သို့ကလို စိမ်းလန်းသော အတိတ်စိုက်ခင်း


Featured Image

ဒီဝတ္ထုဖတ်ပြီးသွားတာနဲ့ ဘာကိုမှန်းမသိ။ ဘယ်ဆီမှန်းမသိ
လွမ်းသွားမိတော့တယ်
1981 ခုနှစ် နွေရာသီမှာ ဇာတ်ကိုဖွင့်လိုက်ပြီး
2020 june မှာ ဇာတ်ကိုသိမ်းထားတယ်
ဇာတ်အဖွင့်က မိန်းမခိုးခန်း
အဲဒီချစ်သူစုံတွဲကနေ သမီးသုံးယောက်(?) မွေးတယ်
အငယ်ဆုံးက မွန်မွန်ကျော်
မွန်မွန်ကျော်က ကျွန်မနာမ်စားသုံးပြီး ဇာတ်ကြောင်းပြောပြ
သွားတယ်။ ဝတ္ထုတပုဒ်လုံး သူ့ရွာက သူ့ငယ်ဘဝ အမှတ်တရ
တွေပါပဲ။ နှစ်အတန်ကြာ ရွာနဲ့ခွဲခွာသွားရာက ရွာကိုအလည်(?)
ပြန်လာခန်းနဲ့ အဆုံးသတ်တယ်
နောက်ခံဒေသက ရခိုင်တောင်ပိုင်း တောင်ကုတ်မြို့စွန်က
ရွာကလေးပါ။ အဖေ့ရွာ။ မွန်ကျော့်ရွာ
ရွာက ရိုးမပေါ်ကနေ ပင်လယ်ကမ်းခြေဆီ ဆင်းလာတဲ့
သင်္ဘောဆိပ်လမ်းမကြီးဘေး၊ ကမ်းခြေနဲ့ မလှမ်းမကမ်း၊
ချောင်းနဲ့လဲ မနီးမဝေး။ ရွာအပြင်မှာ လယ်ကွင်းတွေ၊ တောင်
ပူစာလေးတွေ
မွန်ကျော်တို့ငယ်ငယ်က ရွာမှာ ငါးပုစွန်ဒိုင်၊ ရေခူဒိုင်တွေနဲ့
စည်စည်ကားကားပေါ့။ ဗမာစကား လုံးဝမတတ်တဲ့ တရုတ်တွေ
လာဖွင့်တာ။ နောက်တော့ အရှုံးပေါ်ကြလို့လားမသိ။ လုပ်အားခ
တွေ မပေးနိုင်ဘဲ ပြန်ပြေးသွားကြတယ်လို့ ဆိုတယ်
ရွာက သေးသေးလေးပါ။ ရေလုပ်ငန်းနဲ့ လယ်လုပ်ငန်းကိုပဲ
လုပ်ကြမယ်ထင်တယ်။ ဒါပေမယ့် မွန်ကျော်တို့ မိသားစုက
အဲဒီလုပ်ငန်းတွေ မလုပ်ကြဘူး။ အဖေက လူပျိုဘဝ ကတည်းက
အသံချဲ့စက် အငှားလိုက်တယ်။ နောက်တော့ အိမ်မှာပဲ ဗွီဒီယို
ဇာတ်ကားတွေ ရုံဝင်ခယူ ပြတယ်။ ငါးပုစွန်ဒိုင်တွေ အလုပ်ဖြစ်
ကြလို့ ပြည်မက ဗမာတွေပါ လုပ်သားတွေအဖြစ် လာအလုပ်
လုပ်ကြတော့ လက်ဖက်ရည်ဆိုင်(ကွမ်းယာဆိုင်) ဖွင့်ပြန်တယ်
ဒီနောက်ခံမှာပဲ အတိတ်စိုက်ခင်းလေးကို စိုက်ပျိုးထားတာပါ
ဇာတ်လမ်းကို အဓိကထားတဲ့ ဝတ္ထုမျိုးမဟုတ်ဘူး။ မွန်ကျော့်
မိသားစုဝင်တွေ၊ ရွာသူရွာသားတွေ၊ ငါးပုစွန်ဒိုင်ကို အလုပ်လာ
လုပ်တဲ့ တခြားမြို့ရွာက လူတွေအကြောင်းကသာ ဝတ္ထုရဲ့
အတွင်းသားပါပဲ
မွန်ကျော်ဆိုတဲ့ ကလေးမလေးနေရာက မြင်တဲ့ အဲဒီလူတွေရဲ့
ပုံပန်းသွင်ပြင်၊ ထူးခြားတဲ့စရိုက်နဲ့ အဖြစ်အပျက်တွေကို အသေး
စိတ်ရေးဖွဲ့ပြသွားတာ စာအုပ်ကို လက်ကမချချင်အောင် ဆွဲ
ဆောင်နိုင်ပါတယ်။ မွန်ကျော်နဲ့ သူ့အချစ်ဆုံး သူငယ်ချင်း
အထွေးတို့ရဲ့ စရိုက်ကလဲ ပီပြင်ပါရဲ့
အဖေနဲ့ အမေ၊ ဘရန်ဒီတံဆိပ် ဆေးပေါ့လိပ်ကြိုက်တဲ့ ဘိုးဘိုး
ကြီးနဲ့ မွန်ကျော့်ကို ကမြင်းမလို့ခေါ်တဲ့ အမေကြီး (အဖေရဲ့ မိဘ
တွေပါ)။ ငါးဖမ်းလှေ ရေလုပ်သား လူပေလူတေ ဦးဦးဝင်းမြင့်
(အမေ့မောင်)။ ဦးဦးဝင်းမြင့်လို လူပေလူတေ အမြဲအရက်မူး
နေကြတဲ့ ကိုညီပု။ ကိုဘောဂ…
နောက် အရက်ဘီယာနဲ့တွဲပြီး ကာရာအိုကေဆိုင် ဖွင့်ထားတဲ့
ကိုခင်လှနဲ့ မထွေးညိုတို့ လင်မယား။ စိတ်မနှံ့တဲ့ မဇီးကွက်
တရပ်တကျေးကနေ ငါးပုစွန်ဒိုင်မှာ လာအလုပ်လုပ်သူတွေ
ထဲကဆိုရင် ပြောဆိုလှုပ်ရှားတာ အမြဲဇာတ်ဟန်ပါတဲ့ ကိုဆန်း
ဝင်း၊ ဗမာသီချင်းတွေကို မြောက်ပိုင်းရခိုင်သံဝဲဝဲနဲ့ ကာရာအိုကေ
ဆိုလေ့ရှိတဲ့ ကိုသူရိန်…
ဒါက နမူနာလောက် ပြောရတာပါ။ စိတ်ဝင်စားစရာ တခြား
ရွာသူရွာသားတွေအကြောင်း အတော်ကျန်နေသေးတယ်
ခြုံပြီးပြောရရင် ဇာတ်လမ်းကိုအဓိကမထားဘဲ လူတွေအကြောင်း
လူတွေရဲ့ အမူအကျင့်စရိုက်နဲ့ အဖြစ်အပျက်တွေကို စိတ်ဝင်စား
အောင် အသေးစိတ် ရေးဖွဲ့ထားတယ်။ ဦးဦးဝင်းမြင့် ကိုညီပု
ကိုဘောဂ မထွေးညိုတို့ ရုပ်ပုံလွှာတွေက တော်တီလာဖလက်
ကိုတောင် သတိရသွားစေတယ်
ကျနော်တို့နဲ့ မရင်းနှီးတဲ့ ဒေသိယစကားတွေ ညပ်ပါနေတယ်
ဆောင်းတူ(သစ်သားသေတ္တာ) ဖောင်တော်(ဖောင်တံတား)
ဝက်တောင်း(ဝက်သိုး) ဖျားတက်ချိန်/ဖျားကြီးရက်( ဒီရေလို့
ထင်တာပဲ) ကောက်ကြိုင်ထူသည် (လယ်လုပ်ငန်းစကား)
ခတ်တင်သည်(အသုဘ ပြင်ထားတာ)။ နမူနာပါ။ ကျန်သေး
တယ်။ ဒေသိယဝေါဟာရတွေကိုတော့ ဒီလိုပဲ ဆက်စပ်နားလည်
လိုက်ရတာပဲ 🙂
စာရေးဆရာရဲ့ အသုံးအနှုံးထဲမှာ အထူးခြားဆုံးက “သို့ကလို”
ပါပဲ။ ဒီလို(ဤကဲ့သို့) ဆိုတဲ့သဘော။ ဒေသိယစကားက
လာတာ ထင်ပါရဲ့။ သို့ကလိုပေါင်း သောင်းခြောက်ထောင်
ပါနေတယ် 🙂 မယုံရင်တော့ ရေကြည့်ပေါ့ဗျာ
အတိတ်စိုက်ခင်းဆိုတဲ့အတိုင်း အတိတ်ကအကြောင်း။ ဒီဝတ္ထု
အလိုအရ ငယ်ဘဝသတိရချက်များလို့ ပြောရမှာပေါ့
စာရေးဆရာရဲ့ အတိတ်စိုက်ခင်းလေးဟာ စိမ်းလန်းပါရဲ့
သန်စွမ်းပါရဲ့။ စိုက်ခင်းထဲက ပန်းလေးတွေဟာလဲ လှပါရဲ့
မွှေးပါရဲ့။ ဒါကြောင့်လဲ မြင်မိသူတိုင်းရဲ့ရင်ထဲ စွဲကျန်နေမယ်လို့ ထင်မိတယ်
ခတ္တာခင်
အတိတ်စိုက်ခင်း #
ပထမအကြိမ် – 2023 Aug.

Main Menu