်းမယ့် ဝတ္ထုပါ။
စာအုပ်အမည် – ညီမလေး
ရေးသူ – မဧကံ
ထုတ်ဝေတိုက် – မဟာစာပေ
ပထမအကြိမ်၊ အောက်တိုဘာ ၂၀၂၃
စာ – ၁၆၅၊ တန်ဖိုး – ကျပ် ၄၅၀၀

Main Menu