• ချက်ကော့ဝတ္တုတိုပေါင်းချုပ်

    Google မှာ Top 10 Short Story Authors လို့ ရှာလိုက်မယ်ဆိုရင် နံပါတ် (၁) မှာ ပေါ်လာသူက Anton Chekhov (အင်တွန်ချက်ကော့) ပါ။ ဝတ္ထုတိုမှာ ဘာကြောင့် ချက်ကော့ကို ဖတ်ရှုသင့်သလဲဆိုတော့ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်၊ ချမ်းသာ၊ ဆင်းရဲမရွေး လူမျိုးစုံရဲ့ ဘဝတွေကြားက ဇာတ်လမ်းစုံကို ဒိဌဓမ္မလောကနဲ့ နီးစပ်စွာ သရုပ်ဖော်နိုင်လို့ဖြစ်ပါတယ်။

    ချက်ကော့က ငယ်စဉ်ကတည်းကပင် ပုံတိုပတ်စ အပြောကောင်းသူတစ်ဦးဖြစ်ပြီး နားထောင်တဲ့ သူငယ်ချင်းတွေဟာ အူတတ်မတတ် ရယ်မောကြတယ်လို့ ဆိုတယ်။ ချက်ကော့ရဲ့ မိသားစုဟာ ဆင်းရဲလေတော့ ဝင်ငွေရဖို့ မဂ္ဂဇင်း၊ ဂျာနယ်တွေကို ဝတ္ထုတိုစာမူတွေပို့ရင်း နာမည်ကျော်ကြားလာပါတယ်။ ဆေးကျောင်းတက်ရင်း၊ ဆရာဝန်လုပ်ရင်း ဒေသစုံက လူပေါင်းစုံရဲ့ အဖြစ်သနစ်တွေကို သိရှိခွင့်ရခဲ့ပြီး ၎င်းတို့ရဲ့ အဖြစ်အပျက်တွေက ဝတ္ထုတိုတွေ များစွာရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကုန်ကြမ်းတွေဖြစ်လာခဲ့တယ်။

    နိမ့်၊ မြင့်၊ တက်၊ ကျ လူတန်းစားအလွှာ အမျိုးမျိုးရဲ့ ပင်ကိုယ်စရိုက်၊ အလင်းအမှောင် စိတ်သဘောထား၊ လောဘ မောဟ၊ ဒုက္ခ သုခ တို့ကို အရှိအတိုင်း တွေ့မြင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ ချက်ကော့ရဲ့ ဝတ္ထုတိုတွေမှာ တစ်နေ့ကို ၁၂ နာရီလောက် အလုပ်လုပ်ရပြီး မငတ်ရုံတမယ် စားကြသောက်ကြရရှာသူ စက်ရုံအလုပ်သမားတွေရဲ့ အကြောင်းကနေ စက်ရုံတွေ တစ်ရုံပြီးတစ်ရုံတည်၊ အိမ်တွေ တစ်လုံးပြီးတစ်လုံး ဆောက်တဲ့ သူကြွယ်တွေအကြောင်း၊ လောဘကလွဲပြီး အကြင်နာ မေတ္တာ ဘာမှမရှိတဲ့ ကုန်သည်လူတန်းစားအကြောင်း၊ လူအများရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အမျိုးမျိုးဒုက္ခပေးတဲ့ အရာရှိ ကြီး ငယ်တို့အကြောင်း၊ လယ်လုပ်သား မြေလုပ်သားတွေကို အကြင်နာတရားမရှိဘဲ တာဝန်မဲ့တဲ့ လယ်ရှင် မြေရှင်တို့အကြောင်း၊ ပင်ပန်းကြီးစွာ အလုပ်လုပ်ရပေမယ့် အရက်ကျွန်ဖြစ်ပြီး အသိဉာဏ်ကင်းမဲ့၊ အပျင်းထူနေလို့ ဆင်းရဲတွင်းကနေ ရုန်းမထွက်နိုင်သူ လယ်သမားတို့အကြောင်း စသည် စသည် တို့ကို ဘက်လိုက်မှု ကင်းစွာ အမြင်အတိုင်း တင်ပြထားတဲ့အတွက် ခေတ်ပြိုင် ရုရှားစာရေးဆရာတို့ရဲ့ မကျေနပ်မှုများကိုပင် ခံခဲ့ရတယ်။

    ဝတ္ထုတိုတစ်ပုဒ်မှာ အပိုစကားလုံးတွေ မပါသင့်ဘူးဆိုတာနဲ့ ပတ်သက်ပြီး “ဝတ္ထုနဲ့ မသက်ဆိုင်တာ၊ အဆက်အစပ်မရှိတဲ့ စကားတွေကို မညှာတာဘဲ ဖြတ်တောက်ပစ်ရမယ်၊ ဝတ္ထုရဲ့ အခန်းတစ်မှာ နံရံပေါ်တွင် သေနတ်တစ်လက်ချိတ်ဆွဲထားသည်လို့ ဖော်ပြခဲ့ရင် နောက်အခန်းတွေမှာ အဲ့ဒီသေနတ်ဟာ ပစ်ကို ပစ်ရမယ်၊ မပစ်ဘဲ မနေရ” လို့ ပြောခဲ့ပြီး ၎င်းအဆိုအမိန့်ဟာ ခေတ်အဆက်ဆက် စာရေးဆရာတို့အပေါ် လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ချက်ကော့ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၄ နှစ်ပဲ ရှိသေးပြီး စာရေးသက် ၁၆ နှစ်မှာ ဝတ္ထုတို ၂၀၁ ပုဒ်ရေးခဲ့တယ်လို့ သိရပါတယ်။ ဒီစာအုပ်မှာ ၎င်းဝတ္ထုတွေထဲက ဆရာကျော်အောင်ရဲ့ ဘာသာပြန် စိတ်ကြိုက်ဝတ္ထုတို (၂၉) ပုဒ်ကို စုစည်းထားပါတယ်။ တတိယအကြိမ် ထုတ်ဝေမယ့် ဒီစာအုပ် ‘ကျော်အောင် – ချက်ကော့ ဝတ္ထုတိုပေါင်းချုပ်’ မှာ ဆရာကျော်အောင်ရဲ့ ပုံနှိပ်စာအုပ်အဖြစ် မထုတ်ဝေခဲ့တဲ့ ချက်ကော့ ဘာသာပြန် လေးပုဒ်ကိုပါ ထပ်မံထည့်သွင်းထားတာဖြစ်ပြီး အရင် ထွက်ခဲ့ဖူးတဲ့ အကြိမ်တွေထက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားပါတယ်။

    ဒါတွေက ချက်ကော့ မိတ်ဆက်ပဲဖြစ်ပြီး ဝတ္ထုတိုနဲ့ ပတ်သက်ရင် ကမ္ဘာ့နံပါတ် (၁) နေရာမှာ ထားပြီး ဖတ်ရှုသင့်တယ်လို့ အဆိုရှိတဲ့ ချက်ကော့ ဝတ္ထုတိုများကို ဖတ်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဖတ်ရှုပြီးတဲ့အခါ ဘာကြောင့် နံပါတ် (၁) ကို ရရှိထားလဲ ဆိုတာ စာဖတ်သူတို့ သိရှိသွားမယ်လို့ ယုံကြည်ပါတယ်။

  • တစ်ဘဝဒဏ်ရာ

    ချစ်​ခြင်း​ကြောင့် ဆင်းရဲခြင်း ဖြစ်​ရတယ်​

    ကိုယ်​စိတ်​နှစ်​ပါး ဆင်​းရဲရတာဟာ ချစ်​ခြင်​း​ကြောင်​့ ဖြစ်​တယ်​ ၊ ချစ်​ခြင်​းသာ အမွန်​အစ ဖြစ်​တယ်​လို့ တရား​တော်​မှာ ပါပါတယ်​ ။
    အချစ်​နဲ့ မကင်​းကြတဲ့ လူသား​တွေဟာ ချစ်​ခြင်​း​ကြောင်​့ ဆင်​းရဲကြရတာ အမှန်​တရား ပါပဲ ။ ချစ်​ခြင်​း ဆိုတာမှာလည်​း ၁၅၀ဝ အချစ်​​ကြောင်​့မှ ဆင်​းရဲခြင်​း ကြုံရတာ မဟုတ်​ပါဘူး ။ ၅၂၈ ​မေတ္တာ ​ကြောင်​့လည်​း ဆင်​းရဲခြင်​း ကို ကြုံ​တွေကြရတာပဲ ။

    စစ်​ကိုင်​းတိုင်​း ၊ က​လေးမြို့ ဝန်​းကျင်​ ၊ မြစ်​သာမြစ်​ နား ၊ သာယာကုန်​းရွာ​လေးက လူ​နေမှုဘဝ​တွေ ။ သူတို့ ဝမ်​းစာ ဘယ်​လို ရှာကြသလဲ ၊ ​ခေတ်​ဆိုး စနစ်​ဆိုးကြီး ​အောက်​မှာ ရှင်​သန်​​နေကြရတဲ့ လူ​တွေရဲ့ ​ပင်​ပန်​း ခက်​ခဲရတဲ့ ဘဝ​တွေ ။ ​ရေနံထွက်​လို့ ​ရေနံ​မှော်​ လုပ်​ကြ ၊ ထုံးဖုတ်​ကြ ၊ သစ်​လုပ်​ငန်​း လုပ်​ကြနဲ့ စုံလင်​လှတဲ့ ဘဝ​များ။ ရင်​​မောစရာ ထိုထို ဘဝ​တွေကြားက ​မေတ္တာ စမ်​း​ချောင်​း​လေးပမာ သက်​လယ်​ ဆိုတဲ့ ​ကောင်​းမ​လေးရဲ့ သူ့ ​မောင်​​လေး ပိုးလုံး​လေး အ​ပေါ် ထားတဲ့ ​မေတ္တာတရားဟာ ကြည်​လင်​​အေးမြတဲ့ စမ်​း​ရေ ပမာ ။

    နတ်​ကိုးကွယ်​မှုကို အယုံကြည်​လွန်​ပြီး အယူသီး အစွဲအလမ်​းကြိီးတဲ့ အဘွား ။ ​ခေါင်​းမာပြီး တ​စောက်​ကန်​း လုပ်​တတ်​တဲ့ ​ဖေ​ဖေ ​ ။ ရပ်​ရွာအကျိုးအတွက်​ တစ်​ပြားတစ်​ချပ်​ မှ ခံစားခွင်​့ မယူဘဲ မှန်​မှန်​ကန်​ကန်​ လုပ်​တတ်​လို့ လူအချို့ရဲ့ မုန်​းတီးခြင်​း ခံရသူ တစ်​ဦးလည်​း ဖြစ်​တယ်​ ။ ကျိန်​စာတိုက်​ ခံရတဲ့ အထိကို တချို့က က မုန်​းကြတယ်​ ။

    လင်​​ယောက်​ျား နဲ့ သားသမီး အတွက်​ ​ယောက္ခမ ဖြစ်​သူ ညွှန်​ကြားသမျှ လိုက်​လုပ်​​ပေးရတဲ့ ​မေ​မေ ။ ​မောင်​က​လေး ပိုးလုံး​လေး ​မွေးကတည်​းက အသက်​နဲ့အမျှ ချစ်​ရတဲ့ အစ်​မ သက်​လယ်​ ။ အရွယ်​မတိုင်​ခင်​ ကတည်​းက အ​ဖေ့အလုပ်​ကို ကူညီချင်​စိတ်​ အမြဲရှိတဲ့ သားလိမ္မာ​လေး ပိုးလုံး​လေး ။ သူတို့ မိသားစု အ​ပေါ် ရိုက်​ခတ်​လာတဲ့ ​လောကဓံ မုန်​တိုင်​းထဲမှာ ​မောင်​က​လေး အ​ပေါ် ချစ်​တဲ့စိတ်​နဲ့ သက်​လယ်​ တစ်​​ယောက်​ ပင်​ပန်​း ဆင်​းရဲခဲ့ရတယ်​ ။ တစ်​ဘဝစာဒဏ်​ရာ ပိုင်​ရှင်​ သက်​လယ်​ ရယ်​​လေ ။

    က​လေးမြို့ နားက သာယာကုန်​း ရွာ ရဲ့ လူမှု စီးပွား​ရေး​တွေ ၊ ​ရေနံ​မှော်​ မှာ ရုန်​းကန်​ကြရတဲ့ ဘဝ​တွေ ။ အဲဒီ လူ​တွေ ​မျှော်​လင်​့ချက်​ အပြည်​့နဲ့ ဆင်​းရဲပင်​ပန်​းစွာ ​ရေနံတူးကြရတဲ့ ဇာတ်​လမ်​း​တွေ ။အဆိုးထဲက အ​ကောင်​းဖြစ်​တဲ့ ​မောင်​နဲ့ နှမ ရဲ့ ကြည်​နူးဖွယ်​ ချစ်​ခြင်​း ​မေတ္တာတရား ​တွေကို ဆရာမ ​ဆေး​ဆေ က သပ်​ရပ်​ လှပစွာ ​ရေးဖွဲ့ထားပါတယ်​ ။

    ပထမ တစ်​အုပ်​တုန်​းကလိုပဲ နိုင်​ငံခြား ​နောက်​ခံ စိတ်​ဝင်​စားစရာ အဖြစ်​အပျက်​​တွေနဲ့ ချစ်​ခြင်​း​မေတ္တာကို အခြား​သော ရှု​ထောင်​့တစ်​ခုမှ ထူးခြားစွာ ​ရေးဖွဲ့ထာတဲ့ ဒီ ဇာတ်​လမ်​း​လေးဟာ စဖတ်​မိလိုက်​ရင်​ စာအုပ်​ကို လက်​က မချနိုင်​​အောင်​ပဲ စာဖတ်​သူကို ဆွဲ​ခေါ်သွားမှာပါ ။
    ​ဖွေရှာ​မောရသူမယ်​ စာအုပ်​နဲ့ လုံချင်​း​လောကမှာ ပွဲထွက်​​ကောင်​းခဲ့တဲ့ ဆရာမ ​ဆေး​ဆေရဲ့ ဒုတိယ​မြောက်​ လက်​ရာ ၊ ပင်​ကို​ရေး ဝတ္ထု​ အသစ်​တစ်​ပုဒ်​ ဖြစ်​ပါတယ်​ ။

  • မပျော်ရွှင်နိုင်သေးတဲ့မြို့

    မိုးကျော်ဇင်ဟာ လုံးချင်းဝတ္ထုရှည်၊ ဝတ္ထုတို၊ အက်ဆေး စတဲ့ စာပေအနုသုခုမတွေကို တီထွင် ဖန်တီးနိုင်တဲ့ လက်ရာရှင်တစ်ဦးဖြစ်ပြီး သူဖန်တီးတဲ့ အနုပညာတွေဟာ ခံစားသူတို့ ရင်တွင်းကို ထိစေပါတယ်။ မိုးကျော်ဇင်ရဲ့ ဇာတ်လမ်းတွေက ကလောင်သွားထက်မှာ မျိုးစုံ ဘယ်လိုပဲလှုပ်ရှားပါစေ၊ လူသားဘဝနဲ့ အနီးစပ်ဆုံးတွေကို ဖန်တီးထားတာဖြစ်တဲ့အတွက် ဖတ်ရှုသူတိုင်းရဲ့ သဘောကျနှစ်သက်မှုကို ရနေတယ်ဆို မမှားပါဘူး။ ယခု ထုတ်ဝေလိုက်တဲ့ မိုးကျော်ဇင် – ဝတ္ထုတိုပေါင်းချူပ်မှာ ၂၀၁၅ ကနေ ၂၀၂၁ အထိ ဆရာ့ရဲ့ ဝတ္ထုတိုလက်ရာ ၁၅ ပုဒ်ကို တစ်စုတည်း စုစည်းထားတာ ဖတ်ရှုရမှာဖြစ်ပြီး ရသဖန်တီးမှုကောင်းကောင်းနဲ့ တည်ဆောက်ထားတဲ့ ဝတ္ထုတိုများလည်းဖြစ်ပါတယ်။

    – စိတ္တဇမြူခိုးများ အမည်ရ ဝတ္ထုတိုမှာဆို တဒင်္ဂစိတ်ထဲက ဖြစ်လာတဲ့ မသိစိတ်ရဲ့ စေခိုင်းမှုကြောင့် ရှေ့ဆက် ဘာဆက်လုပ်ရမလဲ မဝေခွဲနိုင်တဲ့ ကာလအပိုင်းအခြားလေးကို ရိုးရှင်းစွာ တင်ပြထားတာ အဆုံးထိ မဖတ်ရမနေနိုင် ဆွဲခေါ်သွားပါလိမ့်မယ်။

    – ကျပ်တစ်ထောင်တန်ထိုင်ခုံ ဝတ္ထုလေးမှာဆို မြို့ထဲကနေ မြို့ပြင်ကို အသွား တစ်ယောက်တစ်ထောင်ပေးစီးရတဲ့ ကားငယ်တစ်စီးပေါ် စာရေးဆရာ ကားစီးရင်း မြင်မိတဲ့ လူတစ်ယောက်ရဲ့ သရုပ်သကန်ကို တိကျစွာ ဖော်ညွှန်းထားတာကို ဖတ်ရှုရပါမယ်။

    – နာရီကြည့်သော မိုးတိမ်များမှာက ဆိုင်ကယ်စီးရင်း ဒဏ်ငွေဆောင်ဖို့ အဖမ်းခံရတဲ့ ဘဝခရီးသည်တွေအကြောင်းကို ဖတ်ရင်း ပြုံးမိရာက နောက်ဆုံးတော့ ဪ လို့ ရေရွတ်တ်မိစေမယ့် ဝတ္ထုလေးပါ။

    – ထိုင်ခုံမဲ့ မနက်ခင်းမှာဆို ဇာတ်လမ်းက ရထားတွဲမှာ ခုံနေရာ ရဖို့ ကြိုးစားသော်လည်း မရတဲ့အခါ စိတ်ညစ်ပြီး တခြားနည်း အလွယ်လမ်းကိုပဲ ရွေးသွားတာကို ဖတ်ရမှာဖြစ်ပေမယ့် စာရေးဆရာက လူ့စရိုက် လူ့မနော လူ့သဘောကို လှစ်ခနဲဖော်ပြလိုက်တာမို့ ငါဆိုလည်း ဒီလိုပဲလုပ်မိမလား တွေးမိစေမှာ ဖြစ်ပါတယ်။

    – ပူဖောင်းများ မှာဆို နယ်မြို့လေးတစ်မြို့က လက်ဖက်ရည်အိုလေးမှာ ပုံမှန်ထိုင်ရင်း ငြင်းကြခုံကြ လေကန်ကြတဲ့ လူကြီးတွေအကြောင်းကို စိတ်ဝင်စားစဖွယ် ဖတ်ရမှာပါ။

    မိုးကျော်ဇင်ရဲ့ ဝတ္ထုတိုပေါင်းချုပ်စာအုပ်မှာ အထက်ပါ ဝတ္ထုတိုများအပါအဝင် ကလျာ၊ ရွှေအမြုတေ၊ ကျေးရွှေတမာ၊ မိုးမခ၊ Faces၊ Fashion နဲ့ ဖြူးမြို့ အမျိုးသားကျောင်းရာပြည့်မဂ္ဂဇင်းတို့မှာ ဖော်ပြခဲ့တဲ့ ဝတ္ထုတို ၁၅ ပုဒ်ကို ပြန်လည် စုစည်း ထုတ်ဝေထားပါတယ်။ မိုးကျော်ဇင်ရဲ့ ဝတ္ထုတိုဇာတ်လမ်းတွေမှာ တည်နေရာတွေက နေရာစုံ၊ ပါဝင်တဲ့ ဇာတ်ဆောင်တွေက သဏ္ဌာန်မျိုးစုံ၊ ဟန်မျိုးစုံ၊ ဇာတ်လမ်း အဖုံဖုံ ဖြစ်ပေမယ့် ဖော်ပြပြီးသကဲ့သို့ လူသားတို့နဲ့ အနီးစပ်ဆုံး ဇာတ်လမ်းတွေ ဖြစ်တာကြောင့် ဖတ်ရှုသူတိုင်း နှစ်သက် သဘောကျစေမှာ အမှန်ပါပဲ။

    ခေတ်ကာလတစ်ခုရဲ့ ဖြတ်သန်းရာ အချိန်ကာလပေါ်မှာ ရေးဖွဲ့ထားတဲ့ လူ့သဘာဝဇာတ်လမ်းများ စုစည်းမှုလည်း ဖြစ်တာကြောင့် စာပေဆုရ စာရေးဆရာ မိုးကျော်ဇင်ရဲ့ ဝတ္ထုတိုပေါင်းချုပ်ဟာ ခေတ်ကာလရဲ့ တစ်စိတ်တစ်ဒေသကို မှတ်ကျောက်တင်မယ့် စာအုပ်တစ်အုပ်လို့လည်း ဆိုနိုင်ပါတယ်။

  • ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများ

    သိပ်ကောင်းတဲ့ စာအုပ်တစ်အုပ် ဖတ်ပြီးသွားရင် ဒီဇာတ်လမ်းလေး ကောင်းလိုက်တာ .. သိပ်ဖတ်လို့ကောင်းတာပဲ … စသဖြင့် တွေးမိကြမယ့်သူတွေရှိနိုင်သလို “ဒီဇာတ်လမ်းရဲ့ အဆက်များ ရှိရင်လည်း သိပ်ကောင်းဦးမှာပဲ” လို့ အချို့တွေ တွေးမိကြမယ် ထင်ပါတယ်။

    ဟုတ်ကဲ့ပါ … ဒီစာအုပ်က မူရင်းမှာ ကမ္ဘာကျော်ရုပ်ရှင်အဖြစ်ရော စာအုပ်အဖြစ်ပါ အောင်မြင်သလို ဘာသာပြန်အနေနဲ့ မြန်မာပြည်မှာ လူကြိုက်များခဲ့တဲ့ ‘ဖောရက်စ်ဂမ့်’ ရဲ့ အဆက်လို့ ဆိုရမယ့် စာအုပ်ပါ။ ဖောရက်စ်ဂမ့် အမှတ် ၂ လို့ဆိုရမယ့် ‘ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများ’ မှာ စစချင်း ဂမ့်က ဘာပြောထားလဲဆို “လူမှန်ရင် အမှားမကင်းဘူးလို့ ဆိုကြတယ်။ ဒါကြောင့်ပဲ ခဲတံမှာ ခဲဖျက်တပ်ပေးထားတာပေါ့။ ဒါပေမဲ့ ကျွန်တော့်စကားကို သေချာမှတ်ထားဗျာ။ ကိုယ့်အကြောင်းကို ဘယ်သူ့ကိုမှ ရုပ်ရှင်ရိုက်ခွင့် မပေးလိုက်နဲ့” တဲ့။

    ဒီစာအုပ် ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများ မှာ ဘယ်နေရာကနေ ဇာတ်ကို စဖွင့်ထားလဲဆို နယူးအော်လင်း တောင်ပိုင်းက အဖော်အချွတ်ကလပ်တစ်ခုမှာ ဖောရက်စ်ဂမ့် တစ်ယောက် ကလပ် သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်ဖြစ်နေတာက စပြီး ဖတ်ရှုရလိမ့်မယ်။ ဖြစ်ပုံက သူပိုင်ဆိုင်တဲ့ ပုစွန်ကုမ္ပဏီကြီး အရှုံးပေါ်တယ်ဆိုတာက စလို့ပဲပေါ့။ သန်းကြွယ်သူဌေး ဖောရက်စ်ဂမ့် ကုမ္ပဏီအရှုံးပေါ်တာကနေ အခြေအနေတွေအမျိုးမျိုးကြောင့် ဒေဝါလီခံရတဲ့အထိ ဖြစ်တော့ လေလွင့်ရာကနေ ကလပ်မှာ သန့်ရှင်းရေးဝန်ထမ်းဖြစ်ပြီး ကြမ်းတိုက်ရတဲ့ဘဝရောက်ရော … ။ ဒါပေမဲ့ ဖောရက်စ်ဂမ့်သည် ဖောရက်စ်ဂမ့်ပါပဲ။ သူအလုပ်လုပ်တဲ့ ကလပ်မှာ ရန်ပွဲတစ်ခု အကြောင်းပြုပြီး သူ့မိတ်ဆွေ စနိပ်နဲ့ ဆုံရာကနေ စိတ်ဝင်စားစရာ ဇာတ်ကြောင်းတွေ ဖြစ်လာခဲ့တယ်။ စနိပ်က နယူးအော်လင်းစိန့်အဖွဲ့မှာ တိုက်စစ်မှူး။ သူက စိန့်မှာ ဖောရက်စ်ကို ဘောလုံးကစားဖို့ ဖိတ်ခေါ်တယ်။ ဒီလိုနဲ့ ဗိုလ်လုပွဲမှာ ရှုံးပြီးနောက်ပိုင်း ဘောလုံးမကစားတဲ့ ဖောရက်စ်တစ်ယောက် စိန့်မှာ ဘောလုံးဖမ်းရင်း Touchdown တစ်ခါရတိုင်း ဒေါ်လာတစ်သောင်း ဘောနပ်စ်ရတာမျိုး စပြီး အောင်မြင်လာတယ်။ အောင်မြင်မှုနဲ့ အတူ ဇနီးဟောင်း ဂျန်နီနဲ့ လက်ရှိ သူမရဲ့ အမျိုးသား ဆုံးသွားတာတွေ ကြုံရတယ်။ ဘောလုံးသမားဘဝ အောင်မြင်စ ပြုကာစမှာပဲ အခြေအနေတစ်ခုကြောင့် ပရော်ဖက်ရှင်နယ် ဘောသမားနေ့ရက်တွေ ကုန်ဆုံးခဲ့ရာက အလုပ်သစ် အရောင်းမြင့်တင်ရေးကိုယ်စားလှယ်အလုပ် ထပ်ရပြန်တယ်။

    1986 မှာ ထွက်ရှိခဲ့ ဖောရက်စ်ဂမ့် ဝတ္ထုရဲ့အဆက် ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများက 1995 မှာ ထွက်ရှိခဲ့ပြီး ပထမဇာတ်လမ်းရဲ့ အရှိန်အဝါကြောင့် အဆက်က ကောင်းပါ့မလားဆိုတဲ့ မေးခွန်းတွေကို Winston Groom ရဲ့ အရေးအသားနဲ့ အမိုက်စား အတွေးအခေါ် ဇာတ်ကွက်ဖန်တီးမှုတွေက ချေဖျက်ပြနိုင်ခဲ့ပါတယ်။

    “Winston Groom ရဲ့ နောက်ထပ်ခမ်းနားတဲ့ဝတ္ထု။ ဖတ်ရကျိုးနပ်ပါတယ်”
    “ဒီစာအုပ်က နောက်ဆုံးအခိုက်အတန့်မှာ သိပ်ခံစားရတယ်” ဆိုတဲ့ Review မျိုးတွေ ရရှိခဲ့ပါတယ်။ ဘာသာပြန်တဲ့ ဆရာလင်းခန့်ကလည်း ပထမအုပ်ဖြစ်တဲ့ ဖောရက်စ်ဂမ့်ကို ဘာသာပြန်ထားသူဖြစ်တာကြောင့် ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများဟာ ဖောရက်စ်ဂမ့် ပရိသတ်တွေသာမက ဘာသာပြန်စာပေနှစ်ခြိုက်သူတို့ လက်မလွတ်တမ်း ဖတ်ရှုရမယ့် စာအုပ်တစ်ဖြစ်ပါတယ်။

  • နေခြည်ဖြာ၍ လင်းစေသား

    “ဆရာ ဆိုသည်မှာ တပည့်များအား ပညာ၊ ဗဟုသုတ၊ ကိုယ်ကျင့်တရား စသည်တို့ကို သင်ကြားပေးသော ပုဂ္ဂိုလ် ဖြစ်သည်” လို့ ဆိုပါတယ်။ ပြီးတော့ ဝါသနာ၊ စေတနာ၊ အနစ်နာ .. စတဲ့ နာ ၃ နာနဲ့ ပြည့်စုံမှ ဆရာကောင်းလို့ ဆိုကြပါတယ်။ စာရေးဆရာ ချစ်ခိုင်စံရဲ့ ‘နေခြည်ဖြာ၍ လင်းစေသား’ ဝတ္ထုမှာ ၂၁ ရာစု ကျောင်းဆရာတစ်ယောက်ရဲ့ ဘဝကို ရသမြောက်စွာ ဖတ်ရှုရမှာပါ။

    ကိုမျိုးချစ်ဟာ မြို့လေးတစ်မြို့က စီးပွားရေးသမားတစ်ဦးရဲ့ သား။ ဖခင်က သားတော်မောင်ကို သူ့ရဲ့ အလုပ်ကို ဆက်လက်ဦးစီးစေချင်တယ်။ အခြေခံပညာအဆင့် စာမေးပွဲကို ဂုဏ်ထူးတွေနဲ့ အောင်မြင်လာသူ၊ စီးပွားရေး လုပ်ငန်းရှိတဲ့ မိသားစုကနေ ဆင်းသက်သူ မျိုးချစ်ဟာ ဖခင်ဆန္ဒကို လွန်ဆန်ကာ ဝါသနာရဲ့ ပညာရေးတက္ကသိုလ်ကို ရွေးချယ်ပြီး ကျောင်းဆရာဖြစ်လာခဲ့တယ်။ နာ ၃ နာကို အခြေခံပြီး ဝါသနာပါလွန်းလို့ ကျောင်းဆရာဖြစ်လာတဲ့ မျိုးချစ်တစ်ယောက် ပထမဆုံး တာဝန်ထမ်းဆောင်ရတဲ့ ကျောင်းမှာတင် လက်တွေ့ဘဝရဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါရောလား။

    မျိုးချစ်ဟာ ဝါသနာပါလွန်းတဲ့ ကျောင်းဆရာ အလုပ်ကို လုပ်နေရတဲ့အတွက် ပထမဆုံး ဝင်ရတဲ့ မြို့ပေါ်က ကျောင်းမှာတင် ဆရာ ဆရာမချင်း မာနပြိုင်ပွဲ၊ အထက်လူကြီးနဲ့ အလျှော့အတင်း၊ ကျောင်းသားကို ဆုံးမတာ မိဘက မကျေနပ်တဲ့ ကိစ္စ၊ ကျူရှင်နဲ့ ဆရာ၊ ကျောင်းအားကစား၊ အုပ်ချုပ်ရေးနဲ့ ဆရာ၊ စတာတွေကို ရင်ဆိုင်ခဲ့ရတယ်။ မျိုးချစ်ဟာ နာ ၃ နာကို အခြေခံပြီး ပထမဆုံး ကျောင်းဆရာဘဝမှာ ကြုံရသမျှ အခက်အခဲတွေကို ရင်ဆိုင်နိုင်ခဲ့တယ်။ ဒီလိုနဲ့ အချိန်ကာလတွေ ရွေ့လျားပြီး မျိုးချစ်တစ်ယောက် ရာထူးတိုးလျှောက်တာ အောင်မြင်လို့ ပဲခူးရိုးမ အစပ်နား ရွာတစ်ရွာဖြစ်တဲ့ …ထ(ခွဲ)ဝါးစိမ်းတော ကျောင်းမှာ အထက်တန်းပြ အဖြစ် တာဝန် ထမ်းဆောင်ဖို့ ဖြစ်လာတယ်။ အဲ့ဒီရွာလေးဟာ ပဲခူးရိုးမရဲ့ အစပ် ခေါင်လွန်းတဲ့နေရာဖြစ်ပြီး ငှက်ဖျားကြမ်းတယ်။ တစ်ခါတရံ တောဆင်ရိုင်းတွေ မျက်စိလည်ပြီး ရောက်လာတတ်တာမျိုး ဖြစ်တဲ့အထိ ခေါင်တဲ့ ဒေသ။ ဒီလိုဒေသကို မြို့ပေါ်က စာပေဝါသနာရှင် တဖြစ်လည်း စာရေးဆရာပေါက်စ ကိုမျိုးချစ်ဟာ သွားရောက် တာဝန်ထမ်းဆောင်ခဲ့တယ်။

    ‘နေခြည်ဖြာ၍ လင်းစေသား’မှာ စာရေးဆရာ ချစ်ခိုင်စံ ရေးဖွဲ့တဲ့ ၂၁ ရာစု ကျောင်းဆရာ ကိုမျိုးချစ်ရဲ့ ကျောင်းဆရာဘဝကို စာဖတ်သူတို့ ရှုမြင်ရမှာ ဖြစ်ပါတယ်။ ယခုစာအုပ်ဟာ စာရေးဆရာ ချစ်ခိုင်စံရဲ့ ဒုတိယမြောက် လုံးချင်းဝတ္ထုဖြစ်သလို ပထမဝတ္ထုဖြစ်တဲ့ ရွက်ခြောက်တုန်းကလိုပဲ ဇာတ်ကောင်တွေရဲ့ ဘဝတွေကို အပေါ်ယံ မဟုတ်ဘဲ ရင်ဘတ်ထဲထိ မြင်ရအောင် ရသမြောက် ရေးဖွဲ့ထားတဲ့ ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

  • ဇော်က ကနေသည်

    ဆရာ အကြည်တော်ရဲ့ ဝတ္ထုအများစုဟာ ရယ်မောစရာတွေမို့ ဆရာ့ကို ဟာသစာရေးဆရာလို့ ပြောကြပါတယ်။ အမှန်လည်း ဆရာအကြည်တော်ရဲ့ စာအုပ်တွေဟာ ရယ်ရပါတယ်။ ဒီစာအုပ် ဇော်က က နေသည် ကတော့ စာဖတ်သူတို့ ရယ်လည်းရယ်ရသလို မောလည်းမောရမှာပါ။

    တောထဲတောင်ထဲ သူယောင်ပင်လိုက်ရှာ၊ တွေ့ပြီဆို အကိတ်ဆုံးသူယောင်သီး တုတ်နဲ့ထိုး၊ ဟတ်ချလောင်းဆို သူယောင်မယ်ဖြစ်၊ ဇော်ဂျီနဲ့ သီချင်းဆို ကခုန်ကြ။ အဲ့ဒီလို ဇော်ဂျီမဟုတ်ပါဘူး။ လမ်းတကာလှည့်၊ လူစည်ကားရာ ဈေးလိုနေရာမှာ ဇော်က က၊ အစွမ်းထက်တဲ့ ဆေးတွေကို ရောင်းချကာ ဘဝလမ်းကို အခြေခံကျကျ လျှောက်နေတဲ့ ဆေးဆရာဇော်ဂျီ။

    ဇော်ဂျီတွေရဲ့ တောထဲတောင်ထဲက ဒဏ္ဍာရီနဲ့ ပတ်သက်ပြီး “အမှန်တော့ လူတွေအမြင်မှားနေတာပါ။ ကျွန်တော်ကိုယ်တိုင်က ဇော်ဂျီပါပဲ” လို့ ဖွင့်ဟခဲ့သူ ဇော်ဂျီတစ်ယောက်ရဲ့ ဇာတ်လမ်း။ ဇော်ဂျီဟာ နိစ္စဓူဝ ဆေးရောင်းရင်း တစ်နေ့မှာ သူ့အစ်ကို ဆုံးပါးသွားခြင်းနဲ့ အတူ မိဘမဲ့ တူလေးတစ်ယောက်နဲ့နေထိုင်ဖို့ ဖြစ်လာတယ်။ ကိုယ်တိုင်က ကြမ်းတမ်းတဲ့ဘဝခရီးလမ်းအတွက် လမ်းတကာလှည့်၊ ဇော်ဂျီဝတ်စုံကြီးဝတ်၊ လျက်ဆားနဲ့ ဆေးတွေရောင်းနေရတဲ့ ဆင်းရဲလှတဲ့ဘဝထဲဝင်လာတဲ့ ကလေးငယ်လေးဟာ သူကိုယ်တိုင် ဦးလေးဇော်ဂျီနောက် လျှောက်လိုက်ရင်း ဇော်ဂျီပေါက်စနလေး ဖြစ်လာတယ်။ ဦးလေးဇော်ဂျီနဲ့ အတွဲညီညီ ဇော်က က ရင်း လောကဓံကို တူတူ ရင်ဆိုင်ခဲ့ကြတယ်။ ဒီလိုနဲ့ ဇော်ဂျီတို့ရဲ့ ဘဝဇာတ်ခုံပေါ်ကို မထင်မှတ်ဘဲ တက်လာသူက မဉ္ဖူ။ ဇော်ဂျီလေးရဲ့ မမနတ်သမီး။ ကားမတော်တဆဖြစ်ရာက မိသားစုတွေ ဆုံးပါး၊ ကိုယ်တိုင်က ခေါင်းကို ထိပြီး ယဉ်ယဉ်လေး ရူးနေသူ။ သူ့ကိုယ်သူ နတ်သမီးလို့ စွဲမှတ်နေတဲ့ မဉ္ဖူဟာ ဇော်ဂျီ တူဝရီးကို ခင်မင်ပြီး မခွဲနိုင် မခွာရက်ဖြစ်ရာက ဇော်က ကနေသည်ဟာ ရယ်စရာ မောစရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါတော့တယ်။

    ဟာသတ္ထုတွေနဲ့ တောက်လျှောက်အောင်မြင်နေတဲ့ ဆရာအကြည်တော်ဟာ ဇော်က က နေသည် ကို ထုတ်ဝေလိုက်တော့ ရသစာဖတ်သူတို့ကြားမှာ ဘဝသရုပ်ဖော်ကို ပီပြင်တဲ့ဝတ္ထုအဖြစ် ရေပန်းစား လူပြောများခဲ့တယ်။ အပြစ်ကင်းစင်တဲ့ ဟာသလေးတွေ ကြားညပ်ပြီး ရေးထားတဲ့အတွက်လည်း ဆရာအကြည်တော်ရဲ့ ဟန်ကနေ ကွဲထွက်မသွားဘူး။ စာအုပ်အနေနဲ့ အောင်မြင်တဲ့ ဇော်က က နေသည်ကို ၂၀၀၈ ခုနှစ်မှာ နိုင်ငံကျော် အနုပညာ၊ အတတ်ပညာရှင်တွေနဲ့ ရုံတင်ခဲ့ရာမှာ အထူးလူကြိုက်များပြီး အကယ်ဒမီဆုတွေလဲ ရရှိခဲ့ပါတယ်။

  • အရိပ်လေးဆယ် (ရသအက်ဆေးများ)

    ဆရာမ စံပယ်ဖြူနု ဆိုတာ စာချစ်သူတို့ကို အထူးတလည် မိတ်ဆက်ပေးရမယ့် စာရေးဆရာမ တဦးတော့ မဟုတ်ပါဘူး။ ရသစာပေချစ်သူတိုင်းက ဆရာမရဲ့ ဝတ္ထုတို၊ရှည်၊ အက်ဆေး စတဲ့ အရေးအသားမှန်သမျှကို နှစ်ခြိုက်နေကြသလို အမျိုးသားစာပေဆုများနဲ့ အခြားစာပေဆုများကို ဆွတ်ခူးထားတဲ့ ကလောင်တစ်ချောင်းလည်း ဖြစ်ပါတယ်။ မဟာစာပေက ဆရာမစံပယ်ဖြူနုရဲ့ မြို့ကလေးနေမကောင်းပါ ဝတ္ထုတိုစု၊ အပြန်လမ်းဘယ်မှာ လမ်းဘယ်မှာနှင့် အခြားမဂ္ဂဇင်းဝတ္ထုတိုများ၊ အခါတစ်ပါး (ဝတ္ထုလတ်)လုံးချင်းတို့ကို ထုတ်ဝေခဲ့ပြီးဖြစ်ရာ ယခုထုတ်ဝေတဲ့ အရိပ်လေးဆယ်က မဟာစာပေနဲ့ စံပယ်ဖြူနုတို့ရဲ့ လေးအုပ်မြောက်လက်တွဲခြင်းဖြစ်ပါတယ်။ အရိပ်လေးဆယ်မှာ ဆရာမစံပယ်ဖြူနုက သူ့ရဲ့ စာဖတ်ပရိသတ်ကို ဘယ်လို အရေးအသားတွေနဲ့ ချပြမလဲ?

    လူတိုင်း လူတိုင်းမှာ အရိပ်ကိုယ်စီရှိကြပါတယ်။ ကျား မ မရွေး၊ ကလေးလူကြီး အရွယ်စုံ သူ့ အတိုင်းအထွာနဲ့သူ အရိပ်တွေ ကိုယ်စီရှိကြပါတယ်။ လူတိုင်းဟာ နေ့ရက်တွေတိုင်းကို နေထိုင်မှုအမျိုးမျိုးနဲ့ ရုန်းကန်လှုပ်ရှားသွားလာပြီး ဖြတ်သန်းကြရလေတော့ သူတို့ရဲ့ အရိပ်တွေဟာလည်း အရိပ်ရှင်တို့ရဲ့ ဖြတ်သန်းမှုတွေပေါ်မူတည်ပြီး အရောင်အသွေးတွေ၊ အဆင်အပြင်တွေ၊ ဖော်ပြမှုပုံစံတွေ ဖြစ်တည်လာပါတော့တယ်။ ဒီစာအုပ်မှာ ဆရာမစံပယ်ဖြူရဲ့ ဘဝဖြတ်သန်းမှု နေထိုင်လှုပ်ရှားမှုတွေထဲက အရိပ်လေးဆယ်တိတိကို ရသမြောက် အရေးအသားတို့နဲ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။

    အရိပ်တခုချင်းစီတိုင်းဟာ ရသမြောက်အရေးအသား တစ်ပုဒ်ဖြစ်တာကို တွေ့ရမှာဖြစ်ပြီး ဆရာမစံပယ်ဖြူနုရဲ့ ဘဝထဲကို အရိပ်တွေကနေ တဆင့် စာချစ်သူတို့ မြင်တွေ့ခွင့်ရမှာပါ။ အရိပ် – ၁ မှာ သူမရဲ့ အတွင်းနက်နက် စိတ်ပိုင်းဆိုင်ရာအကြောင်းတစ်ခုကို အိပ်မက်ကတဆင့် ထိတွေ့ခွင့်ရမှာဖြစ်သလို အရိပ် – ၃ မှာ ဆိုရင်လည်း တီဗွီနဲ့ ဆရာမစံပယ်ဖြူနုရဲ့ အဘွားအကြောင်းကို ခပ်ပါးပါး တို့ထိခွင့်ရမှာဖြစ်ပါတယ်။ “ကျွန်မက ကံကောင်းလို့ ကြည်အောင် မဖြစ်တာ” ဆိုတဲ့ အရိပ် – ၄ ဟာလည်း စံပယ်ဖြူနုဆိုတဲ့ ကလောင်နာမည် ဘာကြောင့် ဘယ်လိုဖြစ်လာသလဲဆိုတာကို ထဲထဲဝင်ဝင် ရေးထားတာမို့ တစ်ခါဖတ်ပြီးတာနဲ့ ဆရာမရဲ့ ပရိသတ်တို့ ဘယ်တော့မှ မမေ့တော့မယ့် အရေးအသားတစ်ပုဒ်လို့ ဆိုရမှာပါ။ အရိပ် – ၇ မှာဆို စံပယ်ဖြူနုရဲ့ အကြိုက်ဆုံးဟင်းအကြောင်း၊ အရိပ် – ၉ မှာ စံပယ်ဖြူနုနဲ့ ကြောင်အကြောင်း စတဲ့ သူမရဲ့ ဘဝထဲကို အရိပ်တွေကနေတဆင့် ဖတ်ရှုရမှာဖြစ်ပြီး လူသိပ်မသိတဲ့အကြောင်းလေးတွေကို လှစ်ဟပြတဲ့ အရိပ်အကြောင်းတွေပါ ဖတ်ရမှာပါ။

    “စာရေးကောင်းသူတို့ဟာ ဘာရေးရေး ဖတ်လို့ကောင်းနေတာပဲ” လို့ ပြောကြပါတယ်။ ဒီစာအုပ်မှာ စံပယ်ဖြူနုရဲ့ ဘဝနဲ့ ဆက်စပ်အကြောင်းအရာတို့ကို အပုဒ် ၄၀ တိတိ ဖတ်ရှုရမှာ ဖြစ်ပြီး ရသမြောက် အရေးအသားတို့နဲ့ ကွပ်ထားတဲ့ ဆရာမရဲ့ ဘဝထဲက ရှင်သန်လှုပ်ရှားမှုတွေဖြစ်တာမို့ အရိပ်တိုင်းဟာ စာဖတ်သူကို အတွေးတစ်စစီ ချန်ထားခဲ့မှာ ဖြစ်ပါတယ်။ ခရစ်သက္ကရာဇ် ၂၀၂၀ မှာ အသက် ၄၀ ပြည့်ခဲ့သူ စံပယ်ဖြူနုရဲ့ အရိပ်လေးဆယ် ကို အပိုင်း ၅ ပိုင်း ခွဲချပြထားတဲ့ ဒီစာအုပ်ကနေတဆင့် ဆရာမရဲ့ ဘဝနဲ့ နေ့ရက်ဆိုင်ရာအချို့ကို တို့ထိနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

  • နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း

    ခေတ်သစ်၏ ခေါ်ရာသို့ မလိုက်နိုင်ဘဲ ကျဆုံးသွားသည့် လူတန်းစားတစ်ရပ်တစ်ကြောင်း။

    ပေါင်းလောင်းရပ်နေ ဦးရွှေဖြူ၊ ဒေါ်ငြိမ်း၊ ၎င်းတို့၏သား ကိုဖေမောင်၊ စမုန်ကွင်းကောက်ရပ်နေ ဦးဇေယျာ၊ ဒေါ်လှမေ၊ ၎င်းတို့၏ သမီး မညွန့်ခင်။
    သူတို့သည် ဤဇာတ်လမ်း၏ ဇာတ်ဆောင်များ။ စာရေးဆရာကြီး ကျော်အောင်က ထိုဇာတ်ဆောင်တွေနဲ့ ထိုခေတ်က လူတွေအကြောင်းကို ‘နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း’မှာ ဇာတ်လမ်းတစ်ပုဒ်နဲ့ ပမာပြု တင်ပြတယ်။

    ပေါင်းလောင်းဆိုတဲ့ အရပ်က ခေါင်တယ်၊ မြန်မာပြည်အလယ်ပိုင်း တစ်နေရာကို ကိုယ်စားပြုတဲ့အရပ်ဒေသ။ အဲ့ဒီဒေသမှာ နေထိုင်ကြတဲ့သူတွေက ရိုးရိုးအေးအေးတွေ။ သီပေါမင်း ပါတော်မူပြီး အင်္ဂလိပ်တွေ ရောက်လာလို့ ခေတ်ပညာတတ်ကျောင်းတွေ ဖွင့်တဲ့အခါ “ပညာများ ဘုန်းကြီးကျောင်းမှာ ထားလည်း ရတာပဲ၊ ဘာလို့ လောကဓာတ်ကျောင်းပို့မလဲ” လို့ မေးငေါ့ကြတဲ့အရပ်။

    စမုန်ကွင်းကောက်က အောက်ပြည်အောက်ရွာက အရပ်ဒေသတစ်ခု၊ တိုးတက်ခေတ်မီတဲ့ ရန်ကုန်လို အရပ်နဲ့ ကုန်စည် အကူးအသန်း အဆက်အသွယ်ရှိတယ်။ မိရိုးဖလာ လယ်မြေ စိုက်ပျိုးစီးပွားကို အစိုးရဆီက ချေးငွေတွေ ယူပြီး ပိုမိုတိုးတက်တဲ့ စီးပွားတစ်ရပ်ဆီ ရှေ့တိုးဖို့ ကြိုးစားနေကြတဲ့ အရပ်။
    ပေါင်းလောင်းက ဦးရွှေဖြူဟာ သူကြီးမျိုးဆက်။ အဖေသူကြီး ကွယ်လွန်တော့ အလိုလို သူကြီးဖြစ်လာသူ။ သူ့ခေတ်မှာ မြန်မာတို့ ထီးနန်းကျိုးပေါက် အင်္ဂလိပ်လက်အောက်ရောက်တော့ သူက သူကြီးအရာကနေ မကျသွားတဲ့တိုင် သူ့အထက်မှာ မြို့အုပ်မင်းဆိုသူတစ်ယောက် ပေါ်လာတယ်။ သူက ဒုတိယဖြစ်သွားတယ်။ အပြောင်းအလဲခေတ်ကြီးမှာ ထိုင်နေရင် ဘာမှဖြစ်လာဘူးဆိုတဲ့ စိတ်နဲ့အောက်ပြည်အောက်ရွာ စုန်ဆင်းရာက စမုန်ကွင်းကောက်ကို ရောက်သွားတယ်။

    ‘နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း’ မှာ ကျော်အောင်ရဲ့ metaphor ဆန်ဆန် တင်ပြမှုကို ဖတ်ရပါမယ်။ ခေတ်တွေကို ပြတယ်။ လူတန်းစားတွေကိုပြတယ်။ အတွေးအခေါ် ၊ ဘဝရပ်တည်ရှင်သန်မှု၊ လူမှုစီးပွား စတာတွေကို ဇာတ်ဆောင်တွေက တစ်ဆင့်၊ စာမျက်နှာထက်က တစ်ဆင့်၊ ရေးသားတင်ပြတယ်။
    တစ်နည်း ‘နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း’ ဟာ ဝတ္ထုစာအုပ်တစ်အုပ်ထက်ပိုတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

    ဆရာကျော်အောင်၏ ပထမဆုံး ရသဝတ္ထုရှည်တစ်အုပ်ဖြစ်သလို စာပေအစဉ်အလာ ကြီးမားလှတဲ့ ပုဂံစာအုပ်တိုက်ရဲ့ (သတ္တမမြောက်) နှစ်လည်အထူးထုတ် ပင်ကိုယ်ရေး ရသဝတ္ထုရှည်တစ်အုပ်လည်း ဖြစ်ပါတယ်။

  • အမုန်းနှင့် လမ်းခွဲခြင်း

    လူတွေဟာ ကိုယ်ချစ်တဲ့၊ ခင်တဲ့သူတွေကို ဆုံးရှုံးလိုက်ရရင်ဖြစ်စေ၊ ကိုယ်နှစ်သက်တဲ့ အရာတွေကို လက်လွှတ်ပေးလိုက်ရရင် ဖြစ်စေ … ပထမဦးဆုံး လုပ်မိတာက ကိုယ့်ကိုယ်ကို အပြစ်တင်ကြတဲ့ ကိစ္စပါပဲ။ ငါ ဘာကြောင့် မလုပ်နိုင်ခဲ့ရတာလဲ ဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းတီးလာကြတယ်။ အမုန်းစိတ် ကြီးထွားလာတာနဲ့အမျှ ကိုယ့်ဖြစ်တည်မှုတွေကို လက်ခံဖို့ ခက်ခဲလာပါတယ်။
    လူသားတို့ ဘဝနေ့စွဲတွေမှာ ရှင်သန်ရ ခက်ခဲလာတာဟာလဲ မတည်မြဲမှုတွေ၊ အပြောင်းအလဲတွေကို လက်မခံနိုင်ခြင်းက အစပြုတာပါ။ အရွေ့အလျားတွေနောက်ကို ထိခိုက်ကြေကွဲစွာ လိုက်ပါခံစားရင်း နှလုံးသားထဲက ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့စိတ်တွေ ပျောက်ဆုံးသွားကြတယ်။ လူတွေဟာ တစ်ခြားတစ်ယောက်ကိုပဲ မုန်းမုန်း၊ ကိုယ့်ကိုယ်ကိုယ်ပဲ မုန်းမုန်း အမုန်းက အင်အားကြီးမားလာပြီဆိုရင် စိတ်ရောလူပါ စတင် ပူလောင်ရတော့တာပါပဲ။ ဒါကြောင့် အမုန်းတရားတွေကို ရှင်းလင်းဖယ်ထုတ်ပြီး ဘယ်လိုလမ်းခွဲရမလဲဆိုတာကို ဆရာမငွေတီဦး ရေးသားတဲ့ အမုန်းနှင့်လမ်းခွဲခြင်း (နှလုံးသားအားဖြည့် ဝတ္ထုတိုစုစည်းမှု) စာအုပ်လေးမှာ အဖြေ ရှာကြည့်နိုင်ပါတယ်။
    ‘သူပြောပြတဲ့သူမ’ ဆိုတဲ့ ဝတ္ထုတိုလေးထဲမှာတော့ ဒီလိုလေး ရေးဖွဲ့ထားတာ တွေ့ရပါတယ်။
    တခြားလူတွေကို ကြင်နာရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ကြင်နာဖို့မေ့လျော့နေရင်လဲ နာကျင်ခြင်းဟာ ကိုယ့်အတွက်ပဲ ဖြစ်လာမှာတဲ့။ ဘဝကို မသေဆုံးဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် မုန်းလို့မဖြစ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ချစ်လိုက်ပြီးတဲ့နောက်မှာ အရာရာဟာ ပြောင်းလဲသွားပါတယ် လို့ ရေးထားတာက လေးလေးနက်နက် တွေးရမဲ့ စာတစ်ပုဒ် ဖြစ်ပါစေမယ်။
    ‘စိန်ပန်းပင်’ ဆိုတဲ့ ဝတ္ထုတိုလေးကတော့ စိတ်ကို လွတ်မြောက်နေတဲ့ စိန်ပန်းပင်ကြီးနဲ့ ပါးပါးလေး ခိုင်းနှိုင်းပြသွားတာပါတယ်။ စိတ်ကို အရေးကြီးဆုံးအချိန်တွေမှာ ပိုပြီး လွှတ်ချထားတတ်ရတယ်တဲ့။ စိတ်ဟာ အတင်းအကျပ် ချုပ်နှောင်ခံထားရတဲ့အခါ မလွတ်မြောက်တော့ဘဲ ဘာအစွမ်းသတ္တိမှ မထွက်တော့ဘူး။ စိတ်နဲ့ခန္ဓာမှာ အရေးကြီးဆုံးက သက်သောင့်သက်သာရှိမှုပါပဲဆိုတာကို ဒီဝတ္ထုလေးထဲမှာ ပြောပြထားတာ တန်ဖိုးရှိစွာ တွေ့ရပါမယ်။
    အမုန်းနှင့်လမ်းခွဲခြင်း တစ်အုပ်လုံးကို ခြုံပြောရမယ်ဆိုရင်တော့ ရသဝတ္ထုတိုတွေ ဆိုတာထက် ဗီတာမင်အားဆေးလေးတွေ လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ တစ်ပုဒ် ဖတ်ပြီးသွားတိုင်း ကိုယ့်ရဲ့ ဘဝနဲ့ ကိုယ့်ကိုယ်ကိုယ် အရှိတရားလေးတွေကို မြင်ယောင်လက်ခံလာမိမှာပါ။ တစ်အုပ်လုံးက ဝတ္ထုတို ၁၆ ပုဒ်လုံး ဖတ်ရှုပြီးတဲ့အခါမှာတော့ စိတ်ရောလူပါ အားအင်ပြည့်ဝသလို ခံစားမိကြပါလိမ့်မယ်။ ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်တွေကို ကြည်လင်လန်းဆန်းဖို့ ဆရာမငွေတီဦးရဲ့ နှလုံးသား ခွန်အားဖြည့်ဝတ္ထုလေးတွေက ကူညီပေးပါလိမ့်မယ်။ ဘဝကို အရှိအတိုင်း လက်ခံပြီး မနက်ဖြန်ကို အကောင်းဆုံး ရင်ဆိုင်ဖို့ ‘အမုန်းနှင့်လမ်းခွဲခြင်း’ က ဖတ်ကြည့်သင့်တဲ့ စာအုပ်လေးတစ်အုပ်ပါပဲ။

Main Menu