• ငမွဲလော့ဂျစ်

    အနုပညာသမားတွေဟာ လူပင်ကွယ်လွန်ခဲ့သော်ငြား နာမည်မသေဘူး လို့ ပြောစမှတ်ပြုကြပါတယ်။ ဆရာအကြည်တော်ဟာ စာဖတ်ပရိသတ်ကို ဟာသရသမြောက်တဲ့ စာတို စာရှည်ပေါင်းများစွာနဲ့ အားလုံးကို အပြစ်ကင်းစွာ ပျော်စေခဲ့သူပါ။ ဆရာ ကွယ်လွန်ပြီးတဲ့နောက်မှာလည်း ဆရာ့ရဲ့ စာတွေ၊ ပုံရိပ်တွေဟာ စာချစ်သူတို့ မမေ့ကြဘဲ သတိရလျက် ရှိနေကြဆဲပါ။

    ဆရာ မကွယ်လွန်ခင်က ပေးအပ်ခဲ့တဲ့ စာမူအသစ် ငမွဲလော့ဂျစ် ဟာ ဆရာအကြည်တော်ကို လွမ်းလို့ မဝသေးသူတွေအတွက် အင်မတန်ကောင်းတဲ့ ဆေးတစ်ခွက်ဖြစ်လာမှာပါ။

    ကမ္ဘာမှာ လော့ဂျစ်တွေ အများအပြား ရှိပါတယ်။ Logic ကို အဘိဓာန်မှာ ယုတ္တိဗေဒ လို့ ဖွင့်ဆိုပါတယ်။ ဆရာကြည်ရဲ့ ငမွဲလော့ဂျစ် မှာ လောကကြီးထဲ ဘယ်လိုနေထိုင်ရင် မွဲနိုင်မလဲဆိုတဲ့ အချက်တွေကို အလင်းပြထားတယ်။ စာအရှည်ကြီးတွေနဲ့ ရှည်လျားထွေပြား ရှင်းပြထားတာလည်း မဟုတ်ဘူး။ ဘယ်လိုလုပ်ရင် မွဲမလဲ ဆိုတာ တိုတိုနဲ့ ယုတ္တိရှိရှိ ရေးပြထားတာ .. ။ အားလုံးကို ကိုယ့်လိုပဲ မွဲစေချင်တဲ့ စာရေးဆရာနဲ့ ထုတ်ဝေသူတို့ရဲ့ စေတနာတွေပေါ့လေ။

    ဒီတော့ … မွဲချင်ရင် ပြာပုံတောင် တိုးနေစရာ မလိုဘူး။ ဟောဒီက အကြည်တော် ရဲ့ ငမွဲလော့ဂျစ် ကိုသာ ဖတ်လိုက်။ ဆရာကြည် ပြုစုထားတဲ့ လော့ဂျစ်ပေါင်း ၄၀၀ ကျော်ကို ဖတ်ပြီး အချက်အလက်တွေက ကိုယ်ဟာ ငမွဲတစ်ယောက်လား ဆိုတာ အဖြေထွက်သွားလိမ့်မယ်။ မမွဲသေးဘူး ဆိုရင်တောင် မွဲကြည့်ချင်သွားမှာ … သေချာတယ်။

  • ငွေလရောင်ကျိန်စာ

    ရှေးတုန်းက ထမံသီရွာမှာ လပြည့်ညဆိုရင် လူကနေ ကျားဖြစ်သွားတတ်တဲ့ ဒဏ္ဍာရီတွေကို စာဖတ်သူတို့ ကြားဖူးကြမလား မသိဘူး။ မြစ်ထဲ ဆင်းသမျှ သတ္တဝါမှန်သမျှ အစရှာမရအောင် သတ်ဖြတ်စားသောက်တတ်တဲ့ မိချောင်းကြီး ပါးဖြူကိုတော့ ဧရာဝတီမြစ်ဝကျွန်းပေါ်က လူတွေ ကြားဖူးကြမယ်နဲ့ တူပါရဲ့။ ပါးဖြူသောင်းကျန်းလွန်းလို့ သမန်းမိချောင်းညီအစ်ကိုနှစ်ယောက် လာနှိမ်နင်းတဲ့ ဒဏ္ဍာရီကိုတော့ လူသိနည်းလိမ့်မယ် ထင်ပါတယ်။
    အနောက်တိုင်းမှာတော့ လပြည့်ညမှာ လူစင်စစ်ကနေ ဝံပုလွေဖြစ်သွားတတ်တဲ့ သမန်းဝံပုလွေဒဏ္ဍာရီတွေဟာ အင်မတန် နာမည်ကြီးပါတယ်။ ဒါကို သဘာဝတရားရဲ့ သွေးပျက်ချောက်ခြားဖွယ် ထူးခြားဆန်းကြယ်မှုလို့လည်း ခေါ်ကြရဲ့။
    စတီဖင်ကင်းဟာ ဒီလိုထူးခြားဆန်းပြားပြီး ထိတ်လန့်ချောက်ခြားဖွယ်ကောင်းလှတဲ့ ဒဏ္ဍာရီကို အခြေတည်ပြီး ခေတ်သစ်သမန်းဝံပုလွေဇာတ်လမ်းတစ်ပုဒ် ဖန်တီးခဲ့ပါတယ်။ နာမည်က Cycle of the Werewolf တဲ့။ တိုက်ရိုက်ဘာသာပြန်ရရင် ‘သမန်းဝံပုလွေရာသီစက်ဝန်း’ပေါ့။ ကျနော်ကတော့ လပြည့်ညရဲ့ ဝင်းပသာယာတဲ့ လရောင်ဟာ တချို့သူတွေအတွက် ကြောက်မက်ဖွယ် အခြားသော ဘဝတစ်ပါး၊ တချို့သူတွေအတွက် ထိတ်လန့်တုန်လှုပ်ဖွယ် သေခြင်းတရားအဖြစ် ပြောင်းလဲပေးလိုက်တာမို့ ‘ငွေလရောင်ကျိန်စာ’လို့ နာမည်ပေးလိုက်ပါတယ်။
  • ဖွေရှာမောရသူမယ်

    ကျွန်တော်တို့တစ်တွေ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူး တခုအဖြစ် ကိုယ်ချင်းစာတတ်ခြင်း ဆိုတာ ရရှိခဲ့ပါတယ်။ အဲဒီ ကိုယ်ချင်းစာတရားကို နိုင်ငံခြား ထွက်ပြီး အလုပ်လုပ်ရတဲ့ ယောကျာ်းလေးတွေ ၊ မိန်းကလေးတွေ အပေါ်မှာ ထားနိုင်ဖို့ ဒီစာအုပ်လေးက အထောက်အကူ ပြုနိုင်ပါတယ်။

    မိဘနှစ်ပါး အတူမနေကြတဲ့ ၊ ခွဲခွာနေကြရတဲ့ မိသားစုက ကလေးတွမှာ စိတ်ဒဏ်ရာတွေ ရှိတတ်ကြတယ် ။ တချို့က ပေတုံးပေါ်က သံတွေ သံခဲလို မာကျောသွားကြတယ်။ တချိူ့ကျတော့ ပတ်ဝန်းကျင် နဲ့ လူသူစိမ်းတွေကို ကြောက်ရွံ့ သွားတတ်တဲ့ ယုန်သူငယ်လေးလို ဖြစ်သွားတတ်တယ်။ အဲဒီလို မိသားစု တစ်ခုထဲက မွေ့မွန် ဆိုတဲ့ ကောင်းမလေး တစ်ယောက်ရဲ့ နာကျင်မှု နဲ့ ဖြတ်သန်းမှု တွေကို ကြည့်မယ်ဆိုရင်… ။

    သူစိမ်း တစ်ယောက်လို တခါတရံ မှ လာတွေ့တတ်တဲ့ အဖေကို စိတ်ထဲ နာကျဉ်းနေတဲ့ မွေ့မွန် ဟာ အမေတယောက်သာ မှီတွယ်ရာရှိတဲ့ ကမ္ဘာကျဉ်းကျဉ်းလေး ထဲမှာပဲ ရှင်သန်နေသူပါ ။

    လူ့လောကကို သူ စရောက်ကတည်းက အမေနဲ့  သူ့ကို ပစ်ထားတယ် ဆိုပြီး အဖေကို  စိတ်နာနေခဲ့တာ။ အဖေနဲ့ ဝေးနေသူ သမီးလေးကို မာကျော ကြံ့ခိုင်စေချင်တဲ့ မေမေ ရဲ့ တွန်းအားတွဟော မွေ့မွန် ကို တသက်သာ နာကျင်နေတဲ့ သစ်ရွက်ဝါလေး တရွက်လို ဖြစ်သွားစေတယ် ။

    စိတ်သန္တန်ရဲ့ အောက်ဆုံးအလွှာမှာ ခိုကပ်နေတဲ့ ၊ နက်ရှိုင်းတဲ့ ၊ နာကျင်မှုကလာတဲ့ အထီးကျန်ဝမ်းနည်းမှုတွေ အကင်းမသေနိုင်သေးတဲ့ မွေ့မွန် ဟာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဘဝ ပြဿနာ အဖုံဖုံကို သိရပြီးနောက် လောကကြီးမှာ မိမိ တယောက်တည်း ခံစားနရေတာ မဟုတ်ဘူး ဆိုတာ သိသွားပါတယ် ။

    ချင်းတွင်းမြစ်အထက်ပိုင်းက မော်လိုက်မြို့လေးက မွေ့မွန် ဆိုတဲ့ ကောင်မလေး တစ်ယောက် ရဲ့ အကင်းမသေနိုင်သေးတဲ့ အထီးကျန်ဝမ်းနည်းမှုတွေနဲ့အတူ အရုပ်မြို့တော်လို့ မွေ့မွန် တင်စားထားတဲ့ ယူအေအီးနိုင်ငံ အထိ စာဖတ်သူကို ဆွဲခေါ်သွားမယ့် ဇာတ်လမ်းတပုဒ်ဖြစ်ပါတယ်

  • အနုပဋိလောမ ရုပ်ဝါဒ

    “အနုပဋိလောမသည် လက်တွေ့အဘိဓမ္မာဖြစ်သည်”
    ဒီစာအုပ်မှာ အနုပဋိလောမရုပ်သဘောတရားကို သိပ္ပံနည်း၊ ရူပဗေဒနည်း၊ ဇီဝဗေဒနည်း၊ သင်္ချာဗေဒနည်း၊ ခန္ဒာဗေနည်းတို့နဲ့ ရှင်းလင်းဖော်ပြထားတာ ဖတ်ရှုရပါမယ်။ ရုပ်ဝါဒ နဲ့ အနုပဋိလောမ ဆိုတဲ့ အပိုင်း ၂ ပိုင်းကို အခန်း ၁၂ ခန်း ခွဲပြီး ရှင်းလင်းရေးသားထားတဲ့ ကျမ်းငယ်တအုပ်လည်း ဖြစ်ပါတယ်။
    အပိုင်း ၁ – ရုပ်ဝါဒ မှာ
    ၁။ ပါတီအဘိဓမ္မာ
    ၂။ ရုပ်ဝါဒနှင့် စိတ်ဝါဒ
    ၃။ စက်ယန္တရားရုပ်ဝါဒ
    ၄။ စက်ယန္တရားရုပ်ဝါဒမှ အနုပဋိလောမရုပ်ဝါဒသို့
    ၅။ ဖြစ်ပေါ်တိုးတက်မှုအား အနုပဋိလောမကျစွာ ခံယူပုံ တို့ကို ဖတ်ရှုလေ့လာရပါမယ်။
    အပိုင်း – ၂ အနုပဋိလောမ မှာ
    ၆။ အနုပဋိလောမ နှင့် တက္ကဗေဒ
    ၇။ ပြောင်းလဲမှုနှင့် အညမည ဆက်သွယ်မှု
    ၈။ ဖြစ်ပေါ်တိုးတက်မှု ဥပဒေသစ်များ
    ၉။ အသစ်နှင့်အဟောင်း
    ၁၀။ ငြင်းဖျက်ခြင်းကို ငြင်းဖျက်ခြင်း
    ၁၁။ ဝေဖန်ရေးနှင့် ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေး
    ၁၂။ အနုပဋိလောမရုပ်ဝါဒနှင့် သိပ္ပံပညာ တို့အပြင် ကျမ်းတစ်အုပ်လုံးကို ပြန်လည် ခြုံငုံ သုံးသပ် ရေးသားထားတဲ့ နိဂုံးပိုင်းတို့ကို ဖတ်ရှုလေ့လာရပါမယ်။ ကျမ်းအဆုံးမှာ ဝေါဟာရရှင်းချက်နဲ့ လူပုဂ္ဂိုလ်အညွှန်းတို့ကို တွဲဖက်ထည့်သွင်းဖော်ပြထားတာမို့ အနုပဋိလောမရုပ်ဝါဒကို လေ့လာရာမှာ အထောက်အကူ ဖြစ်စေမှာပါ။
    မြသန်းတင့် – အနုပဋိလောမရုပ်ဝါဒ ဟာ ဝတ္ထုမဟုတ်တဲ့ ကျမ်းစာအုပ်ငယ်တစ်အုပ်ဖြစ်တာကြောင့် ဖတ်ပြီးသွားရင် စာအုပ်စင်ပေါ် အပြီးတင်လိုက်ရမယ့် စာအုပ်မျိုး မဟုတ်ဘဲ ခေတ်အဆက်ဆက် ဝါဒ၊ အဘိဓမ္မာတွေ တိုးတက်ဖြစ်ထွန်း ပြောင်းလဲလာတိုင်း နှိုင်းယှဉ်ချိန်ထိုး လေ့လာရမယ့် ကျမ်းစာအုပ်မျိုး ဖြစ်ပါတယ်။
    ဒီကျမ်းငယ်နဲ့ ပတ်သက်ပြီး ပြုစုရေးသားသူ ဆရာမြသန်းတင့်က “အနုပဋိလောမရုပ်ဝါဒ၏ လောကအမြင်သည် ရှေ့နောက်ညီညွတ်၍ ဆင်ခြင်တုံတရားနှင့် ပြည့်ဝသော အမြင်ဖြစ်သည်။ ထိုအမြင်သည် ကျွန်ုပ်တို့ခေတ်၏ ပြဿနာများကို ဖြေရှင်းရန် ကြိုးပမ်းရှာဖွေမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်” ဟု ကောက်ချက်ဆွဲထုတ် ဖော်ပြထားပါတယ်။
  • မဝေးရက်လေသော

    “မဝေးရက်လေသော” တဲ့။ ကဗျာနဲ့ အက်ဆေး စုပေါင်းရောယှက်ထားတဲ့ ဝေဒနာဖွဲ့ စာအုပ်သစ်တစ်အုပ်။ ရေးသူက “ဆန်းမြထွန်းဝင်း”။ သူက သူ့ဝေဒနာတွေကို ဒီစာအုပ်မှာ ကဗျာနဲ့ရော အက်ဆေးနဲ့ပါ ဝေဝေဆာဆာ ဖွင့်ထုတ်ပြသထားပါတယ်။
    ကဗျာက လူတွေရဲ့ နှလုံးသားတွေဆီ ထိရောက်ကူးစက်မှု အဆင်အပြေဆုံး ဆက်သွယ်မှုကွန်ယက်တစ်မျိုးပဲ ဖြစ်လိမ့်မယ် ဆိုရင် အက်ဆေးကတော့ လူတွေရဲ့ ခံစားတွေးတောမှု နယ်ပယ်ကို ယူဇနာခရီးသစ် ဖွင့်လှစ်ပေးရာ လမ်းကြောင်းပြမြေပုံလည်း ဖြစ်နိုင်မယ် ထင်ပါတယ်။
    ဆရာဆန်းမြထွန်းဝင်းရဲ့ ဒုတိယမြောက် စာအုပ်သစ် ဖြစ်တဲ့ “မဝေးရက်လေသော” မှာ စာဖတ်ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ ပထမစာအုပ်ကထက် ရသစုံ၊ အကြောင်းအရာစုံ၊ ဝေဒနာစုံအောင် အားထုတ်ပြင်ဆင်ထားတယ်လို့ စာရေးသူ အမှာစာမှာ ဖော်ပြထားပါတယ်။
    ဖော်ပြထားသလိုပဲ၊ ဆရာဆန်းမြဝင်းထွန်းရဲ့ “မဝေးရက်လေသော” ကဗျာနဲ့ အက်ဆေးတွေထဲမှာ ချစ်ခင်နှစ်သက်လိုလားသူတွေနဲ့ မဝေးရက်ပေမဲ့ ဝေးရရက်တွေ ကြုံလာတဲ့အခါ ဝေးရ၊ ခွဲရ၊ ခွာရ၊ လွမ်းရတဲ့ ဝေဒနာတွေကို ဆွတ်မြည့်နင့့်မောစွာ ခံစားဖတ်ရမှာပါ။
    “တချို့အရာတွေကို
    ကိုယ်က ချစ်တာတစ်ခုတည်းနဲ့
    လက်ခံခဲ့တာ မင်း သိမှာပါ” တဲ့။
    ဆရာဆန်းမြထွန်းဝင်းရဲ့ ရင်ထဲက ဝေးခဲ့ရတဲ့ ဝေဒနာတွေကို ပီပီသသ လိုက်ပါခံစားဖို့ ဆိုရင်တော့ “မဝေးရက်လေသော” စာအုပ်လေးကို ခုလို မိုးတစိမ့်စိမ့် ရွာနေတဲ့ လွမ်းမောဖွယ်အချိန်မှာ ဖတ်ရင်း တွေးရင်း ခံစားရင်း လွမ်းမောရင်း ကြေကွဲရင်း စီးမျောစေချင်ပါတယ်။
    လူအများစုမှာ ​မဝေးရက်ပေမဲ့ ဝေးရက်လို့ ဝေးခဲ့ကြဖူးသူ ဆိုတာ (အနည်းဆုံး တစ်ဘဝမှာ တစ်ယောက်လောက်တော့) ရှိဖူးကြတယ် မဟုတ်လား။

  • ဇီးရိုးတူဝမ်း

    ဇီးရိုးတူဝမ်းဟာ စွန့်ဦးတီထွင် လောကသားများ (အထူးသဖြင့် စီးပွားရေး လုပ်ငန်းတစ်ခုကို စတင်တော့မယ့်လူတွေ) အတွက် ၂၁ ရာစု အလေးထားဆုံး စာအုပ် ၁၀ အုပ်မှာ တစ်အုပ် အပါအဝင် ဖြစ်ပါတယ်။

    ဘာကြောင့် အခုလို အလေးထားရပါသလဲ?

    ယခု စာအုပ် ဇီးရိုးတူဝမ်းကို ရေးသားသူ သီအဲ့လ်ဟာ ဆီလီကွန်တောင်ကြားရဲ့ ပွဲတိုင်းကျော်တစ်ဦးဖြစ်တဲ့ စွန့်ဦးတီထွင်သူနဲ့ ရင်းနှီးမြှုပ်နှံသူ ပီတာ သီယဲလ်တစ်ယောက် ကုမ္ပဏီ အမြောက်အမြားမှာ ရင်းနှီးမြှုပ်နှံခဲ့တဲ့ သူ့အတွေ့အကြုံတွေကို အခြေခံပြီး ရေးသားထားတဲ့ စာအုပ် ဖြစ်နေလို့ပါပဲ။

    ဒီစာအုပ်စတင်ထွက်ရှိချိန်မှာ ဆီလီကွန်တောင်ကြားနဲ့ စီးပွားရေးလောကကြား စာအုပ်ပါ အကြောင်းအရာတွေကို အများအပြား ဆွေးနွေးငြင်းခုံခဲ့ကြပါတယ်။ အကြောင်းကတော့ ဆွန်ဇူးရဲ့ သေနင်္ဂဗျူဟာကျမ်း၊ ဒါဝင်ကျမ်းများကို လက်စွဲပြုတတ်ပြီး ရင်ဆိုင်ယှဉ်ပြိုင်ခြင်းကို အလေးထားကြတဲ့ လက်ရှိ စီးပွားရေးလောကသားတွေရဲ့ အတွေးအခေါ်ဟာ မှားယွင်းပြီး ဘယ်လို အတွေးအခေါ်မျိုးက အနာဂတ်မှာ အကျိုးအမြတ် ဖြစ်ထွန်းနိုင်မယ်ဆိုပြီး သူခန့်မှန်းပြထားတဲ့ ပုံစံကြောင့်ပါပဲ။

    စာရေးသူဟာ သူရင်းနှီးမြှုပ်နှံခဲ့တဲ့ လုပ်ငန်းများစွာအရ အောင်မြင်မှုကို ရယူပေးနိုင်မယ့် ဖော်မြူလာဆိုတာ မရှိဘူးလို့ ဆိုပါတယ်။ အဲ့ဒီအစား စီးပွားရေးလုပ်ငန်းတစ်ခုကို အခြေခံမူများဖြင့် စတင်ရမယ်လို့ အခိုင်အမာ ဆိုပါတယ်။ ဒါဖြင့် စာရေးသူပြောတဲ့ စီးပွားရေး အခြေခံမူများဟာ ဘာတွေလဲ။

    အရာရာ ထပ်ဖန်တလဲလဲ ဖြစ်ပျက်နေတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ကမ္ဘာကြီးမှာ အောင်မြင်ပြီးသား လုပ်ငန်းတွေအတိုင်း ပုံတူကူးချတဲ့အခါ သင့်လုပ်ငန်းသာမက ကမ္ဘာကြီးအတွက်ပါ ဘာဖြစ်သွားနိုင်မလဲ။ အဲ့ဒီအစား ယခင်က တစ်ခါမှ ဖြစ်ပေါ်ခဲ့ဖူးခြင်း မရှိသေးတဲ့ တီထွင်မှုအသစ်တစ်ခုကို စတင်ဖန်တီးတဲ့အခါ ဘယ်လို ဖြစ်ပျက်သွားနိုင်သလဲ။ ဖြစ်ပေါ်လာနိုင်တဲ့ လုပ်ငန်းအဆင့် တစ်ခုစီတိုင်းအတွက် သီယဲလ် သုံးသပ်ပြထားပုံ၊ ယခင်ဖြစ်ပြီးသား အခြေအနေတွေနဲ့ နှိုင်းယှဉ် တွက်ချက်ပြထားပုံတွေဟာ စီးပွားရေးသမားတိုင်းအတွက် အထူးဂရုပြု လေ့လာစဉ်းစားစရာတွေ အပြည့် ဖြစ်ပါတယ်။

    သီယဲလ်ဟာ စီးပွားရေးလုပ်ငန်းတစ်ခု စတင်တဲ့အခါ
    – အသုံးပြုသူ တိုးပွားစေနည်း
    – ရင်ဆိုင်ကြုံတွေ့ရတဲ့ ပြိုင်ဘက်များကို ချဉ်းကပ်နည်း
    – စီးပွားရေးလုပ်ငန်းတစ်ခု စဉ်းစားရမယ့် အခြေခံမူများ
    – အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကြား မိမိ လုပ်ကိုင်သမျှကို စဉ်းစားသင့်ပုံ

    အစရှိတဲ့ လုပ်ငန်းဆိုင်ရာ အတွေးလေ့ကျင့်ခန်းတွေကို ဘယ်လို စဉ်းစားသင့်ကြောင်း ယခုစာအုပ်မှာ ပြောပြသွားပါတယ်။
    အနာဂတ်နဲ့ ပတ်သက်လို့ အကောင်းမြင်တဲ့ ရှုထောင့်ကနေ ရေးသားထားတဲ့ ဇီးရိုးတူဝမ်း စာအုပ်မှာတော့ အောင်မြင်မှုကို မမျှော်လင့်တဲ့ နေရာတွေကနေ ရှာဖွေရင်း အကျိုးအမြတ်များ ဖန်တီးကြည့်ဖို့ သင်ထင်မြင်ခဲ့တဲ့ သင့်အတွေးတွေကို ရေစစ်နဲ့စစ်ချသလို ထပ်ဖန်တလဲလဲ စစ်ထုတ်မေးမြန်းကြည့်ဖို့ ခိုင်းစေနေမှာတော့ အသေအချာပါပဲခင်ဗျာ။

  • အမ်ဘရဲလား လျှို့ဝှက်စီမံကိန်း

    Resident Evil လို့ ဆိုလိုက်တာနဲ့ ဗိုင်းရပ်စ်ပိုး သင့်ပြီး လူသားစား ဖုတ်​ကောင်​တွေအဖြစ် သန္ဓေ​ပြောင်းလဲကုန်တဲ့ Zombie Apocalypse ရုပ်ရှင်စီးရီးကို လူအ​တော်များများ ​ပြေးမြင်ကြမှာ ဧကန်မလွဲပါပဲ။ ဒါ​ပေမယ့် အခု ဒီဝတ္ထုက​တော့ အဲဒီရုပ်ရှင်စီးရီးထဲက ဇာတ်​ကြောင်းကို အ​ခြေမခံဘဲ မူရင်း ဗွီဒီယိုဂိမ်းထဲက ဇာတ်​ကြောင်းကို အ​ခြေခံထားခြင်းပဲ ဖြစ်ပါတယ်။ တစ်နည်း​အားဖြင့် Resident Evil ဆိုတဲ့ Zombie Apocalypse Universe ကြီး စတင်ခဲ့ရာ မူရင်း Origin ဇာတ်​ကြောင်း​ Video Game Novelization ​တ​စ်​ခုပေါ့။

    နိုင်ငံတကာမှာ ရုပ်ရှင်​တွေကို ပြန်လည်အ​ခြေခံ ​ရေးဖွဲ့တဲ့ Movie Novelization ​တွေ၊ ဗွီဒီယိုဂိမ်း​တွေကို ပြန်လည်​အ​ခြေခံ ​ရေးဖွဲ့တဲ့ Video Game Novelization ​တွေဟာ အထူးပင် ​ရေပန်းစားလှပါတယ်။ နားလည်လွယ်​အောင် ​ရှင်း​ပြ​ရမယ်ဆိုရင် အောင်မြင် ​ကျော်ကြားတဲ့ ရုပ်ရှင်​၊ ဗွီဒီယိုဂိမ်း​တွေကို ဝတ္ထုအသွင် ပြန်လည် ​ရေးဖွဲ့ခြင်းကို Movie Novelization, Video Game Novelization လို့ ​ခေါ်​တွင်ပါတယ်။ ဒါ​ကြောင့် အခုဝတ္ထု​ဟာ မိမိတို့ ကြည့်ရှုဖူးခဲ့​ကြတဲ့ ဒါရိုက်တာ Paul W.S. Anderson ရဲ့ ရုပ်ရှင်စီးရီးနဲ့ လုံးဝမတူညီတဲ့ Resident Evil ရဲ့ မူရင်း Video Game Franchise ကြီးရဲ့ ဇာတ်​အိမ်၊ ဇာတ်​ကြောင်း၊ ဇာတ်​ကောင်​တွေကို Creepy ဆန်ဆန် ဖတ်ရှုခံစားကြရမှာ ဖြစ်ပါတယ်။ အထက်ပါ အချက်များ​ကြောင့် RE Hardcore Fan ​တွေ​အ​နေနဲ့ အထူး​ပင် ​ကျေနပ် နှစ်ခြိုက်ကြလိမ့်မယ် ယုံကြ​ည်​ပါ​တယ်။

    ဒီဝတ္ထုကို Movie Novelization, Video Game Novelization ​တွေ အ​ရေးများတဲ့ နာမည်​ကျော် အ​မေရိ​ကန် စာ​ရေးဆရာမ S.D. Perry က ​ရေးသားပါတယ်။ မြန်မာဘာသာပြန်ဆိုသူက​တော့ ဆရာဇွဲ​ခေတ် ဖြစ်ပါတယ်။

    အခုဝတ္ထုက Resident Evil Franschise ကြီးရဲ့ ကနဦး​ဇာတ်​ကြောင်း The Umbrella Conspiracy (အမ်ဘ​ရဲ​လား လျှို့ဝှက်စီမံကိန်း) ဖြစ်ပြီး ဆက်လက် ထွက်ရှိလာမယ့် ​နောက်ဆက်တွဲ​ ဝတ္ထု​တွေက​တော့ Caliban Cove (မိစ္ဆာကမ်းခြေ)၊ City of the Dead (မရဏမြို့တော်)၊ Underworld (မြေအောက်ကမ္ဘာ)၊ Nemesis (နမ်မီဆစ်)၊ Code: Veronica (ကုဒ်-ဗာရိုနီကာ)၊ Zero Hour (သုညနာရီ) ဖြစ်တဲ့အ​ကြောင်း RE Hardcore Fan များကို သတင်း​ကောင်း ပါးလိုက်ရပါတယ်။

  • ရေမွှေး

    ယဉ်ကျေးမှုရှိတယ်၊ အဆင့်အတန်းရှိတယ်ဆိုတဲ့ လောကကြီးမှာ “ရေမွှေး” ဟာ မပါမဖြစ်ပဲ။ ဈေးနှုန်း အသင့်အတင့်ရှိတဲ့ နှင်းဆီ၊ စံပယ်၊ သနပ်ခါးရနံ့ ရေမွှေးတွေရှိသလို၊ ဈေးကြီးတဲ့ ရေမွှေးတွေကို နာမည်ကြီး ဧည့်ခံပွဲတွေမှာ အပြိုင်အဆိုင် ဆွတ်ဖျန်းကြပါတယ်။ ကိုယ့်အနား ရောက်လာတဲ့ သူတွေကို စိတ်ပျက်စရာ အနံ့ဆိုး မရစေချင်ကြဘူးလေ။

    ရေမွှေးကို စတင်တွေ့ရှိခြင်းဟာ ဂရိလူမျိုးတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ စပျစ်သီးကနေ ဝိုင်အရက် ဖြစ်လာပုံ၊ ဂရိလူမျိုးတို့ ဖေါ်ထုတ်ခဲ့တဲ့ ဂျီသြမေတြီပညာ တို့လိုပဲ လူသားမျိုးနွယ်အတွက် အကြီးမြတ်ဆုံး အောင်မြင်မှု တစ်ခုဖြစ်တယ်။ အဲဒီလို ရေမွှေးတွေထဲကမှ လူရဲ့ စိတ်နှလုံးကို တစ်ခါတည်း သိမ်းကျုံး ယူငင်သွားနိုင်တဲ့ ရေမွှေး တစ်မျိုးကို ဖော်စပ်ဖို့ အနံ့ပညာရှင် တစ်ယောက်က ကြိုးစားနေတယ်ဆိုရင် ယုံနိုင်ပါ့မလား။

    သူကတော့ ၁၈ရာစုနှစ်၊ ပြင်သစ်ပြည်၊ ပဲရစ်မြို့ ငါးစိမ်းသည် အမေက မလိုဘဲ မွေးလာတဲ့သူ၊ နို့ထိမ်း အမျိုးသမီးတွေရဲ့ မေတ္တာကို မရရှိခဲ့သူ ဂန်နွီ ပါပဲ။ သားရေနယ် အလုပ်သမားအဖြစ် ဆင်းရဲပင်ပန်းစွာ အသက်မွေးခဲ့ရပြီး နောက်တော့ ဂန်နွီက ရနံ့တို့ရဲ့ ဖန်ဆင်းရှင် တစ်ယောက်လည်း ဖြစ်လာပါတယ်။
    နူးညံ့သော၊ အစွမ်းထက်သော၊ တည်ငြိမ်သော၊ ခံစားချက် အမျိုးမျိုး ပေးစွမ်းနိုင်သော၊ စိတ်အာရုံကို ကိုင်လှုပ်နိုင်သော၊ ငြင်းရက်စရာမရှိသည့် အလှတရားတို့ဖြင့် ထုံမွမ်းနေသော ရေမွှေးနံ့တစ်ခုကို ဂန်နွီဟာ ကောင်းကောင်းကြီး ဖန်တီးနိုင်ပါတယ်။

    ဂန်နွီရဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်ဟာ အရာအားလုံးရဲ့ အနံ့ကို ပိုင်ဆိုင်လိုခြင်းနှင့် အနံ့အသစ်များကို ဖန်တီးလိုခြင်းပင် ဖြစ်ပါတယ်။ မကောင်းမှုများ၊ အလှတရားများကို မမြင်ချင်ရင် မျက်စိမှိတ်ထားနိုင်၏။ အမင်္ဂလာ စကားများ၊ ဂီတသံစဉ်များကို မကြားလိုလျှင် နားပိတ်ထားလို့ ရသေးတယ်။ အနံ့ ကိုတော့ မရှူလို့မရ။ အသက်ရှူသည်နှင့် အနံ့ပါ ရောယှက်ပါသွားသည် မဟုတ်လား။

    အဲဒီ လျှို့ဝှက်ချက်ကို သိသွားတာနဲ့ အနံ့ပညာရှင် ဂန်နွီဟာ ကြီးကျယ် ခမ်းနားတဲ့ ရေမွှေးတစ်မျိုး ကို ဖေါ်စပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီ ရေမွှေး အနံ့ကို ရလိုက်တဲ့ လူသားတစ်ယောက်ဟာ အသိတွေ၊ သတိတွေ လွတ်သွားမယ်။ အဲဒီ ရနံ့က နှလုံးသားထဲ တိုက်ရိုက် ရောက်ပြီး အချစ်၊ အမုန်း၊ အလိုရမ္မက်၊ စက်ဆုပ်ခြင်း၊ ဂရုဏာ၊ ဒေါသ စတဲ့ အကောင်း အဆိုး ခံစားမှုတွေကို သူ လိုရာ ထိန်းချုပ်နိုင်အောင် အစွမ်းထက်မယ်ဆိုပဲ။

    ရှာမှရှားတဲ့ အနံ့ပညာရှင် ဂန်နွီ လိုချင်တဲ့ ရေမွှေး ဖေါ်စပ်လို့ ရသွားမလား။ သူ့ရဲ့ ရေမွှေး ကုန်ကြမ်းက ဘာဖြစ်မလဲ ဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ မူရင်းစာအုပ်ကို ၁၉၈၅ ခုနှစ် ဂျာမဏီမှာ ထုတ်ဝေခဲ့ပါတယ်။ နှစ်ဆယ်ရာစုအတွင်း ရောင်းအား အကောင်းဆုံး ဂျာမန်စာအုပ်ထဲမှ တစ်အုပ် ဖြစ်ခဲ့တယ်။ အင်္ဂလိပ် ဘာသာပြန်ကိုတော့ ၁၉၈၇ မှာ ထုတ်ဝေခဲ့ပါတယ်။ ဘာသာပေါင်း ၄၉ မျိုး ပြန်ဆိုခဲ့ကြပါတယ် ။ ရုပ်ရှင်အဖြစ် ၂၀ဝ၆ မှာ ရိုက်ကူးခဲ့ပြီး အောင်မြင်မှုရခဲ့ပါတယ်

  • ထုံးဆက်လက်ကျန်

    အိပ်မက်မက်တယ် … “သူ အိပ်မက်ထဲမှာ မြင်တာက အရိုးစုတစ်စုနဲ့ မြေအိုးတစ်လုံး၊ အဲ့ဒီနှစ်ခုက သပ်သပ်စီ မဟုတ်။ အရိုးစုက မြေအိုးကို ပွေ့ဖက်ထားသလို။ သူကြည့်နေရင်း အရိုးစုထံက ညည်းသံကြားသလား၊ ဒါတင်မက အရိုးစုက သူ့ကို ပြန်ကြည့်နေသလား၊ ကြောက်မိနေသလား မကြောက်မိနေသလားဆိုတာထက် စိတ်ဝင်စားမှုက ပိုနေတော့ ….”

    အိပ်မက်ဆိုတာ စိတ်စွဲလို့ မက်တာလား .. ? တစ်စုံတစ်ခုက နိမိတ်ပေးချင်လို့ မက်တာလား .. ?
    တချို့အိပ်မက်တွေက မက်ပြီး မေ့မေ့ပျောက်ပျောက် ဖြစ်သွားတတ်ပေမယ့် တချို့အိပ်မက်တွေက လက်တွေ့ဘဝမှာ တိုက်တိုင်ဆိုင်ဆိုင် ဖြစ်လာလေတော့ … ။

    ဒေါက်တာအောင်နိုင်သူ ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများ ထားသိုရာ ဗဟိုဌာန၊ (အိုးနှင့်အိုးခြမ်းကွဲဌာန)က အိုးခြမ်းကွဲများ စုဆောင်းထိန်းသိမ်းရေးတာဝန်ခံ။ သုတေသနလုပ်ငန်းမှာ ဘဝကြီးတစ်ခုလုံး စိတ်ပါဝင်စားစွာ အချိန်ပေး မြုပ်နှံထားသူတစ်ဦးဖြစ်ပြီး အလုပ်နဲ့ ဘဝ တစ်ထပ်တည်းကျတဲ့ ပညာရှင်တစ်ဦး။ စာတမ်းတစ်စောင် ပြုစုနေချိန်မှာ အရိုးစုတစ်စုက ထူးခြားတဲ့ ဒီဇိုင်းလက်ရာနဲ့ အိုးတစ်လုံးကို ဖက်ထားတာကို အိပ်မက်မက်မြင်ပြီးတဲ့ နောက်မှာပဲ ဒေါက်တာအောင်နိုင်သူဟာ အပြင်လောကမှာပါ အိပ်မက်ထဲကအတိုင်း အံ့အားသင့်စွာ ထပ်တူမြင်တွေ့ခဲ့ရတယ်။ သူမြင်တွေ့ခဲ့ရတဲ့အိုးပေါ်မှာက သီရိဝစ္ဆတံဆိပ်နဲ့။

    ဒီလိုနဲ့ ဒေါက်တာအောင်နိုင်သူနဲ့ ဘဝမှာ ထူးခြားတာတွေ ကြုံလာခဲ့တယ်။ ရုတ်တရက် အပြင်းအထန် ခေါင်းကိုက်ရာက ရောက်မှန်းမသိ ရောက်သွားတဲ့ မြို့တစ်နေရာက သီရိဝစ္ဆအိုးရုံ၊ သီရိဝစ္ဆအိုးရုံလုပ်ငန်းက မိန်းမချောလေး အိမ်မွန်၊ တစ်ချိန်က မီးလောင်ကျွမ်းမှု၊ အိပ်မက်နဲ့ ပြင်ပလောက ထပ်တူကျတဲ့ အရိုးစုနဲ့ မြေအိုး၊ သီရိနဲ့ အောင် ဆိုတဲ့ ချစ်သူနှစ်ဦး၊ ငယ်သူငယ်ချင်းရဲ့ မနာလိုစိတ်၊ ဖြေရှင်းရခက်တဲ့ အမှန် အမှားပြဿနာနဲ့ နောက်ကွယ်က လာဘ်ပေးလာဘ်ယူ ချစားမှု။

    ဆရာမခတ္တာခင်ရဲ့ ရှေ့ကထွက်ရှိခဲ့တဲ့ ဝတ္ထုကောင်းများနည်းတူ .. အစတစ်မျက်နှာ ဖတ်မိတာနဲ့ အဆုံးထိ ရင်တမမနဲ့ ဖတ်ရှုရမယ့် ရသဇာတ်လမ်းကောင်းတစ်ပုဒ် “ထုံးဆက်လက်ကျန်”။ ဒီစာအုပ်မှာ ဆရာမ ခတ္တာခင်ဟာ မြေအိုးနဲ့ အိုးခြမ်းကွဲတွေရဲ့ သုတေသနဆိုင်ရာ အချက်အလက်တွေကို တိတိကျကျ လေ့လာပြီး ဇာတ်လမ်းထဲမှာ ပါးပါးလှပ်လှပ်လေး ထည့်ရေးထားပါတယ်။ စာရေးသူရဲ့ ရသအရေးအသားကျွမ်းကျင်မှု၊ စိတ်ဝင်စားဖွယ် ဇာတ်ကောင်မွေးမြူနိုင်မှုနဲ့ နောက်ခံဇာတ်လမ်းတို့ကြောင့် သုတေသနအချက်အလက်တွေဟာ ဝတ္ထုထဲ ပျင်းစရာ ဖြစ်မနေဘဲ ဇာတ်လမ်းအချိတ်အဆက်တို့မှာ ပိုလို့ အားကောင်းလာစေခဲ့တယ်။ စာအုပ်ဖတ်ပြီးသွားတာတောင် အဓိကဇာတ်ကောင် ဒေါက်တာအောင်နိုင်သူနဲ့ အိမ်မွန်တို့ဟာ စာဖတ်သူရဲ့ အတွေးထဲမှာ ဆက်ပြီး ရှိနေဦးမယ့် စာအုပ်မျိုး ဖြစ်ပါတယ်။

  • ကမ္ဘာမြေ၏ ဝင်ရိုးတစ်ချောင်း

    မီးရထားကြီးတစ်စီး ဥဩတွေဆွဲရင်း ဘူတာထဲက ထွက်ခွာသွားသည်ဖြစ်စေ .. ဘူတာထဲ ဝင်လာသည်ဖြစ်စေ .. အဲ့ဒီမြင်ကွင်းတွေကို အများစု မြင်ဖူးကြမှာပါ။ မီးရထားကြီးပေါ်မှာ ပါသွားတဲ့ ချစ်သူနဲ့ ဝေးရလို့ လွမ်းရတာ၊ ရထားနဲ့ အလုပ်က ပြန်လာတဲ့ ဖခင်က မုန့်ဝယ်လာလို့ ပျော်တာ၊ စသဖြင့် မီးရထားတွေဟာ လူသားတွေကို ခံစားမှုတွေ ပေးစွမ်းနိုင်ပါတယ်။

    တကယ်တော့ မီးရထားတွေ အချိန်မှန်မှန် ဘူတာတွေက ထွက်ခွာပြီး အချိန်မှန်မှန် ဆိုက်ဖို့၊ ခရီးလမ်းတစ်လျှောက် ဘေးကင်းဖို့၊ ရထား အတွင်းအပြင် သန့်ရှင်းမှုနဲ့ စီးနင်းသူတို့ သက်သောင့်သက်သာရှိမှုတို့အတွက် ရထားနဲ့ ပတ်သက်ပြီး တာဝန်ရှိသူ အဆင့်ဆင့်မှာ တာဝန်ကိုယ်စီ ရှိကြပါတယ်။ တစ်နည်း မီးရထားလုပ်ငန်းခွင်က သူတို့တွေရဲ့ ရင်ထဲမှာလည်း ခံစားချက်တွေ ရှိသလို သူတို့ရဲ့ ဘဝအဖြစ်အပျက်တွေ၊ အတွေးအမြင်တွေမှာလည်း စိတ်ဝင်စားစရာတွေ ရှိပါတယ်။ ဒါတွေကို ထုံးလိုချေ ရေလိုနှောက် သိရှိ နားလည်တဲ့ စာရေးဆရာကောင်းတစ်ဦးက ဇာတ်လမ်းအဖြစ် စာစီလိုက်တဲ့အခါ ဝတ္ထုကောင်းတစ်ပုဒ် ဖြစ်လာပါတယ်။

    ဘူတာကြီးရဲ့ အနီးတဝိုက် ဝန်းကျင်က ဝန်ထမ်းဘဝတွေ၊ ဘူတာနဲ့ ရထားတွေကို အမှီပြုပြီး ဝမ်းစာရှာ နေထိုင်ရှင်သန်သူတွေ အကြောင်းကို ဆရာရဲသျှမ်းက “ကမ္ဘာမြေရဲ့ ဝင်ရိုးတစ်ချောင်း”မှာ ရသမြောက်စွာ ပုံဖော်ခဲ့တယ်။ ဆရာဟာ ရန်ကုန်ဘူတာကြီးမှာ ကိုယ်တိုင်တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့အတွက် ရေးသားလိုက်တဲ့ စာများဟာ ကြွရွလှပနေခဲ့တယ်။ မြန်မာ့မီးရထားဝန်ထမ်းတစ်ဦး ဖြစ်ရုံသာမက ရသစာပေဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဆရာဟာ “ကမ္ဘာမြေရဲ့ ဝင်ရိုးတစ်ချောင်း”မှာ မီးရထားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေတင်မက ကိုယ်တိုင်ဖြတ်သန်းကြုံတွေခဲ့ရတဲ့ စာပေလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ရသစာဖတ်ဝိုင်းအကြောင်းကို ရသမြောက်စွာ မှတ်တမ်းပြုရေးသားထားတာ ဖတ်ရှုရပါမယ်။

    “ကမ္ဘာမြေရဲ့ ဝင်ရိုးတစ်ချောင်း”က ဆရာရဲသျှမ်းရဲ့ ပထမဆုံး ပင်ကိုရေး လုံးချင်းဝတ္ထုရှည်ဖြစ်ပါတယ်။ ခေတ် ကာလ အဖြစ်အပျက် နေရာ အခင်းအကျင်းတွေမှာ ချစ်ခြင်း၊ မုန်းခြင်း၊ မေတ္တာတရားတို့ ရှိကြတဲ့ ဇာတ်ကောင်များကို ဖွဲ့တည်ထားသည် လို့ အမှာစာမှာ ဖော်ပြထားပြီး စာဖတ်သူ၏ ခံစားမှုသည် အမှန်တရားလို့ ဆိုတဲ့ ဒီဝတ္ထုရှည်မှာ စာဖတ်သူတို့ မီးရထားတစ်စင်းကို နောက်ကွယ်က ခုတ်မောင်းစေသူတို့ရဲ့ ဘဝတွေနဲ့ ပတ်သက်တာတွေကို ခံစားရမှာပါ။

  • ညို

    နဂို background က မကောင်းရတဲ့ကြား ယောက်ျား စွန့်ပစ်ခြင်းကိုပါ ခံရတဲ့ မိန်းမတစ်ယောက်ရဲ့ ဘဝလမ်းခရီးဟာ ဘယ်လိုတွေ ကြမ်းတမ်းနေမလဲ? ဘယ်အခြေအနေထိ ရောက်သွားနိုင်လဲ?

    ဆရာထွန်းတောက်ဋ် (သင်္ချာ) ဟာ ပထမဆုံး လုံးချင်း ‘ခေတ္တ နာကျင်ကြေကွဲခြင်း’ မှာ နိုင်ငံရပ်ခြား တိုင်းတစ်ပါးရောက် အမျိုးသားတို့ရဲ့ ဘဝကို အကောင်းဆုံး ပုံဖော်နိုင်ခဲ့သူဖြစ်ပြီး ယခု ဒုတိယစာအုပ်မှာတော့ ခက်ခဲတဲ့ ဘဝလမ်းကြောင်းပေါ်က ဓနအင်အား ကင်းမဲ့၊ background မကောင်းရှာတဲ့ လင်ပစ်မလေးတစ်ဦးဖြစ်သူ ညိုမီမီခင် ရဲ့ အကြောင်းကို ညို အမည်နဲ့ ရေးဖွဲ့ပါတယ်။ ညို ဆိုတာ အသက် ၂၀ ကျော်အရွယ်မှာတင် အိမ်ထောင်ကျခဲ့တဲ့ ရွှေပြည်သာစက်မှုဇုန်ရောက် အလုပ်သမတစ်ဦး။ မိဘနေရပ်ကနေ ဝေးရာမှာ ဘဝလမ်းကြောင်းအတွက် အလုပ်လုပ်နေရင်း သူမလိုပဲ ဘဝတူ သိန်းသန်းမောင်နဲ့ လူငယ်သဘာဝ ချစ်ကြိုက်မိရင်း လက်မထပ်လို့ မရတဲ့ အခြေအနေတစ်ခုကြောင့် ငယ်ငယ်ရွယ်ရွယ်မှာပဲ ညို အိမ်ထောင်သားမွေးဘဝကို ရောက်ခဲ့တယ်။ အခက်အခဲတွေကြားကနေ အိမ်ထောင်တစ်ခုကို ရုန်းကန်တည်ဆောက်နေရင်းက ညို့အမျိုးသားဟာ ခြေရှုပ်လာတယ်။ စင်တင်တေးဂီတဆိုင်က ကောင်မလေးတစ်ယောက်နဲ့ ဇာတ်လမ်းတွေ ဖြစ်လာတယ်။ အစစအရာရာ နိမ့်ပါးတဲ့ ညို့အတွက် ယောက်ျားကို သဝန်တိုဖို့တောင် ခက်ခဲနေဆဲမှာပဲ သိန်းသန်းမောင် ကားတိုက်မှု ဖြစ်တော့ စင်တင်က ကောင်မလေး မေဘရဏီက ငွေကြေးအကူအညီနဲ့ တခြားလိုအပ်တာတွေ ကူညီရင်း ညို့ရဲ့ မိသားစုဘဝကို ခြယ်လှယ်လာတယ်။ သိန်းသန်းမောင် အချုပ်နဲ့ ထောင်ကလွတ်ပြီး နောက်ပိုင်း မေဘရဏီနဲ့ နိုင်ငံခြားကို အတူထွက်သွားတော့ ညို့ကမ္ဘာဟာ အမှောင်ဖုံးလာတယ်။ ရရာအလုပ်တွေ ဝင်လုပ်ရင်း ကလေးတွေရဲ့ စရိတ်ပေါင်းများစွာနဲ့ ဘဝလမ်းကို ခက်ခက်ခဲခဲ လျှောက်နေရင်းက ကိုဗစ်ကာလမှာတော့ ညို့ကမ္ဘာဟာ လုံးဝ မှောင်မိုက်ထဲ ကျသွားစေခဲ့တယ်။

    အမှောင်လောကထဲက ညိုမီမီခင် ဘဝကို ဘယ်လို ဆက်လက်ရပ်တည်မလဲ။ ဘဝလမ်းကို ဘယ်လို ဆက်လျှောက်မလဲ။

    “ညိုဟာ ဘယ်လို မိန်းမစား၊ ညိုဟာ ဘယ်လို အတန်းအစား ဆိုတာထက် ညို့စိတ်၊ ညို့ဘဝ၊ ညို့ ဆုံးဖြတ်ချက်တွေနဲ့ ညို့ လုပ်ရပ်တွေအပေါ် စာနာ နားလည်ပေးနိုင်ကြမယ် ဆိုရင် ကျေနပ်ပါတယ်” လို့ စာရေးသူက ဆိုပါတယ်။

    တကယ်တော့ ညိုဟာ .. ဘာဖြစ်မလဲ ၊ ညို့ကို ဘယ်လို မြင်ရမလဲ၊ ညို့ရဲ့ ဘဝဇာတ်ကြောင်းက စာရေးသူ မျှော်လင့်သလို ခံစားရစေမှာလား။

    ထွန်းတောက်ထွဋ် (သင်္ချာ) ရဲ့ ညို ဟာ ဆရာ့စာအုပ်အသစ်ကို မျှော်လင့်နေသူတို့ စိတ်တိုင်းကျ နှစ်ခြိုက်စေမယ့် စာအုပ်ကောင်းတစ်အုပ်ပါပဲ။

    ညို

    Ks 5,000
  • ညီမလေး

    ညီမလေး …

    မီးမီးရဲ့ ညီမလေး ငယ်ငယ်။

    ပရလောကကို ရောက်နေတဲ့ ငယ်ငယ်။ မတော်တဆမှုကြောင့် အသက်ဆုံးရှုံးပြီး ဘဝခြားနေပေမဲ့ မီးမီးရဲ့ အနားမှာပဲ နေချင်နေတဲ့ ငယ်ငယ်။ ညီမလေး ငယ်ငယ် ပေါ့။

    မီးမီးတို့က အမြွာလေ။ Identical Twins. ညီအစ်မနှစ်ယောက်က အရာရာထပ်တူလိုကို ဖြစ်တဲ့အထိ တူတာ။

    ငယ်ငယ်က သိပ်သနားဖို့ ကောင်းတယ်။ အရှိန်နဲ့ သွားနေတဲ့ မြင်းလှည်းပေါ်ကနေ လမ်းပေါ်ကို ခေါင်းနဲ့ ပြုတ်ကျသွားတာ … မီးမီးတို့ မိသားစုတွေ စီးလာတဲ့ မြင်းလှည်းကို ကုန်ကားက ဝင်တိုက်တာလေ။ မီးမီးက အသက်အန္တရာယ် မရှိခဲ့ပေမဲ့ လမ်းပေါ်ကို ခေါင်းနဲ့ ပြုတ်ကျတဲ့ ညီမလေး ငယ်ငယ်က အဲ့ဒီနေရာမှာတင် ပွဲချင်းပြီးပေါ့။

    ငယ်ငယ်လား … သူများတွေအတွက်တော့ ငယ်ငယ်က ကွယ်လွန်ချင် ကွယ်လွန်ပြီး ဖြစ်ပေမဲ့ မီးမီး အနားမှာ ငယ်ငယ်က ရှိနေတာ။ မီးမီးတို့ မတော်တဆမှု ဖြစ်တော့ မီးမီး ခြေကျိုး၊ နံရိုးကျိုးတော့ ဆေးရုံတက်ရတယ်။ ဆေးရုံပေါ်မှာ သတိပြန်ရကတည်းက ငယ်ငယ်က ခုတင်ဘေးမှာ ငိုင်ငိုင်လေး ရပ်နေတာ မီးမီး တွေ့နေရတာပဲကို။

    ငယ်ငယ်က သူ့အစ်မ မီးမီးကို သိပ်ချစ်တယ်။ အမြွာညီအစ်မတွေ ဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်ကြတာ။ ငယ်ငယ် ကွယ်လွန်ပြီးပြီ ဆိုပေမဲ့ မီးမီး အနားမှာ သူရှိနေပါတယ်။ မီးမီး ကလဲ သူငယ်ချင်း အပေါင်းအသင်း မရှိသလောက် နည်းတယ်။ ချောင်တစ်ချောင်မှာ တိတ်တိတ်လေး ငြိမ်နေပြီး မီးမီးပြောတဲ့ စကားတွေ နားထောင်နေတဲ့ ညီမလေး ငယ်ငယ်နဲ့ပဲ မီးမီး ကျောင်းသူဘဝတစ်ခုလုံး နေထိုင်ရှင်သန်ခဲ့တာ။ ညီမလေးဟာ ကွယ်လွန်ပြီးပြီ ဆိုပေမဲ့ မီးမီးနဲ့ပဲ ရှိနေပြီး မီးမီး အသက်ကြီးသွားတဲ့ ကာလအတိုင်း ညီမလေးပါ လိုက်လံကြီးထွားလာခဲ့တာ။ ငယ်ငယ့်အကြောင်း ဘယ်သူ့ကိုပဲ ပြောပြော မယုံကြဘဲ မီးမီးကို အရူးတစ်ယောက်လိုသာ အကြည့်ခံရတာသာ အဖတ်တင်တာ။ မီးမီးလဲ အပေါင်းအသင်း နည်းတဲ့ ဘဝမှာ အနားမှာ အမြဲလိုလိုရှိနေတဲ့ ငယ်ငယ့်ကို စကားတွေ ပြောလိုက်၊ ရင်ဖွင့်လိုက်နဲ့ပေါ့။ ထူးခြားတာက ငယ်ငယ်က ပြောသမျှကို နားထောင်ပေးပေမဲ့ ဘာမှ ပြန်မပြောဘူး။ တိတ်တိတ်လေးပဲ အမြဲနေနေတာ။

    ဒီလိုနဲ့ ငယ်ငယ် နဲ့ မီးမီး တို့ ခွဲရမဲ့ နေ့ရက်အချိန်တစ်ခုကို ရောက်လာခဲ့တယ်။ အဲ့ဒီအဖြစ်အပျက်တွေကလဲ မီးမီးရဲ့ ဘဝထဲကို ချစ်သူ ကိုဦး ရောက်လာတာကနေ စခဲ့တာပါပဲ။

    မမနားကို ငယ်ငယ်မလာပါနဲ့တော့၊ မကြာခင် မမလဲ အိမ်ထောင်ပြုတော့မယ်၊ မမ ပုံမှန်ဘဝမှာ ရှင်သန်ပါရစေတော့၊ မမကို လူတွေက အရူးလို့ ထင်နေကြမှာ ငယ်ငယ် မြင်ချင်တာလားလို့ မီးမီးလဲ အော်ဟစ်ပြောဆိုလိုက်မိတယ်။

    ညီမလေးဟာ ဘာမှ ပြန်မပြောဘူး။ မျက်ရည်တွေပဲ ကျလို့။ မီးမီးလဲ သူ့ကို သနားတာ တစ်ဖက်၊ ကိုယ့်ဘဝကို ရှေ့ဆက်ရမှာ တစ်ဖက်နဲ့ ဘာလုပ်လို့ လုပ်မိမှန်း မသိဘဲ …ငယ်ငယ် အခုထွက်သွား လို့ ကြုံးအော်လိုက်မိတယ်။ ငယ်ငယ်ကလေ ဝမ်းနည်းလွန်းတဲ့ ပုံနဲ့ စိုက်ကြည့်ပြီး လှေကားကနေ တဒုန်းဒုန်း ပြေးဆင်းသွားတော့တယ်။ အဲ့ဒီအချိန်မှာပဲ မီးမီးလေ .. မှားသွားပြီလို့ တွေးပြီး ညီမလေးစိတ်နဲ့ မူးမေ့ သတိလစ်ခဲ့တဲ့အထိပါပဲ။

    ဒီလိုနဲ့ ကိုဦးနဲ့ မီးမီးတို့ မင်္ဂလာပွဲနေ့ ကျင်းပမဲ့ နေ့ရက်ကို ရောက်ရှိလာခဲ့တယ်။

    ငယ်ငယ်ရယ် … မီးမီးနဲ့ အိမ်ထောင်ပြုတော့မဲ့ အမျိုးသားကိုမှ ကိုယ်ထင်ပြ ခြောက်လှန့်ရသလား။

    ဒီလိုနဲ့ ကိုဦးနဲ့ မီးမီး အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ မီးမီး ဇာတိ သန်လျင် ကနေ ကိုဦးနဲ့အတူ ၈ မိုင်မှာ ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ ငယ်ငယ့်ကိုလဲ မီးမီး မတွေ့တော့ဘူး။ မီးမီးလဲ ဘဝသစ်မှာ အရာရာဟာ အသားတကျနဲ့ အဆင်ပြေတော့မယ့်ဟန်နဲ့ နေ့ရက်တွေက တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးခဲ့တယ်။ ဒါပေမဲ့ တစ်ရက်။ မီးမီး မေ့မရမဲ့ တစ်ရက်ပေါ့။

    ညီမလေးရဲ့ စူးစူးဝါးဝါး အော်သံကို ကြားတယ်။ အိမ်တံခါးမကို ဆောင့်တွန်းဖွင့်လိုက်တော့ အပေါ်ထပ်ကနေ ‘မမ’ လို့ အာခေါင်ခြစ် အော်သံကို ကြားလိုက်ရပြန်တယ်။ အပေါ်ကို ပြေးတက်ရင်း အခန်းဝ ရောက်တော့ ပိတ်ထားတဲ့ အခန်းထဲကနေ ကြားရတာက ကြာပွတ်သံတွေ တရွှမ်းရွှမ်း နဲ့ ငယ်ငယ့် ငိုသံတွေ။

    “ငါ့ကို ကယ်ပါဦး မမရယ်” တဲ့။

    “ငါ့ကို ကယ်ပါဦး မမရယ်” ဆိုတာ ခုနက အိပ်မက်ထဲမှာပဲ မီးမီး ကြားခဲ့တာ မဟုတ်ဘူး။ ချွေးစေးတွေနဲ့ အိပ်မက် လန့်နိုးပြီးတဲ့အထိ အပြင်မှာပါ ဆက်ကြားနေတာ။ အိပ်မက်က ပီပြင်လိုက်တာ။ ညီမလေးနဲ့ ပတ်သက်ပြီး မမက်တာ မကြားတာ ကြာပြီ။ ဒါဆို သန်လျင်အိမ်မှာ ညီမလေး ဘာဖြစ်နေပြီလဲ … မီးမီး သိရမှ ဖြစ်မယ်။

Main Menu