အတိတ်ဆိုတာ ပြန်လည်တမ်းတဖို့လား၊ လည်ပြန်လှည့်ကြည့်ဖို့လား၊


Featured Image

🌳 အတိတ်ဆိုတာ ပြန်လည်တမ်းတဖို့လား၊ လည်ပြန်လှည့်ကြည့်ဖို့လား၊ တစ်နေရာရာကို ငေးမိတဲ့အခါ ဖျတ်ခနဲ သတိတရ ဖြစ်ဖို့လား ရေရာတဲ့ လက်ခံရခြင်းမျိုးတွေ မရှိပေမဲ့ အတိတ်ဆိုတာ ကျွန်မအတွက်တော့ ပစ္စုပ္ပန်အထိ လိုက်ပါစီးနင်းလာခဲ့ရတဲ့ ရထားကြီးတစ်စင်းမျှသာရယ်ပါ။ ဘူတာတွေ တစ်ခုပြီးတစ်ခု ရပ်ပြီးချိန်မှာတော့ လက်ရှိ ရောက်နေတဲ့ ပစ္စုပ္ပန်ဘူတာမှာ ခရီးတစ်ထောက်နားရင်း ရှေ့ဆက်ဖို့ ကြိုးစားနေရဆဲပါ။ 🌳
__________________________
🪴 ❝အတိတ်စိုက်ခင်း❞ ဟာ ကျွန်မရဲ့ ငယ်စဉ်ကာလ အပိုင်းအခြားတွေကို ပြန်လည်ပုံဖော်ထားတာမို့ မူလတန်းအရွယ်ကနေ တက္ကသိုလ်မတက်ခင်ထိ ခုနှစ်တွေပဲ ဖြစ်ပါတယ်။ အတိတ်စိုက်ခင်းထဲမှာ ပါရှိတဲ့ နာမည်တွေဟာ လွှဲသုံးထားတာ ရှိသလို၊ တိုက်ရိုက်သုံးထားတာ ရှိပေမယ့် အချို့သော အဖြစ်အပျက်တွေ တိုက်ဆိုင်မှုရှိခဲ့ရင် ကျွန်မရဲ့ ဖန်တီးမှုသာ ဖြစ်ပါကြောင်း ဆိုပါရစေ။ (~ ဆရာမခတ္တာခင်၏ အမှာစာမှ)
📚 ဆရာမခတ္တာခင်ရဲ့ ငါးအုပ်မြောက်လုံးချင်းလေးပါ။ အမှာစာမှာ ဆရာမဆိုထားတဲ့အတိုင်း ငယ်ဘဝက ဆရာမရဲ့ ပုံရိပ်လေးတွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဆရာမနဲ့ ဆရာမမိသားစုရဲ့ ပုံရိပ်တွေသာမကဘဲ ဆရာမရဲ့ မွေးရပ်ဇာတိရွာကလေးက လူတွေအကြောင်းတွေပါ ဖတ်ရတာ တကယ့်ကိုပဲ ကျေးလက်ရွာဓလေ့ အလေ့အထလေးကို ခံစားမိစေပါတယ်။
__________________________
🌳 ရခိုင်ပြည်နယ်၊ မြစ်ကမ်းဘေးက ရေလုပ်ငန်းလုပ်တဲ့ ရွာတစ်ရွာမှာ နေထိုင်ကြပြီး ညီအစ်မသုံးယောက်မှာ အငယ်ဆုံးဖြစ်တဲ့ ❝မွန်မွန်ကျော်❞ ဒါပေမဲ့ တစ်ရွာလုံးက မွန်ကျော်လို့ပဲ ခေါ်ကြတယ်။ အဖေ ဦးမြင့်မောင်က အသံချဲ့စက်စီးပွားရေး လုပ်တယ်။ သီချင်းတိပ်ခွေအသစ် ထွက်မထွက်ကို အဖေက ယောက်ျားစက်ဘီးကြီးစီးပြီး မြို့ထဲက တိပ်ခွေဆိုင်မှာ သွားစုံစမ်းရတယ်။ အသံချဲ့စက်ငှားတဲ့ အလှူရှင်တွေ စိတ်ကြိုက် သီချင်းဖွင့်ပေးရတာမို့ သီချင်းခွေ မရှိဆိုတာ မဖြစ်ရလေအောင် အသစ်ထွက်တာနဲ့ ဝယ်ယူထားတတ်တော့ မွန်ကျော်တို့အိမ်မှာ တိပ်ခွေတွေက သေတ္တာကြီးနှစ်လုံးနဲ့ သံသေတ္တာတစ်လုံး အပြည့်။
🪴 အသံချဲ့စက်လုပ်ငန်း နားပြီး ရွာမှာ ပုစွန်ခြောက်ဒိုင်တွေ၊ ရေခူဒိုင်တွေ အလုပ်ဖြစ်ပြီး တရုတ်တွေ ဝင်လာကြတော့ မွန်ကျော်တို့အိမ်မှာ လက်ဖက်ရည်ဆိုင်လေး ဖွင့်ကြတယ်။ အဖျော်ဆရာဆိုတာက တစ်မိသားစုလုံး ကြုံရာလူ ဖျော်ပေးလိုက်တာမျိုး။ အရသာကလည်း ရွေးစရာမလို တစ်မျိုးတည်းသာ ရနိုင်တယ်။ လက်ဖက်သုပ်ဆိုလည်း ယုဇနလက်ဖက်ကို ခရမ်းချဥ်သီး၊ ဂေါ်ဖီဖွေးဖွေးနဲ့ ရောသုပ်ပေးလိုက်တဲ့ မည်ကာမတ္တ လက်ဖက်ရည်ဆိုင်ရယ်။ ခနော်နီခနော်နဲ့ ဒီဆိုင်လေးကို ဧည့်သည်တစ်ယောက်လာရင် ဦးစွာလာတတ်တာမို့ မွန်ကျော်က အဦးအဖျားသတင်း အရင်သိရတတ်တယ်။
🌱 ဒီလို ဆရာမရဲ့ မိသားစု စီးပွားရေးနဲ့ နေထိုင်မှုပုံစံကို အခြေခံထားပြီးတော့ ရွာထဲက လူတွေနဲ့ ရင်းနှီးဆက်စပ်ပုံတွေကို တစ်ခန်းချင်းတင်ပြသွားတာ ဖြစ်ပါတယ်။
– ငယ်တည်းက ကစားဖော် အိမ်နီးချင်းသူငယ်ချင်း အထွေး
– မြင့်မောင်သမီးလို့ ခေါ်တတ်ပြီး ကမြင်းမလို့ ဆဲတတ်တဲ့ မွန်ကျော့်အမေကြီး (အဘွား)
– ဘရန်ဒီဆေးပေါ့လိပ်ကြီး ဖွာတတ်လေ့ရှိတဲ့ မွန်ကျော့်အဘိုး
– မဂ္ဂဇင်းတစ်အုပ် ဒါမှမဟုတ် အကြွေးနဲ့သိမ်း​လာတဲ့ အကောင်နဲ့အတူ ပေါ်လာတတ်တဲ့ မွန်ကျော့်အမေရဲ့မောင် မွန်ကျော့်ဦးလေး ဦးဦးဝင်းမြင့်
– မူးလာရင် မေတ္တာပို့ရင်း အိမ်ကို အမှောင်ထဲ ပြန်လာတတ်တဲ့ ကုန်ထမ်းတဲ့ ကိုဘောဂ
– မသောက်ခင်ဆို စိတ်သဘောနူးညံ့ပေမဲ့ အရက်ဝင်သွားရင် သွေးဆိုးတတ်ပြီး စိတ်မထင်ရင် မထင်သလို အိမ်ဖြိုတတ်တဲ့ မွန်ကျော်တို့ကလေးတွေကြောက်ရတဲ့ ကိုညီပု၊ သူနဲ့ သောက်ဖော်သောက်ဖက် ကိုဖိုးလ
– ကိုညီပု မူးလာရင် တုန်နေအောင် ကြောက်တတ်တဲ့ မဇီးကွက်
– ဇာတ်ကပြရင်း အသက်မွေးလာခဲ့ပြီး မွန်ကျော်တို့ရွာလေးက ပုစွန်ဒိုင်မှာ အလုပ်လာလုပ်တဲ့ ပဲခူးက ကိုဆန်းဝင်း
– အရက်ဘီယာပါ တွဲရောင်းတဲ့ ကိုဆန်းဝင်းနဲ့ မထွေးညိုတို့ ကာရာအိုကေဆိုင်
– မွန်ကျော်နဲ့ အထွေးတို့ စာအုပ်သွားသွားငှားတဲ့ ကိုအောင်စာအုပ်ဆိုင်
– ရခိုင်နှုတ်ကနေ ဗမာသံလုပ်ပြောတတ်လို့ မွန်ကျော်ကြိတ်ရယ်နေရတဲ့ ပုစွန်ဒိုင်မှာ အလုပ်လာလုပ်တဲ့ ကိုသူရိန်
– နွားတွေမွေးထားပြီး နွားများကို အလွန်ချစ်တဲ့ ဦးငမဲ
– အမေ့အငြူအစူကို ခံပြီး မွေးထားတဲ့ ခွေးလေး ဘိုဘို
– ဦးဦးဝင်းမြင့် အကြွေးနဲ့သိမ်းလို့ မွေးထားတဲ့ ဝက်မလေး ဖြူလုံးမ
စသဖြင့် ဇာတ်ကောင်တွေ အများကြီးနဲ့ ဇာတ်ကောင်တစ်ခုချင်းရဲ့ ဘဝတွေကို မွန်ကျော်နဲ့အတူ ချပြသွားတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။
🌿 ဒါ့အပြင် မွန်ကျော်ဆိုတဲ့ ကလေးမဟာဆိုရင် သူများလို့ ကိုယ့်ကိုယ်ကိုယ် နာမ်စားသုံးတတ်တယ်။ ကမြင်းမလို့ ခေါ်တတ်တဲ့ ဘွားအေဖြစ်သူနဲ့ အမြဲလိုလို တကျက်ကျက်။ သူကလည်း အဘွားပြောသမျှကို အမြဲကန့်လန့်တိုက် ပြောလိုက်ရမှ နေသာထိုင်သာရှိတတ်တာမျိုး။ အထွေးက မွန်ကျော့်မလေးနဲ့မှ ရွယ်တူသူငယ်ချင်းဖြစ်ပေမဲ့ အထွေးကို သူငယ်ချင်းပေါင်းပေါင်းပြီး အားနေရင် အထွေးအိမ်သွား၊ အထွေးနဲ့အတူ မုန့်တီသောက်၊ ရပ်ကွက်ထဲက သတင်းထူးတွေပြော၊ စာအုပ်ဆိုင်အတူ သွားငှားကြ၊ မထွေးညိုတို့ ကာရာအိုကေဆိုင်ကို အမြဲသွားပြီး သီချင်းထဲက ရုပ်ပုံတွေကို သွားငေးမောတတ်ကြသူတွေ။ ဒီလိုချစ်စရာ စရိုက်ရှိတဲ့ မွန်ကျော်လေးက ရွာထဲက လူတွေနဲ့ ဘယ်လိုချစ်စဖွယ် ပြုမူပြောဆိုတတ်တယ်၊ ရွာလေးထဲမှာ ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်လာမယ်ဆိုတာ အတိတ်စိုက်ခင်းမှာ ဆက်ပြီး ဖတ်ကြည့်ကြပါ။
__________________________
📖 တကယ်တော့ ဒီစာအုပ်ဖတ်ပြီး (၂)ခန်းလောက်တင် “သို့ကလို” တွေကို သတိထားမိလိုက်တာပဲ။ ကိုယ်တင်ပဲ ထင်တာလားဆိုတော့ ဟိုနေ့က review တစ်ခုဖတ်လိုက်ရတာလည်း သို့ကလိုအကြောင်း သေချာထည့်ရေးသွားတာ ဖတ်လိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် ချစ်စရာ ဒေသအသုံးအနှုန်းလေးတစ်ခု သိလိုက်ရတာပါပဲ။ နောက်တစ်ချက်က စိတ်မကောင်းပြန်ပေါ်တယ်ဆိုတာပါ။ တစ်ချက်တစ်ချက် ရူးပြီး စိတ်ဖောက်သွားတတ်တာကို စိတ်မကောင်းပြန်ပေါ်တယ်လို့ ဒီဘက်ခေါ်ဝေါ်တဲ့ပုံစံနဲ့ မတူဘဲ သုံးနှုန်းထားတာလေး သတိထားမိလိုက်ပါတယ်။
__________________________
ဆောင်းတူ (သစ်သားသေတ္တာ)
သို့ကလိုဆို (ဒီလိုဆို၊ ထိုသို့၊ ဒါကြောင့်)
ကောက်ကြိုင်ထူချိန်
😇😇😇
📖 စာအုပ်အမည် – အတိတ်စိုက်ခင်း
👩‍💻 စာရေးသူ – ခတ္တာခင်
👨‍🎨 မျက်နှာဖုံးပန်းချီ – လင်းဝဏ္ဏ
🖨 ထုတ်ဝေမှု – မဟာစာပေ၊ ဩဂုတ်လ ၂၀၂၃၊ ပထမအကြိမ်
📄 စာမျက်နှာ – ၂၇၁
💵 တန်ဖိုး – ၆၀၀၀ ကျပ်
📰🗞📰🗞📰🗞📰

Main Menu