အတိတ်စိုက်ခင်းထဲက ဗီလိန်


ဆရာချစ်ခိုင်စံရဲ့ ဗီလိန်စာအုပ်က သက်ငယ်မုဒိန်းမှုမှာ တရားဥပဒေရဲ့ ဟာကွက်တွေကြောင့် လွတ်သွားတဲ့မုဒိန်းကောင်တွေကို နစ်နာခဲ့သူတွေဘက်က
နှစ်နဲ့ချီ ကြိုတင်ကြံစည်ပြီး လက်စားခြေတဲ့ ဇာတ်ပါ။ စာရေးဆရာကြည်လင်အေးနဲ့ နှင်းစံပယ်တို့ရဲ့အချစ်ဇာတ်ကို အခြေတည်နေတဲ့ဇာတ်အစပိုင်းကတော့ အရေးအသားယိုင်ချင်သလိုလိုဖြစ်နေပေမယ့် စာရေးဆရာကြည်လင်အေး အဖမ်းခံရချိန်ကစပြီး ရိုးရှင်းတဲ့စကားပြေအရေးအသားနဲ့ပဲစာဖတ်သူကိုဆွဲခေါ်သွားနိုင်ပါတယ်။
လျှို့ဝှက်သည်းဖို နိုင်ငံခြားရုပ်ရှင်ဇာတ်ကား တစ်ကားကိုကြည့်နေရသလိုမျိုးဖြစ်သလို ဘလက်ဟိုး အမည်ရ ဟီးရိုးဇာတ်ကောင်ကို လည်းစူပါမန်း၊စပိုက်ဒါမန်း၊ဘတ်တ်မန်းတို့လို ရုပ်ရှင်ဆန်ဆန် မွေးထုတ်ထားတာမျိုးပါ။
စာရေးသူရဲ့စေတနာ ဇောတစ်ခုကို မြင်လိုက်ရတာကတော့ မတရားပြုခဲ့သူတွေကို တရားမျှတအောင်အပြစ်မပေးနိုင်ခဲ့ဘူး ဆိုရင် ဟီးရိုးဇာတ်ကောင်တွေက တရားမျှတအောင် သုတ်သင်သွားမယ်ဆိုတဲ့ ဇောပါ။ဟမ္မူရာဘီကိုယ်ဓ ဥပဒေဆန်တယ်လို့တော့မပြောရက်ပါဘူး။
မတရားမှုတွေများလာတဲ့အခါ ။ဥပဒေအရ တရားမျှတအောင်မလုပ်ပေးနိုင်တဲ့အခါ ။တရားမျတမှုကို လိုလားသူတိုင်းရဲ့ရင်ထဲမှာ တရားမျှတအောင်လုပ်ပေးနိုင်မယ့် ဟီးရိုးတွေ တမ်းတ တတ်လာတာအမှန်တရားပါ။အဲ့ဒီလိုမျိုး စိတ်အခြေခံရှိကြတဲ့…၊
တရားမျှတမှုကိုလိုလားတဲ့စာဖတ်သူတွေကို ကျေနပ်အောင် ရေးပြသွားတဲ့ ဝတ္ထုတစ်ပုဒ်လို့ ဆိုချင်ပါတယ်။လက်စားခြေခြင်းဟာတရားသလားမတရားသလား၊ဟီးရိုးကိုလွတ်မြောက်ခွင့်ပေးသင့်၊မပေးသင့် စသဖြင့်….
ငြင်းခုန်ကြရမှာကတစ်ပိုင်းပေါ့လေ။
ဗီလိန်ဆိုတဲ့ ခေါင်းစဥ်အတိုင်း ဟီးရိုးကိုဗီလိန်လို့သတ်မှတ်ချင်ပေမယ့် ဗီလိန်ဆန်နေတဲ့ အရာတွေကအများကြီးပါ။
***************
ဆရာမ ခတ္တာခင်ရဲ့ အတိတ်စိုက်ခင်းကတော့ ဆရာမရေးနေကျ ဝတ္ထုတွေနဲ့မတူ တမူကွဲထွက်တယ်လို့ပဲပြောရပါမယ်။ဆရာမရဲ့ထုံးစံအတိုင်းမြှုပ်ကွက်၊ဖော်ကွက် ကလေးတွေးနဲ့…. အရေးအသားအဖွဲ့အနွဲ့က ကောင်းပြီးသားပါ။
“သို့ကလို”ဆိုတဲ့စာသားကတော့ အရေးများလို့လားမသိဘူးစာဖတ်သူစိတ်ထဲ စွဲလာနိုင်တာပေါ့လေ။
ရခိုင်ပြည်နယ် ရဲ့ ရေလမ်း၊ကုန်းလမ်း ခရီးသင့်ရာတောင်ကုတ်မြို့နားက ရွာကလေးတစ်ရွာကိုအခြေတည်ပြီး ဆရာမငယ်စဥ်က ကျင်လည်လှုပ်ရှား၊သွားလာနေထိုင်ပျော်မွေ့ခဲ့ရတဲ့ အကြောင်းအရာတွေ ။နယ်မြေ ဗဟုသုတ၊ဒေသိယစကားသံတွေနဲ့ ရာသီဥတု ခေတ်စနစ်အခြေအနေတွေ။
အဖေအမေ၊အဘိုးအဘွား၊ဦးလေး၊အစ်မ၊သူငယ်ချင်းနဲ့ အနီးပတ်ဝန်းကျင်မှာနေထိုင်ကြတဲ့ ရွာသူရွာသားတစ်ကိုယ်တည်းသမား၊လင်စုံမယားဘက် စသဖြင့် ဇာတ်ကောင်တွေအများကြီးရဲ့ လူနေမှုဘဝ၊လူနေမှုစရိုက်တွေ။
စာပေ၊ဗီဒီယို ၊သီချင်း စသဖြင့် ဆရာမဘက်က ရင်းနှီးကျွမ်းဝင်အခြေတည်ခဲ့ရတဲ့အနုပညာအခြေခံတွေကို အရေးအသားကောင်းကောင်းနဲ့ ပုံဖော် ၊ဆွဲခေါ်သွားနိုင်တယ်လို့ပဲပြောရပါမယ်။
သက်ရှိလူသားဇာတ်ကောင်တွေတင်မက ခွေး၊ကြက်၊ဝက်၊မျောက်၊နွား စသဖြင့် လူသားဇာတ်ကောင်တွေနဲ့ဆက်နွယ်ရာတိရိစ္ဆာန်တွေကိုပါ စာဖတ်သူဘက်က သတိထားမ်ိလာအောင် ပုံဖော်ရေးပြနိုင်စွမ်း ရှိတယ်လို့ပဲပြောချင်ပါတယ်။
ဒါပေမဲ့ ဇာတ်ကောင်တွေတအားများတဲ့အတွက်သူတို့နဲ့ပတ်သက်ရာ မြှုပ်ကွက် ၊ဖော်ကွက်တွေကြောင့် စာဖတ်သူစိတ်မရှည် ဖြစ်တတ်တာကိုတော့ သတိပြုသင့်တယ်ထင်တာပါပဲ။
ဘာပဲဖြစ်ဖြစ်…
စာအုပ်နှစ်အုပ်စလုံးကမတူညီတဲ့ ရသတွေပေးတဲ့အတွက် ဖတ်လို့ ကောင်းတဲ့ လုံးချင်းဝတ္ထုနှစ်ပုဒ်လို့ပဲ ဆိုချင်ပါတယ်။