" ဖွေရှာမောရသူမယ်" ၊ " တစ်ဘဝဒဏ်ရာ " နှင့် မကြာသေးခင်က ထွက်ရှိခဲ့တဲ့ " ခိုတွယ်ရာ " လုံးချင်းဝတ္ထရှည်တွေရဲ့ ဖန်တီးသူပဲ့ကိုင်ရှင် ဆရာမဆေးဆေရဲ့ ဝတ္ထုတိုပေါင်းချုပ်စာအုပ်အသစ်ထွက်ရှိလာပါပြီ။ ဆရာမဟာ ဝတ္ထုတိုရေးသူသက်သက်အဖြစ် စာပေလောကထဲသို့ဝင်ရောက်လာပြီး လုံးချင်းဝတ္ထုရှည် (၃) အုပ်ထွက်ပြီးမှ ယခုဝတ္ထတိုပေါင်းချုပ်စာအုပ်ကို စာဖတ်သူတွေလက်ထဲ အရောက်ပို့လိုက်တာဖြစ်ပါတယ်။
ဖြတ်သန်းရာ ခေတ်ကာလကို အပြည့်အဝ ထင်ဟပ်ဖော်ကျူးသော ဆရာမဝတ္ထုများတွင် ဝတ္ထုအခင်းအကျင်းမှတဆင့် ထပ်ဆင့်မြင်ရသော ပုံရိပ်များ၊ အဖြစ်အပျက်များကို ခံစားရယူနိုင်ခြင်းက အရသာတစ်မျိုးပင်။ ဒါသည်ပင် ဆရာမဆေးဆေ၏ ထူးခြားမှုဟု ဆိုချင်ပါတယ်။ အရောင်၊ အလင်း ညီသည့် ပန်းချီကားတစ်ချပ်ပမာ အကြောင်းအရာအားကောင်းသော ဝတ္ထုတိုများတွင် စ/လယ်/ဆုံး ဝါကျဖွဲ့လှသည့် ဆရာမ၏ စာအရေးအသားနှင့် တင်ဆက်မှုအနုပညာကို ကျေနပ်နှစ်သိမ့်ကြမယ် ထင်ပါတယ်။
ယခုစာအုပ်တွင် ၂၀၀၉ ခုနှစ်မှစပြီး ၂၀၂၀ ပြည့်နှစ်အထိ (၁၁) နှစ်တာကာလအတွင်း ရေးသားခဲ့တဲ့ ဝတ္ထုတိုလေးတွေပါဝင်ပါတယ်။ ဝတ္ထုတိုချစ်သူပီပီ ဆရာမရဲ့ ကိုယ်တိုင်ရေးဝတ္ထုတိုလေးတွေဟာ အရသာတစ်ခု၊ ဟန်တစ်မျိုးထူးခြားနေပြန်ပါတယ်။
" ကျွန်မ၏ ဝတ္ထုတိုများကို ပြန်ဖတ်မိတိုင်း ရေးဖွဲ့ချိန်က စိတ်လိပ်ပြာ ဖြတ်သန်းမှုရောင်စဉ်အောက် ကျွန်မစိတ်တို့ တဝဲလည်လည် ရောက်ရတတ်မြဲ။ သို့အတွက် ယခုစာအုပ်အမည်ကို မှောင်ရိပ်ကလိပ်ပြာ မဂ္ဂဇင်းဝတ္ထုတိုများ ဟု ပေးဖြစ်ပါသည်လို့ " ဆိုထားပါတယ်။ ရွှေအမြုတေမဂ္ဂဇင်းမှ ဝတ္ထုတို(၁၆) ပုဒ်၊ အခြားများမှ (၂) ပုဒ် စုစုပေါင်း ဝတ္ထုတို (၁၈) ပုဒ်ကို ဆရာမြင့်မောင်ကျော်ရဲ့ အတွင်းသရုပ်ဖော်ပန်းချီများကိုကြည့်ရှုခံစားရင်း ဖတ်ရှုရမှာပဲဖြစ်ပါတယ်။''





