- “မြက်ခင်းပြင်အလွတ်” already exists in your wishlist
-
အောင်သင်း၏ အတွေးစကား
အောင်သင်းဆရာ(ဦး)အောင်သင်းဟာ စာသင်ကြားခြင်း၊ စာပေများ ပြုစုရေးသားခြင်း တို့မှာ အောင်မြင်ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။ မျိုးဆက်သစ်တို့အတွက် လူငယ်စိတ်ဓာတ်ရေးရာ အကျိုးပြုစာပေများ ရေးသားခြင်း၊ ဟောပြောခြင်းတို့ကို ဆောင်ရွက်ရာမှာလည်း ဆရာ(ဦး)အောင်သင်းဟာ ဝါသနာ၊ စေတနာ၊ အနစ်နာ စတဲ့ နာ ၃ နာနဲ့ အညီ ရေးသား ဟောပြောခဲ့တာကြောင့် ဆရာရဲ့ အတွေးစကားများဟာ ယနေ့တိုင် ဖတ်ရှုလေ့လာ မှတ်ယူနေရဆဲ ဖြစ်ပါတယ်။‘အောင်သင်း ၏ အတွေးစကား’ စာအုပ်မှာ ဆရာ(ဦး)အောင်သင်း၏ ကိုယ်ပိုင် အတွေးအခေါ်များအပြင် ဆရာဖတ်ခဲ့ မှတ်သားခဲ့တဲ့ အတွေးစကားများကိုပါ ထည့်သွင်းဖော်ပြထားပါတယ်။ ဒီစာအုပ်မှာ ပါဝင်တဲ့ အတွေးစကားများဟာ အနှစ်ချုပ် သဘောတရားများကို တိုတိုနှင့် လိုတိုရှင်း ရေးသား ဖော်ပြထားတာမို့ ဆရာ ပေးချင်တဲ့ အတွေးအခေါ်တို့ကို အချိန်အများကြီး မပေးရဘဲ လွယ်ကူစွာ နာယူ မှတ်သားနိုင်မှာ ဖြစ်ပါတယ်။အိမ်ထောင်ပြုခြင်း၊လူ့ဘဝတွင် အရာရောက်လှသော အရာ၊အချစ်နှင့်မျက်စိ၊ဒေါင်းမြီးတွေရဲ့ အလှ၊ကြီးပွားမှုနှင့်ဗေဒင်၊မိခင်တွေ အသိပညာမြင့်မှ၊မိမိကိုယ်ကိုသာ ကိုးကွယ်ရာ၊အရှက်နှင့်အသက်၊အချိန်ဖြုန်းတီးမှု၊အတွေ့အကြုံနှင့် အတွေးအကြံ၊ရဲဆေးတင်တယ် ဆိုတာ စသဖြင့် စိတ်ဝင်စားဖွယ် ခေါင်းစဉ်များဖြင့် ဖတ်ရှုရမယ့် အတွေးစကားများ ဖြစ်ပြီး တစ်အုပ်တည်းမှာ အတွေးစကား ၁၀၀ ကျော်ကို လေ့လာ နာယူခွင့် ရမှာမို့ လူငယ်များရှိသော အိမ်တိုင်းရဲ့ စာအုပ်စင်တိုင်းမှာ ထားရှိရမယ့် စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။Ks 5,000အောင်သင်း၏ အတွေးစကား
Ks 5,000 -
ခေါင်းဆောင်ကောင်းတို့၏ ဝိသေသ
ထင်ဇော်မှူးသင်လူ့ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်တည်ဖို့အတွက် ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတစ်ခု ရှိသင့်ပါတယ်။ အဲ့ဒီအဖွဲ့အစည်းတစ်ခုမှာလည်း ခေါင်းဆောင်ကောင်းတစ်ဦး မဖြစ်မနေ လိုအပ်ပါတယ်။ လူတိုင်းလူတိုင်းဟာ လုပ်ငန်းခွင်တစ်ခုမှာပဲဖြစ်ဖြစ်၊ မိသားစုတစ်စုမှာပဲဖြစ်ဖြစ် ဦးဆောင်သူအနေဖြင့်သာ ရှင်သန်လိုကြတယ်။ လက်ရှိနေရာကနေ မြင့်သထက်မြင့်တဲ့နေရာတွေ ရာထူးဌာနတွေဆီ အဆင့်ဆင့် တက်လှမ်းသွားချင်ကြတယ်။ ဒီလိုနဲ့ အမြင့်ဆုံးနေရာကို ရောက်ပြီဆိုရင် ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီလို့ ယူဆကြပါတယ်။မြင့်မားတဲ့ နေရာဌာနကိုရောက်ရင် ခေါင်းဆောင်ဖြစ်ပြီ သတ်မှတ်လို့ရပေမဲ့ ခေါင်းဆောင်ကောင်းတစ်ဦးလို့ ခေါ်ဆိုထိုက်ဖို့ကတော့ မြင့်မားတဲ့စိတ်ဓာတ်ကပါ တွဲပါလာဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လူတစ်ဦးတစ်ယောက်ရဲ့ ဦးဆောင်မှုနောက်မှာ နယ်ပယ်ဒေသတွေရှိပါတယ်။ များပြားတဲ့ လုပ်ငန်းတာဝန်တွေ၊ မှီခိုရပ်တည်နေတဲ့ မိသားစုအင်အားတွေကလဲ တစ်ဆင့်ပြီးတစ်ဆင့် ပတ်သက် ဆက်နွယ်ပြီး တည်ရှိနေပြန်တယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းတစ်ရပ်မှာ စိတ်ဓာတ်ပြည့်ဝပြီး အရည်အချင်းမြင့်မားတဲ့ ခေါင်းဆောင်တွေ ပေါ်ထွက်လာသင့်ပါတယ်။ခေါင်းဆောင်တစ်ယောက်ဟာ ကောင်းမွန်တဲ့အရာတွေကို မွေးဖွားဖို့အတွက်ဆိုရင် အများနဲ့မတူတဲ့ နည်းလမ်းတွေကို ရှာဖွေကြံဆနိုင်ရမယ်။ အများနည်းတူ ရောနှောနေတဲ့ လုပ်ထုံးလုပ်နည်းတွေကို ပယ်ဖျက်ရဲရမယ်။ ကိုယ်ပိုင်လမ်းသစ်ကို တီထွင်ပြီး ဖောက်နိုင်ရမယ်။စီးပွားရေးနယ်ပယ်မှာ အောင်မြင်တဲ့ ခေါင်းဆောင်တွေကို ကြည့်လိုက်ရင် သူတို့မှာ အများနဲ့ မတူညီတဲ့ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်အယူအဆတွေ ရှိကြတာကို တွေ့မြင်ရမှာပါ။ အတွေးအခေါ် အယူအဆတွေဟာ သာတူညီမျှ ရောနှောပြီး ကွဲမထွက်လာသရွေ့ လူထဲကလူပဲ ဖြစ်နေဦးမှာပါပဲ။ လူထဲကနေပြီး လူသားအကျိုးပြု ခေါင်းဆောင်ကောင်းဖြစ်ချင်တယ်ဆိုရင်တော့ မတူညီတဲ့ အရာတွေကို လုပ်ဆောင်ရဲဖို့ လုပ်ဆောင်ပြဖို့ လိုအပ်ပါတယ်။ဒီစာအုပ်ထဲမှာတော့ နယ်ပယ်အသီးသီးက အောင်မြင်ထင်ရှားတဲ့ ခေါင်းဆောင်တွေရဲ့ မတူညီတဲ့ အပြုအမူတွေ၊ ကွဲပြားတဲ့ ပြောဆိုပုံတွေကို ဖတ်ရှုခံစားရမှာပါ။ ဒီစာအုပ်လေးဟာ ခေါင်းဆောင် ဖြစ်လိုသူတွေအတွက်ရော၊ ခေါင်းဆောင်ကို ခွဲခြားသိမြင်စေဖို့အတွက်ရော အထောက်အကူ ပြုပေးပါလိမ့်မယ်။Ks 5,000ခေါင်းဆောင်ကောင်းတို့၏ ဝိသေသ
Ks 5,000 -
တစ်ခါတုန်းက တပည့်တွေ နှင့် အခြားပင်ကိုရေးဆောင်းပါးများ
အောင်သင်းဆရာဦးအောင်သင်းရဲ့ ” တစ်ခါတုန်းကတပည့်တွေနှင့် အခြားပင်ကိုယ်ရေးဆောင်းပါးများ ” ဆိုတဲ့ စာအုပ်ကလေးဟာ လူငယ်တွေနဲ့ စကားပြောဆိုခြင်းလို့ အမည်တပ်ရမလိုပါပဲ။ သူ့ဆောင်းပါးတွေထဲမှာ လူငယ်တွေကို အားကိုးလိုစိတ်၊ ကျေးဇူးတင်စိတ်၊ အမှားအမှန်ကို သင်ခန်းစာယူလိုစိတ်တို့ကို အဓိကထားပြီး ရေးဖွဲ့ထားတယ်။ အမှာစာကို ဖယ်လိုက်ရင် ဆောင်းပါးခြောက်ပုဒ် ဖတ်ရှုရပါမယ်။ ဆရာကြီးရဲ့ အရေးအဖွဲ့တွေထဲမှာ လူငယ်တွေရဲ့စိတ်ကို မြင်ရပြီး လူငယ်တွေရဲ့အသံကိုလည်း ကြားယောင်မိစေမှာပါ။
ဆရာကြီးရဲ့ လူငယ်တွေအပေါ်ထားရှိတဲ့ စေတနာကို ဒီဆောင်းပါးတွေထဲမှာ ထိထိမိမိ ခံစားကြရမှာပါ။ ‘ထဘီသင်ခန်းစာ’ဆိုတဲ့ ဆောင်းပါးကလေးမှာဆိုရင် မိန်းကလေးငယ်များ အိမ်ထောင်ဖက်ရွေးခြင်းအပေါ် မှန်ကန်စေချင်တဲ့ ဆရာကြီးရဲ့စိတ်ကို လှစ်ခနဲ မြင်လိုက်ရပါတယ်။ ဆရာနဲ့ တပည့်ကြားက လေးစားချစ်ခင်မှု၊ သွန်သင်ဆုံးမမှုတွေကို အကြောက်တရားမပါဘဲ ပကတိအရှိအတိုင်း ပွင့်ပွင့်လင်းလင်း တွေ့မြင်ရတာဟာ ချစ်စရာကောင်းလှပါရဲ့။ ‘နှလုံးသားပရိယာယ်’မှာဆိုလည်း ထိုနည်းတူပါပဲ။ တပည့်တစ်ယောက်ရဲ့ ထင်ယောင်ထင်မှားစိတ်ကို သေချာဆွေးနွေး သုံးသပ်ပြထားတာကို တွေ့ရပြန်ပါတယ်။
‘သူများဖြစ်ရင်’ ဆိုတဲ့ ဆောင်းပါးလေးကတော့ ဘဝမှာရှင်သန်နေထိုင်ရင်း စဉ်းစားတွေးခေါ်ပုံကို ကိုယ်တိုင်သင်ယူလိုက်ရသလိုပါပဲ။ ဆရာတစ်ယောက်ဟာ စာသင်ခန်းထဲမှာ သင်ခန်းစာတွေပို့ချရုံနှင့်မပြီးဘဲ စိတ်ဓာတ်ရေးရာကိုပါ အထောက်အပံ့ဖြစ်ပေးနိုင်တယ်ဆိုတာ ပြသပေးထားတယ်။ ‘တစ်ခါတုန်းကပတ်ဝန်းကျင်’မှာတော့ တရင်းတနှီးမရှိလှတဲ့ တပည့်မလေးအပေါ်မှာတောင် ဆရာတစ်ယောက်ရဲ့ စာနာနားလည်ပေးနိုင်စိတ်နဲ့ မုဒိတာတရားကို မြင်တွေ့ကြရမှာပါ။
‘တခြားစာမျက်နှာ’ကို ဖတ်ရတဲ့အခါမှာ စကားလုံးတွေကြောင့် လူတချို့ရဲ့ ဆက်ဆံရေးလေး ချောမွေ့သွားတာကို ကြည်နူးဝမ်းမြောက်စရာ တွေ့ရပြန်ပါတယ်။ ဒီဆောင်းပါးလေးကြောင့် စကားတစ်လုံးတိုင်းဟာ လူမှုဆက်ဆံရေးမှာ အရေးပါတဲ့အပြင် ငြိမ်းချမ်းသာယာမှုကို အထောက်အကူဖြစ်စေတာ သတိထားမိမှာပါ။ ‘ကလေးတွေမုန့်ဖိုး’ဆိုတဲ့ ဆောင်းပါးလေးမှာတော့ ဆရာနဲ့တပည့်တွေကြားက သံယောဇဉ်အတုံ့အလှည့်ကို ခံစားလိုက်ရပြန်ပါတယ်။ ရောင်ပြန်ဟပ်တဲ့အထဲမှာ မေတ္တာရောင်ပြန်ဟာ အလင်းလက်ဆုံးပါလားလို့ သဘောပေါက်နားလည်စေတဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါပဲ။ ‘ဘဝပစ်မှတ်’ဆိုတဲ့ ဆောင်းပါးလေးမှာတော့ စာသားလေးတစ်ကြောင်းက ရင်ထဲ စွဲကျန်နေခဲ့တယ်။
” လက်တည့်တာချင်းတူရင်တောင် စိတ်တည့်တဲ့လူက အမှတ်ပိုကောင်းတယ် ” တဲ့။ဆရာကြီးဟာ ဆောင်းပါးတွေကို ရေးဖွဲ့ရာမှာ လူငယ်တွေရဲ့စိတ်ကို နားလည်ခံစားနိုင်အောင် အဓိကထား ရေးဖွဲ့ခဲ့ပေမယ့် စာဖတ်သူတွေအဖို့ ဆရာတစ်ယောက်ရဲ့ မေတ္တာ၊ စေတနာတွေကို လေးလေးနက်နက် ခံစားမိပါလိမ့်မယ်။ ဆရာဆိုတာ ပညာအပြင် စိတ်ကိုပါ သင်ကြားပေးရမယ်ဆိုတာ ဆရာဦးအောင်သင်းက ဒီစာအုပ်လေးရဲ့ စာမျက်နှာတွေပေါ်ကနေ အမွေပေးသွားခဲ့ပါတယ်။
Ks 4,500 -
ဖိအားအောက်မှ ရုန်းထွက်ခြင်း
နေထွန်းလင်းလူအများ ကြုံနေရတဲ့ စိုးရိမ်ကြောင့်ကြမှု၊ ပူပန်မှု၊ ဖိအား၊ သောကနဲ့ ဗျာပါဒတွေကနေ လွတ်မြောက်နိုင်မယ့် နည်းလမ်း ၂၁ သွယ်။
ယနေ့ကမ္ဘာဟာ သမိုင်းတစ်လျှောက် အတိုးတက်ဆုံး ကာလကို ဖြတ်သန်းနေရတယ် ဆိုရင် မမှားပါဘူး။ ယခင့်ယခင်က အိပ်မက်ပင် မမက်ခဲ့ဖူးတဲ့ အံ့မခန်း တိုးတက်ပြောင်းလဲမှုတွေကို မျက်ဝါးထင်ထင် ကြုံနေရပြီး အချိန်နဲ့အမျှ အသစ်အဆန်းတွေ တီထွင်ပေါ်ပေါက်လျက် ရှိနေတာပါ။ ဒီလို အရှိန်အဟုန် မြင့်မားစွာ ပြောင်းလဲတိုးတက်နေတဲ့ ခေတ်ကြီးမှာ ရှင်သန်နေရတဲ့ လူသားတွေဟာ အသစ်အသစ်သော ဆွဲဆောင်မှုတွေ၊ တောင်းဆိုမှုတွေ နောက်ကို အမှီလိုက်ရင်း၊ အမှီလိုက်ဖို့ ကြိုးစားရင်း ဖိအားတွေ အောက်ကျရောက်ကာ စိတ်ဖိစီးမှုနဲ့ စိတ်ကျခြင်းတွေကို ရင်ဆိုင်ကြုံတွေ့လာရပါတော့တယ်။
ဖိအားတွေကတစ်ဆင့် ဖြစ်လာနိုင်တဲ့ စိတ်ဖိစီးမှုနဲ့ စိတ်ကျခြင်းတွေဟာ ဘာအတွက်မှ ကောင်းကျိုးမရှိပါဘူး။ ရုပ်ဝတ္ထု အသစ်အဆန်းတွေရဲ့ လှည့်ဖြားမှု မာယာနောက် လိုက်ရင်းလိုက်ရင်း ဇောနဲ့ အရှိန်တွေကို မသတ်နိုင်တဲ့အခါ မိမိရဲ့ စိတ်မှာ စိုးရိမ်ကြောင့်ကြမှု၊ ပူပန်မှု၊ ဖိအား၊ သောကနဲ့ ဗျာပါဒတွေ ဝင်ရောက်လာမယ်။ အဲ့ဒီကနေ စိတ်ကျရောဂါအထိ ဖြစ်လာနိုင်ပြီး အသက်ဘေးကို ကြုံတဲ့အထိ အန္တရာယ် ရှိနိုင်လာပါတယ်။
ဒီအတွက် နေ့စဉ်ဘဝကို ရှင်သန်နေထိုင်ရင်း တိုးတက်အောင်မြင်ဖို့ ကြံစည်ရမှာ ဖြစ်သလို ဖိအားတွေအောက်က ရုန်းထွက်ဖို့လည်း လုပ်ဆောင်ရပါမယ်။ စိတ်ကျရောဂါ ဆိုတာဟာ ကျန်းမာရေးအခြေအနေ တစ်ရပ်ဖြစ်တာမို့ ဖိအားအောက်က ရုန်းထွက်တယ် ဆိုတာမှာလည်း စနစ်တကျနဲ့ နည်းမှန်လမ်းမှန် လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ လမ်းလွဲနောက်ကို လိုက်မိရင် ပိုဆိုးသွားနိုင်တာမို့လို့ပါ။
Ks 4,500ဖိအားအောက်မှ ရုန်းထွက်ခြင်း
Ks 4,500 -
နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း
ကျော်အောင်ခေတ်သစ်၏ ခေါ်ရာသို့ မလိုက်နိုင်ဘဲ ကျဆုံးသွားသည့် လူတန်းစားတစ်ရပ်တစ်ကြောင်း။
ပေါင်းလောင်းရပ်နေ ဦးရွှေဖြူ၊ ဒေါ်ငြိမ်း၊ ၎င်းတို့၏သား ကိုဖေမောင်၊ စမုန်ကွင်းကောက်ရပ်နေ ဦးဇေယျာ၊ ဒေါ်လှမေ၊ ၎င်းတို့၏ သမီး မညွန့်ခင်။
သူတို့သည် ဤဇာတ်လမ်း၏ ဇာတ်ဆောင်များ။ စာရေးဆရာကြီး ကျော်အောင်က ထိုဇာတ်ဆောင်တွေနဲ့ ထိုခေတ်က လူတွေအကြောင်းကို ‘နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း’မှာ ဇာတ်လမ်းတစ်ပုဒ်နဲ့ ပမာပြု တင်ပြတယ်။ပေါင်းလောင်းဆိုတဲ့ အရပ်က ခေါင်တယ်၊ မြန်မာပြည်အလယ်ပိုင်း တစ်နေရာကို ကိုယ်စားပြုတဲ့အရပ်ဒေသ။ အဲ့ဒီဒေသမှာ နေထိုင်ကြတဲ့သူတွေက ရိုးရိုးအေးအေးတွေ။ သီပေါမင်း ပါတော်မူပြီး အင်္ဂလိပ်တွေ ရောက်လာလို့ ခေတ်ပညာတတ်ကျောင်းတွေ ဖွင့်တဲ့အခါ “ပညာများ ဘုန်းကြီးကျောင်းမှာ ထားလည်း ရတာပဲ၊ ဘာလို့ လောကဓာတ်ကျောင်းပို့မလဲ” လို့ မေးငေါ့ကြတဲ့အရပ်။
စမုန်ကွင်းကောက်က အောက်ပြည်အောက်ရွာက အရပ်ဒေသတစ်ခု၊ တိုးတက်ခေတ်မီတဲ့ ရန်ကုန်လို အရပ်နဲ့ ကုန်စည် အကူးအသန်း အဆက်အသွယ်ရှိတယ်။ မိရိုးဖလာ လယ်မြေ စိုက်ပျိုးစီးပွားကို အစိုးရဆီက ချေးငွေတွေ ယူပြီး ပိုမိုတိုးတက်တဲ့ စီးပွားတစ်ရပ်ဆီ ရှေ့တိုးဖို့ ကြိုးစားနေကြတဲ့ အရပ်။
ပေါင်းလောင်းက ဦးရွှေဖြူဟာ သူကြီးမျိုးဆက်။ အဖေသူကြီး ကွယ်လွန်တော့ အလိုလို သူကြီးဖြစ်လာသူ။ သူ့ခေတ်မှာ မြန်မာတို့ ထီးနန်းကျိုးပေါက် အင်္ဂလိပ်လက်အောက်ရောက်တော့ သူက သူကြီးအရာကနေ မကျသွားတဲ့တိုင် သူ့အထက်မှာ မြို့အုပ်မင်းဆိုသူတစ်ယောက် ပေါ်လာတယ်။ သူက ဒုတိယဖြစ်သွားတယ်။ အပြောင်းအလဲခေတ်ကြီးမှာ ထိုင်နေရင် ဘာမှဖြစ်လာဘူးဆိုတဲ့ စိတ်နဲ့အောက်ပြည်အောက်ရွာ စုန်ဆင်းရာက စမုန်ကွင်းကောက်ကို ရောက်သွားတယ်။‘နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း’ မှာ ကျော်အောင်ရဲ့ metaphor ဆန်ဆန် တင်ပြမှုကို ဖတ်ရပါမယ်။ ခေတ်တွေကို ပြတယ်။ လူတန်းစားတွေကိုပြတယ်။ အတွေးအခေါ် ၊ ဘဝရပ်တည်ရှင်သန်မှု၊ လူမှုစီးပွား စတာတွေကို ဇာတ်ဆောင်တွေက တစ်ဆင့်၊ စာမျက်နှာထက်က တစ်ဆင့်၊ ရေးသားတင်ပြတယ်။
တစ်နည်း ‘နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း’ ဟာ ဝတ္ထုစာအုပ်တစ်အုပ်ထက်ပိုတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဆရာကျော်အောင်၏ ပထမဆုံး ရသဝတ္ထုရှည်တစ်အုပ်ဖြစ်သလို စာပေအစဉ်အလာ ကြီးမားလှတဲ့ ပုဂံစာအုပ်တိုက်ရဲ့ (သတ္တမမြောက်) နှစ်လည်အထူးထုတ် ပင်ကိုယ်ရေး ရသဝတ္ထုရှည်တစ်အုပ်လည်း ဖြစ်ပါတယ်။
Ks 15,000နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း
Ks 15,000 -
အမုန်းနှင့် လမ်းခွဲခြင်း
ငွေတီဦးလူတွေဟာ ကိုယ်ချစ်တဲ့၊ ခင်တဲ့သူတွေကို ဆုံးရှုံးလိုက်ရရင်ဖြစ်စေ၊ ကိုယ်နှစ်သက်တဲ့ အရာတွေကို လက်လွှတ်ပေးလိုက်ရရင် ဖြစ်စေ … ပထမဦးဆုံး လုပ်မိတာက ကိုယ့်ကိုယ်ကို အပြစ်တင်ကြတဲ့ ကိစ္စပါပဲ။ ငါ ဘာကြောင့် မလုပ်နိုင်ခဲ့ရတာလဲ ဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းတီးလာကြတယ်။ အမုန်းစိတ် ကြီးထွားလာတာနဲ့အမျှ ကိုယ့်ဖြစ်တည်မှုတွေကို လက်ခံဖို့ ခက်ခဲလာပါတယ်။လူသားတို့ ဘဝနေ့စွဲတွေမှာ ရှင်သန်ရ ခက်ခဲလာတာဟာလဲ မတည်မြဲမှုတွေ၊ အပြောင်းအလဲတွေကို လက်မခံနိုင်ခြင်းက အစပြုတာပါ။ အရွေ့အလျားတွေနောက်ကို ထိခိုက်ကြေကွဲစွာ လိုက်ပါခံစားရင်း နှလုံးသားထဲက ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့စိတ်တွေ ပျောက်ဆုံးသွားကြတယ်။ လူတွေဟာ တစ်ခြားတစ်ယောက်ကိုပဲ မုန်းမုန်း၊ ကိုယ့်ကိုယ်ကိုယ်ပဲ မုန်းမုန်း အမုန်းက အင်အားကြီးမားလာပြီဆိုရင် စိတ်ရောလူပါ စတင် ပူလောင်ရတော့တာပါပဲ။ ဒါကြောင့် အမုန်းတရားတွေကို ရှင်းလင်းဖယ်ထုတ်ပြီး ဘယ်လိုလမ်းခွဲရမလဲဆိုတာကို ဆရာမငွေတီဦး ရေးသားတဲ့ အမုန်းနှင့်လမ်းခွဲခြင်း (နှလုံးသားအားဖြည့် ဝတ္ထုတိုစုစည်းမှု) စာအုပ်လေးမှာ အဖြေ ရှာကြည့်နိုင်ပါတယ်။‘သူပြောပြတဲ့သူမ’ ဆိုတဲ့ ဝတ္ထုတိုလေးထဲမှာတော့ ဒီလိုလေး ရေးဖွဲ့ထားတာ တွေ့ရပါတယ်။တခြားလူတွေကို ကြင်နာရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ကြင်နာဖို့မေ့လျော့နေရင်လဲ နာကျင်ခြင်းဟာ ကိုယ့်အတွက်ပဲ ဖြစ်လာမှာတဲ့။ ဘဝကို မသေဆုံးဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် မုန်းလို့မဖြစ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ချစ်လိုက်ပြီးတဲ့နောက်မှာ အရာရာဟာ ပြောင်းလဲသွားပါတယ် လို့ ရေးထားတာက လေးလေးနက်နက် တွေးရမဲ့ စာတစ်ပုဒ် ဖြစ်ပါစေမယ်။‘စိန်ပန်းပင်’ ဆိုတဲ့ ဝတ္ထုတိုလေးကတော့ စိတ်ကို လွတ်မြောက်နေတဲ့ စိန်ပန်းပင်ကြီးနဲ့ ပါးပါးလေး ခိုင်းနှိုင်းပြသွားတာပါတယ်။ စိတ်ကို အရေးကြီးဆုံးအချိန်တွေမှာ ပိုပြီး လွှတ်ချထားတတ်ရတယ်တဲ့။ စိတ်ဟာ အတင်းအကျပ် ချုပ်နှောင်ခံထားရတဲ့အခါ မလွတ်မြောက်တော့ဘဲ ဘာအစွမ်းသတ္တိမှ မထွက်တော့ဘူး။ စိတ်နဲ့ခန္ဓာမှာ အရေးကြီးဆုံးက သက်သောင့်သက်သာရှိမှုပါပဲဆိုတာကို ဒီဝတ္ထုလေးထဲမှာ ပြောပြထားတာ တန်ဖိုးရှိစွာ တွေ့ရပါမယ်။အမုန်းနှင့်လမ်းခွဲခြင်း တစ်အုပ်လုံးကို ခြုံပြောရမယ်ဆိုရင်တော့ ရသဝတ္ထုတိုတွေ ဆိုတာထက် ဗီတာမင်အားဆေးလေးတွေ လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ တစ်ပုဒ် ဖတ်ပြီးသွားတိုင်း ကိုယ့်ရဲ့ ဘဝနဲ့ ကိုယ့်ကိုယ်ကိုယ် အရှိတရားလေးတွေကို မြင်ယောင်လက်ခံလာမိမှာပါ။ တစ်အုပ်လုံးက ဝတ္ထုတို ၁၆ ပုဒ်လုံး ဖတ်ရှုပြီးတဲ့အခါမှာတော့ စိတ်ရောလူပါ အားအင်ပြည့်ဝသလို ခံစားမိကြပါလိမ့်မယ်။ ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်တွေကို ကြည်လင်လန်းဆန်းဖို့ ဆရာမငွေတီဦးရဲ့ နှလုံးသား ခွန်အားဖြည့်ဝတ္ထုလေးတွေက ကူညီပေးပါလိမ့်မယ်။ ဘဝကို အရှိအတိုင်း လက်ခံပြီး မနက်ဖြန်ကို အကောင်းဆုံး ရင်ဆိုင်ဖို့ ‘အမုန်းနှင့်လမ်းခွဲခြင်း’ က ဖတ်ကြည့်သင့်တဲ့ စာအုပ်လေးတစ်အုပ်ပါပဲ။Ks 9,000အမုန်းနှင့် လမ်းခွဲခြင်း
Ks 9,000 -
ဆမ်းမာဆက်မွမ်၏ ဝတ္ထုတိုများ
ကျော်အောင်ဆရာကျော်အောင် ဘာသာပြန်တဲ့ ဆမ်းမားဆက်မွမ်း ၏ ဝတ္ထုတိုများ က ဘယ်အချိန်မဆို မရိုးနိုင်တဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ဝတ္ထုတိုစာအုပ်များထဲမှ တစ်အုပ်ဆိုလျှင် မှားအံ့မထင်။ 1964 မှာ ထွက်ခဲ့တဲ့ မူရင်းစာအုပ်ဟာ ယနေ့ထက်တိုင် ကမ္ဘာမှာ ထင်ရှားနေဆဲဖြစ်ပြီး Goodreads မှာ Rating 4.3 , Amazon မှာ Rating 4.4 ရထားပါတယ်။ မြန်မာဘာသာပြန်ကလဲ စာချစ်သူတို့ နှစ်သက်သဘောကျကြပြီး ယနေ့ထက်တိုင် အကြိမ်ရေ အသစ်များ ထုတ်ဝေနေရဆဲ ရှိပါတယ်။ဆမ်းမားဆက်မွမ်ဟာ ဝတ္ထုရှည်ကြီးများ ရေးသားခဲ့ရာမှာ အောင်မြင်သလို ဝတ္ထုတိုများဟာလဲ ဆိုခဲ့သလို လူကြိုက်များလှပါတယ်။ ဒီစာအုပ် ဆရာကျော်အောင် ပြန်ဆိုတဲ့ ဆမ်းမားဆက်မွမ်၏ ဝတ္ထုတိုများမှာ ဝတ္ထုတို ၁၅ ပုဒ် ပါဝင်ပြီး ရယ်မောဖွယ် … လွမ်းဆွေးဖွယ် … စတဲ့ ရသမျိုးစုံကို ခံစားရမှာပါ။ ဆမ်းမားဆက်မွမ်ဟာ ခရီးသွားလာခြင်းကို ဝါသနာပါပြီး ကမ္ဘာအရပ်ရပ်ကို ခရီးထွက်ခဲ့သူပါ။ ခရီးသွားရင်း ဝတ္ထုတစ်ပုဒ်ရေးဖို့ ကုန်ကြမ်းရှာတွေပြီဆိုရင် အဲ့ဒီနေရာဒေသမှာ ရက်အတန်ကြာနေပြီး ဝတ္ထုအတွက် လေ့လာသူ ဖြစ်ပါတယ်။ ဒီအတွက် ဆမ်းမားဆက်မွမ်ရဲ့ ဝတ္ထုတိုတွေဟာ ကမ္ဘာအရပ်ရပ်က နေရာဒေသတွေမှာ အခြေခံထားတာ ဖတ်ရမှာ ဖြစ်ပြီး ကာလဒေသစရိုက်၊ လူတွေရဲ့ ပြုမူလှုပ်ရှားပုံ စတာတွေက သူ့ဝတ္ထုတွေမှာ ထင်ရှားလှပစွာ ပေါ်ပေါက်နေပါတယ်။ဆမ်းမားဆက်မွမ်ကို နှစ်ဆယ်ရာစုရဲ့ အကျော်ကြားဆုံး စာရေးဆရာများထဲက တစ်ဦးလို့ သတ်မှတ်ပြီး အကျွမ်းကျင်ဆုံး ဝတ္ထုတိုရေးဆရာလို့ နေရာပေးကြတယ်။ ဆမ်းမားဆက်မွမ် ကိုယ်တိုင်ကတော့ ဝတ္ထုတိုအရာမှာ ပြင်သစ်စာရေးဆရာ မိုပါဆွန်းက အကျွမ်းကျင်ဆုံးလို့ ဆိုပါတယ်။ ဆမ်းမားဆက်မွမ်ဟာ ဘဝတစ်လျှောက် စာပေလက်ရာများစွာ (ဝတ္ထုတို/ရှည်၊ ပြဇာတ်၊ အတ္ထုပ္ပတ္တိ၊ ခရီးသွားစာပေ၊ စာပေအကဲဖြတ်စာတမ်း) ရေးခဲ့သူဖြစ်ပြီး အသက် ၇၀ အရွယ်တွင် စာပေရေးသားခြင်းကို အနားယူခဲ့တယ်။ ဆမ်းမားဆက်မွမ်ဟာ သူ့ဘဝကို သူပြန်သုံးသပ်တဲ့အခါ သူဟာ ဘယ်သူ့အပေါ်မှာမှ မနာလိုဝန်တိုစိတ် မရှိဘဲ ရှင်သန်ခဲ့တယ်။ လုပ်ချင်ရာ လုပ်ခဲ့တယ်။ အဲ့ဒီလို နေခဲ့တဲ့အတွက်လဲ သူ့ဘဝကို သူကျေနပ်တယ်လို့ ဆိုထားပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ “ကျွန်တော် မလုပ်ဖူးတာ သိပ်မရှိဘူး။ လူအတော်များများနဲ့လဲ သိကျွမ်းခဲ့တယ်။ စာအုပ်တွေလဲ အများကြီးဖတ်ခဲ့တယ်။ ရုပ်ရှင်တွေ အများကြီး ကြည့်ခဲ့တယ်။ ဂီတတွေ အများကြီးနားထောင်ခဲ့တယ်။ ကျောက်ရုပ်တွေ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ၊ လက်ရာကောင်း အဆောက်အအုံတွေ အများကြီး မြင်ခဲ့တွေ့ခဲ့တယ် … ဒါဆိုရင် လုံလောက်ပါပြီ” တဲ့။ဝတ္ထုရေးဖွဲ့ခြင်းနဲ့ ပတ်သက်ပြီးလဲ ဆမ်းမားဆက်မွမ်က “လူတစ်ယောက်၏စရိုက်သည် အခြားသူများနှင့် မတူဘဲ ထူးခြားသည်။ ထိုစရိုက်ကို အခြေတည်ကာ သူ့အကြောင်း ဝတ္ထုရေးလို့ ကောင်းမည်ဟု ထင်မြင်ယူဆလျှင်၊ စိတ်ကူးရလျှင် ထိုအကြောင်းကို ကျွန်တော်ရေးသည်။ တစ်ခါတရံ ထူးခြားသည့် အခြေအနေတစ်ခုခုတွင် စိတ်နေသဘောထားတစ်စုံတစ်ခုကြောင့် မမျှော်လင့်ထားသည့် အဖြစ်အပျက်တစ်ခု ပေါ်လာရသည်။ ထိုအခါ ကျွန်တော့်မှာ ရေးစရာ အကွက်ဝင်လာသည်။ ထို့ကြောင့် ထိုအဖြစ်အပျက်ကို ကျွန်တော် ဝတ္ထုရေးသည်။ သို့သော်လည်း ကျွန်တော် ထပ်၍ ပြောချင်ပါသေးသည်။ ထိုလူ့စရိုက်၊ ထိုလူ့အဖြစ်သနစ်တို့မှာ ဖြစ်ရိုးဖြစ်စဉ်နှင့် ကွဲလွဲသည့် လူ့သဘာဝများသာ ဖြစ်လေသည်။ ယင်းတို့မှာ ယေဘုယျ သဘောမဆောင်၊ ခြွင်းချက် သဘောသာဆောင်သည်” လို့ ဆိုပါတယ်။Ks 12,000ဆမ်းမာဆက်မွမ်၏ ဝတ္ထုတိုများ
Ks 12,000 -
ကူလီ
ကျော်အောင်ဆရာကျော်အောင် ရဲ့ ကူလီ ဝတ္ထုဟာ မူရင်းစာရေးဆရာ Mulk Raj Anand ရဲ့ Coolie ကို ဘာသာပြန်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ အာနန်ဟာ ဒီစာအုပ်မှာ အိန္ဒိယပြည်က ဗြိတိသျှတို့ရဲ့ ညစ်ညမ်းမှုတွေကို လူအများသိစေရန် ဖွင့်ထုတ်ထားတယ်။ ပြီးတော့ အိန္ဒိယက နာမည်ကျော်ဇာတ်တစ်ခုဖြစ်တဲ့ အထက်အတန်းလွှာနဲ့ အောက်တန်းလွှာတို့ရဲ့ လူတန်းစားခြားနားမှုကိုလည်း သေချာဖော်ပြထားတယ်။ အောက်ခြေလူတန်းစားတစ်ရပ်ရဲ့ ဘဝလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ပုံကို မူရင်းစာရေးဆရာက ဆင်းရဲသားတို့ဘက်ကနေ ရပ်တည်ရေးဖွဲ့ထားတာ ကူလီ မှာ စိတ်ဝင်စားဖွယ် ဖတ်ရှုရပါမယ်။
” ဟိုအကောင်ကြီးက ဘာကောင်လဲ ဦးလေး ”
ဒါဟာ ကူလီ စာအုပ်ထဲက ဇာတ်ကောင် မူနူးလေး ရှန်နဂါမြို့ထဲ ဝင်ဝင်ချင်း သူ့ဦးလေးဖြစ်သူကို မေးလိုက်တဲ့ မေးခွန်းပါ။ ဒီမေးခွန်းလေးဟာ မီးရထားကိုတောင် မမြင်ဖူးတဲ့ အောက်ဆုံးအလွှာရဲ့ ဘဝအနေအထားကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။ ဓာတ်စက်ကိုမြင်တော့လည်း သေတ္တာထဲ လူဝင်ပြီး သီချင်းဆိုတယ်လို့ ထင်နေတဲ့ ဆင်းရဲသားလေး မူနူး။ ရှန်နဂါမှာ သူရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတွေဟာ ဘာတွေဖြစ်မလဲ။ ဘယ်လိုလူမျိုးတွေနဲ့ရော တွေ့ဆုံရမှာလဲ။
နွားကျောင်းသားလေးဘဝကနေ၊ အိမ်စေခံ၊ စက်ရုံအလုပ်သမား စသဖြင့် ထမင်းနပ်မှန်ရေးအတွက် အဆင့်ဆင့် ကျော်ဖြတ်ခဲ့ရတဲ့ မူနူးရဲ့စိတ်ခံစားချက်တွေ၊ ပင်ပန်းဆင်းရဲရပုံတွေကို စာရေးဆရာ အာနန်က ဒီစာအုပ်မှာ ထိထိမိမိ ရေးဖွဲ့ထားတယ်။ ကူလီဝတ္ထုကို ဖတ်နေရင်း အထက်တန်းလွှာတွေရဲ့ ဖိနှိပ်ချယ်လှယ်မှုတွေ၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေကို မြင်တွေ့တဲ့အခါ မူနူးနဲ့ ထပ်တူ ခံပြင်းမိစေမှာ အမှန်ပါပဲ။ အိန္ဒိယပြည်က နယ်ချဲ့စနစ်ရဲ့ ဆိုးရွားတဲ့ဖိနှိပ်မှုတွေကိုလည်း ဒီစာအုပ်ထဲမှာမြင်တွေ့ရပါလိမ့်မယ်။ မရှိဆင်းရဲသား လူတန်းစားတစ်ရပ်မှာ ကလေးလုပ်သားတွေ ပေါများပြီး ဒုက္ခခံနေရတာကိုလည်း ဖတ်နေရင်း ခံစားနားလည်မိပါတယ်။ တကယ်တမ်းတော့ လူ့လောကကြီးမှာ လူတန်းစားနှစ်ရပ်ပဲ ရှိတယ်တဲ့။ အဲ့ဒါဟာ အထက်တန်းလွှာနဲ့ အောက်တန်းလွှာပါပဲ။ ဘယ်လောက်ထိ ကွဲပြားခြားနားလဲ သိချင်ရင်တော့ ဆရာကျော်အောင် ဘာသာပြန်ထားတဲ့ ကူလီ ဝတ္ထုကိုသာ ဖတ်ကြည့်ကြဖို့ တိုက်တွန်းပါရစေ။Ks 20,000ကူလီ
Ks 20,000 -
တစ်ဘဝဒဏ်ရာ
ဆေးဆေချစ်ခြင်းကြောင့် ဆင်းရဲခြင်း ဖြစ်ရတယ်
ကိုယ်စိတ်နှစ်ပါး ဆင်းရဲရတာဟာ ချစ်ခြင်းကြောင့် ဖြစ်တယ် ၊ ချစ်ခြင်းသာ အမွန်အစ ဖြစ်တယ်လို့ တရားတော်မှာ ပါပါတယ် ။
အချစ်နဲ့ မကင်းကြတဲ့ လူသားတွေဟာ ချစ်ခြင်းကြောင့် ဆင်းရဲကြရတာ အမှန်တရား ပါပဲ ။ ချစ်ခြင်း ဆိုတာမှာလည်း ၁၅၀ဝ အချစ်ကြောင့်မှ ဆင်းရဲခြင်း ကြုံရတာ မဟုတ်ပါဘူး ။ ၅၂၈ မေတ္တာ ကြောင့်လည်း ဆင်းရဲခြင်း ကို ကြုံတွေကြရတာပဲ ။စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ဝန်းကျင် ၊ မြစ်သာမြစ် နား ၊ သာယာကုန်းရွာလေးက လူနေမှုဘဝတွေ ။ သူတို့ ဝမ်းစာ ဘယ်လို ရှာကြသလဲ ၊ ခေတ်ဆိုး စနစ်ဆိုးကြီး အောက်မှာ ရှင်သန်နေကြရတဲ့ လူတွေရဲ့ ပင်ပန်း ခက်ခဲရတဲ့ ဘဝတွေ ။ ရေနံထွက်လို့ ရေနံမှော် လုပ်ကြ ၊ ထုံးဖုတ်ကြ ၊ သစ်လုပ်ငန်း လုပ်ကြနဲ့ စုံလင်လှတဲ့ ဘဝများ။ ရင်မောစရာ ထိုထို ဘဝတွေကြားက မေတ္တာ စမ်းချောင်းလေးပမာ သက်လယ် ဆိုတဲ့ ကောင်းမလေးရဲ့ သူ့ မောင်လေး ပိုးလုံးလေး အပေါ် ထားတဲ့ မေတ္တာတရားဟာ ကြည်လင်အေးမြတဲ့ စမ်းရေ ပမာ ။
နတ်ကိုးကွယ်မှုကို အယုံကြည်လွန်ပြီး အယူသီး အစွဲအလမ်းကြိီးတဲ့ အဘွား ။ ခေါင်းမာပြီး တစောက်ကန်း လုပ်တတ်တဲ့ ဖေဖေ ။ ရပ်ရွာအကျိုးအတွက် တစ်ပြားတစ်ချပ် မှ ခံစားခွင့် မယူဘဲ မှန်မှန်ကန်ကန် လုပ်တတ်လို့ လူအချို့ရဲ့ မုန်းတီးခြင်း ခံရသူ တစ်ဦးလည်း ဖြစ်တယ် ။ ကျိန်စာတိုက် ခံရတဲ့ အထိကို တချို့က က မုန်းကြတယ် ။
လင်ယောက်ျား နဲ့ သားသမီး အတွက် ယောက္ခမ ဖြစ်သူ ညွှန်ကြားသမျှ လိုက်လုပ်ပေးရတဲ့ မေမေ ။ မောင်ကလေး ပိုးလုံးလေး မွေးကတည်းက အသက်နဲ့အမျှ ချစ်ရတဲ့ အစ်မ သက်လယ် ။ အရွယ်မတိုင်ခင် ကတည်းက အဖေ့အလုပ်ကို ကူညီချင်စိတ် အမြဲရှိတဲ့ သားလိမ္မာလေး ပိုးလုံးလေး ။ သူတို့ မိသားစု အပေါ် ရိုက်ခတ်လာတဲ့ လောကဓံ မုန်တိုင်းထဲမှာ မောင်ကလေး အပေါ် ချစ်တဲ့စိတ်နဲ့ သက်လယ် တစ်ယောက် ပင်ပန်း ဆင်းရဲခဲ့ရတယ် ။ တစ်ဘဝစာဒဏ်ရာ ပိုင်ရှင် သက်လယ် ရယ်လေ ။
ကလေးမြို့ နားက သာယာကုန်း ရွာ ရဲ့ လူမှု စီးပွားရေးတွေ ၊ ရေနံမှော် မှာ ရုန်းကန်ကြရတဲ့ ဘဝတွေ ။ အဲဒီ လူတွေ မျှော်လင့်ချက် အပြည့်နဲ့ ဆင်းရဲပင်ပန်းစွာ ရေနံတူးကြရတဲ့ ဇာတ်လမ်းတွေ ။အဆိုးထဲက အကောင်းဖြစ်တဲ့ မောင်နဲ့ နှမ ရဲ့ ကြည်နူးဖွယ် ချစ်ခြင်း မေတ္တာတရား တွေကို ဆရာမ ဆေးဆေ က သပ်ရပ် လှပစွာ ရေးဖွဲ့ထားပါတယ် ။
ပထမ တစ်အုပ်တုန်းကလိုပဲ နိုင်ငံခြား နောက်ခံ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေနဲ့ ချစ်ခြင်းမေတ္တာကို အခြားသော ရှုထောင့်တစ်ခုမှ ထူးခြားစွာ ရေးဖွဲ့ထာတဲ့ ဒီ ဇာတ်လမ်းလေးဟာ စဖတ်မိလိုက်ရင် စာအုပ်ကို လက်က မချနိုင်အောင်ပဲ စာဖတ်သူကို ဆွဲခေါ်သွားမှာပါ ။
ဖွေရှာမောရသူမယ် စာအုပ်နဲ့ လုံချင်းလောကမှာ ပွဲထွက်ကောင်းခဲ့တဲ့ ဆရာမ ဆေးဆေရဲ့ ဒုတိယမြောက် လက်ရာ ၊ ပင်ကိုရေး ဝတ္ထု အသစ်တစ်ပုဒ် ဖြစ်ပါတယ် ။Ks 3,000တစ်ဘဝဒဏ်ရာ
Ks 3,000 -
မပျော်ရွှင်နိုင်သေးတဲ့မြို့
မိုးကျော်ဇင်မိုးကျော်ဇင်ဟာ လုံးချင်းဝတ္ထုရှည်၊ ဝတ္ထုတို၊ အက်ဆေး စတဲ့ စာပေအနုသုခုမတွေကို တီထွင် ဖန်တီးနိုင်တဲ့ လက်ရာရှင်တစ်ဦးဖြစ်ပြီး သူဖန်တီးတဲ့ အနုပညာတွေဟာ ခံစားသူတို့ ရင်တွင်းကို ထိစေပါတယ်။ မိုးကျော်ဇင်ရဲ့ ဇာတ်လမ်းတွေက ကလောင်သွားထက်မှာ မျိုးစုံ ဘယ်လိုပဲလှုပ်ရှားပါစေ၊ လူသားဘဝနဲ့ အနီးစပ်ဆုံးတွေကို ဖန်တီးထားတာဖြစ်တဲ့အတွက် ဖတ်ရှုသူတိုင်းရဲ့ သဘောကျနှစ်သက်မှုကို ရနေတယ်ဆို မမှားပါဘူး။ ယခု ထုတ်ဝေလိုက်တဲ့ မိုးကျော်ဇင် – ဝတ္ထုတိုပေါင်းချူပ်မှာ ၂၀၁၅ ကနေ ၂၀၂၁ အထိ ဆရာ့ရဲ့ ဝတ္ထုတိုလက်ရာ ၁၅ ပုဒ်ကို တစ်စုတည်း စုစည်းထားတာ ဖတ်ရှုရမှာဖြစ်ပြီး ရသဖန်တီးမှုကောင်းကောင်းနဲ့ တည်ဆောက်ထားတဲ့ ဝတ္ထုတိုများလည်းဖြစ်ပါတယ်။
– စိတ္တဇမြူခိုးများ အမည်ရ ဝတ္ထုတိုမှာဆို တဒင်္ဂစိတ်ထဲက ဖြစ်လာတဲ့ မသိစိတ်ရဲ့ စေခိုင်းမှုကြောင့် ရှေ့ဆက် ဘာဆက်လုပ်ရမလဲ မဝေခွဲနိုင်တဲ့ ကာလအပိုင်းအခြားလေးကို ရိုးရှင်းစွာ တင်ပြထားတာ အဆုံးထိ မဖတ်ရမနေနိုင် ဆွဲခေါ်သွားပါလိမ့်မယ်။
– ကျပ်တစ်ထောင်တန်ထိုင်ခုံ ဝတ္ထုလေးမှာဆို မြို့ထဲကနေ မြို့ပြင်ကို အသွား တစ်ယောက်တစ်ထောင်ပေးစီးရတဲ့ ကားငယ်တစ်စီးပေါ် စာရေးဆရာ ကားစီးရင်း မြင်မိတဲ့ လူတစ်ယောက်ရဲ့ သရုပ်သကန်ကို တိကျစွာ ဖော်ညွှန်းထားတာကို ဖတ်ရှုရပါမယ်။
– နာရီကြည့်သော မိုးတိမ်များမှာက ဆိုင်ကယ်စီးရင်း ဒဏ်ငွေဆောင်ဖို့ အဖမ်းခံရတဲ့ ဘဝခရီးသည်တွေအကြောင်းကို ဖတ်ရင်း ပြုံးမိရာက နောက်ဆုံးတော့ ဪ လို့ ရေရွတ်တ်မိစေမယ့် ဝတ္ထုလေးပါ။
– ထိုင်ခုံမဲ့ မနက်ခင်းမှာဆို ဇာတ်လမ်းက ရထားတွဲမှာ ခုံနေရာ ရဖို့ ကြိုးစားသော်လည်း မရတဲ့အခါ စိတ်ညစ်ပြီး တခြားနည်း အလွယ်လမ်းကိုပဲ ရွေးသွားတာကို ဖတ်ရမှာဖြစ်ပေမယ့် စာရေးဆရာက လူ့စရိုက် လူ့မနော လူ့သဘောကို လှစ်ခနဲဖော်ပြလိုက်တာမို့ ငါဆိုလည်း ဒီလိုပဲလုပ်မိမလား တွေးမိစေမှာ ဖြစ်ပါတယ်။
– ပူဖောင်းများ မှာဆို နယ်မြို့လေးတစ်မြို့က လက်ဖက်ရည်အိုလေးမှာ ပုံမှန်ထိုင်ရင်း ငြင်းကြခုံကြ လေကန်ကြတဲ့ လူကြီးတွေအကြောင်းကို စိတ်ဝင်စားစဖွယ် ဖတ်ရမှာပါ။
မိုးကျော်ဇင်ရဲ့ ဝတ္ထုတိုပေါင်းချုပ်စာအုပ်မှာ အထက်ပါ ဝတ္ထုတိုများအပါအဝင် ကလျာ၊ ရွှေအမြုတေ၊ ကျေးရွှေတမာ၊ မိုးမခ၊ Faces၊ Fashion နဲ့ ဖြူးမြို့ အမျိုးသားကျောင်းရာပြည့်မဂ္ဂဇင်းတို့မှာ ဖော်ပြခဲ့တဲ့ ဝတ္ထုတို ၁၅ ပုဒ်ကို ပြန်လည် စုစည်း ထုတ်ဝေထားပါတယ်။ မိုးကျော်ဇင်ရဲ့ ဝတ္ထုတိုဇာတ်လမ်းတွေမှာ တည်နေရာတွေက နေရာစုံ၊ ပါဝင်တဲ့ ဇာတ်ဆောင်တွေက သဏ္ဌာန်မျိုးစုံ၊ ဟန်မျိုးစုံ၊ ဇာတ်လမ်း အဖုံဖုံ ဖြစ်ပေမယ့် ဖော်ပြပြီးသကဲ့သို့ လူသားတို့နဲ့ အနီးစပ်ဆုံး ဇာတ်လမ်းတွေ ဖြစ်တာကြောင့် ဖတ်ရှုသူတိုင်း နှစ်သက် သဘောကျစေမှာ အမှန်ပါပဲ။
ခေတ်ကာလတစ်ခုရဲ့ ဖြတ်သန်းရာ အချိန်ကာလပေါ်မှာ ရေးဖွဲ့ထားတဲ့ လူ့သဘာဝဇာတ်လမ်းများ စုစည်းမှုလည်း ဖြစ်တာကြောင့် စာပေဆုရ စာရေးဆရာ မိုးကျော်ဇင်ရဲ့ ဝတ္ထုတိုပေါင်းချုပ်ဟာ ခေတ်ကာလရဲ့ တစ်စိတ်တစ်ဒေသကို မှတ်ကျောက်တင်မယ့် စာအုပ်တစ်အုပ်လို့လည်း ဆိုနိုင်ပါတယ်။
Ks 4,500မပျော်ရွှင်နိုင်သေးတဲ့မြို့
Ks 4,500 -
ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများ
လင်းခန့်သိပ်ကောင်းတဲ့ စာအုပ်တစ်အုပ် ဖတ်ပြီးသွားရင် ဒီဇာတ်လမ်းလေး ကောင်းလိုက်တာ .. သိပ်ဖတ်လို့ကောင်းတာပဲ … စသဖြင့် တွေးမိကြမယ့်သူတွေရှိနိုင်သလို “ဒီဇာတ်လမ်းရဲ့ အဆက်များ ရှိရင်လည်း သိပ်ကောင်းဦးမှာပဲ” လို့ အချို့တွေ တွေးမိကြမယ် ထင်ပါတယ်။
ဟုတ်ကဲ့ပါ … ဒီစာအုပ်က မူရင်းမှာ ကမ္ဘာကျော်ရုပ်ရှင်အဖြစ်ရော စာအုပ်အဖြစ်ပါ အောင်မြင်သလို ဘာသာပြန်အနေနဲ့ မြန်မာပြည်မှာ လူကြိုက်များခဲ့တဲ့ ‘ဖောရက်စ်ဂမ့်’ ရဲ့ အဆက်လို့ ဆိုရမယ့် စာအုပ်ပါ။ ဖောရက်စ်ဂမ့် အမှတ် ၂ လို့ဆိုရမယ့် ‘ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများ’ မှာ စစချင်း ဂမ့်က ဘာပြောထားလဲဆို “လူမှန်ရင် အမှားမကင်းဘူးလို့ ဆိုကြတယ်။ ဒါကြောင့်ပဲ ခဲတံမှာ ခဲဖျက်တပ်ပေးထားတာပေါ့။ ဒါပေမဲ့ ကျွန်တော့်စကားကို သေချာမှတ်ထားဗျာ။ ကိုယ့်အကြောင်းကို ဘယ်သူ့ကိုမှ ရုပ်ရှင်ရိုက်ခွင့် မပေးလိုက်နဲ့” တဲ့။
ဒီစာအုပ် ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများ မှာ ဘယ်နေရာကနေ ဇာတ်ကို စဖွင့်ထားလဲဆို နယူးအော်လင်း တောင်ပိုင်းက အဖော်အချွတ်ကလပ်တစ်ခုမှာ ဖောရက်စ်ဂမ့် တစ်ယောက် ကလပ် သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်ဖြစ်နေတာက စပြီး ဖတ်ရှုရလိမ့်မယ်။ ဖြစ်ပုံက သူပိုင်ဆိုင်တဲ့ ပုစွန်ကုမ္ပဏီကြီး အရှုံးပေါ်တယ်ဆိုတာက စလို့ပဲပေါ့။ သန်းကြွယ်သူဌေး ဖောရက်စ်ဂမ့် ကုမ္ပဏီအရှုံးပေါ်တာကနေ အခြေအနေတွေအမျိုးမျိုးကြောင့် ဒေဝါလီခံရတဲ့အထိ ဖြစ်တော့ လေလွင့်ရာကနေ ကလပ်မှာ သန့်ရှင်းရေးဝန်ထမ်းဖြစ်ပြီး ကြမ်းတိုက်ရတဲ့ဘဝရောက်ရော … ။ ဒါပေမဲ့ ဖောရက်စ်ဂမ့်သည် ဖောရက်စ်ဂမ့်ပါပဲ။ သူအလုပ်လုပ်တဲ့ ကလပ်မှာ ရန်ပွဲတစ်ခု အကြောင်းပြုပြီး သူ့မိတ်ဆွေ စနိပ်နဲ့ ဆုံရာကနေ စိတ်ဝင်စားစရာ ဇာတ်ကြောင်းတွေ ဖြစ်လာခဲ့တယ်။ စနိပ်က နယူးအော်လင်းစိန့်အဖွဲ့မှာ တိုက်စစ်မှူး။ သူက စိန့်မှာ ဖောရက်စ်ကို ဘောလုံးကစားဖို့ ဖိတ်ခေါ်တယ်။ ဒီလိုနဲ့ ဗိုလ်လုပွဲမှာ ရှုံးပြီးနောက်ပိုင်း ဘောလုံးမကစားတဲ့ ဖောရက်စ်တစ်ယောက် စိန့်မှာ ဘောလုံးဖမ်းရင်း Touchdown တစ်ခါရတိုင်း ဒေါ်လာတစ်သောင်း ဘောနပ်စ်ရတာမျိုး စပြီး အောင်မြင်လာတယ်။ အောင်မြင်မှုနဲ့ အတူ ဇနီးဟောင်း ဂျန်နီနဲ့ လက်ရှိ သူမရဲ့ အမျိုးသား ဆုံးသွားတာတွေ ကြုံရတယ်။ ဘောလုံးသမားဘဝ အောင်မြင်စ ပြုကာစမှာပဲ အခြေအနေတစ်ခုကြောင့် ပရော်ဖက်ရှင်နယ် ဘောသမားနေ့ရက်တွေ ကုန်ဆုံးခဲ့ရာက အလုပ်သစ် အရောင်းမြင့်တင်ရေးကိုယ်စားလှယ်အလုပ် ထပ်ရပြန်တယ်။
1986 မှာ ထွက်ရှိခဲ့ ဖောရက်စ်ဂမ့် ဝတ္ထုရဲ့အဆက် ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများက 1995 မှာ ထွက်ရှိခဲ့ပြီး ပထမဇာတ်လမ်းရဲ့ အရှိန်အဝါကြောင့် အဆက်က ကောင်းပါ့မလားဆိုတဲ့ မေးခွန်းတွေကို Winston Groom ရဲ့ အရေးအသားနဲ့ အမိုက်စား အတွေးအခေါ် ဇာတ်ကွက်ဖန်တီးမှုတွေက ချေဖျက်ပြနိုင်ခဲ့ပါတယ်။
“Winston Groom ရဲ့ နောက်ထပ်ခမ်းနားတဲ့ဝတ္ထု။ ဖတ်ရကျိုးနပ်ပါတယ်”
“ဒီစာအုပ်က နောက်ဆုံးအခိုက်အတန့်မှာ သိပ်ခံစားရတယ်” ဆိုတဲ့ Review မျိုးတွေ ရရှိခဲ့ပါတယ်။ ဘာသာပြန်တဲ့ ဆရာလင်းခန့်ကလည်း ပထမအုပ်ဖြစ်တဲ့ ဖောရက်စ်ဂမ့်ကို ဘာသာပြန်ထားသူဖြစ်တာကြောင့် ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများဟာ ဖောရက်စ်ဂမ့် ပရိသတ်တွေသာမက ဘာသာပြန်စာပေနှစ်ခြိုက်သူတို့ လက်မလွတ်တမ်း ဖတ်ရှုရမယ့် စာအုပ်တစ်ဖြစ်ပါတယ်။Ks 4,500ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများ
Ks 4,500 -
နေခြည်ဖြာ၍ လင်းစေသား
ချစ်ခိုင်စံ“ဆရာ ဆိုသည်မှာ တပည့်များအား ပညာ၊ ဗဟုသုတ၊ ကိုယ်ကျင့်တရား စသည်တို့ကို သင်ကြားပေးသော ပုဂ္ဂိုလ် ဖြစ်သည်” လို့ ဆိုပါတယ်။ ပြီးတော့ ဝါသနာ၊ စေတနာ၊ အနစ်နာ .. စတဲ့ နာ ၃ နာနဲ့ ပြည့်စုံမှ ဆရာကောင်းလို့ ဆိုကြပါတယ်။ စာရေးဆရာ ချစ်ခိုင်စံရဲ့ ‘နေခြည်ဖြာ၍ လင်းစေသား’ ဝတ္ထုမှာ ၂၁ ရာစု ကျောင်းဆရာတစ်ယောက်ရဲ့ ဘဝကို ရသမြောက်စွာ ဖတ်ရှုရမှာပါ။
ကိုမျိုးချစ်ဟာ မြို့လေးတစ်မြို့က စီးပွားရေးသမားတစ်ဦးရဲ့ သား။ ဖခင်က သားတော်မောင်ကို သူ့ရဲ့ အလုပ်ကို ဆက်လက်ဦးစီးစေချင်တယ်။ အခြေခံပညာအဆင့် စာမေးပွဲကို ဂုဏ်ထူးတွေနဲ့ အောင်မြင်လာသူ၊ စီးပွားရေး လုပ်ငန်းရှိတဲ့ မိသားစုကနေ ဆင်းသက်သူ မျိုးချစ်ဟာ ဖခင်ဆန္ဒကို လွန်ဆန်ကာ ဝါသနာရဲ့ ပညာရေးတက္ကသိုလ်ကို ရွေးချယ်ပြီး ကျောင်းဆရာဖြစ်လာခဲ့တယ်။ နာ ၃ နာကို အခြေခံပြီး ဝါသနာပါလွန်းလို့ ကျောင်းဆရာဖြစ်လာတဲ့ မျိုးချစ်တစ်ယောက် ပထမဆုံး တာဝန်ထမ်းဆောင်ရတဲ့ ကျောင်းမှာတင် လက်တွေ့ဘဝရဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါရောလား။
မျိုးချစ်ဟာ ဝါသနာပါလွန်းတဲ့ ကျောင်းဆရာ အလုပ်ကို လုပ်နေရတဲ့အတွက် ပထမဆုံး ဝင်ရတဲ့ မြို့ပေါ်က ကျောင်းမှာတင် ဆရာ ဆရာမချင်း မာနပြိုင်ပွဲ၊ အထက်လူကြီးနဲ့ အလျှော့အတင်း၊ ကျောင်းသားကို ဆုံးမတာ မိဘက မကျေနပ်တဲ့ ကိစ္စ၊ ကျူရှင်နဲ့ ဆရာ၊ ကျောင်းအားကစား၊ အုပ်ချုပ်ရေးနဲ့ ဆရာ၊ စတာတွေကို ရင်ဆိုင်ခဲ့ရတယ်။ မျိုးချစ်ဟာ နာ ၃ နာကို အခြေခံပြီး ပထမဆုံး ကျောင်းဆရာဘဝမှာ ကြုံရသမျှ အခက်အခဲတွေကို ရင်ဆိုင်နိုင်ခဲ့တယ်။ ဒီလိုနဲ့ အချိန်ကာလတွေ ရွေ့လျားပြီး မျိုးချစ်တစ်ယောက် ရာထူးတိုးလျှောက်တာ အောင်မြင်လို့ ပဲခူးရိုးမ အစပ်နား ရွာတစ်ရွာဖြစ်တဲ့ …ထ(ခွဲ)ဝါးစိမ်းတော ကျောင်းမှာ အထက်တန်းပြ အဖြစ် တာဝန် ထမ်းဆောင်ဖို့ ဖြစ်လာတယ်။ အဲ့ဒီရွာလေးဟာ ပဲခူးရိုးမရဲ့ အစပ် ခေါင်လွန်းတဲ့နေရာဖြစ်ပြီး ငှက်ဖျားကြမ်းတယ်။ တစ်ခါတရံ တောဆင်ရိုင်းတွေ မျက်စိလည်ပြီး ရောက်လာတတ်တာမျိုး ဖြစ်တဲ့အထိ ခေါင်တဲ့ ဒေသ။ ဒီလိုဒေသကို မြို့ပေါ်က စာပေဝါသနာရှင် တဖြစ်လည်း စာရေးဆရာပေါက်စ ကိုမျိုးချစ်ဟာ သွားရောက် တာဝန်ထမ်းဆောင်ခဲ့တယ်။
‘နေခြည်ဖြာ၍ လင်းစေသား’မှာ စာရေးဆရာ ချစ်ခိုင်စံ ရေးဖွဲ့တဲ့ ၂၁ ရာစု ကျောင်းဆရာ ကိုမျိုးချစ်ရဲ့ ကျောင်းဆရာဘဝကို စာဖတ်သူတို့ ရှုမြင်ရမှာ ဖြစ်ပါတယ်။ ယခုစာအုပ်ဟာ စာရေးဆရာ ချစ်ခိုင်စံရဲ့ ဒုတိယမြောက် လုံးချင်းဝတ္ထုဖြစ်သလို ပထမဝတ္ထုဖြစ်တဲ့ ရွက်ခြောက်တုန်းကလိုပဲ ဇာတ်ကောင်တွေရဲ့ ဘဝတွေကို အပေါ်ယံ မဟုတ်ဘဲ ရင်ဘတ်ထဲထိ မြင်ရအောင် ရသမြောက် ရေးဖွဲ့ထားတဲ့ ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
Ks 6,000နေခြည်ဖြာ၍ လင်းစေသား
Ks 6,000













