-
မှောင်ရိပ်ကလိပ်ပြာ (မဂ္ဂဇင်းဝတ္ထုတိုများ)
ဆေးဆေ“ဖွေရှာမောရသူမယ်” ၊ ” တစ်ဘဝဒဏ်ရာ ” နှင့် မကြာသေးခင်က ထွက်ရှိခဲ့တဲ့ ” ခိုတွယ်ရာ ” လုံးချင်းဝတ္ထရှည်တွေရဲ့ ဖန်တီးသူပဲ့ကိုင်ရှင် ဆရာမဆေးဆေရဲ့ ဝတ္ထုတိုပေါင်းချုပ်စာအုပ်အသစ်ထွက်ရှိလာပါပြီ။ ဆရာမဟာ ဝတ္ထုတိုရေးသူသက်သက်အဖြစ် စာပေလောကထဲသို့ဝင်ရောက်လာပြီး လုံးချင်းဝတ္ထုရှည် (၃) အုပ်ထွက်ပြီးမှ ယခုဝတ္ထတိုပေါင်းချုပ်စာအုပ်ကို စာဖတ်သူတွေလက်ထဲ အရောက်ပို့လိုက်တာဖြစ်ပါတယ်။
ဖြတ်သန်းရာ ခေတ်ကာလကို အပြည့်အဝ ထင်ဟပ်ဖော်ကျူးသော ဆရာမဝတ္ထုများတွင် ဝတ္ထုအခင်းအကျင်းမှတဆင့် ထပ်ဆင့်မြင်ရသော ပုံရိပ်များ၊ အဖြစ်အပျက်များကို ခံစားရယူနိုင်ခြင်းက အရသာတစ်မျိုးပင်။ ဒါသည်ပင် ဆရာမဆေးဆေ၏ ထူးခြားမှုဟု ဆိုချင်ပါတယ်။ အရောင်၊ အလင်း ညီသည့် ပန်းချီကားတစ်ချပ်ပမာ အကြောင်းအရာအားကောင်းသော ဝတ္ထုတိုများတွင် စ/လယ်/ဆုံး ဝါကျဖွဲ့လှသည့် ဆရာမ၏ စာအရေးအသားနှင့် တင်ဆက်မှုအနုပညာကို ကျေနပ်နှစ်သိမ့်ကြမယ် ထင်ပါတယ်။
ယခုစာအုပ်တွင် ၂၀၀၉ ခုနှစ်မှစပြီး ၂၀၂၀ ပြည့်နှစ်အထိ (၁၁) နှစ်တာကာလအတွင်း ရေးသားခဲ့တဲ့ ဝတ္ထုတိုလေးတွေပါဝင်ပါတယ်။ ဝတ္ထုတိုချစ်သူပီပီ ဆရာမရဲ့ ကိုယ်တိုင်ရေးဝတ္ထုတိုလေးတွေဟာ အရသာတစ်ခု၊ ဟန်တစ်မျိုးထူးခြားနေပြန်ပါတယ်။
” ကျွန်မ၏ ဝတ္ထုတိုများကို ပြန်ဖတ်မိတိုင်း ရေးဖွဲ့ချိန်က စိတ်လိပ်ပြာ ဖြတ်သန်းမှုရောင်စဉ်အောက် ကျွန်မစိတ်တို့ တဝဲလည်လည် ရောက်ရတတ်မြဲ။ သို့အတွက် ယခုစာအုပ်အမည်ကို မှောင်ရိပ်ကလိပ်ပြာ မဂ္ဂဇင်းဝတ္ထုတိုများ ဟု ပေးဖြစ်ပါသည်လို့ ” ဆိုထားပါတယ်။ ရွှေအမြုတေမဂ္ဂဇင်းမှ ဝတ္ထုတို(၁၆) ပုဒ်၊ အခြားများမှ (၂) ပုဒ် စုစုပေါင်း ဝတ္ထုတို (၁၈) ပုဒ်ကို ဆရာမြင့်မောင်ကျော်ရဲ့ အတွင်းသရုပ်ဖော်ပန်းချီများကိုကြည့်ရှုခံစားရင်း ဖတ်ရှုရမှာပဲဖြစ်ပါတယ်။”
Ks 4,000 -
ဒါ့ကြောင့် … ငါ မရှိ
အောင်လတ်ဘဝဟာ ရုပ်ရှင်မဆန်ဘူး၊ တကယ်ရှပ်ထွေး လာပြီဆိုရင်လည်း ဘယ်ရုပ်ရှင်ကမှ လိုက်မမီဘူး …
“လူသားရဲ့ပြဿနာက နာကျင်ရခြင်းသက်သက် မဟုတ်ဘူး ၊ သို့ပေမဲ့လည်း ဘာကြောင့် ‘ငါ နာကျင်နေရသလဲ’ ဆိုတာကို အော်ညည်းနေတဲ့ မေးခွန်းအတွက် အဖြေက မရှိဘူး ။ ကိုယ်တိုင် မဟုတ်တဲ့ နာကျင်ခြင်းရဲ့ အဓိပ္ပါယ်မဲ့မှုဟာ ယခုအချိန်ထိ လူသားတို့အပေါ် ကျရောက်နေတဲ့ ကျိန်စာတစ်ခုပဲ ”
ဖရက်ဒရစ်နစ်ရှေး (မိုးသက်ဟန် အမှာစာ မှ)နာကျင်ရခြင်း၊ အထီးကျန်ဖြစ်မှု၊ အနီးကပ်ဆုံးမှာရှိနေတဲ့ လူသားတွေရဲ့ သစ္စာပျက်ယွင်းမှုတွေကို ရင်ဆိုင်နေရတဲ့ လူငယ်တစ်ယောက်။ သူ့ရဲ့ထွက်ပေါက်ကတော့ တိရစ္ဆာန် အသေကောင်တွေနဲ့ လူတွေ သေဆုံးမှုတွေကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ပြီး ပြန်လည်ကြည့်ရှု ခံစားနေတာပဲ ။
သူ့အတွက် ဘဝဆိုတာ ကျော်ဟိန်း သီချင်းထဲကလို ဝင်လာပြီး ပြန်ထွက်သွားရတဲ့ အခန်းတစ်ခန်းလိုပဲ။ မိဘမေတ္တာ၊ ချစ်ရသူ၊ သူငယ်ချင်း ဘာဆို ဘာမှမရှိတဲ့အခန်းတစ်ခုလို ဘဝကို ပိုင်ဆိုင်ထားသူ တစ်ယောက်ထက်မပို။
အထီးကျန် ငှက်ကလေးတစ်ကောင်လို နာကျင်မှုတွေ များလာရတဲ့အခါ အမုန်းတရားတွေပဲ စိမ့်ဝင်လာ သလို သူ့ရင်ထဲကိုလည်း အမုန်းတရားတွေပဲ စိမ့်ဝင်လာတယ်လေ။
“ကိုယ့်သွေးသားကြောင့် ဖြစ်တည်လာရတဲ့ကလေးတစ်ယောက်ကို မိဘဆိုတဲ့ လူတွေဟာ ဘယ်လောက်ထိ မျက်ကွယ်ပြုနိုင်ကြသလဲ။ ကျွန်တော်ကတော့ မကျလာတဲ့ မိုးရေစက်တွေလို မိဘရဲ့ မေတ္တာမိုးတွေကို မမျှော်ချင်တော့ဘူး ” လို့ ဆိုတဲ့ မင်းသက် ။
သူ က အဘလို့ ခေါ်ရတဲ့ ၊ စစ်မှုထမ်းအရာရှိဘဝကနေ အရပ်ဘက် ကုမ္ပဏီတစ်ခုမှာ ရာထူးကြီးကြီးနဲ့
စီးပွားရေးလုပ်နေတဲ့ အဖေအရင်းရယ်၊ တစ်နေကုန်တစ်နေခန်း ဈေးဆိုင်မှာပဲ စီးပွားရှာနေတဲ့ အမေရယ်နဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့ မင်းသက် ဘဝဟာ မိဘရဲ့မေတ္တာကို မခံစားခဲ့ရဘူး။ ကျောင်းမှာဆိုလည်း သူ့အတွက် ရင်းနှီးတဲ့သူငယ်ချင်း တစ်ယောက်ဆိုတစ်ယောက်မှ မရှိပြန်ဘူး။ ဖြေသာတာတစ်ခုက သူ့ကို သိပ်ချစ်တဲ့ အဘွားတစ်ယောက်တော့ ရှိတယ်။ ဒါပေမဲ့ ဘဝတစ်ခုလုံး ဖြတ်သန်းဖို့အတွက်ဆိုရင် အဘွားရဲ့ မေတ္တာနဲ့တင် မလုံလောက်တော့ဘူးလေ။သူ့ဘဝ တစ်လျှောက်ဟာ ဘယ်ထဲမှာမှ ဝင်ပါခွင့်မရတဲ့သူ တစ်ယောက်လို၊ ပါခွင့်ရခဲ့ရင်လည်း အေရးမပါတဲ့ ထမင်းသိုး ဟင်းသိုးလို ဘဝ။ ထမင်းသိုးဟင်းသိုးတွေရဲ့ စိတ်ထဲမှာ ကမ္ဘာကြီးကို ပုံစံတစ်မျိုးနဲ့ မြင်သွားအောင် ဘယ်သူတွေ ဝိုင်းလုပ်ကြသလဲ ။
နေရဲ့အခြားဘက်ခြမ်းကို ရောက်ရှိနေတဲ့ ကမ္ဘာတစ်ခြမ်းဟာ အမြဲ မှောင်နေသလိုမျိုး စိတ်အမှောင်ခြမ်းတွေ ဟာလည်း လူတိုင်းရဲ့ ဦးနှောက် အတွင်းပိုင်းတွေ ဆီမှာ ပုန်းကွယ် နေနိုင်ပါတယ်။ အဲဒီ အမှောင်ခြမ်းတွေဘက် ရောက်နေတဲ့ ခံစားမှုတွေ၊ အမှောင်ထဲကို နက်သထက် နက်အောင် တိုးဝင်ခဲ့ပုံေတွကို မင်းသက် ဆိုတဲ့ လူငယ်လေးတစ်ယောက်က ဘယ်လို ဖွင့်ဆိုပြမလဲ နားထောင်ကြည့်ကြရအောင်လားဗျာ ။
Ks 4,000ဒါ့ကြောင့် … ငါ မရှိ
Ks 4,000 -
ချက်ကော့ဝတ္ထုတိုပေါင်းချုပ်
ကျော်အောင်Google မှာ Top 10 Short Story Authors လို့ ရှာလိုက်မယ်ဆိုရင် နံပါတ် (၁) မှာ ပေါ်လာသူက Anton Chekhov (အင်တွန်ချက်ကော့) ပါ။ ဝတ္ထုတိုမှာ ဘာကြောင့် ချက်ကော့ကို ဖတ်ရှုသင့်သလဲဆိုတော့ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်၊ ချမ်းသာ၊ ဆင်းရဲမရွေး လူမျိုးစုံရဲ့ ဘဝတွေကြားက ဇာတ်လမ်းစုံကို ဒိဌဓမ္မလောကနဲ့ နီးစပ်စွာ သရုပ်ဖော်နိုင်လို့ဖြစ်ပါတယ်။
ချက်ကော့က ငယ်စဉ်ကတည်းကပင် ပုံတိုပတ်စ အပြောကောင်းသူတစ်ဦးဖြစ်ပြီး နားထောင်တဲ့ သူငယ်ချင်းတွေဟာ အူတတ်မတတ် ရယ်မောကြတယ်လို့ ဆိုတယ်။ ချက်ကော့ရဲ့ မိသားစုဟာ ဆင်းရဲလေတော့ ဝင်ငွေရဖို့ မဂ္ဂဇင်း၊ ဂျာနယ်တွေကို ဝတ္ထုတိုစာမူတွေပို့ရင်း နာမည်ကျော်ကြားလာပါတယ်။ ဆေးကျောင်းတက်ရင်း၊ ဆရာဝန်လုပ်ရင်း ဒေသစုံက လူပေါင်းစုံရဲ့ အဖြစ်သနစ်တွေကို သိရှိခွင့်ရခဲ့ပြီး ၎င်းတို့ရဲ့ အဖြစ်အပျက်တွေက ဝတ္ထုတိုတွေ များစွာရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကုန်ကြမ်းတွေဖြစ်လာခဲ့တယ်။ နိမ့်၊ မြင့်၊ တက်၊ ကျ လူတန်းစားအလွှာ အမျိုးမျိုးရဲ့ ပင်ကိုယ်စရိုက်၊ အလင်းအမှောင် စိတ်သဘောထား၊ လောဘ မောဟ၊ ဒုက္ခ သုခ တို့ကို အရှိအတိုင်း တွေ့မြင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ ချက်ကော့ရဲ့ ဝတ္ထုတိုတွေမှာ တစ်နေ့ကို ၁၂ နာရီလောက် အလုပ်လုပ်ရပြီး မငတ်ရုံတမယ် စားကြသောက်ကြရရှာသူ စက်ရုံအလုပ်သမားတွေရဲ့ အကြောင်းကနေ စက်ရုံတွေ တစ်ရုံပြီးတစ်ရုံတည်၊ အိမ်တွေ တစ်လုံးပြီးတစ်လုံး ဆောက်တဲ့ သူကြွယ်တွေအကြောင်း၊ လောဘကလွဲပြီး အကြင်နာ မေတ္တာ ဘာမှမရှိတဲ့ ကုန်သည်လူတန်းစားအကြောင်း၊ လူအများရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အမျိုးမျိုးဒုက္ခပေးတဲ့ အရာရှိ ကြီး ငယ်တို့အကြောင်း၊ လယ်လုပ်သား မြေလုပ်သားတွေကို အကြင်နာတရားမရှိဘဲ တာဝန်မဲ့တဲ့ လယ်ရှင် မြေရှင်တို့အကြောင်း၊ ပင်ပန်းကြီးစွာ အလုပ်လုပ်ရပေမယ့် အရက်ကျွန်ဖြစ်ပြီး အသိဉာဏ်ကင်းမဲ့၊ အပျင်းထူနေလို့ ဆင်းရဲတွင်းကနေ ရုန်းမထွက်နိုင်သူ လယ်သမားတို့အကြောင်း စသည် စသည် တို့ကို ဘက်လိုက်မှု ကင်းစွာ အမြင်အတိုင်း တင်ပြထားတဲ့အတွက် ခေတ်ပြိုင် ရုရှားစာရေးဆရာတို့ရဲ့ မကျေနပ်မှုများကိုပင် ခံခဲ့ရတယ်။
ဝတ္ထုတိုတစ်ပုဒ်မှာ အပိုစကားလုံးတွေ မပါသင့်ဘူးဆိုတာနဲ့ ပတ်သက်ပြီး “ဝတ္ထုနဲ့ မသက်ဆိုင်တာ၊ အဆက်အစပ်မရှိတဲ့ စကားတွေကို မညှာတာဘဲ ဖြတ်တောက်ပစ်ရမယ်၊ ဝတ္ထုရဲ့ အခန်းတစ်မှာ နံရံပေါ်တွင် သေနတ်တစ်လက်ချိတ်ဆွဲထားသည်လို့ ဖော်ပြခဲ့ရင် နောက်အခန်းတွေမှာ အဲ့ဒီသေနတ်ဟာ ပစ်ကို ပစ်ရမယ်၊ မပစ်ဘဲ မနေရ” လို့ ပြောခဲ့ပြီး ၎င်းအဆိုအမိန့်ဟာ ခေတ်အဆက်ဆက် စာရေးဆရာတို့အပေါ် လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ချက်ကော့ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၄ နှစ်ပဲ ရှိသေးပြီး စာရေးသက် ၁၆ နှစ်မှာ ဝတ္ထုတို ၂၀၁ ပုဒ်ရေးခဲ့တယ်လို့ သိရပါတယ်။ ဒီစာအုပ်မှာ ၎င်းဝတ္ထုတွေထဲက ဆရာကျော်အောင်ရဲ့ ဘာသာပြန် စိတ်ကြိုက်ဝတ္ထုတို (၂၉) ပုဒ်ကို စုစည်းထားပါတယ်။ တတိယအကြိမ် ထုတ်ဝေမယ့် ဒီစာအုပ် ‘ကျော်အောင် – ချက်ကော့ ဝတ္ထုတိုပေါင်းချုပ်’ မှာ ဆရာကျော်အောင်ရဲ့ ပုံနှိပ်စာအုပ်အဖြစ် မထုတ်ဝေခဲ့တဲ့ ချက်ကော့ ဘာသာပြန် လေးပုဒ်ကိုပါ ထပ်မံထည့်သွင်းထားတာဖြစ်ပြီး အရင် ထွက်ခဲ့ဖူးတဲ့ အကြိမ်တွေထက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားပါတယ်။
ဒါတွေက ချက်ကော့ မိတ်ဆက်ပဲဖြစ်ပြီး ဝတ္ထုတိုနဲ့ ပတ်သက်ရင် ကမ္ဘာ့နံပါတ် (၁) နေရာမှာ ထားပြီး ဖတ်ရှုသင့်တယ်လို့ အဆိုရှိတဲ့ ချက်ကော့ ဝတ္ထုတိုများကို ဖတ်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဖတ်ရှုပြီးတဲ့အခါ ဘာကြောင့် နံပါတ် (၁) ကို ရရှိထားလဲ ဆိုတာ စာဖတ်သူတို့ သိရှိသွားမယ်လို့ ယုံကြည်ပါတယ်။
Ks 5,000ချက်ကော့ဝတ္ထုတိုပေါင်းချုပ်
Ks 5,000 -
ရွက်ခြောက်
ချစ်ခိုင်စံလမ်းပေါ်က လေလွင့်လူငယ်လေးတွေကို လူတိုင်းနီးပါး မြင်ဖူးကြမှာပါ။ ဒီနိုင်ငံရဲ့ စီးပွားရေးအခြေအနေအရ မြို့အများစုက လေလွင့်လူငယ်တို့ရဲ့ ပြောဟန်ဆိုဟန်၊ လှုပ်ရှားသွားလာဟန်၊ စတာတွေကို မကြာခဏ ဆိုသလို မြင်ဖူးကြမှာပါ။ လူတို့ မြင်ကြတာ သူတို့ရဲ့ ပြင်ပပုဂ္ဂလိကဟန်တွေ ဆိုရင် မမှားပါဘူး။ တကယ်တော့ လေလွင့်လူငယ်လေးတွေဟာလည်း လူသားတွေထဲက လူသားတွေပဲမို့ သူတို့မှာ ခံစားချက်တွေ၊ လောဘဒေါသ၊ လိုအင်ဆန္ဒ စတဲ့ အဇ္ဈတ္တတွေ ရှိကြပါတယ်။
ချစ်ခိုင်စံ ရဲ့ ဝတ္ထုရှည် ရွက်ခြောက်ကို ဖတ်ကြည့်မယ်ဆို စာရှုသူဟာ မြို့ကလေးတစ်မြို့က လေလွင့်လူငယ်လေးတွေရဲ့ ရင်ဘတ်တွေကို ဆွဲဖွင့်ကြည့်မိစေပါမယ်။ လေလွင့်လူငယ်ဆိုရာမှာ မျိုးရိုးအရ မိသားစုလိုက် တောင်းစားကြတာရှိသလို ငယ်စဉ်ကပင် ကလေးခိုးဂိုဏ်လက်ချက်မိပြီး / ရောင်းစားခံရပြီး လေလွင့်လူငယ်ဖြစ်လာသူရယ်လို့ ရှိကြရာ ချစ်ခိုင်စံရဲ့ ရွက်ခြောက်မှာ ဖတ်ရှုရမှာက ဒုတိယအမျိုးအစားပါ။ မြို့လေးက လူဆိုးဂိုဏ်းပုံစံဖွဲ့စည်းထားတဲ့ “ဖာ၊ဖဲ၊ဖိုး” ဇိုးတွေရဲ့ လက်အောက်ကို တစ်နည်းမဟုတ် တစ်နည်းရောက်လာတဲ့ ကောင်လေး၊ ကောင်မလေးတွေ ဖြစ်တဲ့ ပိန်သေး၊ စိန်ကုလား၊ ဝဲထူ၊ ပေကလုံး၊ ပုံဆိုးမ၊ နှပ်ရှုံ့မ တို့ဟာ မနက်ဆို သူတို့ရဲ့ နေရပ်ဖြစ်တဲ့ တံတားကြီးအောက်ကနေ မြို့အနှံ့ကို အသီးသီး ထွက်ပြီး လှည့်ပတ်တောင်းစားကြတယ်။ တောင်းလို့ ငွေအရများရင် သူတို့ကို ထိန်းသိမ်းထားတဲ့ စိန်ကြီးတို့ရဲ့ လက်သီး၊ခြေထောက်ဒဏ်တွေက လွတ်မြောက်ပါတယ်။ နည်းရင်တော့ ပိုးစိုးပက်စက်ဆဲခံရရုံမက ပုံစံမျိုးစုံ ဗျင်းခံရပါတယ်။ တောင်းရတာ ငွေများများရရ နည်းနည်းရရ ပိန်သေးတို့အုပ်စုရဲ့ ဆုလာဘ်က ကော်ရှူရတာပါ။ အစားကောင်းကောင်းကျွေးစရာမလိုဘဲ သူတောင်းစားလေးတွေကို ကော်ရှူခိုင်းပြီး စိန်ကြီးတို့လို “ဖာ၊ဖဲ၊ဖိုး” ဇိုးတွေရဲ့ အလိုတွေ လိုက်စေတာ မဆန်းတဲ့ နည်းတွေပါပဲ။
သာမန်လူတို့အဖို့ အချိန်တွေကြာလာရင် .. အသက်ကြီးလာရင် ဘဝရဲ့ တိုးတက်ရာတိုးတက်ကြောင်းအတွက် သင်တန်းတွေတက်၊ အလုပ်တွေလုပ်ကြပေမယ့် လေလွင့်လူငယ်လေးတွေရဲ့ ဘဝမှာ ငယ်စဉ်အခါ နေ့တွေ ရက်တွေကနေ လတွေ နှစ်တွေ ကြာလာတော့ ကောင်လေးတွေက သူခိုး၊ ခါးပိုက်နှိုက်၊ အလစ်သုတ်၊ ပြည့်တန်ဆာပွဲစား စသဖြင့် ဖြစ်လာပြီး ကောင်မလေးတွေက အရွယ်ရောက်တော့ ပြည့်တန်ဆာ ဖြစ်ကြရပါတယ်။ သစ်ပင်တစ်ပင်က သစ်ရွက်တွေ ကြွေပြီး သစ်ရွက်တစ်ရွက် ရွက်ခြောက်ဖြစ်လာတဲ့အခါ အသုံးသိပ်မတည့်တော့သလို လူ့လောကမှာ လေလွင့်လူငယ်လာဖြစ်တဲ့ ပိန်သေးတို့ဟာ လူတွေကြားမှာ ရွက်ခြောက်သာသာ။ သူတို့ရဲ့ အနာဂတ်နေ့ရက်တွေက အလင်းရောင်မဲ့။ မျှော်လင့်ချက်နတ္ထိဆိုပေမယ့် ကံကြမ္မာရဲ့ ဇာတ်ရုပ်ရေးမှုမှာ ပိန်သေးတစ်ယောက် ဘာဖြစ်လာမလဲ။ စိန်ကုလားကကော သူလွတ်မြောက်ချင်တဲ့ လေလွင့်လူငယ် ဘဝက အမြန်ဆုံးလွတ်မြောက်ခဲ့လား။ ဝဲထူနဲ့ ပေကလုံးက ဘာဖြစ်လာမှာလဲ။ ကောင်မလေးတွေဖြစ်တဲ့ ပုံဆိုးမနဲ့ နှပ်ရှုံ့မတို့ကော ဘာတွေဖြစ်ခဲ့မလဲ။ စာရေးဆရာ ချစ်ခိုင်စံက ရွက်ခြောက်ကို တစ်ခါဖတ်ပြီးတာနဲ့ မမေ့နိုင်မယ့် ဘဝသရုပ်ဖော် ဝတ္ထုကောင်းတစ်ပုဒ်အဖြစ် ပုံဖော်ရေးသားထားတာကို စာရှုသူ ရင်တမမနဲ့ ဖတ်ရှုရမှာပါ။
Ks 4,500ရွက်ခြောက်
Ks 4,500 -
ဇော်က ကနေသည်
အကြည်တော်ဆရာ အကြည်တော်ရဲ့ ဝတ္ထုအများစုဟာ ရယ်မောစရာတွေမို့ ဆရာ့ကို ဟာသစာရေးဆရာလို့ ပြောကြပါတယ်။ အမှန်လည်း ဆရာအကြည်တော်ရဲ့ စာအုပ်တွေဟာ ရယ်ရပါတယ်။ ဒီစာအုပ် ဇော်က က နေသည် ကတော့ စာဖတ်သူတို့ ရယ်လည်းရယ်ရသလို မောလည်းမောရမှာပါ။
တောထဲတောင်ထဲ သူယောင်ပင်လိုက်ရှာ၊ တွေ့ပြီဆို အကိတ်ဆုံးသူယောင်သီး တုတ်နဲ့ထိုး၊ ဟတ်ချလောင်းဆို သူယောင်မယ်ဖြစ်၊ ဇော်ဂျီနဲ့ သီချင်းဆို ကခုန်ကြ။ အဲ့ဒီလို ဇော်ဂျီမဟုတ်ပါဘူး။ လမ်းတကာလှည့်၊ လူစည်ကားရာ ဈေးလိုနေရာမှာ ဇော်က က၊ အစွမ်းထက်တဲ့ ဆေးတွေကို ရောင်းချကာ ဘဝလမ်းကို အခြေခံကျကျ လျှောက်နေတဲ့ ဆေးဆရာဇော်ဂျီ။
ဇော်ဂျီတွေရဲ့ တောထဲတောင်ထဲက ဒဏ္ဍာရီနဲ့ ပတ်သက်ပြီး “အမှန်တော့ လူတွေအမြင်မှားနေတာပါ။ ကျွန်တော်ကိုယ်တိုင်က ဇော်ဂျီပါပဲ” လို့ ဖွင့်ဟခဲ့သူ ဇော်ဂျီတစ်ယောက်ရဲ့ ဇာတ်လမ်း။ ဇော်ဂျီဟာ နိစ္စဓူဝ ဆေးရောင်းရင်း တစ်နေ့မှာ သူ့အစ်ကို ဆုံးပါးသွားခြင်းနဲ့ အတူ မိဘမဲ့ တူလေးတစ်ယောက်နဲ့နေထိုင်ဖို့ ဖြစ်လာတယ်။ ကိုယ်တိုင်က ကြမ်းတမ်းတဲ့ဘဝခရီးလမ်းအတွက် လမ်းတကာလှည့်၊ ဇော်ဂျီဝတ်စုံကြီးဝတ်၊ လျက်ဆားနဲ့ ဆေးတွေရောင်းနေရတဲ့ ဆင်းရဲလှတဲ့ဘဝထဲဝင်လာတဲ့ ကလေးငယ်လေးဟာ သူကိုယ်တိုင် ဦးလေးဇော်ဂျီနောက် လျှောက်လိုက်ရင်း ဇော်ဂျီပေါက်စနလေး ဖြစ်လာတယ်။ ဦးလေးဇော်ဂျီနဲ့ အတွဲညီညီ ဇော်က က ရင်း လောကဓံကို တူတူ ရင်ဆိုင်ခဲ့ကြတယ်။ ဒီလိုနဲ့ ဇော်ဂျီတို့ရဲ့ ဘဝဇာတ်ခုံပေါ်ကို မထင်မှတ်ဘဲ တက်လာသူက မဉ္ဖူ။ ဇော်ဂျီလေးရဲ့ မမနတ်သမီး။ ကားမတော်တဆဖြစ်ရာက မိသားစုတွေ ဆုံးပါး၊ ကိုယ်တိုင်က ခေါင်းကို ထိပြီး ယဉ်ယဉ်လေး ရူးနေသူ။ သူ့ကိုယ်သူ နတ်သမီးလို့ စွဲမှတ်နေတဲ့ မဉ္ဖူဟာ ဇော်ဂျီ တူဝရီးကို ခင်မင်ပြီး မခွဲနိုင် မခွာရက်ဖြစ်ရာက ဇော်က ကနေသည်ဟာ ရယ်စရာ မောစရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါတော့တယ်။
ဟာသတ္ထုတွေနဲ့ တောက်လျှောက်အောင်မြင်နေတဲ့ ဆရာအကြည်တော်ဟာ ဇော်က က နေသည် ကို ထုတ်ဝေလိုက်တော့ ရသစာဖတ်သူတို့ကြားမှာ ဘဝသရုပ်ဖော်ကို ပီပြင်တဲ့ဝတ္ထုအဖြစ် ရေပန်းစား လူပြောများခဲ့တယ်။ အပြစ်ကင်းစင်တဲ့ ဟာသလေးတွေ ကြားညပ်ပြီး ရေးထားတဲ့အတွက်လည်း ဆရာအကြည်တော်ရဲ့ ဟန်ကနေ ကွဲထွက်မသွားဘူး။ စာအုပ်အနေနဲ့ အောင်မြင်တဲ့ ဇော်က က နေသည်ကို ၂၀၀၈ ခုနှစ်မှာ နိုင်ငံကျော် အနုပညာ၊ အတတ်ပညာရှင်တွေနဲ့ ရုံတင်ခဲ့ရာမှာ အထူးလူကြိုက်များပြီး အကယ်ဒမီဆုတွေလဲ ရရှိခဲ့ပါတယ်။
Ks 3,000ဇော်က ကနေသည်
Ks 3,000 -
အရိပ်လေးဆယ် (ရသအက်ဆေးများ)
စံပယ်ဖြူနုဆရာမ စံပယ်ဖြူနု ဆိုတာ စာချစ်သူတို့ကို အထူးတလည် မိတ်ဆက်ပေးရမယ့် စာရေးဆရာမ တဦးတော့ မဟုတ်ပါဘူး။ ရသစာပေချစ်သူတိုင်းက ဆရာမရဲ့ ဝတ္ထုတို၊ရှည်၊ အက်ဆေး စတဲ့ အရေးအသားမှန်သမျှကို နှစ်ခြိုက်နေကြသလို အမျိုးသားစာပေဆုများနဲ့ အခြားစာပေဆုများကို ဆွတ်ခူးထားတဲ့ ကလောင်တစ်ချောင်းလည်း ဖြစ်ပါတယ်။ မဟာစာပေက ဆရာမစံပယ်ဖြူနုရဲ့ မြို့ကလေးနေမကောင်းပါ ဝတ္ထုတိုစု၊ အပြန်လမ်းဘယ်မှာ လမ်းဘယ်မှာနှင့် အခြားမဂ္ဂဇင်းဝတ္ထုတိုများ၊ အခါတစ်ပါး (ဝတ္ထုလတ်)လုံးချင်းတို့ကို ထုတ်ဝေခဲ့ပြီးဖြစ်ရာ ယခုထုတ်ဝေတဲ့ အရိပ်လေးဆယ်က မဟာစာပေနဲ့ စံပယ်ဖြူနုတို့ရဲ့ လေးအုပ်မြောက်လက်တွဲခြင်းဖြစ်ပါတယ်။ အရိပ်လေးဆယ်မှာ ဆရာမစံပယ်ဖြူနုက သူ့ရဲ့ စာဖတ်ပရိသတ်ကို ဘယ်လို အရေးအသားတွေနဲ့ ချပြမလဲ?
လူတိုင်း လူတိုင်းမှာ အရိပ်ကိုယ်စီရှိကြပါတယ်။ ကျား မ မရွေး၊ ကလေးလူကြီး အရွယ်စုံ သူ့ အတိုင်းအထွာနဲ့သူ အရိပ်တွေ ကိုယ်စီရှိကြပါတယ်။ လူတိုင်းဟာ နေ့ရက်တွေတိုင်းကို နေထိုင်မှုအမျိုးမျိုးနဲ့ ရုန်းကန်လှုပ်ရှားသွားလာပြီး ဖြတ်သန်းကြရလေတော့ သူတို့ရဲ့ အရိပ်တွေဟာလည်း အရိပ်ရှင်တို့ရဲ့ ဖြတ်သန်းမှုတွေပေါ်မူတည်ပြီး အရောင်အသွေးတွေ၊ အဆင်အပြင်တွေ၊ ဖော်ပြမှုပုံစံတွေ ဖြစ်တည်လာပါတော့တယ်။ ဒီစာအုပ်မှာ ဆရာမစံပယ်ဖြူရဲ့ ဘဝဖြတ်သန်းမှု နေထိုင်လှုပ်ရှားမှုတွေထဲက အရိပ်လေးဆယ်တိတိကို ရသမြောက် အရေးအသားတို့နဲ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။
အရိပ်တခုချင်းစီတိုင်းဟာ ရသမြောက်အရေးအသား တစ်ပုဒ်ဖြစ်တာကို တွေ့ရမှာဖြစ်ပြီး ဆရာမစံပယ်ဖြူနုရဲ့ ဘဝထဲကို အရိပ်တွေကနေ တဆင့် စာချစ်သူတို့ မြင်တွေ့ခွင့်ရမှာပါ။ အရိပ် – ၁ မှာ သူမရဲ့ အတွင်းနက်နက် စိတ်ပိုင်းဆိုင်ရာအကြောင်းတစ်ခုကို အိပ်မက်ကတဆင့် ထိတွေ့ခွင့်ရမှာဖြစ်သလို အရိပ် – ၃ မှာ ဆိုရင်လည်း တီဗွီနဲ့ ဆရာမစံပယ်ဖြူနုရဲ့ အဘွားအကြောင်းကို ခပ်ပါးပါး တို့ထိခွင့်ရမှာဖြစ်ပါတယ်။ “ကျွန်မက ကံကောင်းလို့ ကြည်အောင် မဖြစ်တာ” ဆိုတဲ့ အရိပ် – ၄ ဟာလည်း စံပယ်ဖြူနုဆိုတဲ့ ကလောင်နာမည် ဘာကြောင့် ဘယ်လိုဖြစ်လာသလဲဆိုတာကို ထဲထဲဝင်ဝင် ရေးထားတာမို့ တစ်ခါဖတ်ပြီးတာနဲ့ ဆရာမရဲ့ ပရိသတ်တို့ ဘယ်တော့မှ မမေ့တော့မယ့် အရေးအသားတစ်ပုဒ်လို့ ဆိုရမှာပါ။ အရိပ် – ၇ မှာဆို စံပယ်ဖြူနုရဲ့ အကြိုက်ဆုံးဟင်းအကြောင်း၊ အရိပ် – ၉ မှာ စံပယ်ဖြူနုနဲ့ ကြောင်အကြောင်း စတဲ့ သူမရဲ့ ဘဝထဲကို အရိပ်တွေကနေတဆင့် ဖတ်ရှုရမှာဖြစ်ပြီး လူသိပ်မသိတဲ့အကြောင်းလေးတွေကို လှစ်ဟပြတဲ့ အရိပ်အကြောင်းတွေပါ ဖတ်ရမှာပါ။
“စာရေးကောင်းသူတို့ဟာ ဘာရေးရေး ဖတ်လို့ကောင်းနေတာပဲ” လို့ ပြောကြပါတယ်။ ဒီစာအုပ်မှာ စံပယ်ဖြူနုရဲ့ ဘဝနဲ့ ဆက်စပ်အကြောင်းအရာတို့ကို အပုဒ် ၄၀ တိတိ ဖတ်ရှုရမှာ ဖြစ်ပြီး ရသမြောက် အရေးအသားတို့နဲ့ ကွပ်ထားတဲ့ ဆရာမရဲ့ ဘဝထဲက ရှင်သန်လှုပ်ရှားမှုတွေဖြစ်တာမို့ အရိပ်တိုင်းဟာ စာဖတ်သူကို အတွေးတစ်စစီ ချန်ထားခဲ့မှာ ဖြစ်ပါတယ်။ ခရစ်သက္ကရာဇ် ၂၀၂၀ မှာ အသက် ၄၀ ပြည့်ခဲ့သူ စံပယ်ဖြူနုရဲ့ အရိပ်လေးဆယ် ကို အပိုင်း ၅ ပိုင်း ခွဲချပြထားတဲ့ ဒီစာအုပ်ကနေတဆင့် ဆရာမရဲ့ ဘဝနဲ့ နေ့ရက်ဆိုင်ရာအချို့ကို တို့ထိနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Ks 6,000အရိပ်လေးဆယ် (ရသအက်ဆေးများ)
Ks 6,000 -
နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း
ကျော်အောင်ခေတ်သစ်၏ ခေါ်ရာသို့ မလိုက်နိုင်ဘဲ ကျဆုံးသွားသည့် လူတန်းစားတစ်ရပ်တစ်ကြောင်း။
ပေါင်းလောင်းရပ်နေ ဦးရွှေဖြူ၊ ဒေါ်ငြိမ်း၊ ၎င်းတို့၏သား ကိုဖေမောင်၊ စမုန်ကွင်းကောက်ရပ်နေ ဦးဇေယျာ၊ ဒေါ်လှမေ၊ ၎င်းတို့၏ သမီး မညွန့်ခင်။
သူတို့သည် ဤဇာတ်လမ်း၏ ဇာတ်ဆောင်များ။ စာရေးဆရာကြီး ကျော်အောင်က ထိုဇာတ်ဆောင်တွေနဲ့ ထိုခေတ်က လူတွေအကြောင်းကို ‘နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း’မှာ ဇာတ်လမ်းတစ်ပုဒ်နဲ့ ပမာပြု တင်ပြတယ်။ပေါင်းလောင်းဆိုတဲ့ အရပ်က ခေါင်တယ်၊ မြန်မာပြည်အလယ်ပိုင်း တစ်နေရာကို ကိုယ်စားပြုတဲ့အရပ်ဒေသ။ အဲ့ဒီဒေသမှာ နေထိုင်ကြတဲ့သူတွေက ရိုးရိုးအေးအေးတွေ။ သီပေါမင်း ပါတော်မူပြီး အင်္ဂလိပ်တွေ ရောက်လာလို့ ခေတ်ပညာတတ်ကျောင်းတွေ ဖွင့်တဲ့အခါ “ပညာများ ဘုန်းကြီးကျောင်းမှာ ထားလည်း ရတာပဲ၊ ဘာလို့ လောကဓာတ်ကျောင်းပို့မလဲ” လို့ မေးငေါ့ကြတဲ့အရပ်။
စမုန်ကွင်းကောက်က အောက်ပြည်အောက်ရွာက အရပ်ဒေသတစ်ခု၊ တိုးတက်ခေတ်မီတဲ့ ရန်ကုန်လို အရပ်နဲ့ ကုန်စည် အကူးအသန်း အဆက်အသွယ်ရှိတယ်။ မိရိုးဖလာ လယ်မြေ စိုက်ပျိုးစီးပွားကို အစိုးရဆီက ချေးငွေတွေ ယူပြီး ပိုမိုတိုးတက်တဲ့ စီးပွားတစ်ရပ်ဆီ ရှေ့တိုးဖို့ ကြိုးစားနေကြတဲ့ အရပ်။
ပေါင်းလောင်းက ဦးရွှေဖြူဟာ သူကြီးမျိုးဆက်။ အဖေသူကြီး ကွယ်လွန်တော့ အလိုလို သူကြီးဖြစ်လာသူ။ သူ့ခေတ်မှာ မြန်မာတို့ ထီးနန်းကျိုးပေါက် အင်္ဂလိပ်လက်အောက်ရောက်တော့ သူက သူကြီးအရာကနေ မကျသွားတဲ့တိုင် သူ့အထက်မှာ မြို့အုပ်မင်းဆိုသူတစ်ယောက် ပေါ်လာတယ်။ သူက ဒုတိယဖြစ်သွားတယ်။ အပြောင်းအလဲခေတ်ကြီးမှာ ထိုင်နေရင် ဘာမှဖြစ်လာဘူးဆိုတဲ့ စိတ်နဲ့အောက်ပြည်အောက်ရွာ စုန်ဆင်းရာက စမုန်ကွင်းကောက်ကို ရောက်သွားတယ်။‘နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း’ မှာ ကျော်အောင်ရဲ့ metaphor ဆန်ဆန် တင်ပြမှုကို ဖတ်ရပါမယ်။ ခေတ်တွေကို ပြတယ်။ လူတန်းစားတွေကိုပြတယ်။ အတွေးအခေါ် ၊ ဘဝရပ်တည်ရှင်သန်မှု၊ လူမှုစီးပွား စတာတွေကို ဇာတ်ဆောင်တွေက တစ်ဆင့်၊ စာမျက်နှာထက်က တစ်ဆင့်၊ ရေးသားတင်ပြတယ်။
တစ်နည်း ‘နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း’ ဟာ ဝတ္ထုစာအုပ်တစ်အုပ်ထက်ပိုတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဆရာကျော်အောင်၏ ပထမဆုံး ရသဝတ္ထုရှည်တစ်အုပ်ဖြစ်သလို စာပေအစဉ်အလာ ကြီးမားလှတဲ့ ပုဂံစာအုပ်တိုက်ရဲ့ (သတ္တမမြောက်) နှစ်လည်အထူးထုတ် ပင်ကိုယ်ရေး ရသဝတ္ထုရှည်တစ်အုပ်လည်း ဖြစ်ပါတယ်။
Ks 15,000နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း
Ks 15,000 -
အမုန်းနှင့် လမ်းခွဲခြင်း
ငွေတီဦးလူတွေဟာ ကိုယ်ချစ်တဲ့၊ ခင်တဲ့သူတွေကို ဆုံးရှုံးလိုက်ရရင်ဖြစ်စေ၊ ကိုယ်နှစ်သက်တဲ့ အရာတွေကို လက်လွှတ်ပေးလိုက်ရရင် ဖြစ်စေ … ပထမဦးဆုံး လုပ်မိတာက ကိုယ့်ကိုယ်ကို အပြစ်တင်ကြတဲ့ ကိစ္စပါပဲ။ ငါ ဘာကြောင့် မလုပ်နိုင်ခဲ့ရတာလဲ ဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းတီးလာကြတယ်။ အမုန်းစိတ် ကြီးထွားလာတာနဲ့အမျှ ကိုယ့်ဖြစ်တည်မှုတွေကို လက်ခံဖို့ ခက်ခဲလာပါတယ်။လူသားတို့ ဘဝနေ့စွဲတွေမှာ ရှင်သန်ရ ခက်ခဲလာတာဟာလဲ မတည်မြဲမှုတွေ၊ အပြောင်းအလဲတွေကို လက်မခံနိုင်ခြင်းက အစပြုတာပါ။ အရွေ့အလျားတွေနောက်ကို ထိခိုက်ကြေကွဲစွာ လိုက်ပါခံစားရင်း နှလုံးသားထဲက ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့စိတ်တွေ ပျောက်ဆုံးသွားကြတယ်။ လူတွေဟာ တစ်ခြားတစ်ယောက်ကိုပဲ မုန်းမုန်း၊ ကိုယ့်ကိုယ်ကိုယ်ပဲ မုန်းမုန်း အမုန်းက အင်အားကြီးမားလာပြီဆိုရင် စိတ်ရောလူပါ စတင် ပူလောင်ရတော့တာပါပဲ။ ဒါကြောင့် အမုန်းတရားတွေကို ရှင်းလင်းဖယ်ထုတ်ပြီး ဘယ်လိုလမ်းခွဲရမလဲဆိုတာကို ဆရာမငွေတီဦး ရေးသားတဲ့ အမုန်းနှင့်လမ်းခွဲခြင်း (နှလုံးသားအားဖြည့် ဝတ္ထုတိုစုစည်းမှု) စာအုပ်လေးမှာ အဖြေ ရှာကြည့်နိုင်ပါတယ်။‘သူပြောပြတဲ့သူမ’ ဆိုတဲ့ ဝတ္ထုတိုလေးထဲမှာတော့ ဒီလိုလေး ရေးဖွဲ့ထားတာ တွေ့ရပါတယ်။တခြားလူတွေကို ကြင်နာရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ကြင်နာဖို့မေ့လျော့နေရင်လဲ နာကျင်ခြင်းဟာ ကိုယ့်အတွက်ပဲ ဖြစ်လာမှာတဲ့။ ဘဝကို မသေဆုံးဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် မုန်းလို့မဖြစ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ချစ်လိုက်ပြီးတဲ့နောက်မှာ အရာရာဟာ ပြောင်းလဲသွားပါတယ် လို့ ရေးထားတာက လေးလေးနက်နက် တွေးရမဲ့ စာတစ်ပုဒ် ဖြစ်ပါစေမယ်။‘စိန်ပန်းပင်’ ဆိုတဲ့ ဝတ္ထုတိုလေးကတော့ စိတ်ကို လွတ်မြောက်နေတဲ့ စိန်ပန်းပင်ကြီးနဲ့ ပါးပါးလေး ခိုင်းနှိုင်းပြသွားတာပါတယ်။ စိတ်ကို အရေးကြီးဆုံးအချိန်တွေမှာ ပိုပြီး လွှတ်ချထားတတ်ရတယ်တဲ့။ စိတ်ဟာ အတင်းအကျပ် ချုပ်နှောင်ခံထားရတဲ့အခါ မလွတ်မြောက်တော့ဘဲ ဘာအစွမ်းသတ္တိမှ မထွက်တော့ဘူး။ စိတ်နဲ့ခန္ဓာမှာ အရေးကြီးဆုံးက သက်သောင့်သက်သာရှိမှုပါပဲဆိုတာကို ဒီဝတ္ထုလေးထဲမှာ ပြောပြထားတာ တန်ဖိုးရှိစွာ တွေ့ရပါမယ်။အမုန်းနှင့်လမ်းခွဲခြင်း တစ်အုပ်လုံးကို ခြုံပြောရမယ်ဆိုရင်တော့ ရသဝတ္ထုတိုတွေ ဆိုတာထက် ဗီတာမင်အားဆေးလေးတွေ လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ တစ်ပုဒ် ဖတ်ပြီးသွားတိုင်း ကိုယ့်ရဲ့ ဘဝနဲ့ ကိုယ့်ကိုယ်ကိုယ် အရှိတရားလေးတွေကို မြင်ယောင်လက်ခံလာမိမှာပါ။ တစ်အုပ်လုံးက ဝတ္ထုတို ၁၆ ပုဒ်လုံး ဖတ်ရှုပြီးတဲ့အခါမှာတော့ စိတ်ရောလူပါ အားအင်ပြည့်ဝသလို ခံစားမိကြပါလိမ့်မယ်။ ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်တွေကို ကြည်လင်လန်းဆန်းဖို့ ဆရာမငွေတီဦးရဲ့ နှလုံးသား ခွန်အားဖြည့်ဝတ္ထုလေးတွေက ကူညီပေးပါလိမ့်မယ်။ ဘဝကို အရှိအတိုင်း လက်ခံပြီး မနက်ဖြန်ကို အကောင်းဆုံး ရင်ဆိုင်ဖို့ ‘အမုန်းနှင့်လမ်းခွဲခြင်း’ က ဖတ်ကြည့်သင့်တဲ့ စာအုပ်လေးတစ်အုပ်ပါပဲ။Ks 9,000အမုန်းနှင့် လမ်းခွဲခြင်း
Ks 9,000 -
ဆမ်းမာဆက်မွမ်၏ ဝတ္ထုတိုများ
ကျော်အောင်ဆရာကျော်အောင် ဘာသာပြန်တဲ့ ဆမ်းမားဆက်မွမ်း ၏ ဝတ္ထုတိုများ က ဘယ်အချိန်မဆို မရိုးနိုင်တဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ဝတ္ထုတိုစာအုပ်များထဲမှ တစ်အုပ်ဆိုလျှင် မှားအံ့မထင်။ 1964 မှာ ထွက်ခဲ့တဲ့ မူရင်းစာအုပ်ဟာ ယနေ့ထက်တိုင် ကမ္ဘာမှာ ထင်ရှားနေဆဲဖြစ်ပြီး Goodreads မှာ Rating 4.3 , Amazon မှာ Rating 4.4 ရထားပါတယ်။ မြန်မာဘာသာပြန်ကလဲ စာချစ်သူတို့ နှစ်သက်သဘောကျကြပြီး ယနေ့ထက်တိုင် အကြိမ်ရေ အသစ်များ ထုတ်ဝေနေရဆဲ ရှိပါတယ်။ဆမ်းမားဆက်မွမ်ဟာ ဝတ္ထုရှည်ကြီးများ ရေးသားခဲ့ရာမှာ အောင်မြင်သလို ဝတ္ထုတိုများဟာလဲ ဆိုခဲ့သလို လူကြိုက်များလှပါတယ်။ ဒီစာအုပ် ဆရာကျော်အောင် ပြန်ဆိုတဲ့ ဆမ်းမားဆက်မွမ်၏ ဝတ္ထုတိုများမှာ ဝတ္ထုတို ၁၅ ပုဒ် ပါဝင်ပြီး ရယ်မောဖွယ် … လွမ်းဆွေးဖွယ် … စတဲ့ ရသမျိုးစုံကို ခံစားရမှာပါ။ ဆမ်းမားဆက်မွမ်ဟာ ခရီးသွားလာခြင်းကို ဝါသနာပါပြီး ကမ္ဘာအရပ်ရပ်ကို ခရီးထွက်ခဲ့သူပါ။ ခရီးသွားရင်း ဝတ္ထုတစ်ပုဒ်ရေးဖို့ ကုန်ကြမ်းရှာတွေပြီဆိုရင် အဲ့ဒီနေရာဒေသမှာ ရက်အတန်ကြာနေပြီး ဝတ္ထုအတွက် လေ့လာသူ ဖြစ်ပါတယ်။ ဒီအတွက် ဆမ်းမားဆက်မွမ်ရဲ့ ဝတ္ထုတိုတွေဟာ ကမ္ဘာအရပ်ရပ်က နေရာဒေသတွေမှာ အခြေခံထားတာ ဖတ်ရမှာ ဖြစ်ပြီး ကာလဒေသစရိုက်၊ လူတွေရဲ့ ပြုမူလှုပ်ရှားပုံ စတာတွေက သူ့ဝတ္ထုတွေမှာ ထင်ရှားလှပစွာ ပေါ်ပေါက်နေပါတယ်။ဆမ်းမားဆက်မွမ်ကို နှစ်ဆယ်ရာစုရဲ့ အကျော်ကြားဆုံး စာရေးဆရာများထဲက တစ်ဦးလို့ သတ်မှတ်ပြီး အကျွမ်းကျင်ဆုံး ဝတ္ထုတိုရေးဆရာလို့ နေရာပေးကြတယ်။ ဆမ်းမားဆက်မွမ် ကိုယ်တိုင်ကတော့ ဝတ္ထုတိုအရာမှာ ပြင်သစ်စာရေးဆရာ မိုပါဆွန်းက အကျွမ်းကျင်ဆုံးလို့ ဆိုပါတယ်။ ဆမ်းမားဆက်မွမ်ဟာ ဘဝတစ်လျှောက် စာပေလက်ရာများစွာ (ဝတ္ထုတို/ရှည်၊ ပြဇာတ်၊ အတ္ထုပ္ပတ္တိ၊ ခရီးသွားစာပေ၊ စာပေအကဲဖြတ်စာတမ်း) ရေးခဲ့သူဖြစ်ပြီး အသက် ၇၀ အရွယ်တွင် စာပေရေးသားခြင်းကို အနားယူခဲ့တယ်။ ဆမ်းမားဆက်မွမ်ဟာ သူ့ဘဝကို သူပြန်သုံးသပ်တဲ့အခါ သူဟာ ဘယ်သူ့အပေါ်မှာမှ မနာလိုဝန်တိုစိတ် မရှိဘဲ ရှင်သန်ခဲ့တယ်။ လုပ်ချင်ရာ လုပ်ခဲ့တယ်။ အဲ့ဒီလို နေခဲ့တဲ့အတွက်လဲ သူ့ဘဝကို သူကျေနပ်တယ်လို့ ဆိုထားပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ “ကျွန်တော် မလုပ်ဖူးတာ သိပ်မရှိဘူး။ လူအတော်များများနဲ့လဲ သိကျွမ်းခဲ့တယ်။ စာအုပ်တွေလဲ အများကြီးဖတ်ခဲ့တယ်။ ရုပ်ရှင်တွေ အများကြီး ကြည့်ခဲ့တယ်။ ဂီတတွေ အများကြီးနားထောင်ခဲ့တယ်။ ကျောက်ရုပ်တွေ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ၊ လက်ရာကောင်း အဆောက်အအုံတွေ အများကြီး မြင်ခဲ့တွေ့ခဲ့တယ် … ဒါဆိုရင် လုံလောက်ပါပြီ” တဲ့။ဝတ္ထုရေးဖွဲ့ခြင်းနဲ့ ပတ်သက်ပြီးလဲ ဆမ်းမားဆက်မွမ်က “လူတစ်ယောက်၏စရိုက်သည် အခြားသူများနှင့် မတူဘဲ ထူးခြားသည်။ ထိုစရိုက်ကို အခြေတည်ကာ သူ့အကြောင်း ဝတ္ထုရေးလို့ ကောင်းမည်ဟု ထင်မြင်ယူဆလျှင်၊ စိတ်ကူးရလျှင် ထိုအကြောင်းကို ကျွန်တော်ရေးသည်။ တစ်ခါတရံ ထူးခြားသည့် အခြေအနေတစ်ခုခုတွင် စိတ်နေသဘောထားတစ်စုံတစ်ခုကြောင့် မမျှော်လင့်ထားသည့် အဖြစ်အပျက်တစ်ခု ပေါ်လာရသည်။ ထိုအခါ ကျွန်တော့်မှာ ရေးစရာ အကွက်ဝင်လာသည်။ ထို့ကြောင့် ထိုအဖြစ်အပျက်ကို ကျွန်တော် ဝတ္ထုရေးသည်။ သို့သော်လည်း ကျွန်တော် ထပ်၍ ပြောချင်ပါသေးသည်။ ထိုလူ့စရိုက်၊ ထိုလူ့အဖြစ်သနစ်တို့မှာ ဖြစ်ရိုးဖြစ်စဉ်နှင့် ကွဲလွဲသည့် လူ့သဘာဝများသာ ဖြစ်လေသည်။ ယင်းတို့မှာ ယေဘုယျ သဘောမဆောင်၊ ခြွင်းချက် သဘောသာဆောင်သည်” လို့ ဆိုပါတယ်။Ks 12,000ဆမ်းမာဆက်မွမ်၏ ဝတ္ထုတိုများ
Ks 12,000 -
ကူလီ
ကျော်အောင်ဆရာကျော်အောင် ရဲ့ ကူလီ ဝတ္ထုဟာ မူရင်းစာရေးဆရာ Mulk Raj Anand ရဲ့ Coolie ကို ဘာသာပြန်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ အာနန်ဟာ ဒီစာအုပ်မှာ အိန္ဒိယပြည်က ဗြိတိသျှတို့ရဲ့ ညစ်ညမ်းမှုတွေကို လူအများသိစေရန် ဖွင့်ထုတ်ထားတယ်။ ပြီးတော့ အိန္ဒိယက နာမည်ကျော်ဇာတ်တစ်ခုဖြစ်တဲ့ အထက်အတန်းလွှာနဲ့ အောက်တန်းလွှာတို့ရဲ့ လူတန်းစားခြားနားမှုကိုလည်း သေချာဖော်ပြထားတယ်။ အောက်ခြေလူတန်းစားတစ်ရပ်ရဲ့ ဘဝလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ပုံကို မူရင်းစာရေးဆရာက ဆင်းရဲသားတို့ဘက်ကနေ ရပ်တည်ရေးဖွဲ့ထားတာ ကူလီ မှာ စိတ်ဝင်စားဖွယ် ဖတ်ရှုရပါမယ်။
” ဟိုအကောင်ကြီးက ဘာကောင်လဲ ဦးလေး ”
ဒါဟာ ကူလီ စာအုပ်ထဲက ဇာတ်ကောင် မူနူးလေး ရှန်နဂါမြို့ထဲ ဝင်ဝင်ချင်း သူ့ဦးလေးဖြစ်သူကို မေးလိုက်တဲ့ မေးခွန်းပါ။ ဒီမေးခွန်းလေးဟာ မီးရထားကိုတောင် မမြင်ဖူးတဲ့ အောက်ဆုံးအလွှာရဲ့ ဘဝအနေအထားကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။ ဓာတ်စက်ကိုမြင်တော့လည်း သေတ္တာထဲ လူဝင်ပြီး သီချင်းဆိုတယ်လို့ ထင်နေတဲ့ ဆင်းရဲသားလေး မူနူး။ ရှန်နဂါမှာ သူရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတွေဟာ ဘာတွေဖြစ်မလဲ။ ဘယ်လိုလူမျိုးတွေနဲ့ရော တွေ့ဆုံရမှာလဲ။
နွားကျောင်းသားလေးဘဝကနေ၊ အိမ်စေခံ၊ စက်ရုံအလုပ်သမား စသဖြင့် ထမင်းနပ်မှန်ရေးအတွက် အဆင့်ဆင့် ကျော်ဖြတ်ခဲ့ရတဲ့ မူနူးရဲ့စိတ်ခံစားချက်တွေ၊ ပင်ပန်းဆင်းရဲရပုံတွေကို စာရေးဆရာ အာနန်က ဒီစာအုပ်မှာ ထိထိမိမိ ရေးဖွဲ့ထားတယ်။ ကူလီဝတ္ထုကို ဖတ်နေရင်း အထက်တန်းလွှာတွေရဲ့ ဖိနှိပ်ချယ်လှယ်မှုတွေ၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေကို မြင်တွေ့တဲ့အခါ မူနူးနဲ့ ထပ်တူ ခံပြင်းမိစေမှာ အမှန်ပါပဲ။ အိန္ဒိယပြည်က နယ်ချဲ့စနစ်ရဲ့ ဆိုးရွားတဲ့ဖိနှိပ်မှုတွေကိုလည်း ဒီစာအုပ်ထဲမှာမြင်တွေ့ရပါလိမ့်မယ်။ မရှိဆင်းရဲသား လူတန်းစားတစ်ရပ်မှာ ကလေးလုပ်သားတွေ ပေါများပြီး ဒုက္ခခံနေရတာကိုလည်း ဖတ်နေရင်း ခံစားနားလည်မိပါတယ်။ တကယ်တမ်းတော့ လူ့လောကကြီးမှာ လူတန်းစားနှစ်ရပ်ပဲ ရှိတယ်တဲ့။ အဲ့ဒါဟာ အထက်တန်းလွှာနဲ့ အောက်တန်းလွှာပါပဲ။ ဘယ်လောက်ထိ ကွဲပြားခြားနားလဲ သိချင်ရင်တော့ ဆရာကျော်အောင် ဘာသာပြန်ထားတဲ့ ကူလီ ဝတ္ထုကိုသာ ဖတ်ကြည့်ကြဖို့ တိုက်တွန်းပါရစေ။Ks 20,000ကူလီ
Ks 20,000 -
တစ်ဘဝဒဏ်ရာ
ဆေးဆေချစ်ခြင်းကြောင့် ဆင်းရဲခြင်း ဖြစ်ရတယ်
ကိုယ်စိတ်နှစ်ပါး ဆင်းရဲရတာဟာ ချစ်ခြင်းကြောင့် ဖြစ်တယ် ၊ ချစ်ခြင်းသာ အမွန်အစ ဖြစ်တယ်လို့ တရားတော်မှာ ပါပါတယ် ။
အချစ်နဲ့ မကင်းကြတဲ့ လူသားတွေဟာ ချစ်ခြင်းကြောင့် ဆင်းရဲကြရတာ အမှန်တရား ပါပဲ ။ ချစ်ခြင်း ဆိုတာမှာလည်း ၁၅၀ဝ အချစ်ကြောင့်မှ ဆင်းရဲခြင်း ကြုံရတာ မဟုတ်ပါဘူး ။ ၅၂၈ မေတ္တာ ကြောင့်လည်း ဆင်းရဲခြင်း ကို ကြုံတွေကြရတာပဲ ။စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ဝန်းကျင် ၊ မြစ်သာမြစ် နား ၊ သာယာကုန်းရွာလေးက လူနေမှုဘဝတွေ ။ သူတို့ ဝမ်းစာ ဘယ်လို ရှာကြသလဲ ၊ ခေတ်ဆိုး စနစ်ဆိုးကြီး အောက်မှာ ရှင်သန်နေကြရတဲ့ လူတွေရဲ့ ပင်ပန်း ခက်ခဲရတဲ့ ဘဝတွေ ။ ရေနံထွက်လို့ ရေနံမှော် လုပ်ကြ ၊ ထုံးဖုတ်ကြ ၊ သစ်လုပ်ငန်း လုပ်ကြနဲ့ စုံလင်လှတဲ့ ဘဝများ။ ရင်မောစရာ ထိုထို ဘဝတွေကြားက မေတ္တာ စမ်းချောင်းလေးပမာ သက်လယ် ဆိုတဲ့ ကောင်းမလေးရဲ့ သူ့ မောင်လေး ပိုးလုံးလေး အပေါ် ထားတဲ့ မေတ္တာတရားဟာ ကြည်လင်အေးမြတဲ့ စမ်းရေ ပမာ ။
နတ်ကိုးကွယ်မှုကို အယုံကြည်လွန်ပြီး အယူသီး အစွဲအလမ်းကြိီးတဲ့ အဘွား ။ ခေါင်းမာပြီး တစောက်ကန်း လုပ်တတ်တဲ့ ဖေဖေ ။ ရပ်ရွာအကျိုးအတွက် တစ်ပြားတစ်ချပ် မှ ခံစားခွင့် မယူဘဲ မှန်မှန်ကန်ကန် လုပ်တတ်လို့ လူအချို့ရဲ့ မုန်းတီးခြင်း ခံရသူ တစ်ဦးလည်း ဖြစ်တယ် ။ ကျိန်စာတိုက် ခံရတဲ့ အထိကို တချို့က က မုန်းကြတယ် ။
လင်ယောက်ျား နဲ့ သားသမီး အတွက် ယောက္ခမ ဖြစ်သူ ညွှန်ကြားသမျှ လိုက်လုပ်ပေးရတဲ့ မေမေ ။ မောင်ကလေး ပိုးလုံးလေး မွေးကတည်းက အသက်နဲ့အမျှ ချစ်ရတဲ့ အစ်မ သက်လယ် ။ အရွယ်မတိုင်ခင် ကတည်းက အဖေ့အလုပ်ကို ကူညီချင်စိတ် အမြဲရှိတဲ့ သားလိမ္မာလေး ပိုးလုံးလေး ။ သူတို့ မိသားစု အပေါ် ရိုက်ခတ်လာတဲ့ လောကဓံ မုန်တိုင်းထဲမှာ မောင်ကလေး အပေါ် ချစ်တဲ့စိတ်နဲ့ သက်လယ် တစ်ယောက် ပင်ပန်း ဆင်းရဲခဲ့ရတယ် ။ တစ်ဘဝစာဒဏ်ရာ ပိုင်ရှင် သက်လယ် ရယ်လေ ။
ကလေးမြို့ နားက သာယာကုန်း ရွာ ရဲ့ လူမှု စီးပွားရေးတွေ ၊ ရေနံမှော် မှာ ရုန်းကန်ကြရတဲ့ ဘဝတွေ ။ အဲဒီ လူတွေ မျှော်လင့်ချက် အပြည့်နဲ့ ဆင်းရဲပင်ပန်းစွာ ရေနံတူးကြရတဲ့ ဇာတ်လမ်းတွေ ။အဆိုးထဲက အကောင်းဖြစ်တဲ့ မောင်နဲ့ နှမ ရဲ့ ကြည်နူးဖွယ် ချစ်ခြင်း မေတ္တာတရား တွေကို ဆရာမ ဆေးဆေ က သပ်ရပ် လှပစွာ ရေးဖွဲ့ထားပါတယ် ။
ပထမ တစ်အုပ်တုန်းကလိုပဲ နိုင်ငံခြား နောက်ခံ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေနဲ့ ချစ်ခြင်းမေတ္တာကို အခြားသော ရှုထောင့်တစ်ခုမှ ထူးခြားစွာ ရေးဖွဲ့ထာတဲ့ ဒီ ဇာတ်လမ်းလေးဟာ စဖတ်မိလိုက်ရင် စာအုပ်ကို လက်က မချနိုင်အောင်ပဲ စာဖတ်သူကို ဆွဲခေါ်သွားမှာပါ ။
ဖွေရှာမောရသူမယ် စာအုပ်နဲ့ လုံချင်းလောကမှာ ပွဲထွက်ကောင်းခဲ့တဲ့ ဆရာမ ဆေးဆေရဲ့ ဒုတိယမြောက် လက်ရာ ၊ ပင်ကိုရေး ဝတ္ထု အသစ်တစ်ပုဒ် ဖြစ်ပါတယ် ။Ks 3,000တစ်ဘဝဒဏ်ရာ
Ks 3,000 -
မပျော်ရွှင်နိုင်သေးတဲ့မြို့
မိုးကျော်ဇင်မိုးကျော်ဇင်ဟာ လုံးချင်းဝတ္ထုရှည်၊ ဝတ္ထုတို၊ အက်ဆေး စတဲ့ စာပေအနုသုခုမတွေကို တီထွင် ဖန်တီးနိုင်တဲ့ လက်ရာရှင်တစ်ဦးဖြစ်ပြီး သူဖန်တီးတဲ့ အနုပညာတွေဟာ ခံစားသူတို့ ရင်တွင်းကို ထိစေပါတယ်။ မိုးကျော်ဇင်ရဲ့ ဇာတ်လမ်းတွေက ကလောင်သွားထက်မှာ မျိုးစုံ ဘယ်လိုပဲလှုပ်ရှားပါစေ၊ လူသားဘဝနဲ့ အနီးစပ်ဆုံးတွေကို ဖန်တီးထားတာဖြစ်တဲ့အတွက် ဖတ်ရှုသူတိုင်းရဲ့ သဘောကျနှစ်သက်မှုကို ရနေတယ်ဆို မမှားပါဘူး။ ယခု ထုတ်ဝေလိုက်တဲ့ မိုးကျော်ဇင် – ဝတ္ထုတိုပေါင်းချူပ်မှာ ၂၀၁၅ ကနေ ၂၀၂၁ အထိ ဆရာ့ရဲ့ ဝတ္ထုတိုလက်ရာ ၁၅ ပုဒ်ကို တစ်စုတည်း စုစည်းထားတာ ဖတ်ရှုရမှာဖြစ်ပြီး ရသဖန်တီးမှုကောင်းကောင်းနဲ့ တည်ဆောက်ထားတဲ့ ဝတ္ထုတိုများလည်းဖြစ်ပါတယ်။
– စိတ္တဇမြူခိုးများ အမည်ရ ဝတ္ထုတိုမှာဆို တဒင်္ဂစိတ်ထဲက ဖြစ်လာတဲ့ မသိစိတ်ရဲ့ စေခိုင်းမှုကြောင့် ရှေ့ဆက် ဘာဆက်လုပ်ရမလဲ မဝေခွဲနိုင်တဲ့ ကာလအပိုင်းအခြားလေးကို ရိုးရှင်းစွာ တင်ပြထားတာ အဆုံးထိ မဖတ်ရမနေနိုင် ဆွဲခေါ်သွားပါလိမ့်မယ်။
– ကျပ်တစ်ထောင်တန်ထိုင်ခုံ ဝတ္ထုလေးမှာဆို မြို့ထဲကနေ မြို့ပြင်ကို အသွား တစ်ယောက်တစ်ထောင်ပေးစီးရတဲ့ ကားငယ်တစ်စီးပေါ် စာရေးဆရာ ကားစီးရင်း မြင်မိတဲ့ လူတစ်ယောက်ရဲ့ သရုပ်သကန်ကို တိကျစွာ ဖော်ညွှန်းထားတာကို ဖတ်ရှုရပါမယ်။
– နာရီကြည့်သော မိုးတိမ်များမှာက ဆိုင်ကယ်စီးရင်း ဒဏ်ငွေဆောင်ဖို့ အဖမ်းခံရတဲ့ ဘဝခရီးသည်တွေအကြောင်းကို ဖတ်ရင်း ပြုံးမိရာက နောက်ဆုံးတော့ ဪ လို့ ရေရွတ်တ်မိစေမယ့် ဝတ္ထုလေးပါ။
– ထိုင်ခုံမဲ့ မနက်ခင်းမှာဆို ဇာတ်လမ်းက ရထားတွဲမှာ ခုံနေရာ ရဖို့ ကြိုးစားသော်လည်း မရတဲ့အခါ စိတ်ညစ်ပြီး တခြားနည်း အလွယ်လမ်းကိုပဲ ရွေးသွားတာကို ဖတ်ရမှာဖြစ်ပေမယ့် စာရေးဆရာက လူ့စရိုက် လူ့မနော လူ့သဘောကို လှစ်ခနဲဖော်ပြလိုက်တာမို့ ငါဆိုလည်း ဒီလိုပဲလုပ်မိမလား တွေးမိစေမှာ ဖြစ်ပါတယ်။
– ပူဖောင်းများ မှာဆို နယ်မြို့လေးတစ်မြို့က လက်ဖက်ရည်အိုလေးမှာ ပုံမှန်ထိုင်ရင်း ငြင်းကြခုံကြ လေကန်ကြတဲ့ လူကြီးတွေအကြောင်းကို စိတ်ဝင်စားစဖွယ် ဖတ်ရမှာပါ။
မိုးကျော်ဇင်ရဲ့ ဝတ္ထုတိုပေါင်းချုပ်စာအုပ်မှာ အထက်ပါ ဝတ္ထုတိုများအပါအဝင် ကလျာ၊ ရွှေအမြုတေ၊ ကျေးရွှေတမာ၊ မိုးမခ၊ Faces၊ Fashion နဲ့ ဖြူးမြို့ အမျိုးသားကျောင်းရာပြည့်မဂ္ဂဇင်းတို့မှာ ဖော်ပြခဲ့တဲ့ ဝတ္ထုတို ၁၅ ပုဒ်ကို ပြန်လည် စုစည်း ထုတ်ဝေထားပါတယ်။ မိုးကျော်ဇင်ရဲ့ ဝတ္ထုတိုဇာတ်လမ်းတွေမှာ တည်နေရာတွေက နေရာစုံ၊ ပါဝင်တဲ့ ဇာတ်ဆောင်တွေက သဏ္ဌာန်မျိုးစုံ၊ ဟန်မျိုးစုံ၊ ဇာတ်လမ်း အဖုံဖုံ ဖြစ်ပေမယ့် ဖော်ပြပြီးသကဲ့သို့ လူသားတို့နဲ့ အနီးစပ်ဆုံး ဇာတ်လမ်းတွေ ဖြစ်တာကြောင့် ဖတ်ရှုသူတိုင်း နှစ်သက် သဘောကျစေမှာ အမှန်ပါပဲ။
ခေတ်ကာလတစ်ခုရဲ့ ဖြတ်သန်းရာ အချိန်ကာလပေါ်မှာ ရေးဖွဲ့ထားတဲ့ လူ့သဘာဝဇာတ်လမ်းများ စုစည်းမှုလည်း ဖြစ်တာကြောင့် စာပေဆုရ စာရေးဆရာ မိုးကျော်ဇင်ရဲ့ ဝတ္ထုတိုပေါင်းချုပ်ဟာ ခေတ်ကာလရဲ့ တစ်စိတ်တစ်ဒေသကို မှတ်ကျောက်တင်မယ့် စာအုပ်တစ်အုပ်လို့လည်း ဆိုနိုင်ပါတယ်။
Ks 4,500မပျော်ရွှင်နိုင်သေးတဲ့မြို့
Ks 4,500













