• ခေတ္တ…နာကျင် ကြေကွဲခြင်း

    “ဒီစာအုပ်ဖတ်ပြီးမှ နိုင်ငံခြားသွား အလုပ်လုပ်ပါ” လို့တော့ မပြောဝံ့ပါဘူး၊
    လူတိုင်း လူတိုင်းရဲ့ ဘဝအခြေခံက မတူညီတာမို့ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကလည်း ကွဲပြားနိုင်ပါတယ်။ ဒါပေမဲ့ ဘဝနောင်ရေးအတွက် နိုင်ငံခြားသွား အလုပ်လုပ်ဖို့ စိတ်ပိုင်းဖြတ်ပြီးပြီဆိုရင် ထွန်းတောက်ထွဋ် (သင်္ချာ) ရဲ့ ခေတ္တ…နာကျင် ကြေကွဲခြင်း ကို ဖတ်ထားဖူးသင့်ပါတယ်။

    ဘာကြောင့်လဲဆို …
    ဒီစာအုပ် (ခေတ္တ..နာကျင် ကြေကွဲခြင်း) ဟာ အမိမြေကိုစွန့်ခွာပြီး တိုင်းတပါးမှာ စီးပွားရှာထွက်ခဲ့တဲ့ လူငယ်တစ်ယောက်ရဲ့ မျှော်လင့်ချက်၊ ယုံကြည်ကိုးစားမှု၊ စိတ်ကူးအိပ်မက်တွေက လက်တွေ့မှာ ဘာတွေ ဖြစ်လာခဲ့လဲ၊ ဘယ်လိုကြုံတွေ့ရသလဲ စတာတွေကို .. အရှိကို အရှိအတိုင်း ချပြထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ဝတ္ထုစာအုပ် တစ်အုပ်မို့ပါပဲ။

    ၁၉၉၀ ကျော် နှစ်ကာလတွေမှာ မြန်မာနိုင်ငံကနေ နိုင်ငံရပ်ခြား တိုင်းတစ်ပါးကို သွားရောက်အလုပ်လုပ်ကိုင်သူ လူငယ် လူရွယ်များစွာ ရှိခဲ့ကြပြီး မလေးရှားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်ခဲ့သူ ကိုဝင်းထွဋ်လည်း အပါအဝင်ပါ။ ကိုဝင်းထွဋ်ဟာ နေထိုင်ရာ မော်လမြိုင်မြို့ကနေ ရန်ကုန်ကို လာရောက် အလုပ်လုပ်ကိုင်ရင်း အားမရဘဲ နိုင်ငံခြားသွားပြီး ငွေရှာဖို့ မျှော်လင့်ချက် ကြီးမားခဲ့သူပါ။ သူ့ရဲ့ မျှော်လင့်ချက်၊ အိပ်မက်တွေနောက် လိုက်ရင်း မလေးရှားနိုင်ငံဆီ ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာ သူကြုံတွေ့ခဲ့ရတာတွေက မျှော်လင့်ခဲ့တဲ့အတိုင်းလား၊ အိပ်မက်ထဲကနဲ့ ဘယ်လိုကွဲခြားနေမလဲ။ စာရေးဆရာ ထွန်းတောက်ထွဋ် (သင်္ချာ) ရဲ့ ခေတ္တ…နာကျင် ကြေကွဲခြင်းမှာ ရသမျိုးစုံကို ခံစားရင်း ဖတ်ရှုရပါမယ်။

    ဒီမှတ်တမ်းထဲက ဦးဝင်းထွဋ်ကတော့ “အဲဒီအချိန်ကာလတုန်းက ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ ဘဝ အတွေ့အကြုံအတိုင်း၊ အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း၊ ကျွန်တော် အင်မတန်ထည့်ချင်တဲ့ သတင်းစာကြော်ငြာ ထည့်ဖြစ်ခဲ့မယ်ဆိုရင် ကိုဝင်းထွဋ် ရဲ့(ခေတ္တ ကြေကွဲခြင်းနိုင်ငံ၊ နာကျင်ခြင်းမြို့တော်) လို့ ခေါင်းစဉ်တပ်မှ သဘာဝကျမယ် ထင်ပါတယ်” လို့ ဆိုပါတယ်။

  • အရှက်သည်းသည်း

    “ရှက်ဖူးကြသလား …”

    မြန်မာအဘိဓာန်မှာ အရှက် ကို ‘အထင်သေးခံရခြင်း၊ အကဲ့ရဲ့ခံရခြင်း စသည့် အကြောင်းတစ်ခုခုကြောင့် ဖြစ်ပေါ်သော စိတ်ခံစားမှု’ လို့ ဖွင့်ဆိုပါတယ်။
    ပြောရမယ်ဆို အရှက်ရတယ်၊ ရှက်စရာကြုံတယ်၊ အရှက်ကွဲတယ် ဆိုတာ ဘာအတွက်မှ သိပ်မကောင်းတဲ့အတွက် ဘယ်သူမှ ကြုံတွေ့လိုခြင်း မရှိမှာ အသေအချာပဲ မဟုတ်လား။ ဒါပေမဲ့လည်း လူတော်တော်များများ .. လူတိုင်းနီးနီးလောက်ဟာ ဘဝမှာ ရှက်စရာ ကြုံဖူးကြတာပါပဲ၊ တိတိကျကျ ဆိုရရင် သေးသေးနဲ့ ကြီးကြီးနဲ့ ရှက်ဖူးတာပဲ ကွာကြပါမယ်။

    ဒီတော့ ရှက်ဖူးတာတော့ ဟုတ်ပါပြီ။ အရှက်ကွဲဖူးတဲ့ဖြစ်ရပ်တွေ ပြောစတမ်းဆို ဘယ်သူမှ ပြန်ပြောချင်မှာ မဟုတ်ပါဘူး။ ကိုယ့်အရှက်ကွဲထားတဲ့အကြောင်း၊ လူမသိလေ ပိုကောင်းလေပဲ။ ဒါပေမဲ့လည်း ကိုယ့်အကြောင်းသာ မပြောချင်တာ၊ သူများ အရှက်ရခဲ့တဲ့ ကိစ္စမျိုးကို စပ်စပ်စုစုနဲ့ သိချင်ကြတာလည်း လူ့သဘာဝပါပဲ။

    အရှက်သည်းသည်းမှာ စာရေးဆရာ ကိုပေါက် (မန္တလေး) ရဲ့ ဘဝတစ်လျှောက် မိသားစုတွင်းမှာ၊ သူငယ်ချင်းတွေကြားမှာ၊ အလုပ်ခွင်မှာ၊ စသဖြင့် ကြုံတွေရတဲ့ ကိုယ်တွေ့ဖြစ်ရပ် အရှက်ရခဲ့တာတွေကို ပွင့်ပွင့်လင်းလင်း ရေးထားတာ ဖတ်ရှုရပါမယ်။

    “စားပါဦးလား လို့ ခေါ်လို့ ဝင်စားမိတာ နည်းနည်းမှ အားမနာတတ်တဲ့ကောင် …. (အရှက်ကို မရှိဘူးလို့ ကွယ်ရာမှာ အပြောခံရတာ)”
    “ခဏလောက်ထင်လို့ ကူညီတာ၊ မပြောင်းကြတော့ဘူးလား မသိဘူး … (အရှက်လည်း မရှိကြဘူးလို့ မကြားတကြား အပြောခံရတာ)”
    “မျက်နှာ အငယ်ခံပြီး အကူအညီတောင်းမိတာ တွေးမိတိုင်း ရှက်ပါရဲ့ … (အကူအညီပေးတုန်းက ယူပြီး ပြန်တောင်းတော့ အရူးကွက် နင်းကြတာ)”

    ဘဝလမ်းတစ်လျှောက် ဘွားအေနဲ့ နေစဉ် ကျောင်းတက်တုန်း ကာလ၊ အိမ်ထောင်ရှင် နေ့ရက်များ ကာလ၊ အစိုးရဝန်ထမ်းဘဝ ကြုံတွေရ ကာလ၊ ပြင်ပဝန်ထမ်းဘဝ ဖြတ်သန်းရ ကာလ စသဖြင့် ဘဝနေ့ရက်တွေ ဖြတ်သန်းစဉ် မျက်မှောက်ကြုံခဲ့ရတဲ့ အရှက်ရစရာ အကြောင်းတွေကို ကိုပေါက် (မန္တလေး) က လူစုံတုန်း ရှင်းပြတယ် ဆိုသလိုပဲ ‘အရှက်သည်းသည်း’ မှာ ဒိုးဒိုးဒေါက်ဒေါက်နဲ့ ဘွင်းဘွင်းရှင်းရှင်း ဖွင့်ချပြထားတယ်။

    “ပြန်တွေးကြည့်ရင် ကျွန်တော့်ဘဝမှာ ရှက်စရာတွေက အများသား” ဆိုတဲ့ ကိုပေါက်ရဲ့ ရှက်စရာ အကြောင်းတွေကို ကိုပေါက် (မန္တလေး) ရဲ့ “အရှက်သည်းသည်း” မှာ ဖတ်ရှုရပါမယ်။

  • အခါတစ်ပါး

    တချို့တံခါးတွေကတော့ တစ်ကြိမ် ပိတ်သိမ်းလိုက်ပြီဆိုတာနဲ့ တစ်သက်စာ ပြန်ဖွင့်ခွင့် မရှိတော့ဘူး။
    ချစ်တယ်ဆိုတာ မတွေ့တာ နှစ်နဲ့ချီ ကြာနေတာတောင် သူ ကြိုက်တဲ့ ကော်ဖီအရသာကို မှတ်မိနေတာမျိုး။

    ချစ်တယ် ဆိုတာ အားလုံးဝိုင်းထိုင်ပြီး မုန့်ဟင်းခါး စားနေချိန်မှ ကြက်သွန်ဥလေးတွေကို ကိုယ့်ပန်းကန်ထဲ တိတ်တိတ်လေး ထည့်ပေးလိုက်တာမျိုး။
    ဖွင့်ဟ​ပြောမှ ချစ်တယ်လို့ သိရမှာလားလို့ မေးခွန်းထုတ်ချင်စိတ် ပေါက်လာတဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေး။ စိတ်ထဲရှိသမျှစကားတွေ အကုန်ပြောပြဖို့ ချစ်တဲ့သူနှစ်ယောက် အတွက် ဘာလို့များ အခွင့်အရေး မရှိခဲ့တာလဲ။

    မရေရာတဲ့ လမ်းတစ်ခုပေါ်မှာ စောင့်စားသူ ရောက်လာမလာခဲ့တာတောင် ကံကြမ္မာကို ယုံကြည်ပြီးနှစ်ရှည်လများ စောင့်စားနေခဲ့သူ လေးလေးမော်။ ဘယ်တော့မှ မပြောခဲ့တဲ့ စကားတွေဟာ ဘယ်တော့မှလည်း ထပ်ကြားစရာမလိုဘဲ မြေမှုန်လေးတွေ ကြားထဲတိုးဝင်ပျောက်ကွယ်သွားတော့မလားလို့ ခံစားနေရတဲ့ သက်ဇော် ခေါ် ရည်းစားများတဲ့ ကောင်ချောလေး ဖိုးသက်။ သဘောကောင်းသူ တစ်ယောက်လို့ ပတ်ဝန်းကျင်က ယုံမှတ်စေဖို့ စည်းတွေ​ဘ​ောင်တွေ ကြားမှာ အတင်း လူကြီးဆန်နေရတဲ့ ကိုကိုမင်းထက်။ သူတို့သုံးဦးရဲ့ ရင်မောဖွယ်၊ စိတ်လှုပ်ရှားဖွယ် အချစ်ဇာတ်လမ်း ရိုးရိုးလေးတစ်ပုဒ်။

    အမျိုးသားစာပေဆုရ ဆရာမ စံပယ်ဖြူနုရဲ့ ပထမဦးဆုံး လက်ရာဖြစ်တဲ့ ဝတ္ထုလတ်။လွတ်လပ်မှုကို မြတ်နိုးတဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ အတွင်းအဇ္ဇျတ္တ အတွေးတွေ၊ ရင်ခုန်လှိုက်မောစရာတွေကို ခံစားမိစေမယ့် ဝတ္ထုတစ်ပုဒ်။

  • ကမ္ဘာမြေ၏ ဝင်ရိုးတစ်ချောင်း

    မီးရထားကြီးတစ်စီး ဥဩတွေဆွဲရင်း ဘူတာထဲက ထွက်ခွာသွားသည်ဖြစ်စေ .. ဘူတာထဲ ဝင်လာသည်ဖြစ်စေ .. အဲ့ဒီမြင်ကွင်းတွေကို အများစု မြင်ဖူးကြမှာပါ။ မီးရထားကြီးပေါ်မှာ ပါသွားတဲ့ ချစ်သူနဲ့ ဝေးရလို့ လွမ်းရတာ၊ ရထားနဲ့ အလုပ်က ပြန်လာတဲ့ ဖခင်က မုန့်ဝယ်လာလို့ ပျော်တာ၊ စသဖြင့် မီးရထားတွေဟာ လူသားတွေကို ခံစားမှုတွေ ပေးစွမ်းနိုင်ပါတယ်။

    တကယ်တော့ မီးရထားတွေ အချိန်မှန်မှန် ဘူတာတွေက ထွက်ခွာပြီး အချိန်မှန်မှန် ဆိုက်ဖို့၊ ခရီးလမ်းတစ်လျှောက် ဘေးကင်းဖို့၊ ရထား အတွင်းအပြင် သန့်ရှင်းမှုနဲ့ စီးနင်းသူတို့ သက်သောင့်သက်သာရှိမှုတို့အတွက် ရထားနဲ့ ပတ်သက်ပြီး တာဝန်ရှိသူ အဆင့်ဆင့်မှာ တာဝန်ကိုယ်စီ ရှိကြပါတယ်။ တစ်နည်း မီးရထားလုပ်ငန်းခွင်က သူတို့တွေရဲ့ ရင်ထဲမှာလည်း ခံစားချက်တွေ ရှိသလို သူတို့ရဲ့ ဘဝအဖြစ်အပျက်တွေ၊ အတွေးအမြင်တွေမှာလည်း စိတ်ဝင်စားစရာတွေ ရှိပါတယ်။ ဒါတွေကို ထုံးလိုချေ ရေလိုနှောက် သိရှိ နားလည်တဲ့ စာရေးဆရာကောင်းတစ်ဦးက ဇာတ်လမ်းအဖြစ် စာစီလိုက်တဲ့အခါ ဝတ္ထုကောင်းတစ်ပုဒ် ဖြစ်လာပါတယ်။

    ဘူတာကြီးရဲ့ အနီးတဝိုက် ဝန်းကျင်က ဝန်ထမ်းဘဝတွေ၊ ဘူတာနဲ့ ရထားတွေကို အမှီပြုပြီး ဝမ်းစာရှာ နေထိုင်ရှင်သန်သူတွေ အကြောင်းကို ဆရာရဲသျှမ်းက “ကမ္ဘာမြေရဲ့ ဝင်ရိုးတစ်ချောင်း”မှာ ရသမြောက်စွာ ပုံဖော်ခဲ့တယ်။ ဆရာဟာ ရန်ကုန်ဘူတာကြီးမှာ ကိုယ်တိုင်တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့အတွက် ရေးသားလိုက်တဲ့ စာများဟာ ကြွရွလှပနေခဲ့တယ်။ မြန်မာ့မီးရထားဝန်ထမ်းတစ်ဦး ဖြစ်ရုံသာမက ရသစာပေဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဆရာဟာ “ကမ္ဘာမြေရဲ့ ဝင်ရိုးတစ်ချောင်း”မှာ မီးရထားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေတင်မက ကိုယ်တိုင်ဖြတ်သန်းကြုံတွေခဲ့ရတဲ့ စာပေလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ရသစာဖတ်ဝိုင်းအကြောင်းကို ရသမြောက်စွာ မှတ်တမ်းပြုရေးသားထားတာ ဖတ်ရှုရပါမယ်။

    “ကမ္ဘာမြေရဲ့ ဝင်ရိုးတစ်ချောင်း”က ဆရာရဲသျှမ်းရဲ့ ပထမဆုံး ပင်ကိုရေး လုံးချင်းဝတ္ထုရှည်ဖြစ်ပါတယ်။ ခေတ် ကာလ အဖြစ်အပျက် နေရာ အခင်းအကျင်းတွေမှာ ချစ်ခြင်း၊ မုန်းခြင်း၊ မေတ္တာတရားတို့ ရှိကြတဲ့ ဇာတ်ကောင်များကို ဖွဲ့တည်ထားသည် လို့ အမှာစာမှာ ဖော်ပြထားပြီး စာဖတ်သူ၏ ခံစားမှုသည် အမှန်တရားလို့ ဆိုတဲ့ ဒီဝတ္ထုရှည်မှာ စာဖတ်သူတို့ မီးရထားတစ်စင်းကို နောက်ကွယ်က ခုတ်မောင်းစေသူတို့ရဲ့ ဘဝတွေနဲ့ ပတ်သက်တာတွေကို ခံစားရမှာပါ။

  • ညို

    နဂို background က မကောင်းရတဲ့ကြား ယောက်ျား စွန့်ပစ်ခြင်းကိုပါ ခံရတဲ့ မိန်းမတစ်ယောက်ရဲ့ ဘဝလမ်းခရီးဟာ ဘယ်လိုတွေ ကြမ်းတမ်းနေမလဲ? ဘယ်အခြေအနေထိ ရောက်သွားနိုင်လဲ?

    ဆရာထွန်းတောက်ဋ် (သင်္ချာ) ဟာ ပထမဆုံး လုံးချင်း ‘ခေတ္တ နာကျင်ကြေကွဲခြင်း’ မှာ နိုင်ငံရပ်ခြား တိုင်းတစ်ပါးရောက် အမျိုးသားတို့ရဲ့ ဘဝကို အကောင်းဆုံး ပုံဖော်နိုင်ခဲ့သူဖြစ်ပြီး ယခု ဒုတိယစာအုပ်မှာတော့ ခက်ခဲတဲ့ ဘဝလမ်းကြောင်းပေါ်က ဓနအင်အား ကင်းမဲ့၊ background မကောင်းရှာတဲ့ လင်ပစ်မလေးတစ်ဦးဖြစ်သူ ညိုမီမီခင် ရဲ့ အကြောင်းကို ညို အမည်နဲ့ ရေးဖွဲ့ပါတယ်။ ညို ဆိုတာ အသက် ၂၀ ကျော်အရွယ်မှာတင် အိမ်ထောင်ကျခဲ့တဲ့ ရွှေပြည်သာစက်မှုဇုန်ရောက် အလုပ်သမတစ်ဦး။ မိဘနေရပ်ကနေ ဝေးရာမှာ ဘဝလမ်းကြောင်းအတွက် အလုပ်လုပ်နေရင်း သူမလိုပဲ ဘဝတူ သိန်းသန်းမောင်နဲ့ လူငယ်သဘာဝ ချစ်ကြိုက်မိရင်း လက်မထပ်လို့ မရတဲ့ အခြေအနေတစ်ခုကြောင့် ငယ်ငယ်ရွယ်ရွယ်မှာပဲ ညို အိမ်ထောင်သားမွေးဘဝကို ရောက်ခဲ့တယ်။ အခက်အခဲတွေကြားကနေ အိမ်ထောင်တစ်ခုကို ရုန်းကန်တည်ဆောက်နေရင်းက ညို့အမျိုးသားဟာ ခြေရှုပ်လာတယ်။ စင်တင်တေးဂီတဆိုင်က ကောင်မလေးတစ်ယောက်နဲ့ ဇာတ်လမ်းတွေ ဖြစ်လာတယ်။ အစစအရာရာ နိမ့်ပါးတဲ့ ညို့အတွက် ယောက်ျားကို သဝန်တိုဖို့တောင် ခက်ခဲနေဆဲမှာပဲ သိန်းသန်းမောင် ကားတိုက်မှု ဖြစ်တော့ စင်တင်က ကောင်မလေး မေဘရဏီက ငွေကြေးအကူအညီနဲ့ တခြားလိုအပ်တာတွေ ကူညီရင်း ညို့ရဲ့ မိသားစုဘဝကို ခြယ်လှယ်လာတယ်။ သိန်းသန်းမောင် အချုပ်နဲ့ ထောင်ကလွတ်ပြီး နောက်ပိုင်း မေဘရဏီနဲ့ နိုင်ငံခြားကို အတူထွက်သွားတော့ ညို့ကမ္ဘာဟာ အမှောင်ဖုံးလာတယ်။ ရရာအလုပ်တွေ ဝင်လုပ်ရင်း ကလေးတွေရဲ့ စရိတ်ပေါင်းများစွာနဲ့ ဘဝလမ်းကို ခက်ခက်ခဲခဲ လျှောက်နေရင်းက ကိုဗစ်ကာလမှာတော့ ညို့ကမ္ဘာဟာ လုံးဝ မှောင်မိုက်ထဲ ကျသွားစေခဲ့တယ်။

    အမှောင်လောကထဲက ညိုမီမီခင် ဘဝကို ဘယ်လို ဆက်လက်ရပ်တည်မလဲ။ ဘဝလမ်းကို ဘယ်လို ဆက်လျှောက်မလဲ။

    “ညိုဟာ ဘယ်လို မိန်းမစား၊ ညိုဟာ ဘယ်လို အတန်းအစား ဆိုတာထက် ညို့စိတ်၊ ညို့ဘဝ၊ ညို့ ဆုံးဖြတ်ချက်တွေနဲ့ ညို့ လုပ်ရပ်တွေအပေါ် စာနာ နားလည်ပေးနိုင်ကြမယ် ဆိုရင် ကျေနပ်ပါတယ်” လို့ စာရေးသူက ဆိုပါတယ်။

    တကယ်တော့ ညိုဟာ .. ဘာဖြစ်မလဲ ၊ ညို့ကို ဘယ်လို မြင်ရမလဲ၊ ညို့ရဲ့ ဘဝဇာတ်ကြောင်းက စာရေးသူ မျှော်လင့်သလို ခံစားရစေမှာလား။

    ထွန်းတောက်ထွဋ် (သင်္ချာ) ရဲ့ ညို ဟာ ဆရာ့စာအုပ်အသစ်ကို မျှော်လင့်နေသူတို့ စိတ်တိုင်းကျ နှစ်ခြိုက်စေမယ့် စာအုပ်ကောင်းတစ်အုပ်ပါပဲ။

    ညို

    Ks 5,000
  • အပူသစ်နှင့် ရယ်ကြပါသည်

    Categories: ,

    ‘အပူသစ်နှင့် ရယ်ကြပါသည်’ က ဆရာကြီး မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ ‘အပူသစ်နှင့် လူဖြစ်စေသတည်း’ ဝတ္ထုလတ်တစ်ပုဒ်ရယ် ဆရာဟိန်းဆက်သွင်ရဲ့ ‘မရယ်ရ၍ ရယ်ကြပါသည်’ ဝတ္ထုလတ်တစ်ပုဒ်ရယ် ဝတ္ထုလတ်နှစ်ပုဒ်ပေါင်းပြီး တစ်အုပ်တင်ဆက်ထားတဲ့ စာအုပ်ပါ။ ရသစာပေချစ်သူတို့ အရသာသစ်တစ်ခု ခံစားမိစေဖို့ တင်ဆက်ထားတဲ့ စာအုပ်လေးတစ်အုပ်ဆိုလဲ မမှားပါဘူး။

     

    ဆရာကြီး မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ ‘အပူသစ်နှင့် လူဖြစ်စေသတည်း’ ဟာ ဆရာကြီးရဲ့ စာပေလက်ရာအများစုမှာ မြင်တွေ့ရတဲ့ ကံ့ကော်မြေ၊ အင်းယား၊ တက္ကသိုလ်မြေ စတာတွေကို ဖတ်ရှုရမှာ မဟုတ်ပါဘူး။ အရာရှိလစာ ထောင်ဂဏန်း၊ ဝန်ထမ်းလစာ ရာဂဏန်း၊ ဆီတစ်ပိဿာ သုံးဆယ့်လေးကျပ်၊ ဗယာကြော်တစ်ခု သုံးတယ့်ငါးပြား အစရှိတဲ့ ခေတ်ကာလတစ်ခုမှာ စက်ရုံလုပ်သားအဖြစ် တာဝန်ထမ်းဆောင်သူ အလုပ်သမားလေး သိန်းထူးနဲ့ သူ့လိုပဲ အလုပ်သမလေး အေးအေးမြင့်တို့ရဲ့ အချစ်ဇာတ်လမ်းနောက်ခံ ဘဝသရုပ်ဖော် ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ဖတ်ရှုရပါမယ်။ ကိုယ်စီ မိသားစုတွင်း မိဘတွေရဲ့ ကျန်းမာရေး၊ မောင်နှမတွေရဲ့ ပညာရေး၊ အလုပ်တွင်း ပြဿနာတွေလို အခက်အခဲတွေ ကိုယ်စီကြောင့် ချစ်လျက်နဲ့ အိမ်ထောင်မပြုနိုင်သေးတဲ့ သူတို့ရဲ့ အချစ်ဇာတ်လမ်းကို ဖတ်ရှုရင်း တစ်ခေတ်တစ်ခါက ဘဝအမောတွေကြား ကြည်နူးဖွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဆရာကြီး မောင်စိန်ဝင်း(ပုတီးကုန်း) က ‘အပူသစ်နှင့် လူဖြစ်စေသတည်း’ မှာ တင်ပြထားပါတယ်။

     

    ဆရာဟိန်းဆက်သွင်ရဲ့ ‘မရယ်ရ၍ ရယ်ကြပါသည်’ မှာက ယနေ့ကာလလို့ ဆိုရမယ့် သက္ကရာဇ် ၂၀၀၀ ခုနှစ်တစ်ဝိုက်က လူငယ်တွေရဲ့ ယုံကြည်ချက်၊ အချစ်၊ အလုပ်အကိုင် စတဲ့ သူတို့တွေရဲ့ ဘဝတွေကို မြင်တွေ့ရမယ်။ တက္ကသိုလ် အောင်ပြီးနောက်ပိုင်း စာရေးဆရာပဲ လုပ်မယ်ဆိုတဲ့ ဘဝယုံကြည်ချက်နဲ့ ရှင်သန်နေထိုင်ခဲ့သူ ပီယ။ ပီယမှာ ကျောင်းနေဖက် သူငယ်ချင်း ၂ ယောက်ရှိတယ်။ ကျော်စွာနဲ့ ညီညီအောင်။ ကျော်စွာက ဘဝအတွက် ကိုရီးယားသွားပြီး အလုပ်လုပ်တယ်။ ညီညီအောင်က သင်္ဘောတက်တယ်။ ပီယကတော့ သူ့ယုံကြည်ချက်အတိုင်းပဲ စာပေနယ်ထဲမှာ နေရာတစ်ခုရအောင် နေထိုင်ရှင်သန်တယ်။ စာပေနယ်ထဲမှာ ရှင်သန်နေထိုင်သူတို့ ပေးဆပ်ရတဲ့ အရာအားလုံးကို ပီယတစ်ယောက် ဘာမှမမှုဘဲ ဖြတ်ကျော်ခဲ့သလို သိပ်ချစ်ရတဲ့ မြသက်ပန် တစ်ယောက် သူမအဒေါ်စီစဉ်ပေးမှုနဲ့ စင်ကာပူ ထွက်ဖို့ ဖြစ်လာတဲ့အခါမှာလည်း ပီယဟာ ငွေရှာဖို့အတွက် တစ်ခုတည်းနဲ့ စာပေနယ်ကို ကျောခိုင်းပြီး ချစ်သူနောက် လိုက်မသွားခဲ့ပါဘူး။ ချစ်လျက်နဲ့ ရေခြားမြေခြား ခွဲခဲ့ရတဲ့ ပီယနဲ့ မြသက်ပန်တို့ ဆုံဆည်းမှာလား။

     

    အချိန်ကာလ သက္ကရာဇ်တွေဟာ အမြဲတမ်း ပြောင်းလဲနေမှာ ဖြစ်ပေမယ့် လူသားတို့ရဲ့ ကြားက ချစ်ခြင်းတရား၊ မိသားစုတွင်း အခက်အခဲတွေနဲ့ ပျော်ရွှင်စရာတွေ၊ ယုံကြည်ချက်တွေဟာ အမြဲဖြစ်တည်နေတာပါ။ ‘အပူသစ်နှင့် လူဖြစ်စေသတည်း’ နဲ့  ‘မရယ်ရ၍ ရယ်ကြပါသည်’ ဝတ္ထုလတ် နှစ်ပုဒ်ပေါင်း တစ်အုပ်ဖြစ်တဲ့ ‘အပူသစ်နှင့် ရယ်ကြပါသည်’ ကို ဖတ်ရှုပြီး ပြောင်းလဲလာတဲ့ ခေတ်စနစ်၊ အခြေအနေ၊ ဘဝ တွေကို မြင်တွေ့နိုင်မယ်လို့ ယုံကြည်ပါတယ်။

  • ချစ်ခရီးလမ်းတစ်လျှောက်ဝယ်

    ဆရာကျော်အောင်ဟာ ဘဝတစ်လျှောက်လုံး ပင်ကိုရေးနဲ့ ဘာသာပြန် စာပေလက်ရာကောင်းများစွာ ပြုစုသွားခဲ့ပါတယ်။ ဆရာ့ရဲ့ ဘာသာပြန်စာအုပ်များဟာ လူကြိုက်များသလို ပင်ကိုရေးစာအုပ်များကိုလဲ စာဖတ်သူတို့ နှစ်ခြိုက်အားပေးကြတယ် ။ ထွက်ရှိပြီးတဲ့ အချိန်ကာလတွေ ကြာမြင့်ပြီ ဖြစ်သော်လဲ ဆရာ့စာအုပ်များကို ပြန်လည်ရိုက်နှိပ်ထုတ်ဝေတာကို စာဖတ်ပရိသတ်များ မက်မောစွာ ဖတ်ရှုလျက် ရှိပါတယ်။ ယခု စာအုပ် ‘ချစ်ခရီးလမ်းတစ်လျှောက်ဝယ်’ ဟာ ရုပ်ရှင်ကို ပြန်လည်ခံစားပြီး အသက်သွင်းထားတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ဆရာကျော်အောင်ရဲ့ လက်ရာကောင်း ပင်ကိုရေးစာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဆရာကျော်အောင်ဟာ ရုပ်ရှင်တကားမှာလို နေရာရှုခင်းတွေကို ထင်သာမြင်သာရှိအောင် အဖွဲ့အနွဲ့တွေနဲ့ ပေါင်းစပ်ပြီး စာဖတ်သူတို့ရဲ့ မျက်လုံးထဲ မြင်ယောင်လာသည်အထိ ရေးဖွဲ့ထားပါတယ်။
    ဒီစာအုပ်ကလေးထဲမှာ ခင်မမနဲ့ ဦးဘချစ်တို့ရဲ့ ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ မြေးအဘိုး သံယောဇဥ်လေးကို တွေ့ရပါမယ်။ ဟိုးယခင်က ရန်ကုန်တက္ကသိုလ်ရဲ့ အငွေ့အသက်လေးတွေ၊ စာကြည့်တိုက်တစ်ခုရဲ့ ပုံရိပ်ကလေးတွေကို ဖတ်နေရင်းပဲ လွမ်းမောသွားစေတဲ့ စာအုပ်ကလေးပါ။ ခင်မမနဲ့ ကိုမျိုးအောင်ရဲ့ မေတ္တာဇာတ်လမ်းကို ဖတ်ရှုရတာဟာ အရင်ခေတ်တစ်ခေတ်က ရုပ်ရှင်ဇာတ်ဝင်ခန်းတွေကို ကွက်ကွက်ကွင်းကွင်း ကြည့်နေရသလို ခံစားရစေမှာ အမှန်ပါပဲ။ ဦးဘချစ်ရဲ့ လူငယ်တွေနဲ့ သဟဇာတဖြစ်ပုံလေးကိုလဲ ဖတ်ကြည့်နေရင်းပဲ ပြုံးမိစေမှာပါ။ ခင်မမတို့ရဲ့ အိမ်ထောင်ဦးအစမှာ အိမ်အကူတွေခေါ်ရင်း တွေ့ကြုံရတဲ့ အလွဲလေးတွေကလည်း စာဖတ်သူကို မပျင်းမရိ ဆွဲခေါ်သွားပါလိမ့်မယ်။
    အဘိုးရဲ့ ချစ်ခင် အလိုလိုက်ခြင်းခံရလို့ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ကြီးပြင်းခဲ့ရတဲ့ ခင်မမတစ်ယောက် … အချစ်နဲ့ထိတွေ့လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ကိုမျိုးအောင်ကရော ဘဝတလျှောက်လုံး နားလည်ခွင့်လွှတ်ပြီး ခရီးဆုံးထိ ချစ်မြတ်နိုးသွားပါ့မလား ဆိုတာကို ချစ်ခရီးလမ်းတစ်လျှောက်ဝယ် ဝတ္ထုမှာ ဆရာကျော်အောင်က လှလှပပလေး ရေးသားတင်ပြခဲ့ပါတယ်။ ဆရာကျော်အောင်ရဲ့ အခြားပင်ကိုရေးဝတ္ထုများလိုပဲ စာဖတ်သူတို့ နှစ်သက်သဘောကျကြဦးမယ့် စာအုပ်လေးတစ်အုပ်လဲ ဖြစ်ပါတယ်။
  • အလွမ်းမြစ်ရိုးတစ်လျှောက် စီးမျောရင်းနစ်မြုပ်နေသော

    “အလွမ်းမြစ်ရိုးတစ်လျှောက် စီးမျောရင်းနစ်မြုပ်နေသော” လုံးချင်းဝတ္ထုမှာ မတူညီတဲ့ လူ့စရိုက်တွေကို အခြေခံထားတဲ့ အိမ်ထောင်ရေးနဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို စာရေးဆရာမ ခတ္တာခင်က အလှပဆုံးဖြစ်အောင် ရေးဖွဲ့ထားတယ်။ ချစ်ခြင်းတရားနဲ့ တည်ဆောက်ခဲ့တဲ့ အိမ်ထောင်ရေးတစ်ခုဟာ ကွဲလွဲတဲ့ စိတ်အခြေအနေတွေ၊ ခြားနားတဲ့ ဘဝနေထိုင်မှုတွေကြောင့် တဖြည်းဖြည်း ပြိုလဲသွားနိုင်တာကို ဒီဝတ္ထုထဲမှာ ရသစာပေချစ်သူတို့ တွေ့မြင်ရမှာပါ။

    လူသားအချင်းချင်း အနီးကပ်ဆုံး နေထိုင်ကြတဲ့အခါ မိသားစုဖြစ်စေ၊ မိတ်ဆွေသူငယ်ချင်းဖြစ်စေ၊ အလွန်ချစ်မြတ်နိုးရတဲ့ ဇနီးမောင်နှံပဲဖြစ်ပါစေ၊ စိတ်နှလုံးသားနဲ့ အတွေးအခေါ် မညီမျှရင် ဝေးကွာသွားကြရမှာပါ။ ဒီစာအုပ်ထဲမှာ အဓိက တွေ့မြင်ခံစားရမှာကတော့ ယောကျ်ားတစ်ယောက်ရဲ့ စိတ်အခြေအနေပါပဲ။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ဝေခွဲမရတဲ့ စိတ်ခံစားမှုကြားမှာ ချောင်ပိတ်မိနေတဲ့  အမျိုးသားတစ်ဦးပေါ့။ စာရေးဆရာမခတ္တာခင်က ဇာတ်လမ်းဇာတ်ကြောင်းထက် ဇာတ်ကောင်စရိုက် အရေးအဖွဲ့ သရုပ်ဖော်ပြခြင်းကို ပိုအားသန်သူ ဖြစ်တာကြောင့် အလွမ်းမြစ်ရိုးတစ်လျှောက် စီးမျောရင်းနစ်မြုပ်နေသော မှာ အသက် ၃၈ နှစ်အရွယ် ပန်းချီဆရာ အောင်လွင်ဦး ကို သေသေချာချာ မြင်မိစေမှာပါ။

    အောင်လွင်ဦးရဲ့ အမျိုးသမီးဟာ အောင်လွင်ဦးကို အကြောင်းပြချက် မရှိဘဲ စွန့်ပစ်သွားတယ်။ ဒီအပေါ်  အမျိုးသမီးစာဖတ်သူတွေ အနေနဲ့ဆိုရင် ဇာတ်ကောင်အမျိုးသားကို အားမလိုအားမရ ဖြစ်လေမလား၊ ဒါမှမဟုတ် မုန်းတီးမိလေမလား။ တဦးတယောက်ရဲ့ ပြတ်သားမှုကြောင့် ကိုယ်တိုင် နာကျင်ခံစားရတယ်ဆိုရင် ကိုယ့်ရဲ့မပြတ်သားမှုကြောင့် တခြားသူ နာကျင်ခံစားနေရတာကလည်း မဖြစ်သင့်ဘူး မဟုတ်လား။

    “ဖန်ခွက်ထဲမှာ အမြဲတစေ ဖြည့်တင်းထားတဲ့ ရေတွေ ပျောက်ရှသွားသလို … ရုတ်တရက် အလွတ် ဖြစ်သွားတဲ့ ဖန်ခွက်ထဲကို ရေထပ်ဖြည့်ဖို့ အားထုတ်လိုက်၊ လဲကျလိုက် ဖြစ်နေတဲ့ အောင်လွင်ဦးရဲ့ ဘဝကို ပဲ့ကိုင်ပြီးချိန်မှာတော့ အောင်လွင်ဦးကို ကြည့်ပြီး ကျွန်မ တကယ်ရင်မောသွားပါတယ်” လို့ စာရေးဆရာမက ဆိုထားပါတယ်။

    ချစ်ခြင်းမေတ္တာဆိုတာဟာ ဘယ်တော့မှ မသေဆုံးတဲ့ သစ်ပင်တစ်ပင်လား။ သေဆုံးသွားတဲ့ သစ်ပင်နေရာမှာ အစားထိုး ပြန်ပျိုးခံရတဲ့ မျိုးစေ့တစ်စေ့လား။ ဘယ်လိုပဲဖြစ်ဖြစ် အချစ်ဆိုတာ စတင်ပြီးရင် အဆုံးသတ်ကလေး လှပနေဖို့တော့ လိုအပ်ပါတယ်။ နာကျင်ခံစားရမယ့် အရာတွေကိုတော့ အစမပျိုးမိဖို့ အကောင်းဆုံးပါပဲလေ။ ဆရာမခတ္တာခင် ဖန်တီးထုဆစ်လိုက်တဲ့ အလွမ်းမြစ်ရိုး တစ်လျှောက်မှာ စာဖတ်သူတို့ စီးမျောရင်း ဘယ်လိုခံစားကြရမလဲ … နစ်မြုပ်သွားတဲ့ အကြောင်းအရာတွေကကော စာဖတ်သူတို့ကို ဘယ်လို စိတ်ဝင်စားစေမလဲ …

    အားကောင်းလွန်းတဲ့ ဇာတ်ကောင်စရိုက် ဖန်တီးမှုတို့နောက်မှာ မျောပါရင်းနဲ့ စိတ်ကျေနပ်မှု ရရှိသွားစေမယ့် စာအုပ်တစ်အုပ်ပါပဲ။

  • နှင်းပန်း

    ဆရာမပျိုးရဲ့ နှင်းပန်းဆိုတဲ့ ဒီဝတ္ထုကလေးကို ဖတ်ပြီးတဲ့အခါ နာကျင်ခြင်း၊ ဝမ်းနည်းခြင်းနဲ့ အားမလိုအားမရ ဖြစ်ခြင်းတွေဟာ စာဖတ်သူတို့ရဲ့ ခံစားမှု အသိအာရုံတွေထဲ တိုးဝင်လာပါလိမ့်မယ်။ ဒီဝတ္ထုလေးဟာ အမျိုးသမီးတို့ရဲ့ ဘဝအချိုးအကွေ့တွေကို အဆင့်ဆင့်ပုံဖော်ထားတဲ့ တောင်တက်လမ်းကလေးလိုပါပဲ။ လှိုက်ခနဲ၊ ငြိမ့်ခနဲ ဖြည်းဖြည်းချင်း ခေါ်ဆောင်သွားပြီးမှ အဆုံးသတ်မှာ နင့်ခနဲ နာကျင်မှုတွေနဲ့အတူ ချန်ရစ်ခံလိုက်ရသလိုမျိုး။

    အမျိုးသမီးတွေအတွက် အိမ်ထောင်ရေးဆိုတာ ကိုယ်တိုင်ရွေးချယ်မိတဲ့ ခရီးသွားလက်မှတ်တစ်စောင်ပါ။ ခရီးလမ်း အစကနေ အဆုံးထိ ဖြောင့်ဖြူးမလား၊ ကြမ်းတမ်းမလားဆိုတာ မလျှောက်လှမ်းခင်မှာ ကြိုမသိနိုင်ပါဘူး။ အားလုံးဟာ လွယ်ကူအဆင်ချောတဲ့ လမ်းကို မျှော်လင့်ခဲ့ကြပေမဲ့ ခက်ခဲတဲ့လမ်းပေါ်ကို ရောက်သွားတတ်ကြတဲ့ အိမ်ထောင်ရေးတွေဟာ ရှိစမြဲပါ။ ကိုယ့်ခရီးစဥ် မှားတဲ့အခါ ခေါ်ဆောင်လိုက်မိတဲ့ သားသမီး အစဥ်အဆက်ကပါ ခရီးကြမ်းထဲ မျောပါရတော့တယ်။

    ဒီစာအုပ်လေးထဲမှာ နှင်းပန်းဆိုသူ မိန်းကလေးဟာ ခရီးကြမ်းထဲ မျောပါလာရသူပါပဲ။ လောကဓံကြမ်းကြမ်းကြီးကို အရွယ်နှင့်မမျှအောင် ခါးစည်းခံရတဲ့ကြားက သူ့ဘဝရပ်တည်မှုလေးကို လမ်းကြောင်းမမှားအောင် ကြိုးစားရှင်သန်ခဲ့သူ။ လောင်းကစားနဲ့ မူးယစ်ဆေးဝါးတွေရဲ့ ဖျက်ဆီးတတ်တဲ့သဘောကို တွေ့မြင်နားလည်ပြီး အဆိုးဆုံးပတ်ဝန်းကျင်ကြားမှာ အကောင်းဆုံးဖြစ်အောင် ရပ်တည်လာခဲ့သူ။ ဒါပေမဲ့လည်း လူဆိုတာဟာ ဘဝရဲ့အကွေ့တစ်ခုမှာတော့ တစ်ကြိမ်လောက် ခြေချော်ဖူးကြမှာပဲ မဟုတ်လား။ အမျိုးသမီးတွေရဲ့ဘဝမှာ ခလုတ်ကန်သင်းတွေဟာ အချစ်ယောင်ဆောင်ပြီး ဝင်လာတတ်ကြတယ်။ နှင်းပန်းလေးဟာလည်း ခံစားထိရှလွယ်သူ မိန်းကလေးတစ်ဦးမို့ အဲ့ဒီခလုတ်ကို မိမိရရကြီး ဝင်တိုက်လိုက်မိပါတော့တယ်။

    ဒီဝတ္ထုလေးကိုဖတ်နေတဲ့အခါ နှင်းပန်းရဲ့ဘဝအချိုးအကွေ့တိုင်းကို ဘေးကနေအတူ ကပ်လိုက်ရင်း သူနဲ့ ထပ်တူထပ်မျှ ခံစားရပါလိမ့်မယ်။ လဲကျတဲ့အခါ ဘယ်လိုတွေ ရုန်းထမလဲ၊ သူ့နေထိုင်ရပ်တည်မှုအတွက် ဘယ်လိုတွေ ဖြေရှင်းသွားမလဲ ဆိုတာကို ဒီစာအုပ်လေးထဲမှာ ဖတ်ရှုခံစားကြရပါမယ်။ သေချာတာကတော့ ဆရာမပျိုး ရေးသားတဲ့ နှင်းပန်းဝတ္ထုဟာ စာဖတ်သူတို့ကို သူ့ရဲ့ ဘဝခရီးစဥ်လေးထဲ ဖမ်းဆွဲခေါ်ဆောင်ပြီး ခံစားမှုရသတွေကို နက်နက်ရှိုင်းရှိုင်း ပေးသွားမှာပါ။

  • ရေဒီယိုပန်းဆိုင်

    ရေဒီယိုပန်းဆိုင်တဲ့။ ဆရာမခတ္တာခင်ရဲ့ သိမ်မွေ့လှပတဲ့ ဝတ္တုဇာတ်လမ်းလေးနာမည်ပါ။ ဆရာမခတ္တာခင်ဟာ စာဖတ်ပရိသတ်ကို စာအုပ်ခေါင်းစဉ်လှလှလေးတွေက အစပြုပြီး ဆွဲဆောင်နိုင်သူတစ်ဦးလို့ ဆိုရင် မမှားပါဘူး။

    ဒီစာအုပ်လေးမှာဆိုရင် နွေဦးဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာလို့ အမည်တပ်လို့ရမယ့် ရင်ခုန်သံအဖြူထည်လေးကို ဘဝနဲ့ရောထွေးပြီး နူးညံ့စွာ ရေးဖွဲ့ပြထားပါတယ်။ ရေဒီယိုပန်းဆိုင်မှာ နွေဦး၊ နှင်းနု၊ ကိုသူဆိုတဲ့ လူသားသုံးဦးကြားက ဖြူစင်မှုတွေ၊ သံယောဇဉ်တွေ၊ သိမ်မွေ့ရှုပ်ထွေးတတ်တဲ့ စိတ်ခံစားချက်တွေကို ဆရာမခတ္တာခင်က ဖြည်းဖြည်းချင်း ပုံဖော်ထားတာ ဖတ်ရှုရပါလိမ့်မယ်။

    ရေဒီယိုလေးတစ်လုံးဟာ အသံလှိုင်းတွေကတဆင့် စိတ်ခံစားချက်တွေကိုချိတ်ဆက်ပေးတယ်။ မမြင်ရတဲ့လိုင်းဆွဲအားတွေ၊ စွမ်းအင်တွေနဲ့ ဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်တယ်။ ချစ်ခြင်းမေတ္တာကိုလည်း ဆောင်ယူပေးနိုင်တယ်။ ပန်းကလေးတွေဟာလည်း ရေဒီယိုလေး နည်းတူပါပဲ။ သူ့မှာကတော့ လှိုင်းတွေ၊ ဆွဲငင်အားတွေမရှိပေမယ့် ရနံ့တွေနဲ့ ချိတ်ဆက်နိုင်တယ်။ ပန်းတွေဟာ နူးညံ့တဲ့သဘောရှိပေမယ့် ကြီးမားတဲ့ချစ်ခြင်းမေတ္တာကို မွေးဖွားနိုင်စွမ်းရှိတယ်။ ပန်းကလေးတွေဟာ ခက်ထန်နေတဲ့စိတ်တွေ၊ ဝမ်းနည်းထိရှလွယ်တဲ့ ခံစားချက်တွေကို သူ့ရဲ့ရနံ့၊ အရောင်အဆင်းတွေနဲ့ ဖြားယောင်းပြီး ဆန့်ကျင်ဖက်ဖြစ်အောင်‌ ပြောင်းလဲနိုင်စွမ်းလည်းရှိတယ်။

    နွေဦးကရော ဘယ်အရာတွေကိုမျှော်လင့်ပြီး ဘယ်အရာတွေကို ချိတ်ဆတ်‌ချင်နေပါသတဲ့လဲ။ နွေဦးဟာ မိန်းမသားဖြစ်တဲ့အတွက် ပန်းလေးတစ်ပွင့်ပဲ ဆိုကြပါစို့။ သူ့ရဲ့ရနံ့ဟာ ချစ်ခြင်းမေတ္တာတွေကို ဖန်တီးနိုင်စွမ်းရှိလာမှာလား။ ပြီးတော့ ရေဒီယိုလေးတစ်လုံးကနေ သူချိတ်ဆက်ချင်တဲ့အရာကရော ဘာများဖြစ်မလဲ။

    အရာအားလုံးကို သေသေချာချာလေး သိဖို့အတွက် ရေဒီယိုပန်းဆိုင်ဆိုတဲ့ စာအုပ်ကလေးကိုကိုင်ပြီး စာမျက်နှာလေးတွေသာ လှန်လှောကြည့်လိုက်ပါ။ ရောင်စုံပန်းခင်းကြီးထဲကနေ ပန်းရနံ့လှိုင်လှိုင်လေး မွှေးနေမှာကတော့ အသေအချာပါပဲ။

  • ဘတစ်ပြန် ကျားတစ်ပြန်

    ဒါက စုံထောက်ဇာတ်လမ်းတစ်ပုဒ် မဟုတ်ဘူး။ စုံထောက်တစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်တယ်။

    အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ကို အသက်မရှူစတမ်း ဇောအဟုန်ပြင်းပြင်းနဲ့ ဖတ်ရှုနိုင်ဖို့ ရေးသားဖန်တီးတဲ့နေရာမှာ အင်မတန် နာမည်ကြီးတဲ့ ဗြိတိသျှ စာရေးဆရာ ဂျက်ဖရီအာချာရဲ့ Nothing Ventured – ဘာသာပြန်အမည် ‘ဘတစ်ပြန် ကျားတစ်ပြန်’ ဟာ သူ့ရဲ့ New York Times အရောင်းရဆုံး ဟယ်ရီကလစ်ဖ်တန်ဇာတ်လမ်းရဲ့ ဇာတ်လိုက်ကျော်တစ်ဦးဖြစ်သူ ဝီလျံဝေါရစ်ရဲ့ ပထမဆုံး အမိုက်စားဇာတ်လမ်း။ ဝီလျံဝေါရစ်ဟာ စုံထောက်တစ်ယောက်ဖြစ်ဖို့ အမြဲဆန္ဒရှိခဲ့ပြီး အဲ့ဒါက သူ့ကို ဥပဒေပိုင်းမှာ လုပ်ကိုင်စေချင်တဲ့ ဖခင်ရဲ့ ဆန္ဒကို ဆန့်ကျင်လိုက်ခြင်းလည်း ဖြစ်တယ်။

    ဘတစ်ပြန် ကျားတစ်ပြန်ရဲ့ဇာတ်လမ်းအစက ဝီလျံတစ်ယောက် တက္ကသိုလ်က ဘွဲ့ရပြီးတာနဲ့ မက်ထရိုပိုလီတန် ရဲအဖွဲ့မှာ အလုပ်ဝင်ဖို့ ဆုံးဖြတ်ရာကနေ စတင်ထားတာ။ ဇွဲရှိတဲ့ ဝီလျံရဲ့ ဘဝအကြောင်း ပထမဆုံး ဒီစာအုပ်မှာ သူ့ဘဝအကြောင်းကို အခြားဇာတ်ကောင်တွေနဲ့ ဝန်းရံ ဖန်တီးထားတယ်။ စုံထောက်ကောင်းတစ်ဦးဖြစ်ဖို့ ကြိုးစားတဲ့ ဝီလျံဟာ စကော့တလန်ယာ့ဒ်ကို ပြောင်းရွှေ့ရာမှာ ကြုံသူတွေက လူကောင်းတွေတင်မက လူဆိုးတွေပါ ကြုံရတယ်။

    ဝီလျံဟာ ဖစ်မိုလင်ပြတိုက်က တန်ဖိုးမဖြတ်နိုင်တဲ့ Rembrandt ပန်းချီကား ခိုးယူမှုကို စုံစမ်းစစ်ဆေးနေစဉ်မှာပဲ ပြခန်း သုတေသနလက်ထောက် ဘက်ရိန်းဖို့ဒ် နဲ့ တွေ့ဆုံခဲ့တယ်။ မျှော်လင့်ချက် နည်းပါးစွာတွေနဲ့ပဲ သူမကို ဝီလျံ ချစ်မိခဲ့တယ်။ အမှုလမ်းကြောင်းပေါ် လိုက်နေစဉ်မှာ ဝီလျံ ကြုံရတာ အချစ်တစ်ခုတည်း မဟုတ်ပါဘူး။ ပြိုင်ဘက်ကိုပါ ကြုံခဲ့ရတယ်။ ဂျက်ဖရီအာချာ ဇာတ်လမ်းပီသစွာ အသည်းတယားယား ဖတ်ရင်း သက်မချရတဲ့ ဇာတ်ဝင်ခန်းတွေကို ဇာတ်ကောင်တွေက အပိုအလိုမရှိ သရုပ်ဆောင်ထားတယ်။ ဘာသာပြန်သူ ဆရာထင်ဇော်မှူးသင်ရဲ့ လက်ရာကလည်း ရှေ့မှာ အမိုက်စား စုံထောက်အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ကို မျက်ဝါးထင်ထင် မြင်နေရသလို ပြန်ဆိုရေးသားနိုင်တာကို ဖတ်ရှုရပါမယ်။

    မထင်ရလောက်တဲ့ လှည့်ကွက်တွေ၊ အောင်ပွဲတွေနှင့် စိတ်မကောင်း ကြေကွဲစရာတွေ၊ ပျော်ရွှင်မှုတွေနဲ့ ရသမြောက် အမိုက်စား စုံထောက်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာမို့ အက်ရှင်နဲ့ သည်းထိပ်ရင်ဖို နှစ်သက်တဲ့ စာဖတ်ပရိသတ်တို့ လက်မလွှတ်ဘဲ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ ဒါက စုံထောက်ဇာတ်လမ်းတစ်ပုဒ် မဟုတ်ဘူး။ စုံထောက်တစ်ယောက်ရဲ့ ရသမြောက် ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်တယ်။ အလုပ်သိပ်များမယ့် ကာလမျိုးမှာ အစလုပ်ပြီး မဖတ်လိုက်မိပါစေနဲ့။ စဖတ်လိုက်တာနဲ့ တစ်ဆက်တည်း ဇာတ်သိမ်းထိ စာဖတ်သူကို ဆွဲခေါ်သွားမယ့် ဇာတ်လမ်းတစ်ပုဒ်ပါ။

  • ငါ့အခန်းမျက်နှာကြက်က ကြယ်ကလေးတွေ

    အရွယ်ရောက်ပြီးသူတိုင်း ဆယ်ကျော်သက်ဘဝကို ဖြတ်သန်းခဲ့ဖူးပါတယ်။ လူတွေဟာ လူမျိုး၊ ဘာသာ၊ နေထိုင်ရာဒေသ၊ အသားအရောင်၊ ရုပ်ရည် မည်သို့ပင် ကွဲပြားပါစေ .. ဆယ်ကျော်သက်ဘဝမှာ ကိုယ်စီကိုယ်စီ အမှတ်တရတွေ ရှိကြတာချင်းတော့ တူညီကြပါလိမ့်မယ်။ ဆရာ’မင်းဝေဟင်’ရဲ့ ‘ငါ့အခန်း မျက်နှာကြက်က ကြယ်ကလေးတွေ’မှာ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက် ဖြတ်သန်းတဲ့ ဘဝမျက်နှာစာတွေကို ဖတ်ရှုရမှာပါ။ ကျော်စည်သူဆက်ဟာ မောင်နှမရင်းချာ မရှိသူ တစ်ဦးတည်းသောသား၊ မိခင်က ပလာဇာမှာ ဖက်ရှင်ဆိုင်ဖွင့်ထားပြီး ဖခင်က သုံးသုံးဖြုန်းဖြုန်း စီးပွားရေးသမား၊ ပျော်သလိုနေတတ်တဲ့ မိဘနှစ်ပါးရဲ့ ကြားက ကလေးတစ်ယောက်ရဲ့ ဆယ်ကျော်သက်အရွယ် .. တိတိကျကျဆို ဆယ်တန်းအရွယ်မှာ ကျော်စည်သူဆက်ရဲ့ ဖခင်ဟာ ဘောလုံးပွဲအလောင်းအစားကြောင့် အဆင့်မြင့်အိမ်ရာထဲ ခြံနဲ့တိုက်နဲ့ နေရတဲ့ဘဝကနေ တောင်ဒဂုံဘက်ကို အထည်ကြီးပျက်ဘဝနဲ့ ရောက်သွားတယ်။ မိဘရဲ့ ဂရုအစိုက်မခံရမှု၊ ကျဆင်းသွားတဲ့ မိသားစုအခြေအနေတွေကြောင့် သူ့ဘဝရဲ့ ရွှေရောင်နေ့ရက်ကာလတွေဟာ မျှော်လင့်သလို ဖြစ်မလာတာတွေ ကြုံခဲ့ရတယ်။ ခပ်ကြမ်းကြမ်း ရိုက်ခတ်လာတဲ့ ဘဝနေ့ရက်တွေကို ရင်ဆိုင်ရတဲ့ ဇာတ်ကောင်လူငယ်လေးရဲ့ ရင်တွင်းစကားတွေကို ဒီဝတ္ထုမှာ စာဖတ်သူတို့ကို တိုက်ရိုက်ပြောဟန်နဲ့ ရေးဖွဲ့ထားတယ်။

    “ငါတို့အခန်းရဲ့ အတန်းပိုင်ဆရာမလား၊ ထိုင်ပြောနေရရင် ညနေကျောင်းဆင်းချိန်တောင် ပြီးမှာမဟုတ်၊ ၃၁ ဘုံမှာ အရစ်နိုင်ဆုံးသော ဆရာမ”

    “အခု တောင်ဒဂုံပြောင်းလာရတော့ ပင့်ကူအိမ်လေးနဲ့ ဟမ်းစတားအိမ်လေးတွေ ငါ ဒီအိမ်အထိ သယ်လာခဲ့တယ်ဆိုပေမဲ့ မျက်နှာကြက်မှာ ကြယ်ကလေးတွေ ရှိတဲ့ ဒီအိမ်လေးရဲ့ ငါ့အခန်းကျဉ်းကျဉ်းလေးထဲမှာ သူတို့တွေလည်း အနေကျပ်ကျပ်၊ ငါလည်း အနေကျပ်ကျပ်”

    “ဟင် .. ဒါဆို ဖေဖေကရော … ငါရခဲ့တဲ့ အနံ့တွေရပြီး တစ်ညလုံး တစ်နေ့လုံး နောက်ထပ် အဲ့ဒီအနံ့တွေကိုပဲ ထပ်ကာထပ်ကာရပြီး ငါ့လို အိပ်မရဘဲ ဖြစ်နေမှာမျိုးလား”
    .
    မင်းဝေဟင်ဟာ ရွှေအမြုတေ(ဝတ္ထုတို)ဆု ၁ ကြိမ်၊ ရွှေအမြုတေပရိသတ်အကြိုက်ဆု ၂ ကြိမ်၊ နှင်းဆီသူရဲကောင်းစာပေဆု ၁ ကြိမ် ရခဲ့ကာ ၂၀၁၆ ခုနှစ်မှာ အမျိုးသားစာပေ(ဝတ္ထုတို)ဆုကို ဆွတ်ခူးထားခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဝတ္ထုတိုစုစည်းမှုစာအုပ်များ၊ မဂ္ဂဇင်းဝတ္ထုရှည်စုစည်းမှုတို့ ထွက်ရှိခဲ့ပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူဖြစ်ကာ ‘ငါ့အခန်း မျက်နှာကြက်က ကြယ်ကလေးတွေ’ က ဆရာမင်းဝေဟင်ရဲ့ ပထမဆုံး လုံးချင်းဝတ္ထုစာအုပ်ဖြစ်ပါတယ်။

Main Menu