• ဓမ္မာရုံ

    ရပ်ကွက်ဓမ္မာရုံတစ်ရုံရဲ့ရှေ့တည့်တည့်မှာ နေဖူးကြလား။
    ဓမ္မာရုံလေးရဲ့ရှေ့မှာ နေမိသူတစ်ဦး ကြုံရတဲ့ အကြောင်းတွေရယ်၊ ရပ်ကွက်နဲ့ ဓမ္မာရုံတစ်ရုံအတွင်းက အချို့ဖြစ်ရပ်လေးတွေရယ် အကြောင်းတွေကို ဓမ္မာရုံ ဝတ္ထုအသစ်မှာ ဆရာအကြည်တော်က ဘယ်လိုခွီရအောင် ရေးသားခဲ့သလဲ ..?

    နေ့ညမပြတ် လော်စပီကာအသံက ခပ်ကျယ်ကျယ်၊ ဓမ္မာရုံက သေးသေးသွယ်သွယ်၊
    ဤသည်ကား ရပ်ကွက်၏ ပြယုဂ်။ ဓမ္မာရုံကို ကြည့်လျှင် မြင်နိုင်ပါမည်၊ ယိုင်နဲ့နဲ့ သစ်သားတိုင်ပေါ်မှာ မှီတည်နေပြီး ပျဉ်ကြမ်းကပ် သွပ်ဆွေး ခပ်ရွဲရွဲလေး။
    ရပ်ကွက်က ကြီးကြီးကျယ်ကျယ် မဟုတ်သော်ငြား သိပ်ပြီး လှီလှသည် မဟုတ်။ အခြေခံလူတန်းစား များသည်။ ထိုရပ်ကွက်ကြီးအလယ်မှာ ဆယ်ပေနှစ်ခန်းသာသာ ဓမ္မာရုံလေးက အချက်အချာကျစွာ ရှိနေသည်။

    ၎င်းရပ်ကွက်၊ ၎င်းဓမ္မာရုံရှေ့တည့်တည့်မှာ ဆိုက်ဆိုက်မြိုက်မြိုက် လာနေမိသူက ဖွားငွေခင်။ ဖွားငွေခင်က ရွာမှာ အေးအေးလူလူ တစ်သက်လုံး နေလာခဲ့သူ။ လင်သားဖြစ်သူ ဦးထွန်းတင့် ကွယ်လွန်ပြီးတော့ သားဖြစ်သူက သူတို့နဲ့လဲ နီးနီးနားနား မြို့မှာ အခြေချပါလား ဆိုလို့ အရပ်တစ်ပါးကို ပြောင်းရွှေ့လာတာ။ ပြောင်းမဲ့ပြောင်းတော့လဲ အနှီရပ်ကွက် ဓမ္မာရုံရှေ့တည့်တည့်က အိမ်။
    အဲ့ဒီအိမ် မဝယ်ဖို့ သားဖြစ်သူ ဘယ်လိုနားချချ လက်မခံဘဲ ဝယ်ပြီး နေတယ်။ နေပြီး သကာလမှာတော့ … အင်း ပြောရရင် ဩချရလောက်တဲ့ ရပ်ကွက်ထဲက သာရေးနာရေး ဘာသာရေး ပွဲလမ်းပေါင်းစုံကြောင့် လော်စပီကာဆိုသည့်အရာနဲ့ ဖွားငွေခင်ခမျာ လှလှကြီး တိုးရပါလေရော။ ဖွားငွေခင် ဘာဖြစ်မလဲ?

    ဖွားငွေခင်ရဲ့ အကြောင်းပြီးလေတော့ ဓမ္မာရုံလေးရဲ့ အကျိုးအကြောင်း အဆိုးအကောင်း ဖြစ်ပုံ ဇာတ်စုံကို ဆရာအကြည်တော်က ဆက်ပြီး ရေးသားတင်ပြတယ်။

    သေးသေးသွယ်သွယ် ပိန်လှီလှီ ဆန်ခါပေါက် သွပ်မိုး ဓမ္မာရုံကို ပြင်ဆင်တည်ဆောက်ဖို့ လုပ်ရင်း မုခ်ဦးပဲ ပြီးသွားတာမျိုး၊
    ပြီးတော့ ဓမ္မာရုံပြင်ဆောက်ဖို့ ရပ်ကွက်ထဲက ဓမ္မာရုံလူကြီးတွေ နည်းအမျိုးမျိုး ကြံဖန်စဉ်းစား လုပ်ကြရာက မပြုံးဘဲ ဝါးလုံးကွဲရယ်ရမဲ့ ဟာသတွေကို ဖတ်ရမယ်။
    အို ဘာပြောကောင်းမလဲ … အလွဲတွေနဲ့ ခွီစရာ ဇာတ်လမ်းတွေ … နောက် ရယ်စရာမောစရာ ဆိုတဲ့အတိုင်း ရယ်ပြီး မောသွားရမယ့် အကြောင်းတွေ …
    ရပ်ကွက်ဓမ္မာရုံလေးတစ်ရုံရဲ့ အဖြစ်သနစ်တွေအကြောင်း ဆရာအကြည်တော်ရဲ့ ရေးဟန်အတိုင်း သွက်လက် ရွှင်ပြစွာ ရေးဖွဲ့ထားတဲ့ ဓမ္မာရုံ ဝတ္ထုအသစ်ကို ဖတ်ပြီး ခွီလိုက်ရအောင်လား …

  • နည်းနည်း နုနု စိမ်းပါ .. စိမ်း

    “ကြေကွဲလူရွယ်၊ မူးယစ်ဆေးလမ်းလွဲနှင့် အချစ်ဝတ္ထုကောင်းတစ်ပုဒ်၊ နည်းနည်းနုနု စိမ်းပါ … စိမ်း”
    ဘဝမှာ အဆင်မပြေတဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်၊ မူးယစ်ဆေးနဲ့ အဖြေရှာခြင်းဟာ မှားနေတဲ့ လမ်းကို ထပ်ဆင့် လွဲစေခြင်းပဲ။ ခက်သည်က လူငယ်ဆိုတာ အရာရာမှာ ငါလုပ်နိုင်တယ်၊ ငါလုပ်ရင်ဖြစ်တယ်၊ ငါ ဆိုတဲ့ အတ္တ မာနနဲ့ ဘယ်အရာကိုမှ မကြောက်ဘဲ ဆင်ကန်းတောတိုး လုပ်ဝံ့တယ် မဟုတ်လား။ ဒါပေမဲ့ မူးယစ်ဆေးဆိုတဲ့ အမှောင်တိုက်ဟာ သူတို့ထင်တာထက် ပိုပြီး အားကောင်းတယ်၊ ပိုပြီး နက်ရှိုင်းတယ်၊ ပိုပြီး မှောင်မိုက်တယ် ဆိုတာ …
    ဆရာဟိန်းဆက်သွင် ရဲ့ လုံးချင်းဝတ္ထု ‘နည်းနည်းနုနု စိမ်းပါ … စိမ်း’ မှာ ကောင်းမွန် ဆိုတဲ့ ပန်းချီဆရာတစ်ဦးရဲ့ ဘဝတစ်ကွေ့ အဖြစ်အပျက်ကို စိတ်ဝင်စားဖွယ် ဖတ်ရှုရမှာပါ။ ကိုကောင်းမွန်ဟာ စစ်မှန်တဲ့ ချစ်ခြင်းတရားကို ရှာဖွေနေသူတစ်ဦးဖြစ်ပြီး သော်တာရည် နှင့်အတွေ့မှာ သူရှာဖွေတဲ့ ဘဝရဲ့ စစ်မှန်တဲ့ ချစ်ခြင်းကို တွေ့ခဲ့ရတယ်။ မထင်မှတ်ဘဲ သော်တာရည်ဟာ ကိုကောင်းမွန် အသည်းနှလုံးရဲ့ အရင်းနှီးဆုံး သူစိမ်းမလေး ဖြစ်ခဲ့ချိန်မှာတော့ သူဟာ မူးယစ်ဆေးနွံထဲ ကျဆင်းခဲ့တယ်။ ဒီစာအုပ်မှာ အချစ်နဲ့ မူးယစ်ဆေးဝါးရဲ့ အစွဲအလမ်း ပြင်းရှမှု၊ လောင်မြိုက်ဝါးမျိုတတ်မှု၊ သွေးဆောင်ဖြားယောင်းနိုင်မှု၊ ယစ်မူးပင်ပန်းစေမှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာဖြစ်ပြီး လမ်းမှားကို ခဏတာရောက်သွားတဲ့ လူရွယ်တစ်ယောက် … သိစိတ်နဲ့ မသိစိတ်ကြား ကိုယ့်ကိုယ်ကိုယ် ပြန်လည်ချောက်လှန့်မှု၊ ဆိုရှယ်မီဒီယာ အကျိုးနဲ့အပြစ်၊ ချောက်ချားမှောက်မှားတဲ့ ဖြစ်ပျက်မှုတွေကို လွမ်းမောဖွယ် အချစ်ဇာတ်လမ်းနဲ့ ရောယှက်ပြီး ရေးသားထားတာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။
  • မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓာတ်ရှင်အကြောင်း

    ကိုပေါက်(မန္တလေး) ရဲ့” မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓာတ်ရှင်အကြောင်း ” ဆိုတဲ့ စာအုပ်မှာ တစ်ခေတ်တစ်ခါက ရုပ်ရှင်ရုံတွေအကြောင်းနဲ့ စဖွင့်ထားတယ်။ ကိုပေါက်(မန္တလေး) ရဲ့ ရေးဟန်အတိုင်း ရှင်းရှင်းသွက်သွက်နဲ့ ထိထိမိမိ အချက်ကျကျ ရေးထားတာကို မြင်ရမယ်။

    စာရေးသူရဲ့ အရေးအသားနောက်ကို လိုက်ရင်း မန္တလေးမြို့က ရုပ်ရှင်ရုံတွေရှေ့ကို ပြန်ပြီးရောက်သွားရသလို ခံစားမိစေမှာပါ အမှန်ပါပဲ။ ရုပ်ရှင်ရုံတွေ ခေတ်စားစဥ်က လက်မှတ်ရဖို့အရေး တန်းစီတိုးဝှေ့ကြရပုံတွေကို မမြင်ဖူးလိုက်ကြတဲ့ ဒီနေ့ခေတ်လူငယ်တွေအဖို့ ငယ်ငယ်တုန်းက ဓာတ်ရှင်အကြောင်း စာအုပ်ထဲမှာ မြင်တွေ့နိုင်ပါတယ်။ ပြီးတော့ အဲဒီ့ခေတ်မှာ ရုပ်ရှင်ရုံတွေကို မှီခိုပြီး လုပ်စားသွားကြသူတွေအကြောင်း။ အုပ်စုလိုက်၊ အဖွဲ့လိုက် တန်းစီပြီး ရုပ်ရှင်လက်မှတ်တွေကို မှောင်ခိုပြန်ရောင်းစားကြသူတွေပေါ့။ ဒါကိုလည်း ရုပ်ရှင်ချစ် ပရိသတ်တို့က အလုအယက်ဝယ်ကြတာပါပဲ။ ဝယ်လိုအား ရောင်းလိုအား မမျှတဲ့ ခေတ်တစ်ခေတ်ရဲ့ ပြယုဂ်တွေပေါ့။

    စာရေးသူဟာ စာအုပ်အမည်နဲ့ လိုက်ဖက်စွာပဲ ရုပ်ရှင်ရုံတွေအကြောင်းအပြင် ရုပ်ရှင်ဇာတ်ကားတွေအကြောင်းကိုလည်း စုံစုံစေ့စေ့ ရေးဖွဲ့ထားတယ်။ တခေတ်တခါက နာမည်ကြီးဇာတ်ကားတွေကို ကိုယ့်ဘေးနားလာထိုင်ပြီး ပြောပြပေးနေသလိုပါပဲ။ ဇာတ်ဝင်ခန်းတွေကို မျက်လုံးထဲထိ ကွက်ကွက်ကွင်းကွင်း ပေါ်လာပါလိမ့်မယ်။ ဇာတ်ကားတွေနဲ့အတူ အဲ့ဒီတုန်းက မင်းသားကြီး၊ မင်းသမီးကြီးတွေရဲ့ ပုံစံသွင်ပြင်၊ ဝတ်စားဆင်ယင်ပုံတွေနဲ့ သူတို့ရဲ့သရုပ်ဆောင်မှုတွေကိုလည်း သေချာရေးပြထားတာ ဖတ်ရှုရပါမယ်။ အဲ့ဒီခေတ် သရုပ်ဆောင်တို့ရဲ့ သုံးနေကျ စကားလုံးတချို့ဟာ သူတို့ကို ခုခေတ်ကာလအထိ မှတ်မိစေတဲ့ အမှတ်အသားတွေပါပဲ။ ဒိုင်ယာလော့ဂ်တို့ရဲ့ စွမ်းအင်တွေ။

    ရုပ်ရှင်ဇာတ်ကားတွေထဲက ဇာတ်ဝင်တေးတွေအကြောင်းကလည်း သဘောကျစရာ ဖြစ်စေမှာပါ။ ဇာတ်လမ်း၊ ဇာတ်ကွက်တွေကို ပြန်ဆွဲယူပြီး ပုံဖော်ရေးသားရင်း ဇာတ်ဝင်တေးတွေကို အမှတ်တရ ဖော်ထုတ်ပေးထားတာဟာ ရုပ်ရှင်တစ်ခေတ်ကို မီခဲ့တဲ့သူတွေအတွက် လွမ်းမောစရာ။ မမီလိုက်သူတို့အတွက်ကတော့ မြင်ယောင်မိစရာ မြင်ကွင်းတွေပေါ့။ ရုပ်ရှင်တွေဟာ ဘယ်လောက်များ စိုးမိုးထားခဲ့သလဲဆိုရင် ကစားနည်းတွေထဲမှာတောင် ရုပ်ရှင်ပဟေဠိဖွက်နည်းဆိုပြီး တွင်ကျယ်ခဲ့တဲ့အထိပါပဲ။

    ဒီစာအုပ်လေးထဲမှာ စာရေးသူက မြန့်မာရုပ်ရှင်နဲ့ပတ်သက်ပြီး ကောင်းခြင်း၊ ဆိုးခြင်းတွေကို စေတနာအရင်းခံပြီး ထောက်ပြထားတာ တွေ့ရမယ်။ ရုပ်ရှင်ကို ရူးသွပ်စွာ ချစ်မြတ်နိုးသူတစ်ယောက်ရဲ့ စစ်မှန်သောစိတ်ရင်းကို မြင်ရမယ်။ ဒီစာအုပ်လေးကို ဖတ်ရင်း စာဖတ်သူဟာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာနဲ့ ထိတွေ့မိပါလိမ့်မယ်။ အရင်ကာလများမှာက စိတ်ဖျော်ဖြေရေးအတွက် ရုပ်ရှင်ရုံ၊ ဗီဒီယိုရုံတွေနဲ့ စာအုပ်အငှားဆိုင်တွေသာ ရှိခဲ့ကြတာ မဟုတ်လား။ အဲ့ဒီအရာလေးတွေကလည်း လုံလောက်တဲ့ စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ ငယ်ငယ်တုန်းက ဓာတ်ရှင်တွေအကြောင်းနဲ့အတူ ကျော်ဖြတ်ခဲ့ဖူးတဲ့ ခေတ်တစ်ခေတ်၊ ကုန်ဆုံးသွားခဲ့တဲ့ ငယ်ဘဝတွေကိုလည်း ပြန်လည်သတိရ လွမ်းဆွတ်မိစေမယ့် စာအုပ်လေးတစ်အုပ်ပါ။

  • ဇော်က ကနေသည်

    ဆရာ အကြည်တော်ရဲ့ ဝတ္ထုအများစုဟာ ရယ်မောစရာတွေမို့ ဆရာ့ကို ဟာသစာရေးဆရာလို့ ပြောကြပါတယ်။ အမှန်လည်း ဆရာအကြည်တော်ရဲ့ စာအုပ်တွေဟာ ရယ်ရပါတယ်။ ဒီစာအုပ် ဇော်က က နေသည် ကတော့ စာဖတ်သူတို့ ရယ်လည်းရယ်ရသလို မောလည်းမောရမှာပါ။

    တောထဲတောင်ထဲ သူယောင်ပင်လိုက်ရှာ၊ တွေ့ပြီဆို အကိတ်ဆုံးသူယောင်သီး တုတ်နဲ့ထိုး၊ ဟတ်ချလောင်းဆို သူယောင်မယ်ဖြစ်၊ ဇော်ဂျီနဲ့ သီချင်းဆို ကခုန်ကြ။ အဲ့ဒီလို ဇော်ဂျီမဟုတ်ပါဘူး။ လမ်းတကာလှည့်၊ လူစည်ကားရာ ဈေးလိုနေရာမှာ ဇော်က က၊ အစွမ်းထက်တဲ့ ဆေးတွေကို ရောင်းချကာ ဘဝလမ်းကို အခြေခံကျကျ လျှောက်နေတဲ့ ဆေးဆရာဇော်ဂျီ။

    ဇော်ဂျီတွေရဲ့ တောထဲတောင်ထဲက ဒဏ္ဍာရီနဲ့ ပတ်သက်ပြီး “အမှန်တော့ လူတွေအမြင်မှားနေတာပါ။ ကျွန်တော်ကိုယ်တိုင်က ဇော်ဂျီပါပဲ” လို့ ဖွင့်ဟခဲ့သူ ဇော်ဂျီတစ်ယောက်ရဲ့ ဇာတ်လမ်း။ ဇော်ဂျီဟာ နိစ္စဓူဝ ဆေးရောင်းရင်း တစ်နေ့မှာ သူ့အစ်ကို ဆုံးပါးသွားခြင်းနဲ့ အတူ မိဘမဲ့ တူလေးတစ်ယောက်နဲ့နေထိုင်ဖို့ ဖြစ်လာတယ်။ ကိုယ်တိုင်က ကြမ်းတမ်းတဲ့ဘဝခရီးလမ်းအတွက် လမ်းတကာလှည့်၊ ဇော်ဂျီဝတ်စုံကြီးဝတ်၊ လျက်ဆားနဲ့ ဆေးတွေရောင်းနေရတဲ့ ဆင်းရဲလှတဲ့ဘဝထဲဝင်လာတဲ့ ကလေးငယ်လေးဟာ သူကိုယ်တိုင် ဦးလေးဇော်ဂျီနောက် လျှောက်လိုက်ရင်း ဇော်ဂျီပေါက်စနလေး ဖြစ်လာတယ်။ ဦးလေးဇော်ဂျီနဲ့ အတွဲညီညီ ဇော်က က ရင်း လောကဓံကို တူတူ ရင်ဆိုင်ခဲ့ကြတယ်။ ဒီလိုနဲ့ ဇော်ဂျီတို့ရဲ့ ဘဝဇာတ်ခုံပေါ်ကို မထင်မှတ်ဘဲ တက်လာသူက မဉ္ဖူ။ ဇော်ဂျီလေးရဲ့ မမနတ်သမီး။ ကားမတော်တဆဖြစ်ရာက မိသားစုတွေ ဆုံးပါး၊ ကိုယ်တိုင်က ခေါင်းကို ထိပြီး ယဉ်ယဉ်လေး ရူးနေသူ။ သူ့ကိုယ်သူ နတ်သမီးလို့ စွဲမှတ်နေတဲ့ မဉ္ဖူဟာ ဇော်ဂျီ တူဝရီးကို ခင်မင်ပြီး မခွဲနိုင် မခွာရက်ဖြစ်ရာက ဇော်က ကနေသည်ဟာ ရယ်စရာ မောစရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါတော့တယ်။

    ဟာသတ္ထုတွေနဲ့ တောက်လျှောက်အောင်မြင်နေတဲ့ ဆရာအကြည်တော်ဟာ ဇော်က က နေသည် ကို ထုတ်ဝေလိုက်တော့ ရသစာဖတ်သူတို့ကြားမှာ ဘဝသရုပ်ဖော်ကို ပီပြင်တဲ့ဝတ္ထုအဖြစ် ရေပန်းစား လူပြောများခဲ့တယ်။ အပြစ်ကင်းစင်တဲ့ ဟာသလေးတွေ ကြားညပ်ပြီး ရေးထားတဲ့အတွက်လည်း ဆရာအကြည်တော်ရဲ့ ဟန်ကနေ ကွဲထွက်မသွားဘူး။ စာအုပ်အနေနဲ့ အောင်မြင်တဲ့ ဇော်က က နေသည်ကို ၂၀၀၈ ခုနှစ်မှာ နိုင်ငံကျော် အနုပညာ၊ အတတ်ပညာရှင်တွေနဲ့ ရုံတင်ခဲ့ရာမှာ အထူးလူကြိုက်များပြီး အကယ်ဒမီဆုတွေလဲ ရရှိခဲ့ပါတယ်။

  • အတိတ်ရဲ့အခြားတစ်ဖက်မှာ

    မိန်းမတစ်ယောက်ဟာ တစ်ချိန်ချိန်မှာတော့ အိမ်ထောင်ရေးဆိုတဲ့အရာကြီးနဲ့ ထိပ်တိုက်တွေ့ဆုံရမှာပါပဲ။ သာယာချိုမြိန်တဲ့ အိမ်ထောင်တစ်ခုဟာ လုံခြုံနွေးထွေးတဲ့ အရပ်ဒေသနဲ့ တူပါတယ်။ လူအရွေးမှားခဲ့ရင်တော့ အဲဒီအိမ်‌ထောင်ရေးဟာ နွံအိုင်တစ်အိုင် ဖြစ်ခဲ့ပြီပေါ့။ ခြေတစ်လှမ်း မှားလိုက်တဲ့အချိန်ကစပြီး တစ်ဘဝလုံး နစ်တော့တာပါ။

    ဆရာမသဲဆုမွန်ရဲ့ အတိတ်ရဲ့အခြားတစ်ဖက်မှာဆိုတဲ့ ဝတ္ထုဇာတ်လမ်းဟာ သမီးတစ်‌ယောက်ရဲ့စိတ်ကို နားလည်လိုတဲ့ မိခင်များ၊ မိခင်ရဲ့ဖြတ်သန်းမှုကို ကိုယ်ချင်းစာ ခံစားပေးလိုတဲ့သမီးများ ဖတ်ကြည့်သင့်တဲ့ စာအုပ်ကောင်းလေးလို့ ဆိုလိုက်ပါရစေ။
    “သမီး ယောကျ်ားအရမ်းလိုချင်လို့ မဟုတ်ဘူး။ အမေ့ဆီက မရဖူးတာတွေ ကိုအောင်က ပေးလို့ …”
    ဒါဟာ မေလွင်ဆိုတဲ့ မိန်း‌ကလေးက သူ့အမေကိုပြောတဲ့ စကားလုံးပါ။ သမီးမိန်းကလေး မွေးထားတဲ့မိဘတွေ၊ အုပ်ထိန်းသူတွေဟာ ကိုယ့်ဆီကပေးရမယ့် မေတ္တာတွေကို အပြည့်အ ဝပေးထားရမှာဖြစ်ပြီး လုပ်သင့်လုပ်ပေးထိုက်တဲ့ တာဝန်တွေကိုလည်း အထိုက်အလျောက်လေးတော့ လုပ်ပေးရမှာပါ။ ဘာကြောင့်လဲဆိုရင် အရွယ်ရောက်လာတဲ့ မိန်းကလေးအများစုဟာ ကိုယ့်အိမ်ကမပေးနိုင်တဲ့အရာတွေကို သူစိမ်းယောက်ျားတစ်ယောက်ဆီက ရလိုက်တဲ့အခါ အိမ်ထောင်ရေးဆိုတဲ့နွံကြီးထဲ ခုန်ဆင်းဖို့ အဆင်သင့် ဖြစ်သွားတတ်ကြပါတာကို ဒီစာအုပ်မှာ အတိုင်းသား မြင်တွေ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။
    အိမ်တစ်အိမ်မှာ အိမ်သားတွေမြဲချင်တဲ့အခါ အကြောက်တရားတွေ၊ စကားလုံးတွေနဲ့ ထိန်းချုပ်ပိတ်လှောင်ရမှာ မဟုတ်ပါဘူး။ အခိုင်ဆုံးကြိုးဟာ မေတ္တာပါပဲ။ မေတ္တာတရားနဲ့ နွေးထွေးလုံခြုံစေတဲ့ အိမ်တံခါးပေါက်ကနေ ဘယ်ခြေထောက်ကမှ ဝေးဝေး ထွက်မသွားနိုင်ပါဘူး။
    ထိန်းချုပ်မှုပုံစံမှားယွင်းမှသာ မိန်းကလေးတစ်ယောက်ဟာ လမ်းအမှားကို ဇွတ်တိုးဝင်မိတာပါ။ တစ်လှမ်း၊ နှစ်လှမ်း၊ ပြီးတော့ တစ်ဘဝလုံး။ ဒီစာအုပ်ထဲက ဇာတ်ကောင်မေလွင်ကရော ဘယ်လိုဘဝမျိုးကို ရွေးခဲ့မိတာလဲ။ ရုန်းထွက်မှာလား၊ ရှေ့ဆက်မှာလားဆိုတာကိုတော့ ဆရာမသဲဆုမွန်ရဲ့ အတိတ်ရဲ့အခြားတစ်ဖက်ကို ဖတ်ကြည့်ရင်း ထပ်တူခံစားပေးစေချင်ပါတယ်။

  • စီးပွားရေး ကျရှုံးမှုအတွက် ပညတ်ချက် (၁၀) ချက်

    *ဒီနေ့ဖတ်ပြီး မနက်ဖြန်အောင်မြင်နိုင်မည့် စာအုပ်မျိုး ရှာနေပါသလား . . .
    *တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ရှုံးပွဲမရှိ ဖြစ်အောင် လမ်းညွှန်ပေးမည့် စာအုပ်မျိုး ရှာနေပါသလား . . .
    *ပြောတဲ့အတိုင်းလိုက်လုပ်ဆိုပြီး အောင်မြင်ရေးနည်းလမ်းအဆင့်ဆင့်ကို ရေးထားတဲ့စာအုပ်မျိုး ရှာနေပါသလား . . .

    ဒါဆိုရင်တော့ အခုပြောမယ့် စာအုပ်က သင့်အတွက် မဟုတ်ပါဘူး။
    ဒါဆို အဲဒီစာအုပ်က ဘယ်သူတွေအတွက်လဲ . . .။

    အမှားတစ်ခု၊ ရှုံးနိမ့်မှုတစ်ခုဆိုတာ လမ်းဆုံးမဟုတ်ဘဲ ကိုယ်သွားရမယ့်လမ်းမှာ ကိုယ့်ကို နောက်တစ်ဆင့် ထပ်တင်ပေးမယ့် အရာတစ်ခုလို့ ခံယူထားတဲ့ နယ်ပယ်အသီးသီးကလူတွေ . . .

    လုပ်ငန်းက ဘယ်ရှုထောင့်ကကြည့်ကြည့် အောင်မြင်နေတယ်လို့ လက်ခံလို့ရနေရဲ့နဲ့ တစ်ခုခုတော့ လွဲနေပြီဟု သိနေသော လုပ်ငန်းရှင်တွေ . . .

    ဒီလူတွေအတွက် ဒီစာအုပ်က စဉ်းစားစရာလမ်းစ ပေးနိုင်တယ်။ လုပ်ငန်းစုံ၊ နိုင်ငံစုံမှာ ဖြစ်ပျက်ခဲ့တဲ့ အတွေ့အကြုံတွေကို နှစ်ခြောက်ဆယ်အတွင်းအားနဲ့ ဒွန်ကီရော့က လွှဲပြောင်းပေးမှာဆိုတော့ အထက်မှာ ဖော်ပြခဲ့တဲ့လူတွေအတွက်ကတော့ အချိန်မအားတဲ့ကြားက သေချာအချိန်ပေးပြီး ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်ပါ။

    ဖတ်ပြီးရင် ကိုယ်ကျနေတဲ့ ထောင်ချောက်ပဲ ဖြစ်ဖြစ်၊ ကိုယ်ကျနိုင်တဲ့ ထောင်ချောက်ကိုပဲဖြစ်ဖြစ် သိမြင်နိုင်ပြီး မကျအောင် ကျော်လွှားနိုင်၊ ကျခဲ့ရင်တောင်မှ လျင်မြန်စွာ လမ်းပြန်တည့်နိုင်မှာပါ။

    ***

    ဒွန်ကီရော့နှင့်အတူ ရှိနေရချိန်တွင် အမြင့်ကို တက်သွားသော ဓာတ်လှေကားထဲတွင် ရောက်နေသည့်အလား ခံစားရသည်ဟု ဝါရင်းဘတ်ဖတ်က ပြောဖူးသည်။ ယခုအချိန်တွင် ဒွန်ကီရော့နှင့်အတူ လူချင်းအတူတူ ရှိနေရဖို့မဖြစ်နိုင်တော့သော်လည်း သူ အားစိုက်ထုတ်ပြီး ရေးခဲ့သည့် စာအုပ်ကိုတော့ အဖော်ပြုအားကိုးနိုင်သည်။

    ယခုစာအုပ်စတင်ခဲ့သည့်အကြောင်းက စိတ်ဝင်စားဖို့ကောင်းသည်။ မစ္စတာကီရော့ကို အဖွဲ့အစည်းကြီးတစ်ခုက အောင်မြင်ရေးဖော်မြူလာများအကြောင်း ဟောပြောပေးဖို့ ကမ်းလှမ်းသည်။ သို့သော် သူက အောင်မြင်အောင် မည်သို့လုပ်ရမည်ကို သူမသိကြောင်း၊ ကျရှုံးအောင် မည်သို့လုပ်ရမည်ကိုတော့ သိကြောင်း၊ လိုချင်လျှင် သူ ပြောပေးနိုင်ကြောင်း အကြောင်းပြန်လိုက်သည်။ ယင်းသည်ပင် စာရှုသူ ယခုဖတ်ရတော့မည့် စာအုပ်ဖြစ်လာမည့် ကနဦးဖြစ်သည်။
    ယခုစာအုပ်ကို မစ္စတာကီရော့က အောင်မြင်နေသော လုပ်ငန်းရှင်များအတွက် ပိုအကျိုးရှိမည်ဟု ဆိုခဲ့သည်။ အထူးသဖြင့် အောင်မြင်မှုအသင့်အတင့်ရရှိနေသော လုပ်ငန်းများကို ဦးဆောင်နေရသူများအတွက်ဟု ဆိုခဲ့သည်။ အကြောင်းမှာ သူတို့သည် ကျရှုံးမှုထောင်ချောက်ထဲ ရောက်ရန် အန ္တရာယ်အများဆုံးအနေအထားတွင် ရှိနေသော သူများဖြစ်သောကြောင့်ဖြစ်သည်။

  • ခေတ္တ…နာကျင် ကြေကွဲခြင်း

    “ဒီစာအုပ်ဖတ်ပြီးမှ နိုင်ငံခြားသွား အလုပ်လုပ်ပါ” လို့တော့ မပြောဝံ့ပါဘူး၊
    လူတိုင်း လူတိုင်းရဲ့ ဘဝအခြေခံက မတူညီတာမို့ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကလည်း ကွဲပြားနိုင်ပါတယ်။ ဒါပေမဲ့ ဘဝနောင်ရေးအတွက် နိုင်ငံခြားသွား အလုပ်လုပ်ဖို့ စိတ်ပိုင်းဖြတ်ပြီးပြီဆိုရင် ထွန်းတောက်ထွဋ် (သင်္ချာ) ရဲ့ ခေတ္တ…နာကျင် ကြေကွဲခြင်း ကို ဖတ်ထားဖူးသင့်ပါတယ်။

    ဘာကြောင့်လဲဆို …
    ဒီစာအုပ် (ခေတ္တ..နာကျင် ကြေကွဲခြင်း) ဟာ အမိမြေကိုစွန့်ခွာပြီး တိုင်းတပါးမှာ စီးပွားရှာထွက်ခဲ့တဲ့ လူငယ်တစ်ယောက်ရဲ့ မျှော်လင့်ချက်၊ ယုံကြည်ကိုးစားမှု၊ စိတ်ကူးအိပ်မက်တွေက လက်တွေ့မှာ ဘာတွေ ဖြစ်လာခဲ့လဲ၊ ဘယ်လိုကြုံတွေ့ရသလဲ စတာတွေကို .. အရှိကို အရှိအတိုင်း ချပြထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ဝတ္ထုစာအုပ် တစ်အုပ်မို့ပါပဲ။

    ၁၉၉၀ ကျော် နှစ်ကာလတွေမှာ မြန်မာနိုင်ငံကနေ နိုင်ငံရပ်ခြား တိုင်းတစ်ပါးကို သွားရောက်အလုပ်လုပ်ကိုင်သူ လူငယ် လူရွယ်များစွာ ရှိခဲ့ကြပြီး မလေးရှားနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်ခဲ့သူ ကိုဝင်းထွဋ်လည်း အပါအဝင်ပါ။ ကိုဝင်းထွဋ်ဟာ နေထိုင်ရာ မော်လမြိုင်မြို့ကနေ ရန်ကုန်ကို လာရောက် အလုပ်လုပ်ကိုင်ရင်း အားမရဘဲ နိုင်ငံခြားသွားပြီး ငွေရှာဖို့ မျှော်လင့်ချက် ကြီးမားခဲ့သူပါ။ သူ့ရဲ့ မျှော်လင့်ချက်၊ အိပ်မက်တွေနောက် လိုက်ရင်း မလေးရှားနိုင်ငံဆီ ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာ သူကြုံတွေ့ခဲ့ရတာတွေက မျှော်လင့်ခဲ့တဲ့အတိုင်းလား၊ အိပ်မက်ထဲကနဲ့ ဘယ်လိုကွဲခြားနေမလဲ။ စာရေးဆရာ ထွန်းတောက်ထွဋ် (သင်္ချာ) ရဲ့ ခေတ္တ…နာကျင် ကြေကွဲခြင်းမှာ ရသမျိုးစုံကို ခံစားရင်း ဖတ်ရှုရပါမယ်။

    ဒီမှတ်တမ်းထဲက ဦးဝင်းထွဋ်ကတော့ “အဲဒီအချိန်ကာလတုန်းက ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ ဘဝ အတွေ့အကြုံအတိုင်း၊ အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း၊ ကျွန်တော် အင်မတန်ထည့်ချင်တဲ့ သတင်းစာကြော်ငြာ ထည့်ဖြစ်ခဲ့မယ်ဆိုရင် ကိုဝင်းထွဋ် ရဲ့(ခေတ္တ ကြေကွဲခြင်းနိုင်ငံ၊ နာကျင်ခြင်းမြို့တော်) လို့ ခေါင်းစဉ်တပ်မှ သဘာဝကျမယ် ထင်ပါတယ်” လို့ ဆိုပါတယ်။

  • အရှက်သည်းသည်း

    “ရှက်ဖူးကြသလား …”

    မြန်မာအဘိဓာန်မှာ အရှက် ကို ‘အထင်သေးခံရခြင်း၊ အကဲ့ရဲ့ခံရခြင်း စသည့် အကြောင်းတစ်ခုခုကြောင့် ဖြစ်ပေါ်သော စိတ်ခံစားမှု’ လို့ ဖွင့်ဆိုပါတယ်။
    ပြောရမယ်ဆို အရှက်ရတယ်၊ ရှက်စရာကြုံတယ်၊ အရှက်ကွဲတယ် ဆိုတာ ဘာအတွက်မှ သိပ်မကောင်းတဲ့အတွက် ဘယ်သူမှ ကြုံတွေ့လိုခြင်း မရှိမှာ အသေအချာပဲ မဟုတ်လား။ ဒါပေမဲ့လည်း လူတော်တော်များများ .. လူတိုင်းနီးနီးလောက်ဟာ ဘဝမှာ ရှက်စရာ ကြုံဖူးကြတာပါပဲ၊ တိတိကျကျ ဆိုရရင် သေးသေးနဲ့ ကြီးကြီးနဲ့ ရှက်ဖူးတာပဲ ကွာကြပါမယ်။

    ဒီတော့ ရှက်ဖူးတာတော့ ဟုတ်ပါပြီ။ အရှက်ကွဲဖူးတဲ့ဖြစ်ရပ်တွေ ပြောစတမ်းဆို ဘယ်သူမှ ပြန်ပြောချင်မှာ မဟုတ်ပါဘူး။ ကိုယ့်အရှက်ကွဲထားတဲ့အကြောင်း၊ လူမသိလေ ပိုကောင်းလေပဲ။ ဒါပေမဲ့လည်း ကိုယ့်အကြောင်းသာ မပြောချင်တာ၊ သူများ အရှက်ရခဲ့တဲ့ ကိစ္စမျိုးကို စပ်စပ်စုစုနဲ့ သိချင်ကြတာလည်း လူ့သဘာဝပါပဲ။

    အရှက်သည်းသည်းမှာ စာရေးဆရာ ကိုပေါက် (မန္တလေး) ရဲ့ ဘဝတစ်လျှောက် မိသားစုတွင်းမှာ၊ သူငယ်ချင်းတွေကြားမှာ၊ အလုပ်ခွင်မှာ၊ စသဖြင့် ကြုံတွေရတဲ့ ကိုယ်တွေ့ဖြစ်ရပ် အရှက်ရခဲ့တာတွေကို ပွင့်ပွင့်လင်းလင်း ရေးထားတာ ဖတ်ရှုရပါမယ်။

    “စားပါဦးလား လို့ ခေါ်လို့ ဝင်စားမိတာ နည်းနည်းမှ အားမနာတတ်တဲ့ကောင် …. (အရှက်ကို မရှိဘူးလို့ ကွယ်ရာမှာ အပြောခံရတာ)”
    “ခဏလောက်ထင်လို့ ကူညီတာ၊ မပြောင်းကြတော့ဘူးလား မသိဘူး … (အရှက်လည်း မရှိကြဘူးလို့ မကြားတကြား အပြောခံရတာ)”
    “မျက်နှာ အငယ်ခံပြီး အကူအညီတောင်းမိတာ တွေးမိတိုင်း ရှက်ပါရဲ့ … (အကူအညီပေးတုန်းက ယူပြီး ပြန်တောင်းတော့ အရူးကွက် နင်းကြတာ)”

    ဘဝလမ်းတစ်လျှောက် ဘွားအေနဲ့ နေစဉ် ကျောင်းတက်တုန်း ကာလ၊ အိမ်ထောင်ရှင် နေ့ရက်များ ကာလ၊ အစိုးရဝန်ထမ်းဘဝ ကြုံတွေရ ကာလ၊ ပြင်ပဝန်ထမ်းဘဝ ဖြတ်သန်းရ ကာလ စသဖြင့် ဘဝနေ့ရက်တွေ ဖြတ်သန်းစဉ် မျက်မှောက်ကြုံခဲ့ရတဲ့ အရှက်ရစရာ အကြောင်းတွေကို ကိုပေါက် (မန္တလေး) က လူစုံတုန်း ရှင်းပြတယ် ဆိုသလိုပဲ ‘အရှက်သည်းသည်း’ မှာ ဒိုးဒိုးဒေါက်ဒေါက်နဲ့ ဘွင်းဘွင်းရှင်းရှင်း ဖွင့်ချပြထားတယ်။

    “ပြန်တွေးကြည့်ရင် ကျွန်တော့်ဘဝမှာ ရှက်စရာတွေက အများသား” ဆိုတဲ့ ကိုပေါက်ရဲ့ ရှက်စရာ အကြောင်းတွေကို ကိုပေါက် (မန္တလေး) ရဲ့ “အရှက်သည်းသည်း” မှာ ဖတ်ရှုရပါမယ်။

  • အခါတစ်ပါး

    တချို့တံခါးတွေကတော့ တစ်ကြိမ် ပိတ်သိမ်းလိုက်ပြီဆိုတာနဲ့ တစ်သက်စာ ပြန်ဖွင့်ခွင့် မရှိတော့ဘူး။
    ချစ်တယ်ဆိုတာ မတွေ့တာ နှစ်နဲ့ချီ ကြာနေတာတောင် သူ ကြိုက်တဲ့ ကော်ဖီအရသာကို မှတ်မိနေတာမျိုး။

    ချစ်တယ် ဆိုတာ အားလုံးဝိုင်းထိုင်ပြီး မုန့်ဟင်းခါး စားနေချိန်မှ ကြက်သွန်ဥလေးတွေကို ကိုယ့်ပန်းကန်ထဲ တိတ်တိတ်လေး ထည့်ပေးလိုက်တာမျိုး။
    ဖွင့်ဟ​ပြောမှ ချစ်တယ်လို့ သိရမှာလားလို့ မေးခွန်းထုတ်ချင်စိတ် ပေါက်လာတဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေး။ စိတ်ထဲရှိသမျှစကားတွေ အကုန်ပြောပြဖို့ ချစ်တဲ့သူနှစ်ယောက် အတွက် ဘာလို့များ အခွင့်အရေး မရှိခဲ့တာလဲ။

    မရေရာတဲ့ လမ်းတစ်ခုပေါ်မှာ စောင့်စားသူ ရောက်လာမလာခဲ့တာတောင် ကံကြမ္မာကို ယုံကြည်ပြီးနှစ်ရှည်လများ စောင့်စားနေခဲ့သူ လေးလေးမော်။ ဘယ်တော့မှ မပြောခဲ့တဲ့ စကားတွေဟာ ဘယ်တော့မှလည်း ထပ်ကြားစရာမလိုဘဲ မြေမှုန်လေးတွေ ကြားထဲတိုးဝင်ပျောက်ကွယ်သွားတော့မလားလို့ ခံစားနေရတဲ့ သက်ဇော် ခေါ် ရည်းစားများတဲ့ ကောင်ချောလေး ဖိုးသက်။ သဘောကောင်းသူ တစ်ယောက်လို့ ပတ်ဝန်းကျင်က ယုံမှတ်စေဖို့ စည်းတွေ​ဘ​ောင်တွေ ကြားမှာ အတင်း လူကြီးဆန်နေရတဲ့ ကိုကိုမင်းထက်။ သူတို့သုံးဦးရဲ့ ရင်မောဖွယ်၊ စိတ်လှုပ်ရှားဖွယ် အချစ်ဇာတ်လမ်း ရိုးရိုးလေးတစ်ပုဒ်။

    အမျိုးသားစာပေဆုရ ဆရာမ စံပယ်ဖြူနုရဲ့ ပထမဦးဆုံး လက်ရာဖြစ်တဲ့ ဝတ္ထုလတ်။လွတ်လပ်မှုကို မြတ်နိုးတဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ အတွင်းအဇ္ဇျတ္တ အတွေးတွေ၊ ရင်ခုန်လှိုက်မောစရာတွေကို ခံစားမိစေမယ့် ဝတ္ထုတစ်ပုဒ်။

  • ကျွန်တော်ဆက်၍ ရေးချင်သောဝတ္ထုများ

    စာဖတ် ဝါသနာပါသူတိုင်းမှာ သူတို့ ဘဝ အပေါ် လွှမ်းမိုးတဲ့ စာအုပ်တွေ ရှိကြပါတယ် ။ ကိုယ် စွဲလမ်းရတဲ့ စာအုပ်တိုင်းရဲ့ အချို့သော ဇာတ်ကောင်စရိုက်တွေ ၊ အချို့သော ဇာတ်သိမ်းခန်းတွေဟာ ကိုယ့်အကြိုက် ဖြစ်ချင်မှ ဖြစ်တာ ။ ကိုယ်ကလည်း ဒီစာအုပ်ကို ကြိုက်နေတော့ ကိုယ်မကြိုက်တဲ့ ဇာတ်ဆောင်စရိုက်တွေ ၊ ဇတ်သိမ်းတွေကို ကိုယ့်စိတ်ကူးနဲ့ ဖန်တီးပြီး စိတ်ကျေနပ်မှု ရအောင် စိတ်ကူးယဉ် ခဲ့ဖူးတဲ့ အခိုက်အတန် ့ ဟာ စာဖတ်သူတွေ စိတ်ထဲမှာ ရှိခဲ့ဖူးမှာပါ ။

    ဝတ္ထု ဇာတ်လမ်းတွေ ရေးတဲ့ စာရေးဆရာတွေ အတွက် ပိုခံစားရပေမပေါ့ ။ ဒါပေမဲ့ အဲဒီအကြောင်းကို စာတစ်စောင် ပေတစ်ဖွဲ့ အနေနဲ့ ရေးသားခဲ့တာတော့ ဆရာမြသန်းတင့် တစ်ယောက်ပဲ ရှိမယ် ထင်ပါတယ် ။ အဲဒီ စာအုပ်ကတော့ ” ကျွန်တော်ဆက်၍ရေးချင်သော ဝတ္ထုများ ” ဆိုတဲ့ စာအုပ်ပါပဲ ။ စာအုပ်ကောင်း တစ်အုပ်ဟာ ခေတ်ကို ကျော်လွှားနိုင်ပါတယ် ။ ၁၉၇၄ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဒီစာအုပ် “ကျွန်တော်ဆက်၍ရေးချင်သော ဝတ္ထုများ ” ဆိုရင် အကြိမ်ကြိမ် ပြန်ထုတ်ရတဲ့ အထိ စာဖတ်သူ မျိုးဆက် အဆင့်ဆင့် ဖတ်ရှုနေကြရတဲ့ လက်စွဲ စာအုပ်တစ်အုပ် ပါ ။

    တစ်ချိန်သော အခါကာလ တစ်ခုမှာ မြသန်းတင့် ဟာ တစ်ယောက်ထီးတည်း လပေါင်းများစွာ နေခဲ့ရတယ် ။ စာကားပြောဖော် မရှိ ၊ စာအုပ်ဆိုတာ လုံးဝ မရှိတဲ့ အချိန်ကာလ တစ်ခုကို သူဖြတ်ကျော်ခဲ့ရတယ် ။ သူ့အတွက် ပစ္စုန်ပ္ပန် နဲ့ အနာဂတ် ကာလတွေ ပျောက်ဆုံးနေပြီး “အတိတ်ကာလ ” တစ်ခုတည်းမှာ နေခဲ့ရတဲ့ အချိန်မှာ ဒီစာအုပ်ရေးဖို့ စိတ်ကူးရခဲ့တယ် ။

    ၁၉၂၀ ကနေ ၁၉၄၅ ကာလ ထုတ်ဝေခဲ့တဲ့ စာအုပ်တွေ ထဲကမှ သူ ဖတ်ခဲ့ပြီး သူ နှစ်သက်ခဲ့တဲ့ ဝတ္ထုတွေထဲက ဇာတ်ကောင်တွေကို ဆရာမြသန်းတင့် ဟာ စိတ်ကူးထဲမှာ တွေ့ဆုံ ဆွေးနွေးဖို့ ဖြစ်လာပါတယ် ။ အဲဒီ ဝတ္ထုတွေရဲ့ ဇတ်လမ်းနဲ့ ဇာတ်ကောင်စရိုက်တွေ ကို ပြန်စဉ်းစား သုံးသပ်ပြီး စာအုပ် ဝေဖန်ရေး ပုံစံနဲ့ ရေးထားပါတယ် ။ ဒီစာအုပ်ကို ဖတ်ပြီးမှ ဒီထဲက ညွှန်းဆို ထားတဲ့ စာအုပ်တွေကို ရှာဖတ်ကြည့်တဲ့ သူတွေလည်း မနည်းပါဘူး ။

    ဆရာမြသန်းတင့် က ဘယ်ဝတ္ထုတွေကို ဘယ်လို ဆက်ပြီး ရေးချင်သလဲ ဆိုတာ နမူနာ ပြရရင် ….

    ” အကောင်းကို ရှာ၏ ။ အကောင်းကား မရှိတော့ ” ဆိုတဲ့ မေ ကို အမျိုးသမီး ဘော်ဒါဆောင် တစ်ခုဖွင့်ပြီး တက္ကသိုလ်ကျောင်းသူ တွေကို ထိန်းကျောင်း ပြုပြင်ပေးလိုတဲ့ ရွှေအိုရောင်မေ အဖြစ် ဖန်ဆင်းလိုက်တယ် ။ ( ဒဂုန်တာရာ _ မေ )

    ကောလိပ်ကျောင်းသား ထဲက ရွှတ်နောက်နောက် သိန်းဖေ ဟာ ဥရောပနိုင်ငံ အနှံ ့အပြား လည်ပတ် သွားလာနေတဲ့ ၊ ဘာသာစကား အသစ်တွေကို သင်ယူနေတဲ့ ဦးသိန်းဖေ အဖြစ် ဆရာမြ ပုံဖော် စိတ်ကူးယဉ် ခဲ့တယ် ။ ( ဇဝန _ကောလိပ်ကျောင်းသား)

    မြသန်းတင့် ဆက်ပြီး ရေးချင်တဲ့ ဝတ္ထုတွေထဲက ဇာတ်ကောင် တချို့က တော့…
    မင်းဆွေ ရေးတဲ့ “ဓား” ဝတ္ထု ထဲက မျိုးမြင့်ရန်နောင်

    ဇေယျ ရေးတဲ့ “မြတ်လေးရွှေဓားဗိုလ် ” ဝတ္ထုထဲက မြတ်လေးရွှေဓားဗိုလ်

    ရဲထွန်းလင်း ရေးတဲ့ “အရေးတော်ပုံတပ်သား” ဝတ္ထုထဲက မျိုးတင့် တို့နဲ့ အခြား ဇာတ်ဆောင် ၅ယောက် ဖြစ်ပါတယ် ။

    အခုအချိန်မှာ မြသန်းတင့် ဝေဖန် ညွှန်းဆို ခဲ့တဲ့ ဒီစာအုပ် (၁၀) အုပ်ဟာ ဂန္ထဝင် စာရင်းတွင်နေပါပြီ ။ ဆရာမြသန်းတင့် နှစ်သက် စွဲလမ်းခဲ့တဲ့ စာအုပ် (၁၀) အကြောင်းနဲ့ ဆရာမြ ဘယ်လိုဆက်ပြီး ရေးချင်သလဲတာတွေအပြင် မိမိစာအုပ်စင်မှာ သိမ်းဆည်းထားရမယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

  • လမ်းပျောက်

    ပြဿနာဆိုတာမျိုးက တခါတလေ ကိုယ်က မရှာပေမယ့် မထင်ရင်မထင်သလို တကူးတကနဲ့ ရောက်လာတတ်တယ် မဟုတ်လား။ ကယ်ပါဦး ဆိုလို့ တကူးတက သွားကူညီပါမှ ကိုယ်ပါ ဘဝပျက်ကိန်းနဲ့ ကြုံရတာမျိုးကျ “စေတနာသည် လူတိုင်းနှင့် မတန်” လို့ပဲ ဆိုရမလိုလို .. ။
    ဆရာဖိုးနိုင်လင်း ဘာသာပြန်တဲ့ လမ်းပျောက် က မူရင်း Stephen King နဲ့ Joe Hill တို့ရေးသားတဲ့ In The Tall Grass ။ Stephen King ရဲ့ ဝတ္ထုများအတိုင်းပဲ ဒီဝတ္ထုဟာလည်း စိတ်လှုပ်ရှားဖွယ် Thriller အမျိုးအစားဖြစ်ပြီး ရုပ်ရှင်အဖြစ် Netflix က တင်ဆက်တဲ့အခါတုန်းကလည်း အင်မတန် အောင်မြင်ခဲ့တယ်။ ရုပ်ရှင်နဲ့ ဝတ္ထုက ဇာတ်အိမ်တူပေမယ့် ဇာတ်လမ်းမှာ ကွဲလွဲချက်တွေ ရှိပါတယ်။
    ဝတ္ထုက အမေရိကန်နိုင်ငံ ကမ်းဆပ်ပြည်နယ်၊ အဝေးပြေးလမ်းအမှတ် ၄၀၀ ရဲ့ နံဘေးတစ်နေရာက မြက်ရိုင်းတောကြီးထဲမှာ ဇာတ်အိမ်တည်ထားတယ်။ ကယ်လ်ဒီးမုသ် နဲ့ ဘက်ကီဒီးမုသ် တို့ဟာ သိပ်ချစ်ကြတဲ့ မောင်နှမ ၂ ယောက်။ အသက်ကလည်း တစ်နှစ်ကျော်ကျော်ပဲကွာတော့ ဆိုးအတူ ကောင်းအတူ ဆိုတာမျိုး။
    အဝေးပြေးလမ်းမပေါ်က မြက်ရိုင်းတောကြီးနဲ့ ဒီမောင်နှမ ပတ်သက်ခဲ့တာက ဘက်ကီဒီးလ် အသက် ၁၉ လောက်မှာ ကိုယ်ဝန်ရှိခဲ့ရာလို့ပဲ ပြောရမယ်။ ကိုယ်ဝန်ရှိလာတော့ ကလေးမွေးပြီးရင် ဖြစ်လာမယ့်ကိစ္စတွေ ရှိလာတာကြောင့် မောင်နှမ ၂ ယောက်ဟာ ဘက်ကီ ကိုယ်ဝန် ၆ လ လောက်မှာ ကားတစ်စီးနဲ့ ရောက်ရာပေါက်ရာ လျှောက်သွားခဲ့တယ်။ ဒီလိုနဲ့ .. ဒီလိုနဲ့ … ပြဿနာက တကူးတက မဖိတ်ခေါ်ဘဲ ပြဿနာရှိရာအရပ် မြက်ရိုင်းတောကြီးတွေ ကပ်လျက် ရှိတဲ့ အဝေးပြေးလမ်းကို မောင်းမိလာတယ်။ မောင်းနေရင်းနဲ့ ၂ ယောက်စလုံး ကြားလိုက်ရတာက “ကယ်ကြပါ၊ ကယ်ကြပါ၊ ကျွန်တော့်ကို တစ်ယောက်ယောက် ကယ်ကြပါဦး” ဆိုတဲ့ ကလေးလေးတစ်ယောက်ရဲ့ အသံ။ ကြည့်လိုက်တော့ ကားလမ်းနံဘေး မြက်ရိုင်းတောကြီးထဲက ထွက်လာတဲ့ အသံမှန်းသိလိုက်တယ်။
    ကယ်လ် နဲ့ ဘက်ကီတို့ဟာ ပြန်မထွက်တတ်ဘဲ လမ်းပျောက်နေပြီး အကူအညီတောင်းနေတဲ့ သနားစဖွယ် ကလေးငယ်ကို ကယ်တင်ဖို့ ဆုံးဖြတ်ကာ မြက်ရိုင်းတောထဲ ဆင်းခဲ့ကြတယ်။ တကယ်တမ်း ဆင်းကြည့်မှ မြက်ရိုင်းတွေဟာ ထင်တာထက် ပိုမြင့် ပိုရှည်လျားပြီး သာမန်မြက်ရိုင်းတွေလို မပျော့ပျောင်းတာ သိလိုက်ရတယ်။ နောက်ထပ် ထူးဆန်းတာက မြက်ရိုင်းရှည်တောကြီးဟာ ကမ္ဘာမြေပေါ်က အခြားနေရာတွေလို မဟုတ်ဘဲ အရပ်ဒေသ တည်နေရာ ၊ ရေခံမြေခံ ၊ အချိန် တွေက တသမတ်တည်း မဟုတ်ဘဲ ပြောင်းလဲနေတာပါ။ အဲ့ဒါတွေထက်ပိုပြီး ဘက်ကီတို့ မောင်နှမ အံ့အားသင့်ခဲ့ရတာက မြက်ရိုင်းရှည်တောကြီးထဲမှာ လမ်းပျောက်လို့ အော်နေတဲ့ ကလေးလေး တစ်ယောက် မက ရှိနေတာ သိလိုက်ရပြီး သိပ်မကြာခင် သူတို့မောင်နှမ ကိုယ်တိုင် လမ်းပျောက်တဲ့ အဖြစ်ကို ရောက်ခဲ့တာပါပဲ။
    ကယ်လ်နဲ့ ဘက်ကီတို့ ဘာတွေ ဆက်ကြုံရမလဲ ဆိုတာ လမ်းပျောက်ဝတ္ထုမှာ ဖတ်ရှုနိုင်မှာဖြစ်ပြီး ရုပ်ရှင်နဲ့မတူတဲ့ ရသအသစ်တစ်ခုကို ရင်တထိတ်ထိတ်နဲ့ ခံစားရမှာဖြစ်ပါတယ်။
  • အပူသစ်နှင့် ရယ်ကြပါသည်

    Categories: ,

    ‘အပူသစ်နှင့် ရယ်ကြပါသည်’ က ဆရာကြီး မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ ‘အပူသစ်နှင့် လူဖြစ်စေသတည်း’ ဝတ္ထုလတ်တစ်ပုဒ်ရယ် ဆရာဟိန်းဆက်သွင်ရဲ့ ‘မရယ်ရ၍ ရယ်ကြပါသည်’ ဝတ္ထုလတ်တစ်ပုဒ်ရယ် ဝတ္ထုလတ်နှစ်ပုဒ်ပေါင်းပြီး တစ်အုပ်တင်ဆက်ထားတဲ့ စာအုပ်ပါ။ ရသစာပေချစ်သူတို့ အရသာသစ်တစ်ခု ခံစားမိစေဖို့ တင်ဆက်ထားတဲ့ စာအုပ်လေးတစ်အုပ်ဆိုလဲ မမှားပါဘူး။

     

    ဆရာကြီး မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ ‘အပူသစ်နှင့် လူဖြစ်စေသတည်း’ ဟာ ဆရာကြီးရဲ့ စာပေလက်ရာအများစုမှာ မြင်တွေ့ရတဲ့ ကံ့ကော်မြေ၊ အင်းယား၊ တက္ကသိုလ်မြေ စတာတွေကို ဖတ်ရှုရမှာ မဟုတ်ပါဘူး။ အရာရှိလစာ ထောင်ဂဏန်း၊ ဝန်ထမ်းလစာ ရာဂဏန်း၊ ဆီတစ်ပိဿာ သုံးဆယ့်လေးကျပ်၊ ဗယာကြော်တစ်ခု သုံးတယ့်ငါးပြား အစရှိတဲ့ ခေတ်ကာလတစ်ခုမှာ စက်ရုံလုပ်သားအဖြစ် တာဝန်ထမ်းဆောင်သူ အလုပ်သမားလေး သိန်းထူးနဲ့ သူ့လိုပဲ အလုပ်သမလေး အေးအေးမြင့်တို့ရဲ့ အချစ်ဇာတ်လမ်းနောက်ခံ ဘဝသရုပ်ဖော် ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ဖတ်ရှုရပါမယ်။ ကိုယ်စီ မိသားစုတွင်း မိဘတွေရဲ့ ကျန်းမာရေး၊ မောင်နှမတွေရဲ့ ပညာရေး၊ အလုပ်တွင်း ပြဿနာတွေလို အခက်အခဲတွေ ကိုယ်စီကြောင့် ချစ်လျက်နဲ့ အိမ်ထောင်မပြုနိုင်သေးတဲ့ သူတို့ရဲ့ အချစ်ဇာတ်လမ်းကို ဖတ်ရှုရင်း တစ်ခေတ်တစ်ခါက ဘဝအမောတွေကြား ကြည်နူးဖွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဆရာကြီး မောင်စိန်ဝင်း(ပုတီးကုန်း) က ‘အပူသစ်နှင့် လူဖြစ်စေသတည်း’ မှာ တင်ပြထားပါတယ်။

     

    ဆရာဟိန်းဆက်သွင်ရဲ့ ‘မရယ်ရ၍ ရယ်ကြပါသည်’ မှာက ယနေ့ကာလလို့ ဆိုရမယ့် သက္ကရာဇ် ၂၀၀၀ ခုနှစ်တစ်ဝိုက်က လူငယ်တွေရဲ့ ယုံကြည်ချက်၊ အချစ်၊ အလုပ်အကိုင် စတဲ့ သူတို့တွေရဲ့ ဘဝတွေကို မြင်တွေ့ရမယ်။ တက္ကသိုလ် အောင်ပြီးနောက်ပိုင်း စာရေးဆရာပဲ လုပ်မယ်ဆိုတဲ့ ဘဝယုံကြည်ချက်နဲ့ ရှင်သန်နေထိုင်ခဲ့သူ ပီယ။ ပီယမှာ ကျောင်းနေဖက် သူငယ်ချင်း ၂ ယောက်ရှိတယ်။ ကျော်စွာနဲ့ ညီညီအောင်။ ကျော်စွာက ဘဝအတွက် ကိုရီးယားသွားပြီး အလုပ်လုပ်တယ်။ ညီညီအောင်က သင်္ဘောတက်တယ်။ ပီယကတော့ သူ့ယုံကြည်ချက်အတိုင်းပဲ စာပေနယ်ထဲမှာ နေရာတစ်ခုရအောင် နေထိုင်ရှင်သန်တယ်။ စာပေနယ်ထဲမှာ ရှင်သန်နေထိုင်သူတို့ ပေးဆပ်ရတဲ့ အရာအားလုံးကို ပီယတစ်ယောက် ဘာမှမမှုဘဲ ဖြတ်ကျော်ခဲ့သလို သိပ်ချစ်ရတဲ့ မြသက်ပန် တစ်ယောက် သူမအဒေါ်စီစဉ်ပေးမှုနဲ့ စင်ကာပူ ထွက်ဖို့ ဖြစ်လာတဲ့အခါမှာလည်း ပီယဟာ ငွေရှာဖို့အတွက် တစ်ခုတည်းနဲ့ စာပေနယ်ကို ကျောခိုင်းပြီး ချစ်သူနောက် လိုက်မသွားခဲ့ပါဘူး။ ချစ်လျက်နဲ့ ရေခြားမြေခြား ခွဲခဲ့ရတဲ့ ပီယနဲ့ မြသက်ပန်တို့ ဆုံဆည်းမှာလား။

     

    အချိန်ကာလ သက္ကရာဇ်တွေဟာ အမြဲတမ်း ပြောင်းလဲနေမှာ ဖြစ်ပေမယ့် လူသားတို့ရဲ့ ကြားက ချစ်ခြင်းတရား၊ မိသားစုတွင်း အခက်အခဲတွေနဲ့ ပျော်ရွှင်စရာတွေ၊ ယုံကြည်ချက်တွေဟာ အမြဲဖြစ်တည်နေတာပါ။ ‘အပူသစ်နှင့် လူဖြစ်စေသတည်း’ နဲ့  ‘မရယ်ရ၍ ရယ်ကြပါသည်’ ဝတ္ထုလတ် နှစ်ပုဒ်ပေါင်း တစ်အုပ်ဖြစ်တဲ့ ‘အပူသစ်နှင့် ရယ်ကြပါသည်’ ကို ဖတ်ရှုပြီး ပြောင်းလဲလာတဲ့ ခေတ်စနစ်၊ အခြေအနေ၊ ဘဝ တွေကို မြင်တွေ့နိုင်မယ်လို့ ယုံကြည်ပါတယ်။

Main Menu