• ချက်ကော့ဝတ္တုတိုပေါင်းချုပ်

    Google မှာ Top 10 Short Story Authors လို့ ရှာလိုက်မယ်ဆိုရင် နံပါတ် (၁) မှာ ပေါ်လာသူက Anton Chekhov (အင်တွန်ချက်ကော့) ပါ။ ဝတ္ထုတိုမှာ ဘာကြောင့် ချက်ကော့ကို ဖတ်ရှုသင့်သလဲဆိုတော့ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်၊ ချမ်းသာ၊ ဆင်းရဲမရွေး လူမျိုးစုံရဲ့ ဘဝတွေကြားက ဇာတ်လမ်းစုံကို ဒိဌဓမ္မလောကနဲ့ နီးစပ်စွာ သရုပ်ဖော်နိုင်လို့ဖြစ်ပါတယ်။

    ချက်ကော့က ငယ်စဉ်ကတည်းကပင် ပုံတိုပတ်စ အပြောကောင်းသူတစ်ဦးဖြစ်ပြီး နားထောင်တဲ့ သူငယ်ချင်းတွေဟာ အူတတ်မတတ် ရယ်မောကြတယ်လို့ ဆိုတယ်။ ချက်ကော့ရဲ့ မိသားစုဟာ ဆင်းရဲလေတော့ ဝင်ငွေရဖို့ မဂ္ဂဇင်း၊ ဂျာနယ်တွေကို ဝတ္ထုတိုစာမူတွေပို့ရင်း နာမည်ကျော်ကြားလာပါတယ်။ ဆေးကျောင်းတက်ရင်း၊ ဆရာဝန်လုပ်ရင်း ဒေသစုံက လူပေါင်းစုံရဲ့ အဖြစ်သနစ်တွေကို သိရှိခွင့်ရခဲ့ပြီး ၎င်းတို့ရဲ့ အဖြစ်အပျက်တွေက ဝတ္ထုတိုတွေ များစွာရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကုန်ကြမ်းတွေဖြစ်လာခဲ့တယ်။

    နိမ့်၊ မြင့်၊ တက်၊ ကျ လူတန်းစားအလွှာ အမျိုးမျိုးရဲ့ ပင်ကိုယ်စရိုက်၊ အလင်းအမှောင် စိတ်သဘောထား၊ လောဘ မောဟ၊ ဒုက္ခ သုခ တို့ကို အရှိအတိုင်း တွေ့မြင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ ချက်ကော့ရဲ့ ဝတ္ထုတိုတွေမှာ တစ်နေ့ကို ၁၂ နာရီလောက် အလုပ်လုပ်ရပြီး မငတ်ရုံတမယ် စားကြသောက်ကြရရှာသူ စက်ရုံအလုပ်သမားတွေရဲ့ အကြောင်းကနေ စက်ရုံတွေ တစ်ရုံပြီးတစ်ရုံတည်၊ အိမ်တွေ တစ်လုံးပြီးတစ်လုံး ဆောက်တဲ့ သူကြွယ်တွေအကြောင်း၊ လောဘကလွဲပြီး အကြင်နာ မေတ္တာ ဘာမှမရှိတဲ့ ကုန်သည်လူတန်းစားအကြောင်း၊ လူအများရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အမျိုးမျိုးဒုက္ခပေးတဲ့ အရာရှိ ကြီး ငယ်တို့အကြောင်း၊ လယ်လုပ်သား မြေလုပ်သားတွေကို အကြင်နာတရားမရှိဘဲ တာဝန်မဲ့တဲ့ လယ်ရှင် မြေရှင်တို့အကြောင်း၊ ပင်ပန်းကြီးစွာ အလုပ်လုပ်ရပေမယ့် အရက်ကျွန်ဖြစ်ပြီး အသိဉာဏ်ကင်းမဲ့၊ အပျင်းထူနေလို့ ဆင်းရဲတွင်းကနေ ရုန်းမထွက်နိုင်သူ လယ်သမားတို့အကြောင်း စသည် စသည် တို့ကို ဘက်လိုက်မှု ကင်းစွာ အမြင်အတိုင်း တင်ပြထားတဲ့အတွက် ခေတ်ပြိုင် ရုရှားစာရေးဆရာတို့ရဲ့ မကျေနပ်မှုများကိုပင် ခံခဲ့ရတယ်။

    ဝတ္ထုတိုတစ်ပုဒ်မှာ အပိုစကားလုံးတွေ မပါသင့်ဘူးဆိုတာနဲ့ ပတ်သက်ပြီး “ဝတ္ထုနဲ့ မသက်ဆိုင်တာ၊ အဆက်အစပ်မရှိတဲ့ စကားတွေကို မညှာတာဘဲ ဖြတ်တောက်ပစ်ရမယ်၊ ဝတ္ထုရဲ့ အခန်းတစ်မှာ နံရံပေါ်တွင် သေနတ်တစ်လက်ချိတ်ဆွဲထားသည်လို့ ဖော်ပြခဲ့ရင် နောက်အခန်းတွေမှာ အဲ့ဒီသေနတ်ဟာ ပစ်ကို ပစ်ရမယ်၊ မပစ်ဘဲ မနေရ” လို့ ပြောခဲ့ပြီး ၎င်းအဆိုအမိန့်ဟာ ခေတ်အဆက်ဆက် စာရေးဆရာတို့အပေါ် လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ချက်ကော့ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၄ နှစ်ပဲ ရှိသေးပြီး စာရေးသက် ၁၆ နှစ်မှာ ဝတ္ထုတို ၂၀၁ ပုဒ်ရေးခဲ့တယ်လို့ သိရပါတယ်။ ဒီစာအုပ်မှာ ၎င်းဝတ္ထုတွေထဲက ဆရာကျော်အောင်ရဲ့ ဘာသာပြန် စိတ်ကြိုက်ဝတ္ထုတို (၂၉) ပုဒ်ကို စုစည်းထားပါတယ်။ တတိယအကြိမ် ထုတ်ဝေမယ့် ဒီစာအုပ် ‘ကျော်အောင် – ချက်ကော့ ဝတ္ထုတိုပေါင်းချုပ်’ မှာ ဆရာကျော်အောင်ရဲ့ ပုံနှိပ်စာအုပ်အဖြစ် မထုတ်ဝေခဲ့တဲ့ ချက်ကော့ ဘာသာပြန် လေးပုဒ်ကိုပါ ထပ်မံထည့်သွင်းထားတာဖြစ်ပြီး အရင် ထွက်ခဲ့ဖူးတဲ့ အကြိမ်တွေထက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားပါတယ်။

    ဒါတွေက ချက်ကော့ မိတ်ဆက်ပဲဖြစ်ပြီး ဝတ္ထုတိုနဲ့ ပတ်သက်ရင် ကမ္ဘာ့နံပါတ် (၁) နေရာမှာ ထားပြီး ဖတ်ရှုသင့်တယ်လို့ အဆိုရှိတဲ့ ချက်ကော့ ဝတ္ထုတိုများကို ဖတ်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဖတ်ရှုပြီးတဲ့အခါ ဘာကြောင့် နံပါတ် (၁) ကို ရရှိထားလဲ ဆိုတာ စာဖတ်သူတို့ သိရှိသွားမယ်လို့ ယုံကြည်ပါတယ်။

  • ငါ့အခန်းမျက်နှာကြက်က ကြယ်ကလေးတွေ

    အရွယ်ရောက်ပြီးသူတိုင်း ဆယ်ကျော်သက်ဘဝကို ဖြတ်သန်းခဲ့ဖူးပါတယ်။ လူတွေဟာ လူမျိုး၊ ဘာသာ၊ နေထိုင်ရာဒေသ၊ အသားအရောင်၊ ရုပ်ရည် မည်သို့ပင် ကွဲပြားပါစေ .. ဆယ်ကျော်သက်ဘဝမှာ ကိုယ်စီကိုယ်စီ အမှတ်တရတွေ ရှိကြတာချင်းတော့ တူညီကြပါလိမ့်မယ်။ ဆရာ’မင်းဝေဟင်’ရဲ့ ‘ငါ့အခန်း မျက်နှာကြက်က ကြယ်ကလေးတွေ’မှာ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက် ဖြတ်သန်းတဲ့ ဘဝမျက်နှာစာတွေကို ဖတ်ရှုရမှာပါ။ ကျော်စည်သူဆက်ဟာ မောင်နှမရင်းချာ မရှိသူ တစ်ဦးတည်းသောသား၊ မိခင်က ပလာဇာမှာ ဖက်ရှင်ဆိုင်ဖွင့်ထားပြီး ဖခင်က သုံးသုံးဖြုန်းဖြုန်း စီးပွားရေးသမား၊ ပျော်သလိုနေတတ်တဲ့ မိဘနှစ်ပါးရဲ့ ကြားက ကလေးတစ်ယောက်ရဲ့ ဆယ်ကျော်သက်အရွယ် .. တိတိကျကျဆို ဆယ်တန်းအရွယ်မှာ ကျော်စည်သူဆက်ရဲ့ ဖခင်ဟာ ဘောလုံးပွဲအလောင်းအစားကြောင့် အဆင့်မြင့်အိမ်ရာထဲ ခြံနဲ့တိုက်နဲ့ နေရတဲ့ဘဝကနေ တောင်ဒဂုံဘက်ကို အထည်ကြီးပျက်ဘဝနဲ့ ရောက်သွားတယ်။ မိဘရဲ့ ဂရုအစိုက်မခံရမှု၊ ကျဆင်းသွားတဲ့ မိသားစုအခြေအနေတွေကြောင့် သူ့ဘဝရဲ့ ရွှေရောင်နေ့ရက်ကာလတွေဟာ မျှော်လင့်သလို ဖြစ်မလာတာတွေ ကြုံခဲ့ရတယ်။ ခပ်ကြမ်းကြမ်း ရိုက်ခတ်လာတဲ့ ဘဝနေ့ရက်တွေကို ရင်ဆိုင်ရတဲ့ ဇာတ်ကောင်လူငယ်လေးရဲ့ ရင်တွင်းစကားတွေကို ဒီဝတ္ထုမှာ စာဖတ်သူတို့ကို တိုက်ရိုက်ပြောဟန်နဲ့ ရေးဖွဲ့ထားတယ်။

    “ငါတို့အခန်းရဲ့ အတန်းပိုင်ဆရာမလား၊ ထိုင်ပြောနေရရင် ညနေကျောင်းဆင်းချိန်တောင် ပြီးမှာမဟုတ်၊ ၃၁ ဘုံမှာ အရစ်နိုင်ဆုံးသော ဆရာမ”

    “အခု တောင်ဒဂုံပြောင်းလာရတော့ ပင့်ကူအိမ်လေးနဲ့ ဟမ်းစတားအိမ်လေးတွေ ငါ ဒီအိမ်အထိ သယ်လာခဲ့တယ်ဆိုပေမဲ့ မျက်နှာကြက်မှာ ကြယ်ကလေးတွေ ရှိတဲ့ ဒီအိမ်လေးရဲ့ ငါ့အခန်းကျဉ်းကျဉ်းလေးထဲမှာ သူတို့တွေလည်း အနေကျပ်ကျပ်၊ ငါလည်း အနေကျပ်ကျပ်”

    “ဟင် .. ဒါဆို ဖေဖေကရော … ငါရခဲ့တဲ့ အနံ့တွေရပြီး တစ်ညလုံး တစ်နေ့လုံး နောက်ထပ် အဲ့ဒီအနံ့တွေကိုပဲ ထပ်ကာထပ်ကာရပြီး ငါ့လို အိပ်မရဘဲ ဖြစ်နေမှာမျိုးလား”
    .
    မင်းဝေဟင်ဟာ ရွှေအမြုတေ(ဝတ္ထုတို)ဆု ၁ ကြိမ်၊ ရွှေအမြုတေပရိသတ်အကြိုက်ဆု ၂ ကြိမ်၊ နှင်းဆီသူရဲကောင်းစာပေဆု ၁ ကြိမ် ရခဲ့ကာ ၂၀၁၆ ခုနှစ်မှာ အမျိုးသားစာပေ(ဝတ္ထုတို)ဆုကို ဆွတ်ခူးထားခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဝတ္ထုတိုစုစည်းမှုစာအုပ်များ၊ မဂ္ဂဇင်းဝတ္ထုရှည်စုစည်းမှုတို့ ထွက်ရှိခဲ့ပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူဖြစ်ကာ ‘ငါ့အခန်း မျက်နှာကြက်က ကြယ်ကလေးတွေ’ က ဆရာမင်းဝေဟင်ရဲ့ ပထမဆုံး လုံးချင်းဝတ္ထုစာအုပ်ဖြစ်ပါတယ်။

  • နာဂိုဒေး မိုင်ဒူဂူရီ

    အာဖရိကတိုက် နိုင်ဂျီးရီးယားနိုင်ငံထဲက မြို့လေးတစ်မြို့ဖြစ်တဲ့ မိုင်ဒူဂူရီ ကို စာရေးဆရာမ မယ်ကျွိက အလုပ်ကိစ္စနဲ့ အချိန်တစ်ခုကြာ ရောက်ရှိနေထိုင်ခဲ့ပါတယ်။ ‘မိုင်ဒူဂူရီသွား တောလား’မှာ မယ်ကျွိက ဘာတွေတင်ဆက်မလဲ၊ စာဖတ်သူတို့ ဘာတွေမြင်ရမလဲ။

    မိုင်ဒူဂူရီ ဆိုတာ နိုင်ဂျီးရီးယား အရှေ့မြောက်ဘက်စွန်းနားက မြို့လေး၊ ဆာဟာရသဲကန္တာရရဲ့ အစပ်မှာရှိတော့ မြန်မာလူမျိုးတစ်ယောက်အတွက် အလွန်ပူပြင်းတဲ့နေရာ၊ အေးပြန်တော့လည်း ရာသီဥတုက တော်တော်အေးနဲ့။ အဲ့ဒီမြို့မှာ မြန်မာစကားပြောတတ်တာ စာရေးဆရာမတစ်ယောက်ပဲ ရှိတယ်။ လုံခြုံရေး အခြေအနေအရ နေထိုင်ရတာလည်း အကျယ်ချုပ်လိုနေရာမှာ။ မိုင်ဒူဂူရီ မှာ အလုပ်လာလုပ်သူတွေဟာ ခြောက်လ၊ ဆယ်လ၊ အများဆုံး တစ်နှစ်လောက်ပဲ အလုပ်လုပ်ကြသတဲ့။ ပြီးရင် လစ်တာပဲ။ ဆရာမ ကတော့ တစ်နှစ်နဲ့ ငါးလတိတိ မိုင်ဒူဂူရီ မှာ အလုပ်လုပ်ရင်း နေထိုင်ခဲ့သတဲ့။

    အဲ့ဒီကာလတွေ မိုင်ဒူဂူရီ မှာ နေထိုင် အလုပ်လုပ် သွားလာ ဖြတ်သန်းရင်းက ရရှိလာတဲ့ အတွေ့အကြုံတွေကို ဆရာမဟာ အရင်းခံအတိုင်း စာစီဖြစ်ခဲ့တယ်။ ဖေ့စ်ဘုတ် လူမှုကွန်ရက်ပေါ်မှာ ပို့စ်တွေတင်ရင်းနဲ့ ‘မိုင်ဒူဂူရီသွား တောလား’ဟာ တဖြည်းဖြည်းချင်း အရှိန်ရကာ ဖတ်သူတိုင်း နှစ်သက်ကြတဲ့ စိတ်ဝင်စားစရာ ခရီးသွားမှတ်တမ်းတစ်ပုဒ်ဖြစ်ခဲ့တယ်။ ထိုစဉ်မှာကတည်းက စာအုပ်အဖြစ် ထုတ်ဝေဖို့ စာဖတ်သူတို့က တောင်းဆိုခဲ့ကြတယ်။ ဆရာမ မယ်ကျွိဟာ ဘာသာပြန်စာအုပ်တွေ ပြန်ဆိုခဲ့ဖူးပြီး စာဖတ်သူတို့ နှစ်သက်သဘောကျခဲ့ပါတယ်။ အခု မယ်ကျွိရဲ့ နာဂိုဒေး မိုင်ဒူဂူရီ က ဆရာမရဲ့ ပထမဆုံး ပင်ကိုယ်ရေးစာတစ်အုပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ အလှမ်းဝေးပြီး ဓလေ့စရိုက်၊ ယဉ်ကျေးမှု မတူညီတဲ့ ဒေသတစ်ခုမှာ နေထိုင်ရင်း ဆရာမရဲ့ စိတ်ထဲက ရောပြွမ်းရှုပ်ထွေးတဲ့ ခံစားချက်တွေကို ဒီစာအုပ်မှာ ဖတ်ရှုရမှာပါ။ နာဂိုဒေး ဆိုတာ ဟောက်ဆ ဘာသာစကားနဲ့ ကျေးဇူးတင်ပါတယ်လို့ အဓိပ္ပာယ်ရပြီး မိုင်ဒူဂူရီ ကတော့ ဆိုခဲ့တဲ့အတိုင်း မယ်ကျွိ နေထိုင်ခဲ့တဲ့ မြို့ကလေးနာမည်ပါ။

  • မြို့ကလေးနေမကောင်းပါ

    ဝတ္ထုတိုဖတ်ရတာကြိုက်တဲ့ စာဖတ်သူတွေထဲမှာ တစ်ချို့က ဝတ္ထတိုမှာ အလှည့်လေးတွေနဲ့ အဆုံးသတ်တာ ကြိုက်တယ်၊ တစ်ချို့က ဇာတ်လမ်း ဇာတ်ကွက်ကောင်းကောင်း ဖတ်ရတာ ကြိုက်တယ်၊ တစ်ချို့က မော်ဒန်အရေးအသားတွေ ကြိုက်တယ်။ စံပယ်ဖြူနုရဲ့ ဝတ္ထုတိုလေးတွေ ကတော့ လူ့လောက သဘာဝနဲ့ လူတွေရဲ့ စရိုက်တွေကို မြင်လာအောင် ပြောပြနေတဲ့ ဝတ္ထုတိုလေးတွေပါ။ ရိုးရှင်းတဲ့ အရေးအသားနဲ့ သင်တို့ ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်က လူတွေကို သနားချစ်ခင်လာအောင် နားလည်မှု ထားရှိနိုင်အောင် ရေးဖွဲ့ထားပါတယ်။

    “မြောက်ဖျားက အလွမ်းရာသီ” စာအုပ် နဲ့ အမျိုးသားစာပေဆုရခဲ့တဲ့ ဆရာမစံပယ်ဖြူနု ရဲ့” မြို့ကလေး နေမကောင်းပါ” ဝတ္ထုတိုစုထဲက ပထမဆုံး တစ်ပုဒ် “အလှမ်းဝေးခဲ့သည်” တစ်ပုဒ်ထဲနဲ့တင် စာဖတ်သူ အတွက် ဇာတိမြေကို လွမ်းတဲ့ ဝေဒနာ ခံစားရမှာပါ။ မြန်မာပြည်မြောက်ပိုင်းဒေသ ချစ်စရာရွာကလေးတစ်ရွာက အသက်၆၀ကျော် အမေအို တစ်ယောက် ရန်ကုန်မှာ အခြေချနေတဲ့ သမီးရဲ့ တိုက်ခန်းကျဉ်းလေးထဲကနေ ဇာတိမြေကို လွမ်းနေပုံက ရင်ကိုထိခိုက်စေပါတယ်။

    “အိမ်” ဆိုတဲ့ တစ်ပုဒ်မှာတော့ ဗဟန်းမြို့နယ်ထဲ တာဝါတစ်ခုနားက ရုံးမှာ အလုပ်လုပ်နေတဲ့ နယ်မြို့ကလာသူ မိန်းမပျိုတစ်ယောက် တာဝါအောက်ခြေထောင့်တစ်ခုကို အိမ်အမှတ်နေတဲ့ စိတ်မနှံ့သူ အမျိုးသမီးတစ်ယောက် အကြောင်းပြောပြတာ။

    ရန်ကုန်မြို့ တိုက်ခန်းကျဉ်းလေး တစ်ခုထဲက ဇာတိရွာကို လွမ်းနေတဲ့ အညောင်းမိ ခိုတစ်ကောင်၊ တာဝါအောက်က အိမ်ကလေးနဲ့ အဲဒီအိမ်ကို သံယောဇဉ် တွယ်နေသူတစ်ဦးအကြောင်း စတဲ့ လူထဲက လူတွေရဲ့ အဖြစ်အပျက်တွေနဲ့ စီခြယ်ထားတဲ့ ဝတ္ထုတိုလေးတွေ ဖြစ်ပါတယ်။

    စာဖတ်ပရိသတ်အား နှစ်သက်ခြင်းကို ဖြစ်စေလျှက် ထိုနှစ်သက်ခြင်းနှင့် တပါတည်း ဘဝအသိ တစ်ခု အလိုအလျောက် ရလာစေတယ်ဆိုတာ ရသစာပေကသာ ပေးစွမ်းနိုင်တာလို့ ဆရာဇော်ဂျီ ပြောတဲ့ စကားအတိုင်းပါပဲ။ ဝတ္ထုတို (၂၂) ပုဒ် စလုံးကို ရိုးရှင်းတဲ့ အရေးအသား၊ တွေ့နေကျ လူတွေရဲ့ စရိုက်သဘာဝကို ရှုထောင့် တစ်နေရာက ရေးသားဖေါ်ပြသွားတာ သိပ်ကောင်းလှပါတယ်။

    ဒီဝတ္ထုတိုလေးတွေ ကို ဖတ်ရှုပြီးရင် လောကကြီးနဲ့ လူသားတွေ အပေါ် ချစ်ခင်မြတ်နိုးခြင်း၊ ကိုယ်ချင်းစာ နားလည်ခြင်း တွေ တိုးပွားလာစေနိုင်မယ်လို့ ယုံကြည်မိကြောင်းပါ။

  • ကျွန်တော်ဆက်၍ ရေးချင်သောဝတ္ထုများ

    စာဖတ် ဝါသနာပါသူတိုင်းမှာ သူတို့ ဘဝ အပေါ် လွှမ်းမိုးတဲ့ စာအုပ်တွေ ရှိကြပါတယ် ။ ကိုယ် စွဲလမ်းရတဲ့ စာအုပ်တိုင်းရဲ့ အချို့သော ဇာတ်ကောင်စရိုက်တွေ ၊ အချို့သော ဇာတ်သိမ်းခန်းတွေဟာ ကိုယ့်အကြိုက် ဖြစ်ချင်မှ ဖြစ်တာ ။ ကိုယ်ကလည်း ဒီစာအုပ်ကို ကြိုက်နေတော့ ကိုယ်မကြိုက်တဲ့ ဇာတ်ဆောင်စရိုက်တွေ ၊ ဇတ်သိမ်းတွေကို ကိုယ့်စိတ်ကူးနဲ့ ဖန်တီးပြီး စိတ်ကျေနပ်မှု ရအောင် စိတ်ကူးယဉ် ခဲ့ဖူးတဲ့ အခိုက်အတန် ့ ဟာ စာဖတ်သူတွေ စိတ်ထဲမှာ ရှိခဲ့ဖူးမှာပါ ။

    ဝတ္ထု ဇာတ်လမ်းတွေ ရေးတဲ့ စာရေးဆရာတွေ အတွက် ပိုခံစားရပေမပေါ့ ။ ဒါပေမဲ့ အဲဒီအကြောင်းကို စာတစ်စောင် ပေတစ်ဖွဲ့ အနေနဲ့ ရေးသားခဲ့တာတော့ ဆရာမြသန်းတင့် တစ်ယောက်ပဲ ရှိမယ် ထင်ပါတယ် ။ အဲဒီ စာအုပ်ကတော့ ” ကျွန်တော်ဆက်၍ရေးချင်သော ဝတ္ထုများ ” ဆိုတဲ့ စာအုပ်ပါပဲ ။ စာအုပ်ကောင်း တစ်အုပ်ဟာ ခေတ်ကို ကျော်လွှားနိုင်ပါတယ် ။ ၁၉၇၄ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဒီစာအုပ် “ကျွန်တော်ဆက်၍ရေးချင်သော ဝတ္ထုများ ” ဆိုရင် အကြိမ်ကြိမ် ပြန်ထုတ်ရတဲ့ အထိ စာဖတ်သူ မျိုးဆက် အဆင့်ဆင့် ဖတ်ရှုနေကြရတဲ့ လက်စွဲ စာအုပ်တစ်အုပ် ပါ ။

    တစ်ချိန်သော အခါကာလ တစ်ခုမှာ မြသန်းတင့် ဟာ တစ်ယောက်ထီးတည်း လပေါင်းများစွာ နေခဲ့ရတယ် ။ စာကားပြောဖော် မရှိ ၊ စာအုပ်ဆိုတာ လုံးဝ မရှိတဲ့ အချိန်ကာလ တစ်ခုကို သူဖြတ်ကျော်ခဲ့ရတယ် ။ သူ့အတွက် ပစ္စုန်ပ္ပန် နဲ့ အနာဂတ် ကာလတွေ ပျောက်ဆုံးနေပြီး “အတိတ်ကာလ ” တစ်ခုတည်းမှာ နေခဲ့ရတဲ့ အချိန်မှာ ဒီစာအုပ်ရေးဖို့ စိတ်ကူးရခဲ့တယ် ။

    ၁၉၂၀ ကနေ ၁၉၄၅ ကာလ ထုတ်ဝေခဲ့တဲ့ စာအုပ်တွေ ထဲကမှ သူ ဖတ်ခဲ့ပြီး သူ နှစ်သက်ခဲ့တဲ့ ဝတ္ထုတွေထဲက ဇာတ်ကောင်တွေကို ဆရာမြသန်းတင့် ဟာ စိတ်ကူးထဲမှာ တွေ့ဆုံ ဆွေးနွေးဖို့ ဖြစ်လာပါတယ် ။ အဲဒီ ဝတ္ထုတွေရဲ့ ဇတ်လမ်းနဲ့ ဇာတ်ကောင်စရိုက်တွေ ကို ပြန်စဉ်းစား သုံးသပ်ပြီး စာအုပ် ဝေဖန်ရေး ပုံစံနဲ့ ရေးထားပါတယ် ။ ဒီစာအုပ်ကို ဖတ်ပြီးမှ ဒီထဲက ညွှန်းဆို ထားတဲ့ စာအုပ်တွေကို ရှာဖတ်ကြည့်တဲ့ သူတွေလည်း မနည်းပါဘူး ။

    ဆရာမြသန်းတင့် က ဘယ်ဝတ္ထုတွေကို ဘယ်လို ဆက်ပြီး ရေးချင်သလဲ ဆိုတာ နမူနာ ပြရရင် ….

    ” အကောင်းကို ရှာ၏ ။ အကောင်းကား မရှိတော့ ” ဆိုတဲ့ မေ ကို အမျိုးသမီး ဘော်ဒါဆောင် တစ်ခုဖွင့်ပြီး တက္ကသိုလ်ကျောင်းသူ တွေကို ထိန်းကျောင်း ပြုပြင်ပေးလိုတဲ့ ရွှေအိုရောင်မေ အဖြစ် ဖန်ဆင်းလိုက်တယ် ။ ( ဒဂုန်တာရာ _ မေ )

    ကောလိပ်ကျောင်းသား ထဲက ရွှတ်နောက်နောက် သိန်းဖေ ဟာ ဥရောပနိုင်ငံ အနှံ ့အပြား လည်ပတ် သွားလာနေတဲ့ ၊ ဘာသာစကား အသစ်တွေကို သင်ယူနေတဲ့ ဦးသိန်းဖေ အဖြစ် ဆရာမြ ပုံဖော် စိတ်ကူးယဉ် ခဲ့တယ် ။ ( ဇဝန _ကောလိပ်ကျောင်းသား)

    မြသန်းတင့် ဆက်ပြီး ရေးချင်တဲ့ ဝတ္ထုတွေထဲက ဇာတ်ကောင် တချို့က တော့…
    မင်းဆွေ ရေးတဲ့ “ဓား” ဝတ္ထု ထဲက မျိုးမြင့်ရန်နောင်

    ဇေယျ ရေးတဲ့ “မြတ်လေးရွှေဓားဗိုလ် ” ဝတ္ထုထဲက မြတ်လေးရွှေဓားဗိုလ်

    ရဲထွန်းလင်း ရေးတဲ့ “အရေးတော်ပုံတပ်သား” ဝတ္ထုထဲက မျိုးတင့် တို့နဲ့ အခြား ဇာတ်ဆောင် ၅ယောက် ဖြစ်ပါတယ် ။

    အခုအချိန်မှာ မြသန်းတင့် ဝေဖန် ညွှန်းဆို ခဲ့တဲ့ ဒီစာအုပ် (၁၀) အုပ်ဟာ ဂန္ထဝင် စာရင်းတွင်နေပါပြီ ။ ဆရာမြသန်းတင့် နှစ်သက် စွဲလမ်းခဲ့တဲ့ စာအုပ် (၁၀) အကြောင်းနဲ့ ဆရာမြ ဘယ်လိုဆက်ပြီး ရေးချင်သလဲတာတွေအပြင် မိမိစာအုပ်စင်မှာ သိမ်းဆည်းထားရမယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

  • လမ်းပျောက်

    ပြဿနာဆိုတာမျိုးက တခါတလေ ကိုယ်က မရှာပေမယ့် မထင်ရင်မထင်သလို တကူးတကနဲ့ ရောက်လာတတ်တယ် မဟုတ်လား။ ကယ်ပါဦး ဆိုလို့ တကူးတက သွားကူညီပါမှ ကိုယ်ပါ ဘဝပျက်ကိန်းနဲ့ ကြုံရတာမျိုးကျ “စေတနာသည် လူတိုင်းနှင့် မတန်” လို့ပဲ ဆိုရမလိုလို .. ။
    ဆရာဖိုးနိုင်လင်း ဘာသာပြန်တဲ့ လမ်းပျောက် က မူရင်း Stephen King နဲ့ Joe Hill တို့ရေးသားတဲ့ In The Tall Grass ။ Stephen King ရဲ့ ဝတ္ထုများအတိုင်းပဲ ဒီဝတ္ထုဟာလည်း စိတ်လှုပ်ရှားဖွယ် Thriller အမျိုးအစားဖြစ်ပြီး ရုပ်ရှင်အဖြစ် Netflix က တင်ဆက်တဲ့အခါတုန်းကလည်း အင်မတန် အောင်မြင်ခဲ့တယ်။ ရုပ်ရှင်နဲ့ ဝတ္ထုက ဇာတ်အိမ်တူပေမယ့် ဇာတ်လမ်းမှာ ကွဲလွဲချက်တွေ ရှိပါတယ်။
    ဝတ္ထုက အမေရိကန်နိုင်ငံ ကမ်းဆပ်ပြည်နယ်၊ အဝေးပြေးလမ်းအမှတ် ၄၀၀ ရဲ့ နံဘေးတစ်နေရာက မြက်ရိုင်းတောကြီးထဲမှာ ဇာတ်အိမ်တည်ထားတယ်။ ကယ်လ်ဒီးမုသ် နဲ့ ဘက်ကီဒီးမုသ် တို့ဟာ သိပ်ချစ်ကြတဲ့ မောင်နှမ ၂ ယောက်။ အသက်ကလည်း တစ်နှစ်ကျော်ကျော်ပဲကွာတော့ ဆိုးအတူ ကောင်းအတူ ဆိုတာမျိုး။
    အဝေးပြေးလမ်းမပေါ်က မြက်ရိုင်းတောကြီးနဲ့ ဒီမောင်နှမ ပတ်သက်ခဲ့တာက ဘက်ကီဒီးလ် အသက် ၁၉ လောက်မှာ ကိုယ်ဝန်ရှိခဲ့ရာလို့ပဲ ပြောရမယ်။ ကိုယ်ဝန်ရှိလာတော့ ကလေးမွေးပြီးရင် ဖြစ်လာမယ့်ကိစ္စတွေ ရှိလာတာကြောင့် မောင်နှမ ၂ ယောက်ဟာ ဘက်ကီ ကိုယ်ဝန် ၆ လ လောက်မှာ ကားတစ်စီးနဲ့ ရောက်ရာပေါက်ရာ လျှောက်သွားခဲ့တယ်။ ဒီလိုနဲ့ .. ဒီလိုနဲ့ … ပြဿနာက တကူးတက မဖိတ်ခေါ်ဘဲ ပြဿနာရှိရာအရပ် မြက်ရိုင်းတောကြီးတွေ ကပ်လျက် ရှိတဲ့ အဝေးပြေးလမ်းကို မောင်းမိလာတယ်။ မောင်းနေရင်းနဲ့ ၂ ယောက်စလုံး ကြားလိုက်ရတာက “ကယ်ကြပါ၊ ကယ်ကြပါ၊ ကျွန်တော့်ကို တစ်ယောက်ယောက် ကယ်ကြပါဦး” ဆိုတဲ့ ကလေးလေးတစ်ယောက်ရဲ့ အသံ။ ကြည့်လိုက်တော့ ကားလမ်းနံဘေး မြက်ရိုင်းတောကြီးထဲက ထွက်လာတဲ့ အသံမှန်းသိလိုက်တယ်။
    ကယ်လ် နဲ့ ဘက်ကီတို့ဟာ ပြန်မထွက်တတ်ဘဲ လမ်းပျောက်နေပြီး အကူအညီတောင်းနေတဲ့ သနားစဖွယ် ကလေးငယ်ကို ကယ်တင်ဖို့ ဆုံးဖြတ်ကာ မြက်ရိုင်းတောထဲ ဆင်းခဲ့ကြတယ်။ တကယ်တမ်း ဆင်းကြည့်မှ မြက်ရိုင်းတွေဟာ ထင်တာထက် ပိုမြင့် ပိုရှည်လျားပြီး သာမန်မြက်ရိုင်းတွေလို မပျော့ပျောင်းတာ သိလိုက်ရတယ်။ နောက်ထပ် ထူးဆန်းတာက မြက်ရိုင်းရှည်တောကြီးဟာ ကမ္ဘာမြေပေါ်က အခြားနေရာတွေလို မဟုတ်ဘဲ အရပ်ဒေသ တည်နေရာ ၊ ရေခံမြေခံ ၊ အချိန် တွေက တသမတ်တည်း မဟုတ်ဘဲ ပြောင်းလဲနေတာပါ။ အဲ့ဒါတွေထက်ပိုပြီး ဘက်ကီတို့ မောင်နှမ အံ့အားသင့်ခဲ့ရတာက မြက်ရိုင်းရှည်တောကြီးထဲမှာ လမ်းပျောက်လို့ အော်နေတဲ့ ကလေးလေး တစ်ယောက် မက ရှိနေတာ သိလိုက်ရပြီး သိပ်မကြာခင် သူတို့မောင်နှမ ကိုယ်တိုင် လမ်းပျောက်တဲ့ အဖြစ်ကို ရောက်ခဲ့တာပါပဲ။
    ကယ်လ်နဲ့ ဘက်ကီတို့ ဘာတွေ ဆက်ကြုံရမလဲ ဆိုတာ လမ်းပျောက်ဝတ္ထုမှာ ဖတ်ရှုနိုင်မှာဖြစ်ပြီး ရုပ်ရှင်နဲ့မတူတဲ့ ရသအသစ်တစ်ခုကို ရင်တထိတ်ထိတ်နဲ့ ခံစားရမှာဖြစ်ပါတယ်။
  • အပူသစ်နှင့် ရယ်ကြပါသည်

    Categories: ,

    ‘အပူသစ်နှင့် ရယ်ကြပါသည်’ က ဆရာကြီး မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ ‘အပူသစ်နှင့် လူဖြစ်စေသတည်း’ ဝတ္ထုလတ်တစ်ပုဒ်ရယ် ဆရာဟိန်းဆက်သွင်ရဲ့ ‘မရယ်ရ၍ ရယ်ကြပါသည်’ ဝတ္ထုလတ်တစ်ပုဒ်ရယ် ဝတ္ထုလတ်နှစ်ပုဒ်ပေါင်းပြီး တစ်အုပ်တင်ဆက်ထားတဲ့ စာအုပ်ပါ။ ရသစာပေချစ်သူတို့ အရသာသစ်တစ်ခု ခံစားမိစေဖို့ တင်ဆက်ထားတဲ့ စာအုပ်လေးတစ်အုပ်ဆိုလဲ မမှားပါဘူး။

     

    ဆရာကြီး မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ ‘အပူသစ်နှင့် လူဖြစ်စေသတည်း’ ဟာ ဆရာကြီးရဲ့ စာပေလက်ရာအများစုမှာ မြင်တွေ့ရတဲ့ ကံ့ကော်မြေ၊ အင်းယား၊ တက္ကသိုလ်မြေ စတာတွေကို ဖတ်ရှုရမှာ မဟုတ်ပါဘူး။ အရာရှိလစာ ထောင်ဂဏန်း၊ ဝန်ထမ်းလစာ ရာဂဏန်း၊ ဆီတစ်ပိဿာ သုံးဆယ့်လေးကျပ်၊ ဗယာကြော်တစ်ခု သုံးတယ့်ငါးပြား အစရှိတဲ့ ခေတ်ကာလတစ်ခုမှာ စက်ရုံလုပ်သားအဖြစ် တာဝန်ထမ်းဆောင်သူ အလုပ်သမားလေး သိန်းထူးနဲ့ သူ့လိုပဲ အလုပ်သမလေး အေးအေးမြင့်တို့ရဲ့ အချစ်ဇာတ်လမ်းနောက်ခံ ဘဝသရုပ်ဖော် ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ဖတ်ရှုရပါမယ်။ ကိုယ်စီ မိသားစုတွင်း မိဘတွေရဲ့ ကျန်းမာရေး၊ မောင်နှမတွေရဲ့ ပညာရေး၊ အလုပ်တွင်း ပြဿနာတွေလို အခက်အခဲတွေ ကိုယ်စီကြောင့် ချစ်လျက်နဲ့ အိမ်ထောင်မပြုနိုင်သေးတဲ့ သူတို့ရဲ့ အချစ်ဇာတ်လမ်းကို ဖတ်ရှုရင်း တစ်ခေတ်တစ်ခါက ဘဝအမောတွေကြား ကြည်နူးဖွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဆရာကြီး မောင်စိန်ဝင်း(ပုတီးကုန်း) က ‘အပူသစ်နှင့် လူဖြစ်စေသတည်း’ မှာ တင်ပြထားပါတယ်။

     

    ဆရာဟိန်းဆက်သွင်ရဲ့ ‘မရယ်ရ၍ ရယ်ကြပါသည်’ မှာက ယနေ့ကာလလို့ ဆိုရမယ့် သက္ကရာဇ် ၂၀၀၀ ခုနှစ်တစ်ဝိုက်က လူငယ်တွေရဲ့ ယုံကြည်ချက်၊ အချစ်၊ အလုပ်အကိုင် စတဲ့ သူတို့တွေရဲ့ ဘဝတွေကို မြင်တွေ့ရမယ်။ တက္ကသိုလ် အောင်ပြီးနောက်ပိုင်း စာရေးဆရာပဲ လုပ်မယ်ဆိုတဲ့ ဘဝယုံကြည်ချက်နဲ့ ရှင်သန်နေထိုင်ခဲ့သူ ပီယ။ ပီယမှာ ကျောင်းနေဖက် သူငယ်ချင်း ၂ ယောက်ရှိတယ်။ ကျော်စွာနဲ့ ညီညီအောင်။ ကျော်စွာက ဘဝအတွက် ကိုရီးယားသွားပြီး အလုပ်လုပ်တယ်။ ညီညီအောင်က သင်္ဘောတက်တယ်။ ပီယကတော့ သူ့ယုံကြည်ချက်အတိုင်းပဲ စာပေနယ်ထဲမှာ နေရာတစ်ခုရအောင် နေထိုင်ရှင်သန်တယ်။ စာပေနယ်ထဲမှာ ရှင်သန်နေထိုင်သူတို့ ပေးဆပ်ရတဲ့ အရာအားလုံးကို ပီယတစ်ယောက် ဘာမှမမှုဘဲ ဖြတ်ကျော်ခဲ့သလို သိပ်ချစ်ရတဲ့ မြသက်ပန် တစ်ယောက် သူမအဒေါ်စီစဉ်ပေးမှုနဲ့ စင်ကာပူ ထွက်ဖို့ ဖြစ်လာတဲ့အခါမှာလည်း ပီယဟာ ငွေရှာဖို့အတွက် တစ်ခုတည်းနဲ့ စာပေနယ်ကို ကျောခိုင်းပြီး ချစ်သူနောက် လိုက်မသွားခဲ့ပါဘူး။ ချစ်လျက်နဲ့ ရေခြားမြေခြား ခွဲခဲ့ရတဲ့ ပီယနဲ့ မြသက်ပန်တို့ ဆုံဆည်းမှာလား။

     

    အချိန်ကာလ သက္ကရာဇ်တွေဟာ အမြဲတမ်း ပြောင်းလဲနေမှာ ဖြစ်ပေမယ့် လူသားတို့ရဲ့ ကြားက ချစ်ခြင်းတရား၊ မိသားစုတွင်း အခက်အခဲတွေနဲ့ ပျော်ရွှင်စရာတွေ၊ ယုံကြည်ချက်တွေဟာ အမြဲဖြစ်တည်နေတာပါ။ ‘အပူသစ်နှင့် လူဖြစ်စေသတည်း’ နဲ့  ‘မရယ်ရ၍ ရယ်ကြပါသည်’ ဝတ္ထုလတ် နှစ်ပုဒ်ပေါင်း တစ်အုပ်ဖြစ်တဲ့ ‘အပူသစ်နှင့် ရယ်ကြပါသည်’ ကို ဖတ်ရှုပြီး ပြောင်းလဲလာတဲ့ ခေတ်စနစ်၊ အခြေအနေ၊ ဘဝ တွေကို မြင်တွေ့နိုင်မယ်လို့ ယုံကြည်ပါတယ်။

  • ချစ်ခရီးလမ်းတစ်လျှောက်ဝယ်

    ဆရာကျော်အောင်ဟာ ဘဝတစ်လျှောက်လုံး ပင်ကိုရေးနဲ့ ဘာသာပြန် စာပေလက်ရာကောင်းများစွာ ပြုစုသွားခဲ့ပါတယ်။ ဆရာ့ရဲ့ ဘာသာပြန်စာအုပ်များဟာ လူကြိုက်များသလို ပင်ကိုရေးစာအုပ်များကိုလဲ စာဖတ်သူတို့ နှစ်ခြိုက်အားပေးကြတယ် ။ ထွက်ရှိပြီးတဲ့ အချိန်ကာလတွေ ကြာမြင့်ပြီ ဖြစ်သော်လဲ ဆရာ့စာအုပ်များကို ပြန်လည်ရိုက်နှိပ်ထုတ်ဝေတာကို စာဖတ်ပရိသတ်များ မက်မောစွာ ဖတ်ရှုလျက် ရှိပါတယ်။ ယခု စာအုပ် ‘ချစ်ခရီးလမ်းတစ်လျှောက်ဝယ်’ ဟာ ရုပ်ရှင်ကို ပြန်လည်ခံစားပြီး အသက်သွင်းထားတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ဆရာကျော်အောင်ရဲ့ လက်ရာကောင်း ပင်ကိုရေးစာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဆရာကျော်အောင်ဟာ ရုပ်ရှင်တကားမှာလို နေရာရှုခင်းတွေကို ထင်သာမြင်သာရှိအောင် အဖွဲ့အနွဲ့တွေနဲ့ ပေါင်းစပ်ပြီး စာဖတ်သူတို့ရဲ့ မျက်လုံးထဲ မြင်ယောင်လာသည်အထိ ရေးဖွဲ့ထားပါတယ်။
    ဒီစာအုပ်ကလေးထဲမှာ ခင်မမနဲ့ ဦးဘချစ်တို့ရဲ့ ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ မြေးအဘိုး သံယောဇဥ်လေးကို တွေ့ရပါမယ်။ ဟိုးယခင်က ရန်ကုန်တက္ကသိုလ်ရဲ့ အငွေ့အသက်လေးတွေ၊ စာကြည့်တိုက်တစ်ခုရဲ့ ပုံရိပ်ကလေးတွေကို ဖတ်နေရင်းပဲ လွမ်းမောသွားစေတဲ့ စာအုပ်ကလေးပါ။ ခင်မမနဲ့ ကိုမျိုးအောင်ရဲ့ မေတ္တာဇာတ်လမ်းကို ဖတ်ရှုရတာဟာ အရင်ခေတ်တစ်ခေတ်က ရုပ်ရှင်ဇာတ်ဝင်ခန်းတွေကို ကွက်ကွက်ကွင်းကွင်း ကြည့်နေရသလို ခံစားရစေမှာ အမှန်ပါပဲ။ ဦးဘချစ်ရဲ့ လူငယ်တွေနဲ့ သဟဇာတဖြစ်ပုံလေးကိုလဲ ဖတ်ကြည့်နေရင်းပဲ ပြုံးမိစေမှာပါ။ ခင်မမတို့ရဲ့ အိမ်ထောင်ဦးအစမှာ အိမ်အကူတွေခေါ်ရင်း တွေ့ကြုံရတဲ့ အလွဲလေးတွေကလည်း စာဖတ်သူကို မပျင်းမရိ ဆွဲခေါ်သွားပါလိမ့်မယ်။
    အဘိုးရဲ့ ချစ်ခင် အလိုလိုက်ခြင်းခံရလို့ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ကြီးပြင်းခဲ့ရတဲ့ ခင်မမတစ်ယောက် … အချစ်နဲ့ထိတွေ့လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ကိုမျိုးအောင်ကရော ဘဝတလျှောက်လုံး နားလည်ခွင့်လွှတ်ပြီး ခရီးဆုံးထိ ချစ်မြတ်နိုးသွားပါ့မလား ဆိုတာကို ချစ်ခရီးလမ်းတစ်လျှောက်ဝယ် ဝတ္ထုမှာ ဆရာကျော်အောင်က လှလှပပလေး ရေးသားတင်ပြခဲ့ပါတယ်။ ဆရာကျော်အောင်ရဲ့ အခြားပင်ကိုရေးဝတ္ထုများလိုပဲ စာဖတ်သူတို့ နှစ်သက်သဘောကျကြဦးမယ့် စာအုပ်လေးတစ်အုပ်လဲ ဖြစ်ပါတယ်။
  • အလွမ်းမြစ်ရိုးတစ်လျှောက် စီးမျောရင်းနစ်မြုပ်နေသော

    “အလွမ်းမြစ်ရိုးတစ်လျှောက် စီးမျောရင်းနစ်မြုပ်နေသော” လုံးချင်းဝတ္ထုမှာ မတူညီတဲ့ လူ့စရိုက်တွေကို အခြေခံထားတဲ့ အိမ်ထောင်ရေးနဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို စာရေးဆရာမ ခတ္တာခင်က အလှပဆုံးဖြစ်အောင် ရေးဖွဲ့ထားတယ်။ ချစ်ခြင်းတရားနဲ့ တည်ဆောက်ခဲ့တဲ့ အိမ်ထောင်ရေးတစ်ခုဟာ ကွဲလွဲတဲ့ စိတ်အခြေအနေတွေ၊ ခြားနားတဲ့ ဘဝနေထိုင်မှုတွေကြောင့် တဖြည်းဖြည်း ပြိုလဲသွားနိုင်တာကို ဒီဝတ္ထုထဲမှာ ရသစာပေချစ်သူတို့ တွေ့မြင်ရမှာပါ။

    လူသားအချင်းချင်း အနီးကပ်ဆုံး နေထိုင်ကြတဲ့အခါ မိသားစုဖြစ်စေ၊ မိတ်ဆွေသူငယ်ချင်းဖြစ်စေ၊ အလွန်ချစ်မြတ်နိုးရတဲ့ ဇနီးမောင်နှံပဲဖြစ်ပါစေ၊ စိတ်နှလုံးသားနဲ့ အတွေးအခေါ် မညီမျှရင် ဝေးကွာသွားကြရမှာပါ။ ဒီစာအုပ်ထဲမှာ အဓိက တွေ့မြင်ခံစားရမှာကတော့ ယောကျ်ားတစ်ယောက်ရဲ့ စိတ်အခြေအနေပါပဲ။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ဝေခွဲမရတဲ့ စိတ်ခံစားမှုကြားမှာ ချောင်ပိတ်မိနေတဲ့  အမျိုးသားတစ်ဦးပေါ့။ စာရေးဆရာမခတ္တာခင်က ဇာတ်လမ်းဇာတ်ကြောင်းထက် ဇာတ်ကောင်စရိုက် အရေးအဖွဲ့ သရုပ်ဖော်ပြခြင်းကို ပိုအားသန်သူ ဖြစ်တာကြောင့် အလွမ်းမြစ်ရိုးတစ်လျှောက် စီးမျောရင်းနစ်မြုပ်နေသော မှာ အသက် ၃၈ နှစ်အရွယ် ပန်းချီဆရာ အောင်လွင်ဦး ကို သေသေချာချာ မြင်မိစေမှာပါ။

    အောင်လွင်ဦးရဲ့ အမျိုးသမီးဟာ အောင်လွင်ဦးကို အကြောင်းပြချက် မရှိဘဲ စွန့်ပစ်သွားတယ်။ ဒီအပေါ်  အမျိုးသမီးစာဖတ်သူတွေ အနေနဲ့ဆိုရင် ဇာတ်ကောင်အမျိုးသားကို အားမလိုအားမရ ဖြစ်လေမလား၊ ဒါမှမဟုတ် မုန်းတီးမိလေမလား။ တဦးတယောက်ရဲ့ ပြတ်သားမှုကြောင့် ကိုယ်တိုင် နာကျင်ခံစားရတယ်ဆိုရင် ကိုယ့်ရဲ့မပြတ်သားမှုကြောင့် တခြားသူ နာကျင်ခံစားနေရတာကလည်း မဖြစ်သင့်ဘူး မဟုတ်လား။

    “ဖန်ခွက်ထဲမှာ အမြဲတစေ ဖြည့်တင်းထားတဲ့ ရေတွေ ပျောက်ရှသွားသလို … ရုတ်တရက် အလွတ် ဖြစ်သွားတဲ့ ဖန်ခွက်ထဲကို ရေထပ်ဖြည့်ဖို့ အားထုတ်လိုက်၊ လဲကျလိုက် ဖြစ်နေတဲ့ အောင်လွင်ဦးရဲ့ ဘဝကို ပဲ့ကိုင်ပြီးချိန်မှာတော့ အောင်လွင်ဦးကို ကြည့်ပြီး ကျွန်မ တကယ်ရင်မောသွားပါတယ်” လို့ စာရေးဆရာမက ဆိုထားပါတယ်။

    ချစ်ခြင်းမေတ္တာဆိုတာဟာ ဘယ်တော့မှ မသေဆုံးတဲ့ သစ်ပင်တစ်ပင်လား။ သေဆုံးသွားတဲ့ သစ်ပင်နေရာမှာ အစားထိုး ပြန်ပျိုးခံရတဲ့ မျိုးစေ့တစ်စေ့လား။ ဘယ်လိုပဲဖြစ်ဖြစ် အချစ်ဆိုတာ စတင်ပြီးရင် အဆုံးသတ်ကလေး လှပနေဖို့တော့ လိုအပ်ပါတယ်။ နာကျင်ခံစားရမယ့် အရာတွေကိုတော့ အစမပျိုးမိဖို့ အကောင်းဆုံးပါပဲလေ။ ဆရာမခတ္တာခင် ဖန်တီးထုဆစ်လိုက်တဲ့ အလွမ်းမြစ်ရိုး တစ်လျှောက်မှာ စာဖတ်သူတို့ စီးမျောရင်း ဘယ်လိုခံစားကြရမလဲ … နစ်မြုပ်သွားတဲ့ အကြောင်းအရာတွေကကော စာဖတ်သူတို့ကို ဘယ်လို စိတ်ဝင်စားစေမလဲ …

    အားကောင်းလွန်းတဲ့ ဇာတ်ကောင်စရိုက် ဖန်တီးမှုတို့နောက်မှာ မျောပါရင်းနဲ့ စိတ်ကျေနပ်မှု ရရှိသွားစေမယ့် စာအုပ်တစ်အုပ်ပါပဲ။

Main Menu