အောင်သင်း
၁၉၂၇ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် တောင်တွင်းကြီးမြို့၊ တောင်ပြင် ရပ်နေ သခင်ညီမောင်နှင့် ဒေါ်ရွှေကြင်တို့မှ ဖွားမြင်သော သားသမီး သုံးယောက်အနက် အကြီးဆုံးဖြစ်သည်။ အမည်အရင်းမှာလည်း ‘အောင်သင်း’ ပင်ဖြစ်သည်။
အသက် ၅ နှစ်သားအရွယ်တွင် တောင်ပြင်ရပ်ရှိ ဆရာဦးသာဒွန်းဇံ ၏ မူလတန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။
စတုတ္ထတန်းအောင် မြင်ပြီးနောက် တောင်တွင်းကြီးမြို့ မိုးထိမြန်မာ အထက်တန်းကျောင်းတွင် အလယ်တန်းပညာ ဆက်လက်သင်ကြားခဲ့သည်။ ဆဋ္ဌမတန်းတွင် ၁၉၃၈ ခုနှစ် ကျောင်းသားသပိတ်နှင့် ကြုံခဲ့သည်။ ထိုနှစ်၌ မိခင်ကွယ်လွန်သည်။
သတ္တမတန်း၌ ပညာသင်ကြားနေစဉ်တွင် ပညာဘက်၌ အာရုံ လျော့နည်းလာသဖြင့် စာမေးပွဲကျရှုံးခဲ့သည်။ ထို့နောက် ကျောင်းထွက်နေစဉ် ဖခင် နောက်အိမ်ထောင်ပြုသည်။ ၁၉၄၁ ခုနှစ်တွင် ရှင်သာမဏေဝတ်သည်။ သာမဏေဘဝနှင့် ပညာသင်နေစဉ် ဒုတိယကမ္ဘာစစ်ဖြစ်လာ၍ သာမဏေဘဝ မှ ထွက်လိုက်ရသည်။
ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၇ ခုနှစ်တွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့ သို့ ဝင်ရောက်လှုပ်ရှားခဲ့သည်။ ထိုမှတစ်ဆင့် ဆိုရှယ်လစ်ပါတီသို့ ရောက် သွားပြီး သင်တန်းများတက်၍ ခရိုင်စည်းရုံးရေးမှူးအဆင့်ထိတိုင်အောင် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
၁၉၄၉ ခုနှစ် ရောင်စုံသူပုန်များ ပေါ်ပေါက်လာချိန်၌ ရဲဘော်ဖြူများ ၏ ဖမ်းဆီးခြင်းခံရကာ မကွေးထောင်၊ တောင်တွင်းကြီးထောင်၊ ပြည်ထောင်၊ သရက်ထောင်များတွင် နေထိုင်ခဲ့ရပြီး ၁၉၄၉ ခုနှစ်၊ နိုဝင်ဘာလတွင် သရက်ထောင်ကိုဖောက်၍ ထွက်ပြေးလွတ်မြောက်ခဲ့သည်။
၁၉၅၂ ခုနှစ်ရောက်မှ တောင်တွင်းကြီးမြို့သို့ ပြန်လာခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုရာ ထိုနှစ်မှာပင် စာမေးပွဲ အောင်မြင်ခဲ့သည်။ ၁၉၅၃ ခုနှစ်၊ အောက်တိုဘာလတွင် မိုးထိအထက်တန်း ကျောင်း၌ အလယ်တန်းပြဆရာအဖြစ် ဝင်ရောက်အမှုထမ်းခဲ့ပြီး ၁၉၅၆ ခုနှစ်တွင် အလုပ်မှထွက်၍ မကွေးကောလိပ်၌ ဥပစာဝိဇ္ဇာတန်းကို စတင် တက်ရောက်ခဲ့သည်။
၁၉၅၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ဆက်လက် တက်ရောက်ပြီး ၁၉၆၀ ခုနှစ်တွင် ဝိဇ္ဇာတန်းကို မြန်မာဘာသာစကားနှင့် အနုစာပေ၊ အင်္ဂလိပ်ဘာသာစကားနှင့် အနုစာပေ၊ ဒဿနိကဗေဒဘာသာ တွဲဖြင့် အောင်မြင်ခဲ့သည်။
၁၉၆၁ ခုနှစ်တွင် ဘီအီးဒီ ဆက်တက်နေစဉ် မြန်မာစာဌာန ပါမောက္ခဦးဝန်၏လက်ထက်၌ မဟာဝိဇ္ဇာအရည်အချင်းစစ်စာမေးပွဲဖြေခွင့် ပေါ်လာခဲ့သောကြောင့် မြန်မာစာမဟာဝိဇ္ဇာအရည်အချင်းစစ်သင်တန်း တက်ရောက်ခွင့်ကို ဖြေဆိုအောင်မြင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ နည်းပြဖြစ်လာသည်။ ၁၉၆၃ ခုနှစ်တွင် မော်လမြိုင် ဒီဂရီကောလိပ်သို့ ပြောင်းရွှေ့ရသည်။ ၁၉၆၅ ခုနှစ်၊ မေလတွင် ပြင်ဦးလွင် စစ်တက္ကသိုလ်၊ မြန်မာစာဌာနသို့ လက်ထောက်ကထိကရာထူးနှင့် ပြောင်းရွှေ့ အမှုထမ်းရသည်။
၁၉၇၀ ခုနှစ်၊ အောက်တိုဘာလတွင် ရန်ကုန် တက္ကသိုလ်သို့ ပြန်ပြောင်းရပြီး မဟာဝိဇ္ဇာတန်းကို ဆက်လက်တက်ရောက် ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ]ဝတ္ထုတိုလေ့လာချက်စာတမ်း}ပြုစုတင်ပြပြီး မဟာဝိဇ္ဇာတန်းကို ဂုဏ်ထူးနှင့် အောင်မြင်ခဲ့သည်။
၁၉၅၉ ခုနှစ်၊ မေလထုတ် မြဝတီမဂ္ဂဇင်းတွင် ဖော်ပြခံရသော သရက်ထောင်ဖောက်ခဲ့စဉ်က ဆောင်းပါးသည် အောင်သင်း၏ ပထမဆုံး လက်ရာဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင်ရေးပြီး ရှုမဝသို့ ဦးစွာပေးပို့ခဲ့သည်။ ရှုမဝအယ်ဒီတာအဖွဲ့က ပြည်တွင်းစစ်နှင့်ပတ်သက်သော အကြောင်းအရာ များကို မထည့်ရန် ဆုံးဖြတ်ထားသောကြောင့် ပြန်ပို့ပေးခဲ့သည်။ အတန်ကြာ မှ မြဝတီသို့ပို့ခဲ့ရာ မြဝတီက ဖော်ပြခဲ့ခြင်းဖြစ်သည်။
၁၉၆၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများထုတ်ဝေသော ပုသိမ်မဂ္ဂဇင်းတွင် ဆောင်းပါးနှစ်ပုဒ် (လူသေလူမဖြစ်မီက သျှင်ဥက္ကဋ္ဌဟူသော ဆောင်းပါးနှင့် အခြားဆောင်းပါးတစ်ပုဒ်)နှင့် အင်္ဂလိပ်ကဗျာ ဘာသာပြန် တစ်ပုဒ်ကို ရေးသားခဲ့သည်။ လူတစ်ဦး၏စာမူသုံးပုဒ်ဖော်ပြရန် မသင့်ဟု ဆုံးဖြတ်သောကြောင့် Henery Davibes ၏ The Welcome ကဗျာတွင် ]မောင်သံနိုင်}ဟူသော အမည်နှင့် ဖော်ပြခဲ့သည်။
၁၉၆၂ ခုနှစ်တွင် ]စာဆိုတော်}ဟူသော ပြားငါးဆယ်တန် မဂ္ဂဇင်း ကလေး ထွက်လာခဲ့ဖူးသည်။ ထိုမဂ္ဂဇင်း၏ စာပေညွှန်ကြားရေးမှူးအဖြစ် တာဝန်ခံခဲ့သည်။ (တာဝန်ခံအယ်ဒီတာမှာ တပ်မတော်မင်းရဲထွန်းဖြစ်သည်) ထိုစာစောင်တွင်လည်း လစဉ် သုံးလေးပုဒ် ရေးရသောကြောင့် ]မောင်သံနိုင်} ကို တစ်ခါ ထပ်ပြီး သုံးလိုက်သေးသည်။ သို့သော် နောက်ပိုင်း တွင် အောင်သင်းမှတစ်ပါး အခြား မည်သည့်နာမည်ကိုမျှ မသုံးတော့ပါ။ နာမည်ရင်းအတိုင်းသာ ရေးခဲ့သည်။
၁၉၆၃ ခုနှစ်တွင် ကံ့ကော်မြိုင်စာတမ်း များစာစု၌ စာတမ်းသုံးပုဒ်ရေးခဲ့ရာ နှစ်ပုဒ်ကို ထိုစဉ်က အထက်တန်း၊ အလယ်တန်း မြန်မာစကားပြေလက်ရွေးစင်တို့တွင် ကျောင်းသားစာအဖြစ် ပြဋ္ဌာန်းခဲ့သည်။
၁၉၆၆ ခုနှစ် ပတ်ဝန်းကျင်တွင် ]စိတ်ပင်လယ်စာတမ်းများ}အတွက် စာတမ်းငယ်နှစ်ပုဒ် ရေးပေးခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ရှုမဝ၌ ]မြန်မာဘာသာစကားနှင့် ကာရန်မဲ့ကဗျာ} ဟူသော စာပေဝေဖန်ရေး ဆောင်းပါးကို ရေးခဲ့သည်။ ထိုအချိန်မှစ၍ စာပေသဘောတရား၊ စာပေ ဝေဖန်ရေးများကို ဆက်တိုက်ရေးခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် ]စာပေရေးရာ ဆောင်းပါးများ}အမည်ရှိ စာပေဆောင်းပါးစာစုကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၁၉၈၃ ခုနှစ်၊ နိုဝင်ဘာလတွင် သဘင်မဂ္ဂဇင်း အမှတ်(၁) မှစ၍ ၂၅ လတိုင်တိုင် ]အကြိုက်ဆုံးဝတ္ထုတို}ကဏ္ဍကို လစဉ်ရေးသားခဲ့သည်။
၁၉၇၈ ခုနှစ်၊ ဧပြီလတွင် နိုင်ငံရေးလှုပ်ရှားမှု၌ ပါဝင်ပတ်သက်သည် ဟု မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ယူဆသောကြောင့် အလုပ်မှ ထုတ်ပယ် ခြင်း ခံရသည်။ ၁၉၇၉ ခုနှစ်နောက်ပိုင်းတွင် အလွတ်နည်းပြသင်တန်းများ၌ မြန်မာစာသင်ပေးခြင်း၊ စာပေရေးသားခြင်းနှင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။
ထို့နောက် အခါအားလျော်စွာ စာပေဟောခြင်း၊ ရေးသူဖတ်သူ ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခြင်း၊ စာပေဝေဖန်ရေးဆောင်းပါးများ ရေးသားခြင်း၊ လူငယ်များအတွက် စာကြည့်သင်းယဉ်ကျေးမှု ထွန်းကား ဖွံ့ဖြိုးရေးအတွက် ဆော်သြရေးသားဟောပြောခြင်း၊ ပညာရေးဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ သုတရသစာပေများ ရေးသားခြင်း၊ ယနေ့တိုင် လူငယ်များ၏ ပစ္စုပ္ပန်နှင့် အနာဂတ်ဘဝများ ကိုယ်ရည်ကိုယ် သွေးတောက်ပြောင် စိမ်းလန်းရေးအတွက် စာပေရေးသားဟောပြောခြင်း အားဖြင့် စာပေအနုပညာ၌ ဘဝကိုမြှုပ်နှံကာ အချိန်ပြည့် စာရေးဆရာအဖြစ် သက်ဝင်ရှင်သန်နေထိုင်ရင်း ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ၊ ၂၅ ရက်နေ့ တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။