ဆေးဆေအမည်ရင်း သန္တာမူ ဖြစ်ပြီး အဖ ဦးအောင်ဘနှင့် အမိ ဒေါ်ခင်နွဲ့မူ တို့မှ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့တွင် မွေးဖွားခဲ့သည်။ ကလေးဝမြို့ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ ၂၀ဝ၁ ခုနှစ်တွင် စစ်ကိုင်းသမဝါယမဒေသကောလိပ်မှ စာရင်းကိုင်ပညာဒီပလိုမာဘွဲ့၊
၂၀ဝ၃ ခုနှစ်တွင် မ္တလေးတက္ကသိုလ်မှ စီးပွားရေးပညာဘွဲ့၊ ၂၀၁၀ ပြည့်နှစ် တွင် ရန်ကုန်တက္ကသိုလ်မှ စီးပွားရေးဥပဒေပညာ ဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။ကုမ္ပဏီဝန်ထမ်း စာရင်းကိုင်တစ်ဦးအဖြစ် ရန်ကုန်မြို့တွင် နေထိုင်ပြီး ဝါသနာပါသော ဝတ္ထုတို၊ ဝတ္ထုရှည်များ ရေးသားလျက်ရှိသည်။
၂၀ဝ၉ ခုနှစ်၊ ဇူလိုင်လထုတ် ရွှေအမြုတေမဂ္ဂဇင်း၊ ရွှေအသစ် ကဏ္ဍတွင် ဖော်ပြခံရသည့် နှလုံးသားထက်က ကမ္ပည်းတိုင် ဝတ္ထုတိုဖြင့် စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ ဆေးဆေ အမည်ဖြင့် ပထမဆုံးပုံနှိပ်စာမူမှာ ၂၀ဝ၈ခုနှစ်၊ ဇန်နဝါရီလထုတ် အပျိုစင်မဂ္ဂဇင်းတွင် ဖော်ပြခံရသော ထပ်တူ ညီပြန်လင်းတန်းများ ဝတ္ထုတိုဖြစ်သည်။ ၂၀ဝ၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အတွင်း မဂ္ဂဇင်း ဝတ္ထုတို/ရှည် နှစ်ဆယ့်ခြောက်ပုဒ် ရေးသားခဲ့သည်။
၂၀၁၅ ခုနှစ် ရွှေအမြုတေစာပေဆုပေးပွဲတွင် ပျော်ရွှင်ခြင်း ငှက်ကလေးများ ဝတ္ထုတိုဖြင့် ပရိသတ်အကြိုက်ဆုံး ရွှေနှလုံးသားဆုနှင့် ၂၀၁၇ ခုနှစ်တွင် သူ့သစ္စာ မဂ္ဂဇင်းဝတ္ထုရှည်ဖြင့် ရွှေအမြုတေစာပေဆု ကို ရရှိခဲ့သည်။
လုံးချင်းဝတ္ထုရှည်အဖြစ် မဟာစာပေမှ ၂၀၁၉ ခုနှစ်တွင် ပထမဆုံး ရေးသားသော ဖွေရှာမောရသူမယ် နှင့် ဒုတိယစာအုပ် တစ်ဘဝဒဏ်ရာ၊ ၂၀၂၀ ပြည့်နှစ်တွင် တတိယစာအုပ် ခိုတွယ်ရာ ကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။
ယခု မှောင်ရိပ်ကလိပ်ပြာ မဂ္ဂဇင်းဝတ္ထုတိုများ သည် ၂၀ဝ၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ရေးသားခဲ့သော မဂ္ဂဇင်းဝတ္ထုတိုများကို ပထမ အကြိမ် စုစည်းထုတ်ဝေခြင်းဖြစ်သည်။