• ဗီလိန်

    ကြည်လင်အေးက အောင်မြင်ကျော်ကြားနေပြီဖြစ်တဲ့ best seller စာရေးဆရာလေး။ လုံးချင်းစာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ်ထွက်ရှိလာခဲ့ပြီး စာဖတ်ပရိသတ်တွေလဲ အခိုင်အမာ ရရှိနေပြီဖြစ်သူ။
    သူ့ရဲ့ ခုနစ်အုပ်မြောက် လုံးချင်းဝတ္ထုက သက် ငယ် မုဒိန်းမှုတစ်ခုကို အခြေခံပြီး ရေးဖွဲ့ထားတယ်။ သက် ငယ် မုဒိန်းကို အခြေခံထားတယ်ဆိုသော်ငြား ပုံမှန်ဇာတ်လမ်းတွေလို မဟုတ်ဘဲ နစ်နာသူတွေဘက်က ထိုက်တန်တဲ့ တရားမျှတမှုကို မရတဲ့အခါ ကျူးလွန်သူတွေကို သူတို့နည်းသူတို့ဟန်နဲ့ ပြစ်ဒဏ်စီရင်တဲ့ အကြောင်းကို ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်။
    အဲ့ဒီ ခုနစ်အုပ်မြောက် စာအုပ် ထုတ်ဝေခြင်း အမှတ်တရ လက်မှတ်ရေးထိုးပွဲကနေ အပြုံးလေးတစ်ခုကို အစပြုပြီး စာရေးဆရာကြည်လင်အေးနဲ့ စာဖတ်ပရိသတ်တစ်ဦးဖြစ်တဲ့ နှင်းစံပယ်တို့ ဆုံဆည်းခဲ့တယ်။
    စာအုပ်ထွက်ရှိပြီး ကာလတစ်ခုရောက်တော့ စာရေးဆရာ ကြည်လင်အေး အိမ်မှာ နေရင်းထိုင်ရင်း ရဲတွေလာဖမ်းတာ ခံရပါလေရော … ။
    အဖမ်းခံရတဲ့အကြောင်းက ရပ်ကွက်တစ်ခုမှာ သန်းဌေး အမည်နဲ့ လူတစ်ယောက် လုပ်ကြံခံရတယ်။ သန်းဌေး လုပ်ကြံခံရတာက ထူးသလို ဆန်းလဲ ဆန်းပြားတယ်။ ပြီးတော့ ရင်ဘတ်မှာ တက်တူးနဲ့ ‘မု ဒိန်း ကောင်’ ဆိုတာကို အရေးခံထားရသေးတယ်။ သန်းဌေး ကိစ္စမှာ ကြည်လင်အေး အဖမ်းခံရတာက စာရေးဆရာရဲ့ နောက်ဆုံး ထွက်ထားတဲ့ စာအုပ်ထဲက လုပ်ကြံနည်းအတိုင်း သန်းဌေး ကြုံခဲ့ရလို့ပဲ ဖြစ်တယ်။ တိုက်ဆိုင်တာက သေဆုံးသူ သန်းဌေးဟာ ကြည်လင်အေးရဲ့ ချစ်စခင်စ ချစ်သူလေး နှင်းစံပယ်ရဲ့ အစ်ကိုဝမ်းကွဲဖြစ်နေတာ။
    ပြဿနာတွေဟာ ကြည်လင်အေး အချုပ်ကျသွားရုံနဲ့ ပြီးမသွားဘူး။ သံသယမှုနဲ့ ကြည်လင်အေး အချုပ်ကျနေစဉ်အတွင်း လုပ်ကြံမှု ၂ မှု ထပ်ထပ်ဖြစ်တယ်။ ထပ်လုပ်ကြံခံရတဲ့သူတွေဟာ သန်းဌေးလိုပဲ စိတ်ကြိုက်စီရင်မှု ခံရတယ်။ ရင်ဘတ်မှာလဲ ‘မု ဒိန်း ကောင်’ ဆိုတာ တက်တူးနဲ့ ရေးခံခဲ့ရတယ်။ ပြီးတော့ သန်းဌေးနောက်မှာ လုပ်ကြံခံရတဲ့သူ နှစ်ယောက်ကလဲ နှင်းစံပယ်ရဲ့ အစ်ကိုဝမ်းကွဲတွေပဲ။
    သက် ငယ် မုဒိန်းမှုကို စာရေးဆရာက ရေးသားပုံဖော်တဲ့ ဇာတ်လမ်းတစ်ပုဒ်။
    အဲ့ဒီဇာတ်လမ်းထဲက စီရင်ပုံအတိုင်း လိုက်လံပြီး မုဒိန်းကောင်တွေကို စီရင်သူ လူတစ်ယောက်။
    ဇာတ်လမ်းရေးသူ ကြည်လင်အေးရဲ့ ချစ်သူက မုဒိန်းကောင်တွေလို့ သတ်မှတ်ခံရသူတွေနဲ့ ဆွေမျိုးတော်စပ်သူ။
    ချစ်ခိုင်စံ ရဲ့ ဗီလိန် ဟာ စဖတ်လိုက်တာနဲ့ ဇာတ်သိမ်းအထိ ရင်တမမ ဖြစ်နေရမဲ့ လျှို့ဝှက်သည်းဖို ချောက်ချားဖွယ် ဇာတ်လမ်းတစ်ပုဒ်။
    စာချစ်သူတို့ကို အကြုံပြုလိုတာက လုပ်စရာရှိတဲ့ အလုပ်တွေ မပျက်ချင်ရင် ချစ်ခိုင်စံ ရဲ့ ဗီလိန် ကို ဘယ်လိုမှ အစပြုပြီး သွားမဖတ်လိုက်ပါနဲ့။ စ ဖတ်လိုက်တာနဲ့ အကုန်လုံးကို မေ့ပြီး အဆုံးထိ ဆွဲခေါ်သွားမှာမို့ အစ အဆုံး ဖတ်ဖို့ အေးဆေး အချိန်ရှိတယ် ဆိုမှသာ ဖတ်ရှုပါလို့ အကြံပြုလိုက်ပါတယ်ခင်ဗျာ။
  • ချွေးနှင့်သွေးနှင့် ရင်းသည့်မြေ

    ဆရာကျော်အောင်၏ ချွေးနှင့်သွေးနှင့်ရင်းသည့်မြေ ဝတ္ထုသည် ခေတ်စနစ်တစ်ခုအပေါ် အ‌ခြေခံပြီး ကွဲပြားခြားနားသွားသည့် လူ့သဘော လူ့စရိုက်သဘာဝကို ဖော်ပြထားသည်။
    အခြေခံအုတ်မြစ်ဖြစ်သော တောင်သူလယ်သမားတို့၏ ချွေးစက်များကို တန်ဖိုးထား ကာကွယ်လိုသောစိတ်၊ တောသူတောင်သားတို့အပေါ် ငဲ့ညှာထောက်ထားစေလိုသော စိတ်ရင်းစေတနာတို့ကို ဤဝတ္ထုတွင် စာရေးဆရာ ပုံဖော်ထားသည်ကို တွေ့မြင်ရပေမည်။
    အညာကျေးလက်ဒေသ၏ သာယာအေးချမ်းသော ရှုမျှော်ခင်းအချို့ကို ဖတ်ရှုနေရင်း လိုက်ပါမြင်ယောင် ခံစားစေအောင်လည်း ရေးဖွဲ့သည်။ အညာဒေသ၏ လတ်ဆတ်သော လေကောင်းလေသန့်ကို ချွေးနှင့်သွေးနှင့်ရင်းသည့်မြေ ဝတ္ထုတွင် ရှူရှိုက်မိစေမည်။ ယာတောသူလေးများ၏ သာယာနာပျော်ဖွယ် တေးသီချင်းသံတို့ကိုလည်း ကြားရမိပြန်မည် ဖြစ်သည်။
    ဆရာကျော်အောင်၏ ချွေးနှင့်သွေးနှင့်ရင်းသည့်မြေ ဝတ္ထုသည် ယခင်တစ်ချိန်က ရှိခဲ့ဖူးသည့် ခေတ်ကာလတစ်ရပ်ကို ထင်ဟပ်စေသည့် စာကောင်းတစ်ပုဒ် ဖြစ်ပါသည်။ ဤဝတ္ထုထဲတွင် ကိုယ့်မြေကိုယ့်ရေကို ချစ်ခင်သော စိတ်နှလုံးသားတို့ များစွာ ဖူးပွင့်လျက်ရှိပေသည်။
  • ရွှေစကား ငွေစကား ဂမ္ဘီရလက်ဆောင်များ

    မသိသူကျော်သွား သိသူဖော်စားပေရော့ဗျာ … တအုပ်တည်းမှာ ဆရာဇင်ယော်နီရဲ့ ဂမ္ဘီရလက်ဆောင်ပေါင်း ၃၀၀ ကျော်ကို ထည့်သွင်းပေးထားတယ်။ မနောမယဂျာနယ်၊ မြန်မာ့အသံ ရွှေလမ်းငွေလမ်း ညွှန်လိုက်မယ် အစီအစဉ်၊ ပတ္တမြားအက်ဖ်အမ် တာရိုစကုပ် အစီအစဉ်၊ ရုပ်သံဌာနတခုမှာ ပြသခဲ့တဲ့ ရွှေစကားငွေစကား အစီအစဉ်နဲ့ online ပေါ်မှာ ရေးသားခဲ့တဲ့ ဂမ္ဘီရလက်ဆောင်များကို စုစည်းဖော်ပြထားတာ ဖြစ်ပါတယ်။ တနည်းပြောရရင် ဆရာဇင်ယော်နီရဲ့ ဗေဒင်ပညာ ဘဝလမ်းခရီးတစ်လျှောက် ပြုစုခဲ့တဲ့ အဆီအနှစ် နည်းလမ်းပေါင်း ၃၀၀ ကျော်ကို တစုတစည်းတည်း ဖတ်ရှု လေ့လာနိုင်မယ့် စာအုပ်ထူးကြီးပဲ ဖြစ်ပါတယ်။
    ဂမ္ဘီရလက်ဆောင်ပေါင်း ၃၀၀ ကျော်ကို တအုပ်တည်းမှာ စုစည်းထားတာမို့ နည်းလမ်းတွေကို ရှာဖွေရခက်မလား လို့လည်း စိုးရိမ်စရာ မလိုပါဘူး။ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ခွဲပြီး စီစဉ်ထားပါတယ်။ ပါဝင်တဲ့ အခန်းခေါင်းစဉ်တွေက –
    (က) ငွေရေးကြေးရေးကိစ္စများ
    (ခ) အလုပ်ကိစ္စနှင့် နိုင်ငံရပ်ခြား
    (ဂ) ပညာရေး၊ တရားတဘောင်နှင့် အထွေထွေ
    (ဃ) ကျန်းမာရေး
    (င) လက္ခဏာသုတ
    (စ) အချစ်ရေး၊ အိမ်ထောင်ရေး၊ မိသားစုရေး
    (ဆ) အိမ်နှင့်တနင်္ဂနွေနံကိစ္စများ
    (ဇ) ကားနှင့် တနင်္လာနံကိစ္စများ
    (ဈ) ဆိုင်နှင့် အင်္ဂါနံကိစ္စများ
    (ည) ရွှေနှင့် ဗုဒ္ဓဟူးနံ ကိစ္စများ
    (ဋ) မြေနှင့် ကြာသပတေးနံကိစ္စများ
    (ဌ) ရေထွက်ကုန်နှင့် သောကြာနံကိစ္စများ
    (ဍ) အထည်နှင့် စနေနံကိစ္စများ
    (ဎ) ဘယ်မြို့ကို ပြောင်းချင်တာလဲ စသည်ဖြင့် ဆိုင်ရာအလိုက် အစီအစဉ်တကျ အခန်းများ ခွဲခြားပြုစုထားတာမို့ ဖတ်ရှုူ လေ့လာသူတို့ အလွယ်တကူ ရှာဖွေ နိုင်မှာ ဖြစ်ပါတယ်။
    ဗေဒင် အဆောင် အစီအရင် ယတြာဆိုတာ လောကထဲက အခက်အခဲတွေကို အလိုလို လွယ်ကူ မသွားစေပါဘူး။ အောင်မြင်လိုသူ၊ ဖြစ်ထွန်းလိုသူဟာ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားမှုဖြင့် အားထုတ်ရမှာ ဖြစ်ပါတယ်။ ဒီလို ကြိုးစား လျှောက်လှမ်းတဲ့ ခရီးလမ်းမှာ ဆရာဇင်ယော်နီရဲ့ ဂမ္ဘီရလက်ဆောင်တွေဟာ မီးအိမ်တစ်လုံးလို ပန်းတိုင်ဆီ လမ်းပြပေးသွားမှာ ဖြစ်ပါတယ်။
    ဒီစာအုပ်ကို ရေးသားပြုစုထားတဲ့ ဆရာဇင်ယော်နီက “ရွှေစကား ငွေစကား ဂမ္ဘီရလက်ဆောင်များဟာ တဦးချင်းစီအတွက်ရော၊ မိသားစုများအတွက်ပါ အရေးကြုံလျှင် ကြုံသလို အသုံးတည့် အကျိုးထူးကြပါစေသတည်း” လို့ ဆုတောင်း မေတ္တာပို့ထားပါတယ်။ ရွှေစကား ငွေစကား ဂမ္ဘီရလက်ဆောင်များကြောင့် အားလုံးပဲ အလုပ်အကိုင် စီးပွားရေး၊ ကျန်းမာရေး၊ အချစ်နှင့် အိမ်ထောင်ရေး၊ နှင့် လောကီကိစ္စ အဝဝ အဆင်ပြေကြပါစေ … ။
  • မျှော်လင့်ခြင်းကို မျှားတဲ့ညနေ

    ဆရာမြစ်ကျိုးအင်းဟာ ရွှေအမြုတေမဂ္ဂဇင်းရဲ့ ရွှေဝတ္ထုတို ကဏ္ဍမှာ အမြဲပါလေ့ရှိတဲ့ စာရေးဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ ဂုဏ်သိက္ခာကြီးမားတဲ့ ရွှေအမြုတေမဂ္ဂဇင်းမှာ ရသမမြောက်ဘဲ ဝတ္ထုတိုတပုဒ်ပါဝင်ဖို့ဆိုတာ မဖြစ်နိင်ပါဘူး။ ရွှေဝတ္ထုတိုကဏ္ဍမှာ အမြဲပါလေ့ရှိတဲ့ ဆရာရဲ့ ရသအရေးအဖွဲ့ကို ဖတ်ရှုဖူးသူတိုင်း လက်ခံအားပေးခဲ့ကြတာဟာ အမျိုးသားစာပေဆုရတဲ့အထိ သက်သေပြနိင်ခဲ့ပါပြီ။

    ဝတ္ထုတိုသည် အကြောင်းအရာ တခုတည်းကို ဦးတည်ရမည်၊ ဇာတ်ဆောင် နည်းရမည်၊ အရေးအသား သွက်ရမည် လို့ ဆမ်းမားဆက်မွမ်က ပြောပါတယ်။ အတတ်ပညာ တစ်ခုတည်း မဟုတ်ဘဲ အနုပညာ ခံစားမှုနဲ့ပါ ရောမွှေထားတဲ့ ဝတ္ထုတိုလေးတွေသာ တကယ်ကို ရသမြောက်ပါတယ်။ ဆရာ မြစ်ကျိုးအင်း ရေးဖွဲ့ထားတဲ့ ဝတ္ထုတို တွေလည်း အဲလိုပဲ ထူးခြားမှု တခုခု ကို ခံစားရမိ လောက်အောင်ပဲ ထိရှလွန်းခဲ့တယ်။

    ယခု ဆုရစာအုပ်ထဲမှာ ပါဝင်တဲ့ ဝတ္ထုတိုတွေဟာဆိုရင် ရွှေအမြုတေမှာ ပါဝင်ခဲ့တဲ့ ဒေါင်ဒေါင်မြည်ဝတ္ထုတွေပဲ ဖြစ်ပါတယ်။ ယခုစာအုပ်ထဲမှာ ရသဝတ္ထုတိုစစ်စစ် (၁၆) ပုဒ် ပါဝင်ပါတယ်။

  • ပြုံးရွှင်သည် ငိုတတ်သည်

    ပြုံးပျော်ရွှင်နေတဲ့သူတွေ တကယ် ပျော်ကြရဲ့လား။
    အထူးသဖြင့် ပရိသတ်ကို ပြုံးပျော်စေဖို့ ဟာသတွေ တရစပ်ထုတ်၊ ပရိသတ် တဝေါဝေါနဲ့ ပွဲကျနေချိန် အဲဒီ ဟာသထုတ်နေတဲ့ လူရွှင်တော် ရင်ထဲမှာ တကယ် ပျော်နေပါသလား ။
    ဒါမှမဟုတ် ပြုံးနေတဲ့ မျက်နှာအောက်က ရင်ဘတ်ထဲမှာ မီးစကြီး မြိုထားရသလိုပဲ ခံစားနေရသလား ။
    သူတပါးကို အားနာတတ်ပြီး ရိုးသားတဲ့ လူရွှင်တော် ပြုံးရွှင်ရဲ့ ဘဝက လူကောင်းမှန်ပေမဲ့ အကျိုးပေး မကောင်းဘူးလို့ ဆိုရမယ် ထင်ပါရဲ့ ။ တကိုယ်ကောင်းဆန်တဲ့ ဇတ်ဆရာကြောင့် လေဖြတ်နေတဲ့ မိန်းမနဲ့ မွေးကင်းစ သမီးလေးကို ကျောပိုးပြီး ဇတ်သဘင်လောက ကနေ အနားယူလိုက်ရတဲ့ လူရွှင်တော် ပြုံးရွှင်ရဲ့ ဘဝဟာ ခါးသက်လွန်းခဲ့တယ်။
    စင်ပေါ်ကနေ ပရိသတ်ကို ရယ်မော ပျော်ရွှင်စေနိုင်သူရဲ့ စင်နောက်က ဘဝဟာ အတော်ဆိုးပါလား နော်။
    ဆရာ အကြည်တော်ရေးတဲ့ ဝတ္ထုဆိုရင် ရယ်မောစရာလို့ပဲ မှတ်ယူထားသူတွေအတွက် ရင်ထဲမှာ နင့်ခနဲ ဖြစ်သွားစေနိုင်တဲ့ ဘဝသရုပ်ဖော် ဝတ္ထုကောင်းတစ်ပုဒ်ပါ။
    ဇတ်စင်ပေါ်က ဟာသ ပြက်လုံးတွေ တစ်လှေကြီး ပါပြီး ကြေကွဲရတဲ့ ဝတ္ထု တပုဒ်၊ ကိုယ်တိုင်က ပူပင်သောက ဗရပွပေမဲ့ သူများကို ပျော်ရွှင်အောင် လုပ်နိုင်တဲ့ လူရွှင်တော်တွေရဲ့ ဘဝခါးခါး ကို စာနာစိတ်လေး ဝင်သွားစေနိုင်တဲ့ ဝတ္ထု တပုဒ် ဖြစ်ပါကြောင်း …။

  • ဓါးလွတ်ကိုင် ဆာမူရိုင်း၏ ကိုကာကိုလာယဉ်ကျေးမှု

    ဆရာကျော်အောင်ရေးသော ဓားလွတ်ကိုင်ဆာမူရိုင်းနှင့် ကိုကာကိုလာယဉ်ကျေးမှု စာအုပ်သည် စာရေးသူ ဂျပန်နိုင်ငံတွင် စာအုပ်ထုတ်ဝေရေးသင်တန်းကို တစ်လကျော် တက်ရောက်ခဲ့စဉ်က နေ့ရက်များအကြောင်း ပြန်လည်မျှဝေထားသည့် ခရီးသွားစာပေဆောင်းပါးရှည်ကြီး ဖြစ်၏။ အာရှဒေသ ယူနက်စကိုအဖွဲ့ခွဲက နှစ်စဉ်နှစ်တိုင်း တိုကျိုတွင် ဖွင့်လှစ်သင်ကြားသော သင်တန်းဖြစ်ပြီး ဆရာကျော်အောင်သည် ၁၉၇၇ ခုနှစ်တွင် သွားရောက် လေ့လာသင်ကြားခွင့် ရခဲ့၏။ သင်တန်းကာလ ၃၃ ရက်ကြာသော ခရီးသွားအတွေ့အကြုံကို စန္ဒာမဂ္ဂဇင်းတွင် အခန်းဆက်ဆောင်းပါးရှည်အဖြစ် ၁၉၇၉ နိုဝင်ဘာ မှ ၁၉၈၂ ဇွန်ထိ ၃၂ ဆက်တိုက်ဖော်ပြခဲ့ပြီး ၎င်းအခန်းဆက်ဆောင်းပါးကို စုစည်း၍ ယခုစာအုပ်အဖြစ် ထုတ်ဝေလိုက်ပါသည်။

    စာအုပ်၏ အဖွင့်ကို ဂျပန်နိုင်ငံသို့အသွား ပထမဆုံးနေ့ရက် ၁၉၇၇ စက်တင်ဘာလ ၂၆ ရက် ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံ ဘန်ကောက်သို့အသွား ခရီးဖြင့် စထားသည်။ ဆရာကျော်အောင်၏ ဂျပန်ခရီးစဉ်လမ်းကြောင်းသည် ရန်ကုန် – ဘန်ကောက် – မနီလာ – တိုကျို ဖြစ်သည်။ ရန်ကုန်မှ ဘန်ကောက်သို့ စတင်၍ လေယာဉ်စီးချိန်မှ စပြီး ဂျပန်နိုင်ငံ မရောက်မီ လေယာဉ်လမ်းကြောင်းတစ်လျှောက် စာရေးသူ ကြုံတွေ့ရသော အကြောင်းအရာများကို ဤဆောင်းပါးရှည်တွင် ဖတ်ရှုရပေမည်။ ဂျပန်သို့ ရောက်ရှိပြီး စတင်၍ သင်တန်းတက်သောနေ့မှစ၍ ဆရာကျော်အောင် မျှဝေသည့် စိတ်ဝင်စားဖွယ်ကောင်းသော အကြောင်းအရာများကို ဖတ်ရပေမည်။ စာရေးသူသည် တစ်ပတ်လျှင် တနင်္လာမှ သောကြာထိ မနက်ကိုးနာရီမှ ညနေလေးနာရီခွဲအထိ သင်တန်းတက်သည်။ အခြားအချိန်များတွင် ကိုယ့်အစီအစဉ်နှင့်ကိုယ် လေ့လာရေးထွက်သည်။ ယခုခရီးသွားဆောင်းပါးရှည်စာအုပ်တွင် ဂျပန်လူမျိုးတို့၏ ဓလေ့ထုံးစံ၊ စရိုက်၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ ပညာရေး၊ စက်မှုလုပ်ငန်း၊ ကိုးကွယ်ယုံကြည်မှု စသည်တို့ကို စာရေးသူက ရေးသားဖော်ပြထားသည်ကို ဖတ်ရမည်ဖြစ်သည်။

    ထို့အပြင် ယခုကာလကဲ့သို့ စမတ်ဖုန်း၊ အေအိုင် အတတ်ပညာများ မရှိသေးခင်က ခရီးသွားကြသောသူတို့၏ နေ့ရက်များကို စူးစမ်းလေ့လာနိုင်မည်ဖြစ်သလို ထိုခေတ်ထိုအခါ ဂျပန်နိုင်ငံအကြောင်းကိုလည်း သိရှိနိုင်ပေမည်။ ဥပမာအားဖြင့် တိုကျိုမြို့ရှိ ဆရာကျော်အောင် တည်းခိုသောဟိုတယ်ခန်းထဲတွင် တီဗီ ရှိသော်လည်း တီဗီကြည့်ရန် တည်းခိုသူမှ တစ်ရက်စာ ယန်း ၂၀၀ ထည့်မှ ကြည့်ခွင့်ရှိသောကိစ္စမျိုး စသဖြင့် ဖတ်ရှုရပေမည်။ သင်တန်းကို တိုကျိုမြို့တွင် သင်ကြားသော်လည်း ကျိုတိုမြို့သို့ သွားရောက်လေ့လာခြင်းမျိုးကိုလည်း ဖတ်ရှုရမည်။

    ဆရာဇော်ဂျီက “ခရီးသွားစာပေ ဖတ်ရှုခြင်းဟာ ကျဉ်းမြောင်းတဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ကျော်ပြီး ကျယ်ပြန့်တဲ့ သက်ရှိ၊ သက်မဲ့ ကမ္ဘာလောကမှာ စိတ်ဝင်စားလာချင်ကြအောင် မျက်စိ ဖွင့်ကြည့်ချင်လာကြအောင်၊ တိုးတက်ကြံဆမှု ရှိချင်လာကြအောင် မျှမျှတတ ချိန်ဆသုံးသပ်မှု ရှိလာချင်ကြအောင် ပြုနိုင်စွမ်းရှိတယ်လို့ ယူဆချင်ပါတယ်” ဟု ဆိုခဲ့ပါသည်။ ယခုစာအုပ် ဆရာကျော်အောင် ရေးသားသော ဓားလွတ်ကိုင်ဆာမူရိုင်းနှင့် ကိုကာကိုလာယဉ်ကျေးမှု စာအုပ်သည် တစ်ခေတ်တစ်ခါက ဂျပန်နိုင်ငံအကြောင်းကို လှစ်ဟပြသည့်နှယ် သမိုင်းတံခါးချပ်အား ရှုမြင်ရမည်ဖြစ်ပြီး ဖတ်ရှုစဉ်ကာလတစ်လျှောက် စာရေးသူနှင့်အတူ ဂျပန်နိုင်ငံသို့ လိုက်ပါ လည်ပတ်ကြည်ရှုရသကဲ့သို့ ခံစားရမည်လည်း ဖြစ်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

  • မှောင်ရိပ်ကလိပ်ပြာ (မဂ္ဂဇင်းဝတ္ထုတိုများ)

    “ဖွေရှာမောရသူမယ်” ၊ ” တစ်ဘဝဒဏ်ရာ ” နှင့် မကြာသေးခင်က ထွက်ရှိခဲ့တဲ့ ” ခိုတွယ်ရာ ” လုံးချင်းဝတ္ထရှည်တွေရဲ့ ဖန်တီးသူပဲ့ကိုင်ရှင် ဆရာမဆေးဆေရဲ့ ဝတ္ထုတိုပေါင်းချုပ်စာအုပ်အသစ်ထွက်ရှိလာပါပြီ။ ဆရာမဟာ ဝတ္ထုတိုရေးသူသက်သက်အဖြစ် စာပေလောကထဲသို့ဝင်ရောက်လာပြီး လုံးချင်းဝတ္ထုရှည် (၃) အုပ်ထွက်ပြီးမှ ယခုဝတ္ထတိုပေါင်းချုပ်စာအုပ်ကို စာဖတ်သူတွေလက်ထဲ အရောက်ပို့လိုက်တာဖြစ်ပါတယ်။

    ဖြတ်သန်းရာ ခေတ်ကာလကို အပြည့်အဝ ထင်ဟပ်ဖော်ကျူးသော ဆရာမဝတ္ထုများတွင် ဝတ္ထုအခင်းအကျင်းမှတဆင့် ထပ်ဆင့်မြင်ရသော ပုံရိပ်များ၊ အဖြစ်အပျက်များကို ခံစားရယူနိုင်ခြင်းက အရသာတစ်မျိုးပင်။ ဒါသည်ပင် ဆရာမဆေးဆေ၏ ထူးခြားမှုဟု ဆိုချင်ပါတယ်။ အရောင်၊ အလင်း ညီသည့် ပန်းချီကားတစ်ချပ်ပမာ အကြောင်းအရာအားကောင်းသော ဝတ္ထုတိုများတွင် စ/လယ်/ဆုံး ဝါကျဖွဲ့လှသည့် ဆရာမ၏ စာအရေးအသားနှင့် တင်ဆက်မှုအနုပညာကို ကျေနပ်နှစ်သိမ့်ကြမယ် ထင်ပါတယ်။

    ယခုစာအုပ်တွင် ၂၀၀၉ ခုနှစ်မှစပြီး ၂၀၂၀ ပြည့်နှစ်အထိ (၁၁) နှစ်တာကာလအတွင်း ရေးသားခဲ့တဲ့ ဝတ္ထုတိုလေးတွေပါဝင်ပါတယ်။ ဝတ္ထုတိုချစ်သူပီပီ ဆရာမရဲ့ ကိုယ်တိုင်ရေးဝတ္ထုတိုလေးတွေဟာ အရသာတစ်ခု၊ ဟန်တစ်မျိုးထူးခြားနေပြန်ပါတယ်။

    ” ကျွန်မ၏ ဝတ္ထုတိုများကို ပြန်ဖတ်မိတိုင်း ရေးဖွဲ့ချိန်က စိတ်လိပ်ပြာ ဖြတ်သန်းမှုရောင်စဉ်အောက် ကျွန်မစိတ်တို့ တဝဲလည်လည် ရောက်ရတတ်မြဲ။ သို့အတွက် ယခုစာအုပ်အမည်ကို မှောင်ရိပ်ကလိပ်ပြာ မဂ္ဂဇင်းဝတ္ထုတိုများ ဟု ပေးဖြစ်ပါသည်လို့ ” ဆိုထားပါတယ်။ ရွှေအမြုတေမဂ္ဂဇင်းမှ ဝတ္ထုတို(၁၆) ပုဒ်၊ အခြားများမှ (၂) ပုဒ် စုစုပေါင်း ဝတ္ထုတို (၁၈) ပုဒ်ကို ဆရာမြင့်မောင်ကျော်ရဲ့ အတွင်းသရုပ်ဖော်ပန်းချီများကိုကြည့်ရှုခံစားရင်း ဖတ်ရှုရမှာပဲဖြစ်ပါတယ်။”

  • ဒါ့ကြောင့် … ငါ မရှိ

    ဘဝဟာ ရုပ်ရှင်မဆန်ဘူး၊ တကယ်ရှပ်ထွေး လာပြီဆိုရင်လည်း ဘယ်ရုပ်ရှင်ကမှ လိုက်မမီဘူး …

    “လူသားရဲ့ပြဿနာက နာကျင်ရခြင်းသက်သက် မဟုတ်ဘူး ၊ သို့ပေမဲ့လည်း ဘာကြောင့် ‘ငါ နာကျင်နေရသလဲ’ ဆိုတာကို အော်ညည်းနေတဲ့ မေးခွန်းအတွက် အဖြေက မရှိဘူး ။ ကိုယ်တိုင် မဟုတ်တဲ့ နာကျင်ခြင်းရဲ့ အဓိပ္ပါယ်မဲ့မှုဟာ ယခုအချိန်ထိ လူသားတို့အပေါ် ကျရောက်နေတဲ့ ကျိန်စာတစ်ခုပဲ ”
    ဖရက်ဒရစ်နစ်ရှေး (မိုးသက်ဟန် အမှာစာ မှ)

    နာကျင်ရခြင်း၊ အထီးကျန်ဖြစ်မှု၊ အနီးကပ်ဆုံးမှာရှိနေတဲ့ လူသားတွေရဲ့ သစ္စာပျက်ယွင်းမှုတွေကို ရင်ဆိုင်နေရတဲ့ လူငယ်တစ်ယောက်။ သူ့ရဲ့ထွက်ပေါက်ကတော့ တိရစ္ဆာန် အသေကောင်တွေနဲ့ လူတွေ သေဆုံးမှုတွေကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ပြီး ပြန်လည်ကြည့်ရှု ခံစားနေတာပဲ ။

    သူ့အတွက် ဘဝဆိုတာ ကျော်ဟိန်း သီချင်းထဲကလို ဝင်လာပြီး ပြန်ထွက်သွားရတဲ့ အခန်းတစ်ခန်းလိုပဲ။ မိဘမေတ္တာ၊ ချစ်ရသူ၊ သူငယ်ချင်း ဘာဆို ဘာမှမရှိတဲ့အခန်းတစ်ခုလို ဘဝကို ပိုင်ဆိုင်ထားသူ တစ်ယောက်ထက်မပို။

    အထီးကျန် ငှက်ကလေးတစ်ကောင်လို နာကျင်မှုတွေ များလာရတဲ့အခါ အမုန်းတရားတွေပဲ စိမ့်ဝင်လာ သလို သူ့ရင်ထဲကိုလည်း အမုန်းတရားတွေပဲ စိမ့်ဝင်လာတယ်လေ။

    “ကိုယ့်သွေးသားကြောင့် ဖြစ်တည်လာရတဲ့ကလေးတစ်ယောက်ကို မိဘဆိုတဲ့ လူတွေဟာ ဘယ်လောက်ထိ မျက်ကွယ်ပြုနိုင်ကြသလဲ။ ကျွန်တော်ကတော့ မကျလာတဲ့ မိုးရေစက်တွေလို မိဘရဲ့ မေတ္တာမိုးတွေကို မမျှော်ချင်တော့ဘူး ” လို့ ဆိုတဲ့ မင်းသက် ။

    သူ က အဘလို့ ခေါ်ရတဲ့ ၊ စစ်မှုထမ်းအရာရှိဘဝကနေ အရပ်ဘက် ကုမ္ပဏီတစ်ခုမှာ ရာထူးကြီးကြီးနဲ့
    စီးပွားရေးလုပ်နေတဲ့ အဖေအရင်းရယ်၊ တစ်နေကုန်တစ်နေခန်း ဈေးဆိုင်မှာပဲ စီးပွားရှာနေတဲ့ အမေရယ်နဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့ မင်းသက် ဘဝဟာ မိဘရဲ့မေတ္တာကို မခံစားခဲ့ရဘူး။ ကျောင်းမှာဆိုလည်း သူ့အတွက် ရင်းနှီးတဲ့သူငယ်ချင်း တစ်ယောက်ဆိုတစ်ယောက်မှ မရှိပြန်ဘူး။ ‌ဖြေသာတာတစ်ခုက သူ့ကို သိပ်ချစ်တဲ့ အဘွားတစ်ယောက်တော့ ရှိတယ်။ ဒါပေမဲ့ ဘဝတစ်ခုလုံး ဖြတ်သန်းဖို့အတွက်ဆိုရင် အဘွားရဲ့ မေတ္တာနဲ့တင် မလုံလောက်တော့ဘူးလေ။

    သူ့ဘဝ တစ်လျှောက်ဟာ ဘယ်ထဲမှာမှ ဝင်ပါခွင့်မရတဲ့သူ တစ်ယောက်လို၊ ပါခွင့်ရခဲ့ရင်လည်း အ‌ေရးမပါတဲ့ ထမင်းသိုး ဟင်းသိုးလို ဘဝ။ ထမင်းသိုးဟင်းသိုးတွေရဲ့ စိတ်ထဲမှာ ကမ္ဘာကြီးကို ပုံစံတစ်မျိုးနဲ့ မြင်သွားအောင် ဘယ်သူတွေ ဝိုင်းလုပ်ကြသလဲ ။

    နေရဲ့အခြားဘက်ခြမ်းကို ရောက်ရှိနေတဲ့ ကမ္ဘာတစ်ခြမ်းဟာ အမြဲ မှောင်နေသလိုမျိုး စိတ်အမှောင်ခြမ်းတွေ ဟာလည်း လူတိုင်းရဲ့ ဦးနှောက် အတွင်းပိုင်းတွေ ဆီမှာ ပုန်းကွယ် နေနိုင်ပါတယ်။ အဲဒီ အမှောင်ခြမ်းတွေဘက် ရောက်နေတဲ့ ခံစားမှုတွေ၊ အမှောင်ထဲကို နက်သထက် နက်အောင် တိုးဝင်ခဲ့ပုံ‌ေတွကို မင်းသက် ဆိုတဲ့ လူငယ်လေးတစ်ယောက်က ဘယ်လို ဖွင့်ဆိုပြမလဲ နားထောင်ကြည့်ကြရအောင်လားဗျာ ။

  • ချက်ကော့ဝတ္ထုတိုပေါင်းချုပ်

    Google မှာ Top 10 Short Story Authors လို့ ရှာလိုက်မယ်ဆိုရင် နံပါတ် (၁) မှာ ပေါ်လာသူက Anton Chekhov (အင်တွန်ချက်ကော့) ပါ။ ဝတ္ထုတိုမှာ ဘာကြောင့် ချက်ကော့ကို ဖတ်ရှုသင့်သလဲဆိုတော့ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်၊ ချမ်းသာ၊ ဆင်းရဲမရွေး လူမျိုးစုံရဲ့ ဘဝတွေကြားက ဇာတ်လမ်းစုံကို ဒိဌဓမ္မလောကနဲ့ နီးစပ်စွာ သရုပ်ဖော်နိုင်လို့ဖြစ်ပါတယ်။

    ချက်ကော့က ငယ်စဉ်ကတည်းကပင် ပုံတိုပတ်စ အပြောကောင်းသူတစ်ဦးဖြစ်ပြီး နားထောင်တဲ့ သူငယ်ချင်းတွေဟာ အူတတ်မတတ် ရယ်မောကြတယ်လို့ ဆိုတယ်။ ချက်ကော့ရဲ့ မိသားစုဟာ ဆင်းရဲလေတော့ ဝင်ငွေရဖို့ မဂ္ဂဇင်း၊ ဂျာနယ်တွေကို ဝတ္ထုတိုစာမူတွေပို့ရင်း နာမည်ကျော်ကြားလာပါတယ်။ ဆေးကျောင်းတက်ရင်း၊ ဆရာဝန်လုပ်ရင်း ဒေသစုံက လူပေါင်းစုံရဲ့ အဖြစ်သနစ်တွေကို သိရှိခွင့်ရခဲ့ပြီး ၎င်းတို့ရဲ့ အဖြစ်အပျက်တွေက ဝတ္ထုတိုတွေ များစွာရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကုန်ကြမ်းတွေဖြစ်လာခဲ့တယ်။ နိမ့်၊ မြင့်၊ တက်၊ ကျ လူတန်းစားအလွှာ အမျိုးမျိုးရဲ့ ပင်ကိုယ်စရိုက်၊ အလင်းအမှောင် စိတ်သဘောထား၊ လောဘ မောဟ၊ ဒုက္ခ သုခ တို့ကို အရှိအတိုင်း တွေ့မြင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ ချက်ကော့ရဲ့ ဝတ္ထုတိုတွေမှာ တစ်နေ့ကို ၁၂ နာရီလောက် အလုပ်လုပ်ရပြီး မငတ်ရုံတမယ် စားကြသောက်ကြရရှာသူ စက်ရုံအလုပ်သမားတွေရဲ့ အကြောင်းကနေ စက်ရုံတွေ တစ်ရုံပြီးတစ်ရုံတည်၊ အိမ်တွေ တစ်လုံးပြီးတစ်လုံး ဆောက်တဲ့ သူကြွယ်တွေအကြောင်း၊ လောဘကလွဲပြီး အကြင်နာ မေတ္တာ ဘာမှမရှိတဲ့ ကုန်သည်လူတန်းစားအကြောင်း၊ လူအများရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အမျိုးမျိုးဒုက္ခပေးတဲ့ အရာရှိ ကြီး ငယ်တို့အကြောင်း၊ လယ်လုပ်သား မြေလုပ်သားတွေကို အကြင်နာတရားမရှိဘဲ တာဝန်မဲ့တဲ့ လယ်ရှင် မြေရှင်တို့အကြောင်း၊ ပင်ပန်းကြီးစွာ အလုပ်လုပ်ရပေမယ့် အရက်ကျွန်ဖြစ်ပြီး အသိဉာဏ်ကင်းမဲ့၊ အပျင်းထူနေလို့ ဆင်းရဲတွင်းကနေ ရုန်းမထွက်နိုင်သူ လယ်သမားတို့အကြောင်း စသည် စသည် တို့ကို ဘက်လိုက်မှု ကင်းစွာ အမြင်အတိုင်း တင်ပြထားတဲ့အတွက် ခေတ်ပြိုင် ရုရှားစာရေးဆရာတို့ရဲ့ မကျေနပ်မှုများကိုပင် ခံခဲ့ရတယ်။

    ဝတ္ထုတိုတစ်ပုဒ်မှာ အပိုစကားလုံးတွေ မပါသင့်ဘူးဆိုတာနဲ့ ပတ်သက်ပြီး “ဝတ္ထုနဲ့ မသက်ဆိုင်တာ၊ အဆက်အစပ်မရှိတဲ့ စကားတွေကို မညှာတာဘဲ ဖြတ်တောက်ပစ်ရမယ်၊ ဝတ္ထုရဲ့ အခန်းတစ်မှာ နံရံပေါ်တွင် သေနတ်တစ်လက်ချိတ်ဆွဲထားသည်လို့ ဖော်ပြခဲ့ရင် နောက်အခန်းတွေမှာ အဲ့ဒီသေနတ်ဟာ ပစ်ကို ပစ်ရမယ်၊ မပစ်ဘဲ မနေရ” လို့ ပြောခဲ့ပြီး ၎င်းအဆိုအမိန့်ဟာ ခေတ်အဆက်ဆက် စာရေးဆရာတို့အပေါ် လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ချက်ကော့ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၄ နှစ်ပဲ ရှိသေးပြီး စာရေးသက် ၁၆ နှစ်မှာ ဝတ္ထုတို ၂၀၁ ပုဒ်ရေးခဲ့တယ်လို့ သိရပါတယ်။ ဒီစာအုပ်မှာ ၎င်းဝတ္ထုတွေထဲက ဆရာကျော်အောင်ရဲ့ ဘာသာပြန် စိတ်ကြိုက်ဝတ္ထုတို (၂၉) ပုဒ်ကို စုစည်းထားပါတယ်။ တတိယအကြိမ် ထုတ်ဝေမယ့် ဒီစာအုပ် ‘ကျော်အောင် – ချက်ကော့ ဝတ္ထုတိုပေါင်းချုပ်’ မှာ ဆရာကျော်အောင်ရဲ့ ပုံနှိပ်စာအုပ်အဖြစ် မထုတ်ဝေခဲ့တဲ့ ချက်ကော့ ဘာသာပြန် လေးပုဒ်ကိုပါ ထပ်မံထည့်သွင်းထားတာဖြစ်ပြီး အရင် ထွက်ခဲ့ဖူးတဲ့ အကြိမ်တွေထက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားပါတယ်။

    ဒါတွေက ချက်ကော့ မိတ်ဆက်ပဲဖြစ်ပြီး ဝတ္ထုတိုနဲ့ ပတ်သက်ရင် ကမ္ဘာ့နံပါတ် (၁) နေရာမှာ ထားပြီး ဖတ်ရှုသင့်တယ်လို့ အဆိုရှိတဲ့ ချက်ကော့ ဝတ္ထုတိုများကို ဖတ်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဖတ်ရှုပြီးတဲ့အခါ ဘာကြောင့် နံပါတ် (၁) ကို ရရှိထားလဲ ဆိုတာ စာဖတ်သူတို့ သိရှိသွားမယ်လို့ ယုံကြည်ပါတယ်။

  • ရွက်ခြောက်

    လမ်းပေါ်က လေလွင့်လူငယ်လေးတွေကို လူတိုင်းနီးပါး မြင်ဖူးကြမှာပါ။ ဒီနိုင်ငံရဲ့ စီးပွားရေးအခြေအနေအရ မြို့အများစုက လေလွင့်လူငယ်တို့ရဲ့ ပြောဟန်ဆိုဟန်၊ လှုပ်ရှားသွားလာဟန်၊ စတာတွေကို မကြာခဏ ဆိုသလို မြင်ဖူးကြမှာပါ။ လူတို့ မြင်ကြတာ သူတို့ရဲ့ ပြင်ပပုဂ္ဂလိကဟန်တွေ ဆိုရင် မမှားပါဘူး။ တကယ်တော့ လေလွင့်လူငယ်လေးတွေဟာလည်း လူသားတွေထဲက လူသားတွေပဲမို့ သူတို့မှာ ခံစားချက်တွေ၊ လောဘဒေါသ၊ လိုအင်ဆန္ဒ စတဲ့ အဇ္ဈတ္တတွေ ရှိကြပါတယ်။

    ချစ်ခိုင်စံ ရဲ့ ဝတ္ထုရှည် ရွက်ခြောက်ကို ဖတ်ကြည့်မယ်ဆို စာရှုသူဟာ မြို့ကလေးတစ်မြို့က လေလွင့်လူငယ်လေးတွေရဲ့ ရင်ဘတ်တွေကို ဆွဲဖွင့်ကြည့်မိစေပါမယ်။ လေလွင့်လူငယ်ဆိုရာမှာ မျိုးရိုးအရ မိသားစုလိုက် တောင်းစားကြတာရှိသလို ငယ်စဉ်ကပင် ကလေးခိုးဂိုဏ်လက်ချက်မိပြီး / ရောင်းစားခံရပြီး လေလွင့်လူငယ်ဖြစ်လာသူရယ်လို့ ရှိကြရာ ချစ်ခိုင်စံရဲ့ ရွက်ခြောက်မှာ ဖတ်ရှုရမှာက ဒုတိယအမျိုးအစားပါ။ မြို့လေးက လူဆိုးဂိုဏ်းပုံစံဖွဲ့စည်းထားတဲ့ “ဖာ၊ဖဲ၊ဖိုး” ဇိုးတွေရဲ့ လက်အောက်ကို တစ်နည်းမဟုတ် တစ်နည်းရောက်လာတဲ့ ကောင်လေး၊ ကောင်မလေးတွေ ဖြစ်တဲ့ ပိန်သေး၊ စိန်ကုလား၊ ဝဲထူ၊ ပေကလုံး၊ ပုံဆိုးမ၊ နှပ်ရှုံ့မ တို့ဟာ မနက်ဆို သူတို့ရဲ့ နေရပ်ဖြစ်တဲ့ တံတားကြီးအောက်ကနေ မြို့အနှံ့ကို အသီးသီး ထွက်ပြီး လှည့်ပတ်တောင်းစားကြတယ်။ တောင်းလို့ ငွေအရများရင် သူတို့ကို ထိန်းသိမ်းထားတဲ့ စိန်ကြီးတို့ရဲ့ လက်သီး၊ခြေထောက်ဒဏ်တွေက လွတ်မြောက်ပါတယ်။ နည်းရင်တော့ ပိုးစိုးပက်စက်ဆဲခံရရုံမက ပုံစံမျိုးစုံ ဗျင်းခံရပါတယ်။ တောင်းရတာ ငွေများများရရ နည်းနည်းရရ ပိန်သေးတို့အုပ်စုရဲ့ ဆုလာဘ်က ကော်ရှူရတာပါ။ အစားကောင်းကောင်းကျွေးစရာမလိုဘဲ သူတောင်းစားလေးတွေကို ကော်ရှူခိုင်းပြီး စိန်ကြီးတို့လို “ဖာ၊ဖဲ၊ဖိုး” ဇိုးတွေရဲ့ အလိုတွေ လိုက်စေတာ မဆန်းတဲ့ နည်းတွေပါပဲ။

    သာမန်လူတို့အဖို့ အချိန်တွေကြာလာရင် .. အသက်ကြီးလာရင် ဘဝရဲ့ တိုးတက်ရာတိုးတက်ကြောင်းအတွက် သင်တန်းတွေတက်၊ အလုပ်တွေလုပ်ကြပေမယ့် လေလွင့်လူငယ်လေးတွေရဲ့ ဘဝမှာ ငယ်စဉ်အခါ နေ့တွေ ရက်တွေကနေ လတွေ နှစ်တွေ ကြာလာတော့ ကောင်လေးတွေက သူခိုး၊ ခါးပိုက်နှိုက်၊ အလစ်သုတ်၊ ပြည့်တန်ဆာပွဲစား စသဖြင့် ဖြစ်လာပြီး ကောင်မလေးတွေက အရွယ်ရောက်တော့ ပြည့်တန်ဆာ ဖြစ်ကြရပါတယ်။ သစ်ပင်တစ်ပင်က သစ်ရွက်တွေ ကြွေပြီး သစ်ရွက်တစ်ရွက် ရွက်ခြောက်ဖြစ်လာတဲ့အခါ အသုံးသိပ်မတည့်တော့သလို လူ့လောကမှာ လေလွင့်လူငယ်လာဖြစ်တဲ့ ပိန်သေးတို့ဟာ လူတွေကြားမှာ ရွက်ခြောက်သာသာ။ သူတို့ရဲ့ အနာဂတ်နေ့ရက်တွေက အလင်းရောင်မဲ့။ မျှော်လင့်ချက်နတ္ထိဆိုပေမယ့် ကံကြမ္မာရဲ့ ဇာတ်ရုပ်ရေးမှုမှာ ပိန်သေးတစ်ယောက် ဘာဖြစ်လာမလဲ။ စိန်ကုလားကကော သူလွတ်မြောက်ချင်တဲ့ လေလွင့်လူငယ် ဘဝက အမြန်ဆုံးလွတ်မြောက်ခဲ့လား။ ဝဲထူနဲ့ ပေကလုံးက ဘာဖြစ်လာမှာလဲ။ ကောင်မလေးတွေဖြစ်တဲ့ ပုံဆိုးမနဲ့ နှပ်ရှုံ့မတို့ကော ဘာတွေဖြစ်ခဲ့မလဲ။ စာရေးဆရာ ချစ်ခိုင်စံက ရွက်ခြောက်ကို တစ်ခါဖတ်ပြီးတာနဲ့ မမေ့နိုင်မယ့် ဘဝသရုပ်ဖော် ဝတ္ထုကောင်းတစ်ပုဒ်အဖြစ် ပုံဖော်ရေးသားထားတာကို စာရှုသူ ရင်တမမနဲ့ ဖတ်ရှုရမှာပါ။

  • ဇော်က ကနေသည်

    ဆရာ အကြည်တော်ရဲ့ ဝတ္ထုအများစုဟာ ရယ်မောစရာတွေမို့ ဆရာ့ကို ဟာသစာရေးဆရာလို့ ပြောကြပါတယ်။ အမှန်လည်း ဆရာအကြည်တော်ရဲ့ စာအုပ်တွေဟာ ရယ်ရပါတယ်။ ဒီစာအုပ် ဇော်က က နေသည် ကတော့ စာဖတ်သူတို့ ရယ်လည်းရယ်ရသလို မောလည်းမောရမှာပါ။

    တောထဲတောင်ထဲ သူယောင်ပင်လိုက်ရှာ၊ တွေ့ပြီဆို အကိတ်ဆုံးသူယောင်သီး တုတ်နဲ့ထိုး၊ ဟတ်ချလောင်းဆို သူယောင်မယ်ဖြစ်၊ ဇော်ဂျီနဲ့ သီချင်းဆို ကခုန်ကြ။ အဲ့ဒီလို ဇော်ဂျီမဟုတ်ပါဘူး။ လမ်းတကာလှည့်၊ လူစည်ကားရာ ဈေးလိုနေရာမှာ ဇော်က က၊ အစွမ်းထက်တဲ့ ဆေးတွေကို ရောင်းချကာ ဘဝလမ်းကို အခြေခံကျကျ လျှောက်နေတဲ့ ဆေးဆရာဇော်ဂျီ။

    ဇော်ဂျီတွေရဲ့ တောထဲတောင်ထဲက ဒဏ္ဍာရီနဲ့ ပတ်သက်ပြီး “အမှန်တော့ လူတွေအမြင်မှားနေတာပါ။ ကျွန်တော်ကိုယ်တိုင်က ဇော်ဂျီပါပဲ” လို့ ဖွင့်ဟခဲ့သူ ဇော်ဂျီတစ်ယောက်ရဲ့ ဇာတ်လမ်း။ ဇော်ဂျီဟာ နိစ္စဓူဝ ဆေးရောင်းရင်း တစ်နေ့မှာ သူ့အစ်ကို ဆုံးပါးသွားခြင်းနဲ့ အတူ မိဘမဲ့ တူလေးတစ်ယောက်နဲ့နေထိုင်ဖို့ ဖြစ်လာတယ်။ ကိုယ်တိုင်က ကြမ်းတမ်းတဲ့ဘဝခရီးလမ်းအတွက် လမ်းတကာလှည့်၊ ဇော်ဂျီဝတ်စုံကြီးဝတ်၊ လျက်ဆားနဲ့ ဆေးတွေရောင်းနေရတဲ့ ဆင်းရဲလှတဲ့ဘဝထဲဝင်လာတဲ့ ကလေးငယ်လေးဟာ သူကိုယ်တိုင် ဦးလေးဇော်ဂျီနောက် လျှောက်လိုက်ရင်း ဇော်ဂျီပေါက်စနလေး ဖြစ်လာတယ်။ ဦးလေးဇော်ဂျီနဲ့ အတွဲညီညီ ဇော်က က ရင်း လောကဓံကို တူတူ ရင်ဆိုင်ခဲ့ကြတယ်။ ဒီလိုနဲ့ ဇော်ဂျီတို့ရဲ့ ဘဝဇာတ်ခုံပေါ်ကို မထင်မှတ်ဘဲ တက်လာသူက မဉ္ဖူ။ ဇော်ဂျီလေးရဲ့ မမနတ်သမီး။ ကားမတော်တဆဖြစ်ရာက မိသားစုတွေ ဆုံးပါး၊ ကိုယ်တိုင်က ခေါင်းကို ထိပြီး ယဉ်ယဉ်လေး ရူးနေသူ။ သူ့ကိုယ်သူ နတ်သမီးလို့ စွဲမှတ်နေတဲ့ မဉ္ဖူဟာ ဇော်ဂျီ တူဝရီးကို ခင်မင်ပြီး မခွဲနိုင် မခွာရက်ဖြစ်ရာက ဇော်က ကနေသည်ဟာ ရယ်စရာ မောစရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါတော့တယ်။

    ဟာသတ္ထုတွေနဲ့ တောက်လျှောက်အောင်မြင်နေတဲ့ ဆရာအကြည်တော်ဟာ ဇော်က က နေသည် ကို ထုတ်ဝေလိုက်တော့ ရသစာဖတ်သူတို့ကြားမှာ ဘဝသရုပ်ဖော်ကို ပီပြင်တဲ့ဝတ္ထုအဖြစ် ရေပန်းစား လူပြောများခဲ့တယ်။ အပြစ်ကင်းစင်တဲ့ ဟာသလေးတွေ ကြားညပ်ပြီး ရေးထားတဲ့အတွက်လည်း ဆရာအကြည်တော်ရဲ့ ဟန်ကနေ ကွဲထွက်မသွားဘူး။ စာအုပ်အနေနဲ့ အောင်မြင်တဲ့ ဇော်က က နေသည်ကို ၂၀၀၈ ခုနှစ်မှာ နိုင်ငံကျော် အနုပညာ၊ အတတ်ပညာရှင်တွေနဲ့ ရုံတင်ခဲ့ရာမှာ အထူးလူကြိုက်များပြီး အကယ်ဒမီဆုတွေလဲ ရရှိခဲ့ပါတယ်။

  • အရိပ်လေးဆယ် (ရသအက်ဆေးများ)

    ဆရာမ စံပယ်ဖြူနု ဆိုတာ စာချစ်သူတို့ကို အထူးတလည် မိတ်ဆက်ပေးရမယ့် စာရေးဆရာမ တဦးတော့ မဟုတ်ပါဘူး။ ရသစာပေချစ်သူတိုင်းက ဆရာမရဲ့ ဝတ္ထုတို၊ရှည်၊ အက်ဆေး စတဲ့ အရေးအသားမှန်သမျှကို နှစ်ခြိုက်နေကြသလို အမျိုးသားစာပေဆုများနဲ့ အခြားစာပေဆုများကို ဆွတ်ခူးထားတဲ့ ကလောင်တစ်ချောင်းလည်း ဖြစ်ပါတယ်။ မဟာစာပေက ဆရာမစံပယ်ဖြူနုရဲ့ မြို့ကလေးနေမကောင်းပါ ဝတ္ထုတိုစု၊ အပြန်လမ်းဘယ်မှာ လမ်းဘယ်မှာနှင့် အခြားမဂ္ဂဇင်းဝတ္ထုတိုများ၊ အခါတစ်ပါး (ဝတ္ထုလတ်)လုံးချင်းတို့ကို ထုတ်ဝေခဲ့ပြီးဖြစ်ရာ ယခုထုတ်ဝေတဲ့ အရိပ်လေးဆယ်က မဟာစာပေနဲ့ စံပယ်ဖြူနုတို့ရဲ့ လေးအုပ်မြောက်လက်တွဲခြင်းဖြစ်ပါတယ်။ အရိပ်လေးဆယ်မှာ ဆရာမစံပယ်ဖြူနုက သူ့ရဲ့ စာဖတ်ပရိသတ်ကို ဘယ်လို အရေးအသားတွေနဲ့ ချပြမလဲ?

    လူတိုင်း လူတိုင်းမှာ အရိပ်ကိုယ်စီရှိကြပါတယ်။ ကျား မ မရွေး၊ ကလေးလူကြီး အရွယ်စုံ သူ့ အတိုင်းအထွာနဲ့သူ အရိပ်တွေ ကိုယ်စီရှိကြပါတယ်။ လူတိုင်းဟာ နေ့ရက်တွေတိုင်းကို နေထိုင်မှုအမျိုးမျိုးနဲ့ ရုန်းကန်လှုပ်ရှားသွားလာပြီး ဖြတ်သန်းကြရလေတော့ သူတို့ရဲ့ အရိပ်တွေဟာလည်း အရိပ်ရှင်တို့ရဲ့ ဖြတ်သန်းမှုတွေပေါ်မူတည်ပြီး အရောင်အသွေးတွေ၊ အဆင်အပြင်တွေ၊ ဖော်ပြမှုပုံစံတွေ ဖြစ်တည်လာပါတော့တယ်။ ဒီစာအုပ်မှာ ဆရာမစံပယ်ဖြူရဲ့ ဘဝဖြတ်သန်းမှု နေထိုင်လှုပ်ရှားမှုတွေထဲက အရိပ်လေးဆယ်တိတိကို ရသမြောက် အရေးအသားတို့နဲ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။

    အရိပ်တခုချင်းစီတိုင်းဟာ ရသမြောက်အရေးအသား တစ်ပုဒ်ဖြစ်တာကို တွေ့ရမှာဖြစ်ပြီး ဆရာမစံပယ်ဖြူနုရဲ့ ဘဝထဲကို အရိပ်တွေကနေ တဆင့် စာချစ်သူတို့ မြင်တွေ့ခွင့်ရမှာပါ။ အရိပ် – ၁ မှာ သူမရဲ့ အတွင်းနက်နက် စိတ်ပိုင်းဆိုင်ရာအကြောင်းတစ်ခုကို အိပ်မက်ကတဆင့် ထိတွေ့ခွင့်ရမှာဖြစ်သလို အရိပ် – ၃ မှာ ဆိုရင်လည်း တီဗွီနဲ့ ဆရာမစံပယ်ဖြူနုရဲ့ အဘွားအကြောင်းကို ခပ်ပါးပါး တို့ထိခွင့်ရမှာဖြစ်ပါတယ်။ “ကျွန်မက ကံကောင်းလို့ ကြည်အောင် မဖြစ်တာ” ဆိုတဲ့ အရိပ် – ၄ ဟာလည်း စံပယ်ဖြူနုဆိုတဲ့ ကလောင်နာမည် ဘာကြောင့် ဘယ်လိုဖြစ်လာသလဲဆိုတာကို ထဲထဲဝင်ဝင် ရေးထားတာမို့ တစ်ခါဖတ်ပြီးတာနဲ့ ဆရာမရဲ့ ပရိသတ်တို့ ဘယ်တော့မှ မမေ့တော့မယ့် အရေးအသားတစ်ပုဒ်လို့ ဆိုရမှာပါ။ အရိပ် – ၇ မှာဆို စံပယ်ဖြူနုရဲ့ အကြိုက်ဆုံးဟင်းအကြောင်း၊ အရိပ် – ၉ မှာ စံပယ်ဖြူနုနဲ့ ကြောင်အကြောင်း စတဲ့ သူမရဲ့ ဘဝထဲကို အရိပ်တွေကနေတဆင့် ဖတ်ရှုရမှာဖြစ်ပြီး လူသိပ်မသိတဲ့အကြောင်းလေးတွေကို လှစ်ဟပြတဲ့ အရိပ်အကြောင်းတွေပါ ဖတ်ရမှာပါ။

    “စာရေးကောင်းသူတို့ဟာ ဘာရေးရေး ဖတ်လို့ကောင်းနေတာပဲ” လို့ ပြောကြပါတယ်။ ဒီစာအုပ်မှာ စံပယ်ဖြူနုရဲ့ ဘဝနဲ့ ဆက်စပ်အကြောင်းအရာတို့ကို အပုဒ် ၄၀ တိတိ ဖတ်ရှုရမှာ ဖြစ်ပြီး ရသမြောက် အရေးအသားတို့နဲ့ ကွပ်ထားတဲ့ ဆရာမရဲ့ ဘဝထဲက ရှင်သန်လှုပ်ရှားမှုတွေဖြစ်တာမို့ အရိပ်တိုင်းဟာ စာဖတ်သူကို အတွေးတစ်စစီ ချန်ထားခဲ့မှာ ဖြစ်ပါတယ်။ ခရစ်သက္ကရာဇ် ၂၀၂၀ မှာ အသက် ၄၀ ပြည့်ခဲ့သူ စံပယ်ဖြူနုရဲ့ အရိပ်လေးဆယ် ကို အပိုင်း ၅ ပိုင်း ခွဲချပြထားတဲ့ ဒီစာအုပ်ကနေတဆင့် ဆရာမရဲ့ ဘဝနဲ့ နေ့ရက်ဆိုင်ရာအချို့ကို တို့ထိနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Main Menu