👻 ညီမလေး (The Twin) ဆိုတဲ့ ဒီစာအုပ်လေးက စာရေးဆရာမ မဧကံရဲ့ ပွဲဦးထွက် စာအုပ်လေးပါ။


Featured Image

ညီမလေး (The Twin) ဆိုတဲ့ ဒီစာအုပ်လေးက စာရေးဆရာမ မဧကံရဲ့ ပွဲဦးထွက် စာအုပ်လေးပါ။ ဇာတ်လမ်းအမျိုးအစားကတော့ Horror and Mystery အမျိုးအစားပါ။ ဒီဇာတ်လမ်းလေးကို လူမှုကွန်ရက် စာမျက်နှာထက်မှာ ဆရာမက တင်တင်နေခဲ့တာမို့ စာအုပ်လေးအဖြစ် မထွက်ရှိလာခင်ကတည်းက ပရိသတ်တွေ ရရှိထားပြီးသား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စာအုပ်နာမည်အတိုင်းပဲ အမွှာညီအစ်မ နှစ်ယောက်အကြောင်းပေါ့။
____________________
👻 ဒီဇာတ်လမ်းထဲက အမွှာညီအစ်မနှစ်ယောက်က ချွတ်စွတ်တူကြတဲ့ သူတွေပေါ့။ အသက်ခြောက်နှစ်မှာ သူတို့မိသားစုစီးလာတဲ့ မြင်းလှည်းကို ကုန်တင်ကား ဝင်တိုက်လို့ အကြီးမလေး မီးမီး (သီတာစိုးဝေ) က ခြေကျိုး၊ နံရိုးကျိုးခဲ့ပေမဲ့ အငယ်မလေး ငယ်ငယ် (သန္တာစိုးဝေ) ကတော့ ကွယ်လွန်သွားခဲ့တယ်။ ဒါပေမဲ့ အကြီးမလေး မီးမီးက ဆေးရုံမှာ သတိပြန်လည်လာချိန်ကတည်းက သူ့ညီမလေးကို အမြဲမြင်နေရပြီး သူနဲ့အတူ အမြဲအတူရှိနေခဲ့တယ်။ သူ့ညီမလေး မသေသေးဘူး၊ သူမြင်နေရတယ်လို့ ပြောတော့ အက်ဆီးဒင့်ကြောင့် ထရော်မာရပြီး ကြောင်သွားတယ်လို့ လူကြီးတွေက ထင်ကြတယ်။
👻 ညီမလေးငယ်ငယ် အနားရှိနေပေမဲ့ စကားမပြောဘူး။ သူ့ကို မြင်နေရတာပဲရှိတာ။ ဒါပေမဲ့ မီးမီးပြောတဲ့စကားထဲ ရယ်စရာပါရင် ရယ်တယ်၊ ဝမ်းနည်းနေရင် မျက်နှာလေးငယ်ပြီး နားထောင်ပေးတယ်။ ဒီလိုနဲ့ ငယ်ငယ်က သူဘေးနားရှိနေခဲ့ပြီး သူ့အရွယ်အတိုင်း အတူတူ လိုက်ကြီးလာတာပါပဲ။ အဝတ်အစား အဆင်အပြင်လည်း အတူတူပဲ။
👻 မီးမီးအသက် (၂၀) မှာ သူ့ထက် အသက် (၁၅)နှစ် ပိုကြီးတဲ့ psychiatric တစ်ဦးဖြစ်တဲ့ ဒေါက်တာဦးဦးသာကျော်နဲ့ ချစ်သူတွေဖြစ်ကြပြီး ညီမလေးအကြောင်းကို ပြောပြတော့ တစ္ဆေကို မြင်ရတာမဟုတ်ဘဲ မသိစိတ်က ဖြစ်နေတာမို့ ကုသမှု ခံယူသင့်ကြောင်း အကြံပေးတာနဲ့ ကုသမှု ခံယူဖို့ လက်ခံလိုက်တယ်။
👻 တစ်ရက်တော့ မီးမီးဆေးသောက်နေတုန်း ငယ်ငယ် ရောက်လာပြီး ဆေးတွေကို ကြည့်ပြီး သိချင်ပုံပေါ်နေတာနဲ့ ညီမလေးက တကယ်ရှိတာမဟုတ်ကြောင်း၊ သူနေမကောင်းလို့ မြင်နေရတာဖြစ်ကြောင်းနဲ့ ဒီဆေးတွေ သောက်ရင် မမြင်ရတော့ဘဲ ပျောက်သွားမှာဖြစ်ကြောင်း ပြောပြတော့ ညီမလေးက ရှိုက်ကြီးတငင် ငိုပါတယ်။ သူ့အနားကို မလာဖို့နဲ့ သူပုံမှန်ဘဝမှာပဲ နေချင်ကြောင်း၊ ငယ်ငယ့်ကို မြင်နေရရင် ရူးသွားပြီး မမြင်ရတော့အောင် သူ့အနေနဲ့ ဘာမဆိုလုပ်မှာလို့ အော်ဟစ်ပြောပါတယ်။ ငယ်ငယ်က ဘာမှပြန်မပြောဘဲ မျက်ရည်တွေသာ တလိမ့်လိမ့်ကျနေပါတယ်။ အခုထွက်သွားလို့ အော်လိုက်တော့ လှေကားကနေ တဒုန်းဒုန်း ပြေးဆင်းသွားပါတော့တယ်။
👻 အဲဒီအချိန် အောက်ထပ်က အဘွားက လှေကားပေါ်က ဘာလို့ပြေးဆင်းရတာလဲ၊ ဘယ်သူနဲ့ ဖုန်းပြောနေတာလဲလို့ လှမ်းအော်လိုက်သံကြောင့် သူမှားသွားပြီဆိုတာ သိလိုက်ရတော့တယ်။ ညီမလေးငယ်ငယ် သေသွားပြီလို့ ပြောကြတုန်းက ဘေးမှာ ငယ်ငယ် ရှိနေတာမို့ ဘာမှ သိပ်မခံစားခဲ့ရတဲ့ သူဟာ အဲဒီနေ့က ညီမလေးကို အမှန်တကယ် အခုမှ သေဆုံးသွားသလို ခံစားလိုက်ရပါတော့တယ်။
👻 ငယ်ငယ်ပျောက်သွားပြီး တစ်နှစ်အကြာမှာ မီးမီး အရင်နဲ့ လုံးဝမတူတော့ဘဲ ပျော်ပျော်နေတတ်လာတယ်။ ငယ်ငယ့်ကိုလည်း လုံးဝမမြင်ရ၊ မတွေ့ရတော့ဘူး။ ဒီလိုနဲ့ မီးမီးမင်္ဂလာဆောင်မယ့်နေ့မှာ မီးမီးကို လာခေါ်တဲ့ သတို့သားလောင်း အိမ်ထဲမဝင် အပေါ်ထပ်က မီးမီးနေခဲ့တဲ့ အရင်အခန်းမှာ မင်္ဂလာပွဲအတွက် ဘာမှမပြင်ဆင်ရသေးတဲ့ မီးမီးကို မြင်ကြောင်း ပြောသံကို ကြားလိုက်ရချိန်မှာ မင်္ဂလာပွဲသွားဖို့ ပြင်ဆင်ပြီးဖြစ်နေတဲ့ မီးမီးတစ်ယောက် ဆောက်တည်ရာမရတော့ဘဲ အပေါ်ထပ်အခန်းဆီ ပြေးတက်ပြီး ငယ်ငယ့်ကို ရှာပေမဲ့ မတွေ့ရပါ။ ကိုဦးကတော့ မင်္ဂလာပွဲအတွက် အလုပ်များပြီး အိပ်ရေးမဝခဲ့လို့ အမြင်မှားတာပါလို့ ပြောပေမဲ့ ဒါဟာ ငယ်ငယ်ဆိုတာ မီးမီး တပ်အပ်ပြောခဲ့ပါတယ်။
👻 မီးမီး မင်္ဂလာဆောင်ပြီးတည်းက သံလျင်က မိဘအိမ်ကို ပြန်ခွင့်မရတော့ဘဲ အဖေနဲ့အဘွားကသာ မီးမီးရှိရာ ရှစ်မိုင်အိမ်ကို လာတွေ့ကြရတယ်။ မီးမီးမရှိတော့တည်းက ငယ်ငယ့်ကို လူတိုင်းမြင်လာကြရပြီး ငယ်ငယ်ကလည်း ပိုပြီးသောင်းကျန်းလာပါတယ်။ ဒါကြောင့် အဖေဖြစ်သူက အောက်လမ်းဆရာ ခေါ်ပြီး နှင်ထုတ်ဖို့ ကြိုးစားတဲ့နေ့မှာပဲ မီးမီးကို ငယ်ငယ်က သူ့ကို ကယ်ပါလို့ အိပ်မက်ပေးပြီး အိမ်ကို ဖုန်းဆက်ကြည့်တော့ မသင်္ကာတာနဲ့ မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ သန်လျင်အိမ်ကို မိုးသည်းသည်းထဲ ကားငှားပြီး ထွက်သွားပါတော့တယ်။
👻 ခင်ပွန်းဖြစ်သူကို ကိုဦးအိမ်ပြန်ရောက်ချိန် မီးမီး သန်လျင်အိမ်သွားကြောင်း သိရတော့ ကားနဲ့အမီလိုက်တယ်။ မီးမီးအဖေဆီလည်း ဖုန်းဆက်အကြောင်းကြားတော့ အဖေလုပ်သူက အောက်လမ်းဆရာတွေ လုပ်နေတဲ့ အစီအစဉ်မဖျက်နိုင်အောင် တား‌ဖို့ ခြံထဲထွက်လာတယ်။
👻 ဒီတော့ …
✅ ‌အစီအရင်ကို မီးမီးအချိန်မီတားပြီး ညီမဖြစ်တဲ့ ငယ်ငယ့်ကို ကယ်လိုက်နိုင်လား?
✅ ကိုဦးနဲ့ အဖေတို့ကပဲ လက်ဦးမှုရယူလိုက်နိုင်လား?
✅ သိပ္ပံနည်းအရ တွေးမယ်ဆိုရင် ဒီလိုတစ္ဆေသရဲဆိုတာ တကယ်မရှိဘူးလို့ ယူဆစရာဖြစ်ပြီး မီးမီးဟာ တကယ်ပဲ စိတ်ဝေဒနာခံစားနေရပြီး တကယ်မရှိတဲ့ အရာတွေကို ထင်မိယောင်မှား ဖြစ်နေသူလား?
✅ ဒါမှမဟုတ် ညီမလေးငယ်ငယ်ကပဲ သရဲတစ္ဆေအဖြစ် တကယ်ရှိနေတာလား?
⭕ ညီမလေးငယ်ငယ်ကိုလည်း သံယောဇဉ်ရှိပြီး ပုံမှန်လူသားတစ်ယောက်လိုလည်း ရှင်သန်ချင်တဲ့ မီးမီး …
⭕ သိပ္ပံနည်းကျ မဖြစ်နိုင်တဲ့ paranormal ဖြစ်ရပ်တွေအကြား ဝေခွဲမရဖြစ်ရတဲ့ ဆရာဝန်ကိုဦး …
⭕ သေဆုံးသွားတဲ့ သမီးငယ်ကိုလည်း သနား၊ သမီးကြီးကိုလည်း စိုးရိမ်ပူပန်ရှာတဲ့ ဖခင်ဦးစိုးဝေ …
သုံးဦးသား ဒီဖြစ်ရပ်ကို ဘယ်လိုဆက်ပြီး ဖြေရှင်းသွားကြမလဲဆိုတာ …
____________________
👻 ခုပြောထားတာလေးက ဇာတ်လမ်းရဲ့ ပထမနှစ်ခန်းစာလောက်ပဲ ရှိပါသေးတယ်။ နောက်ပိုင်း မထင်ထားတဲ့ လှည့်ကွက်များစွာနဲ့ စာဖတ်သူကို အပြီးထိ ဖတ်ချင်လာအောင် ဆွဲခေါ်သွားပါတော့တယ်။ ဇာတ်သိမ်းကတော့ ကြေကွဲစရာပါပဲ။
😇😇😇
📖 စာအုပ်အမည် – ညီမလေး (The Twin)
👩‍💻 စာရေးသူ – မဧကံ
👨‍🎨 မျက်နှာဖုံးဒီဇိုင်း – လင်းဝဏ္ဏ
🖨 ထုတ်ဝေမှု – မဟာစာပေ၊ အောက်တိုဘာလ ၂၀၂၃၊ ပထမအကြိမ်
📄 စာမျက်နှာ – ၁၆၈
💵 တန်ဖိုး – ၄၅၀၀ ကျပ်
📰🗞📰🗞📰🗞📰

Main Menu