• သက်ငြိမ်ည (ရသဝတ္ထုတိုများ)

    ရွှေအမြုတေဟာ ရသ အနုပညာ စာပေလက်ရာများကို အဓိက ဦးစားပေးဖော်ပြတဲ့ မဂ္ဂဇင်းတစ်စောင်ဖြစ်ပြီး ထူးချွန်လှတဲ့ ရွှေအယ်ဒီတာအဖွဲ့ရဲ့ ရပ်တည်ချက်၊ သဘောထား၊ အကဲဖြတ်ချက်တို့ကြောင့် ရွှေအမြုတေက စာမူဆိုရင် ဖတ်သူတို့က ‘ဖတ်ကောင်းတယ်’ လို့ ယုံကြည်ကြတဲ့အထိ အောင်မြင်ခဲ့တာပါ။ ဖတ်သူရဲ့ အတွေးမှာ တစ်ခုခုကျန်ရစ်စေတဲ့ စာမူမှ ရွှေအမြုတေမှာ ဖော်ပြခံရတဲ့အတွက် ရွှေက စာရေးသူတို့ဟာ ဝမ်းစာပြည့်ဝတဲ့ စာရေးဆရာတွေ ဖြစ်တယ်ဆိုတာ ယုံမှားစရာ မလိုပါဘူး။

    အေထူးအောင် (အဏ္ဏဝါ) ဟာ အခြေခံပညာ အထက်တန်းအဆင့် ပညာသင်နေဆဲ ကာလမှာပင် မြတ်မင်္ဂလာ မဂ္ဂဇင်းမှာ ပါဝင် ကလောင်သွေးခဲ့သူပါ။ ဒီကနေ တစ်ဆင့် တက္ကသိုလ် တက်နေစဉ်ကာလမှာ စာပေမြှင့်တင် လူ့စွမ်းအင် စာရေးစာဖတ်ပြိုင်ပွဲဝင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ပထမဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ထိုကဲ့သို့ စာပေနယ်ကို ခြေလှမ်းမှန်မှန် တစ်လှမ်းချင်း တိုးတိုးဝင်လာခဲ့တဲ့ အေထူးအောင် (အဏ္ဏဝါ) ဟာ စာပေဝမ်းစာ ပြည့်ဝလာပြီလို့ ယုံကြည်ခဲ့တဲ့အလျောက် ရသစာပေ မှတ်ကျောက်တင် နေရပ်တစ်ခုဖြစ်တဲ့ ရွှေအမြုတေကို စာမူများ ပို့ခဲ့ရာ ပတ်သက်ခြင်း ဝတ္ထုတိုနဲ့ စပြီး ရွှေရဲ့ ကလောင်ရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။ မဂ္ဂဇင်းတွေထက်က ဝတ္ထုတိုများနဲ့ ပရိသတ်ကို ဆွဲဆောင်ခဲ့တဲ့ အေထူးအောင်ဟာ မဟာစာပေက ၂၀၂၀ ဇူလိုင်မှာ ထုတ်ဝေခဲ့တဲ့ အချစ်ရယ် ပြယ်တစ်လွင့် လုံးချင်းဝတ္ထုနဲ့ စာသမားတို့ကို ဖမ်းစားနိုင်ခဲ့ပါတယ်။

    ယခု အေထူးအောင် (အဏ္ဏဝါ) ရဲ့ သက်ငြိမ်ည နှင့် မဂ္ဂဇင်း ဝတ္ထုတိုများ မှာ စာရေးသူရဲ့ ဝတ္ထုတို လက်ရာကောင်း ၁၆ ပုဒ်ကို စာဖတ်ပရိသတ်တို့ဆီ ပို့ဆောင်လိုက်ပါတယ်။ အေထူးအောင် (အဏ္ဏဝါ) ဟာ သင်္ဘောအရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်သော်လည်း ပင်လယ်ပြင်ထက်က စာစု အရေးအသားများကိုသာ ဒီစာအုပ်မှာ မြင်တွေ့ရမှာ မဟုတ်ဘဲ နယ်ပယ်စုံ၊ လူတန်းစားပေါင်းစုံရဲ့ ဇာတ်လမ်းအဖုံဖုံကို တရှိုက်မက်မက် ဖတ်ရှုရမှာပါ။ ယိုင်နဲ့နဲ့ တဲအိမ်လေးက ဦးသန်းမြ၊ မိဘနှစ်ပါး ကွယ်လွန်သွားပြီးတဲ့ ကလေးငယ်၊ တပည့်တစ်ဦးနဲ့ ဆရာတစ်ဦးကြားက အဖြစ်အပျက်၊ ပထွေးနဲ့ မထင်မှတ်တဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်ရသူ မေ၊ ရွာတစ်ရွာက ငွေတိုးချေးစားသူ လုံးမေ အပါအဝင် လူ့ဘုံဇာတ်ခုံက ဇာတ်လမ်းမျိုးစုံကို ဝမ်းစာပြည့်ဝသည့် ကလောင်မှ ရေးချယ်လိုက်ရာမှာ ဖတ်ရှုသူတို့ နှစ်သက်ကြတဲ့ ဝတ္ထုဇာတ်လမ်းများ ဖြစ်လာပါတော့တယ်။

  • ပင်လယ်ဆီသို့

    ရည်ရွယ်ချက်တိုင်းရဲ့ ခရီးအဆုံးမှာ ပန်းတိုင်ဆိုတာ ရှိပါတယ်။ ဘယ်လောက်ဝေးဝေး ရောက်အောင်ကြိုးစားမယ် ဆိုတဲ့ ဇွဲ၊ လုံ့လ၊ ဝိရိယ ရှိမယ်ဆိုရင် ပန်းတိုင်ကို ရောက်ကို ရောက်ပါတယ်။ ဒီစာအုပ်လေးမှာလည်း မြစ်တစ်စင်းရဲ့ အဆုံးသတ်ဟာ ပင်လယ်ဆီမှာရှိတယ်လို့ ယုံကြည်ပြီး ခရီးတစ်ခုကို ထွက်ခဲ့တဲ့ လူငယ်တစ်ဦးအကြောင်း ဖတ်ရှုရမှာပါ။

    မျှော်လင့်ချက်နဲ့ အစပျိုးခဲ့တဲ့ ခရီးစဉ်တို့ဟာ အမြဲတစေတိုင်းတော့ မချောမွေ့ပါဘူး။ တတိယနိုင်ငံဖြစ်တဲ့ ထိုင်ဝမ်ကို ထွက်လာခဲ့တဲ့ ‘ကိုထက်ပိုင်’တို့ လူစုဟာ ပန်းတိုင်မရောက်ခင် လမ်းတစ်ထောက်နေရာဖြစ်တဲ့ ထိုင်းမှာ အခက်အခဲ၊ အဆုံးအရှုံးတွေ များစွာကို ကြုံတွေ့ရတယ်။ အောင်မြင်လိုသူတို့ရဲ့ အိပ်မက်အတိုင်း တိုင်းတစ်ပါးမှာ ကြိုးစားငွေရှာဖို့ စီစဉ်ခဲ့ပေမယ့်လည်း လမ်းခရီးအဆုံးမရောက်ခင်မှာတင် မထင်မှတ်တဲ့ အခက်အခဲတွေနဲ့ ကြုံရတယ်ဆိုတာ ဆရာမြစ်ကျိုးအင်း ရဲ့ ပင်လယ်ဆီသို့ မှာ ဖတ်ရှုရပါမယ်။

    ထက်ပိုင် အပါအဝင် ကိုဝင်းမော်၊ ကိုစိုးဝင်း၊ ရဲလေး၊ မင်းမင်း၊ စည်သူတို့ဟာ မြစ်တစ်စင်းရဲ့ အဆုံးသတ်ဟာ ပင်လယ်ဆီမှာရှိတယ်လို့ ယုံကြည်ပြီး ခရီးတစ်ခုကို ထွက်ခဲ့ကြပါတယ်။ သူတို့ ကြိုမတွက်ထားမိတာက ပင်လယ်မရောက်ခင် လမ်းခရီးမှာ မြစ်ကွေ့တွေလို အခက်အခဲမျိုးစုံကို ကြုံရတော့တာပါပဲ။

    ဆရာမြစ်ကျိုးအင်းဟာ #မျှော်လင့်ခြင်းကို မျှားတဲ့ညနေ (ဝတ္ထုတိုပေါင်းချုပ်) စာအုပ်နဲ့ အမျိုးသားစာပေဆုကို ဆွတ်ခူးထားသူဖြစ်ပြီး ၎င်းစာအုပ်ဟာ အကြိမ်ကြိမ် ရိုက်နှိပ်ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ #ပင်လယ်ဆီသို့ ဆိုတဲ့စာအုပ်လေးဟာ ဆရာမြစ်ကျိုးအင်းရဲ့ ပထမဆုံး လုံးချင်းဝတ္ထုရှည်ဖြစ်ပြီး ဒီစာအုပ်က ဆရာ့ရဲ့ ပြေပြစ်တဲ့ အရေးအသား၊ ပီပြင်တဲ့ ဇာတ်ကောင်စရိုက်၊ ဖတ်နေရင်း ဟာခနဲ ဖြစ်သွားစေမယ့် ဇာတ်လမ်းဇာတ်ကွက် တည်ဆောက်မှုတို့က ပရိသတ်တို့ကို အကြိုက်တွေ့ဖို့ သေချာပါတယ်။

  • အတိတ်ရဲ့အလွန်

    နေ့စဉ် ရုန်းကန်လှုပ်ရှား သွားလာနေတဲ့ ဘဝတွေမှာ လိုအပ်တာက ဘာတွေဖြစ်မလဲ?

    ငွေတွေ ရှာရင်း ၊ ပျော်ပါးမှုတွေနောက် လိုက်ရင်း .. ရယ်စရာတွေကြား မောစရာတွေ ဝင်လာရင် အံ့ဩမှင်သက်မိကြပြန်ရော။ ပျော်ရွှင်မှုတွေရပ်ပြီး ဝမ်းနည်းစရာတွေ ကြုံရတော့ ငိုကြတယ်။

    ဒီအတွက် လူသားတို့ရဲ့ ဘဝမှာ နှစ်သိမ့်မှုတွေ၊ ဖေးမမှုတွေဟာ လိုအပ်ပါတယ်။
    ပူလောင်နေတဲ့ စိတ်ကို နှစ်သိမ့်ပေးနိုင်တဲ့ စာစုတွေ၊ ငိုကြွေးနေချိန်မှာ နှစ်သိမ့်တဲ့ စကားတွေဟာ ယိုင်နဲ့စပြုတဲ့ ဘဝတွေ ပြိုလဲမသွားစေဖို့ အင်မတန်လိုအပ်တဲ့ အကြောင်းတွေ ဖြစ်ပါတယ်။

    ဆရာမငွေတီဦးဟာ ကမ္ဘာတစ်ဝှမ်း လူပေါင်းများစွာရဲ့ အသက်ဇီဝိန်ကို ခြွေယူခဲ့တဲ့ ကိုဗစ်နေ့ရက်တွေမှာ ဖခင်နဲ့ ခင်ပွန်းတို့ကို ဆုံးရှုံးခဲ့ရပါတယ်။ ခက်ခဲတဲ့ အချိန်ကာလတွေကို ဖြတ်သန်းရင်း ဆရာမဟာ ဖေ့ဘုတ် လူမှုကွန်ရက်ကနေ အတွေ့အကြုံနဲ့ ခံစားချက်တွေကို မျှဝေခဲ့တယ်။ ငယ်စဉ်ကပင် စာပေကို ရူးရူးမူးမူး နှစ်သက်မြတ်နိုးသူတစ်ဦးဖြစ်တဲ့ ဆရာမရဲ့ လောကဓံနေ့ရက်တွေ ဖြတ်သန်းမှု စာစုတွေဟာ ဖတ်ရှုသူတွေကို နှစ်သိမ့်ရာ စာစုတွေ ဖြစ်ခဲ့တယ်။ ဖြေသိမ့်ပေးတဲ့ နွေးထွေးမှုတွေ ဖြစ်ခဲ့တယ်။ ငါလည်း ကျော်ဖြတ် နိုင်ရမယ် ဆိုတဲ့ ဖေးမမှုတွေ ဖြစ်စေခဲ့ပါတယ်။

    ယခု ငွေတီဦးရဲ့ အတိတ်ရဲ့ အလွန် (ငွေတီ့ဒိုင်ယာရီနဲ့ အခြားသောစာစုများ) မှာ ဆရာမရဲ့ စာစု ၂၆ ပုဒ်ကို စုစည်းထားပါတယ်။ ဒီစာအုပ်မှာ ဘဝနေထိုင်ရေးနည်းလမ်းတွေ ဖတ်ရမှာ မဟုတ်သလို အောင်မြင်ရေး တက်ကျမ်းတွေကို မြင်ရမှာလည်း မဟုတ်ပါဘူး။ စိတ်နှလုံးကြေကွဲခဲ့ရတဲ့ မိန်းမတစ်ယောက်ရဲ့ ရင်ဖွင့်ခံစားချက်တွေကို အဖြူသက်သက် တင်ပြထားတာ ဖတ်ရှုရမှာပါ။ “ဘဝတူ အချို့အချို့တွေကို အားပေးလိုခြင်း သက်သက်သာ ဖြစ်တယ်၊ ဆရာ လုပ်လိုခြင်း အလျှင်းမရှိပါ” လို့ ဆရာမက ဆိုထားပါတယ်။
    ဖတ်ရှုသူများရဲ့ စိတ်နဲ့ နှလုံးသားကို နှစ်သိမ့် အားပေးမှုတွေပေးမယ့် စာစုများဖြစ်ပါတယ်။

Main Menu