မျိုးဆက်သစ်တိုးတက်ရစ်ဖို့ (၂)
အောင်သင်း
စာမျက်နှာ - ၁၅၂
တန်ဖိုး - ၁၂၀၀၀ ကျပ်
မျက်နှာဖုံးပန်းချီ - ဆရာမျိုးမင်းမြတ်
အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက်
ဆက်သွယ်ရန် - 09450623383 ၊ 09450623384
.
မြို့နယ်အလိုက် ပို့ဆောင်ခ ကွာခြားနိုင်ပါသည်။
ဆရာဦးအောင်သင်းရဲ့ "မျိုးဆက်သစ်တိုးတက်ရစ်ဖို့" အမှတ် (၁) မှာ လူငယ်တို့အတွက် အပေါင်းအသင်း ပတ်ဝန်းကျင်နဲ့ စာရိတ္တသတ္တိအကြောင်းကို အလေးပေး ဆွေးနွေးခဲ့ပြီးနောက် အခု အတွဲ (၂) မှာတော့ ဘဝအလှည့်အပြောင်းတွေမှာ ကြုံတွေ့ရမဲ့ အောင်မြင်မှု၊ ဆင်းရဲ/ချမ်းသာဒဏ်၊ လုပ်ငန်းခွင်အပေါ် စိတ်ရောကိုယ်ပါ မြှုပ်နှံမှုနဲ့ မျိုးဆက်နှစ်ခုကြား နားလည်မှုတို့ကို ဖတ်ရှုလေ့လာကြရမှာပါ။
ဒီစာအုပ်မှာ ဆရာဦးအောင်သင်းဟာ လူငယ်တွေကို ဆင်းရဲဒဏ် ခံနိုင်ရည်ရှိဖို့ သာမကဘဲ "ချမ်းသာခြင်း/အောင်မြင်ခြင်းဒဏ်" ကိုပါ ခံနိုင်တဲ့ စာရိတ္တသတ္တိ မွေးမြူကြဖို့ စေတနာရှေ့ထားပြီး အထူးသတိပေးထားပါတယ်။
"အောင်ချမ်းသာ" ဆောင်းပါးမှာ ပါဝင်တဲ့ ရေသည်ယောက်ျား ပုံဝတ္ထုနဲ့ သာဓကပြထားသလို လူတွေဟာ ဆင်းရဲစဉ်မှာ ကိုယ်ကျင့်တရား၊ သမာဓိရှိခဲ့သော်လဲ အောင်မြင်ချမ်းသာလာတဲ့အခါ လောဘမီးတောက်ပြီး စာရိတ္တတွေ ပျက်စီးသွားတတ်ကြတာပါ။ ဒါကြောင့် ဘဝမှာ အောင်မြင်ချမ်းသာအောင် ကြိုးစားရင်း တစ်ဖက်ကလဲ အောင်မြင်မှုဒဏ်ကို ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားကြဖို့ ဆရာက လမ်းညွှန်ထားပါတယ်။
ဒါ့အပြင် ဘာပဲလုပ်လုပ် ရေသာမခိုဘဲ "ဦးနှောက်မြှုပ်ပြီး လုပ်ခြင်း" ရဲ့ တန်ဖိုးကို ပုံဥပမာမျိုးစုံနဲ့ ဆွေးနွေးတင်ပြထားတာ စိတ်ဝင်စားစရာပါ။ သစ်ခုတ်သမားဘဝက တက်လာပြီး ဆီးနိတ်အမတ်ဖြစ်ချိန်မှာ တိုင်စိုက်ခဲ့တဲ့ အလုပ်ကိုတောင် စေ့စပ်ခိုင်မာစွာ လုပ်ခဲ့သူ သမ္မတ အေဘရာဟမ် လင်ကွန်းရဲ့ သတ္တိ၊ စစ်ကျောင်းသားဘဝကတည်းက ဒေသအကျအန စေ့စပ်စွာ မှတ်သားခဲ့လို့ စစ်ပွဲတွေမှာ အနိုင်ရခဲ့တဲ့ နပိုလီယန်တို့ရဲ့ အကျင့်ကောင်းတွေကို သင်ခန်းစာယူစရာ ဖော်ပြထားပါတယ်။ စာအုပ်ချုပ်သမား ကိုမြင့်၊ ပန်းပဲဆရာတို့လို မိမိအလုပ်အပေါ် ၁၀၀ ရာခိုင်နှုန်း စေတနာထားပြီး "ငါလုပ်သမျှ အကောင်းဆုံးပဲ ဖြစ်ရမယ်" ဆိုတဲ့ အနုပညာရှင် စိတ်ဓာတ်မျိုးကို မွေးမြူကြဖို့ လေးလေးနက်နက် တိုက်တွန်းထားတာပါ။
ဘဝမှာ အခက်အခဲ ငရဲတွင်းထဲ ကျရောက်သွားပါစေ ... ကြုံလာရတဲ့ အခြေအနေဆိုးကို တည်တည်ငြိမ်ငြိမ် လက်ခံပြီး မိမိကိုယ်ကို ပတ်ဝန်းကျင်မှာ အသုံးဝင်အောင် ပြန်လည်ဖန်တီးနိုင်စွမ်း (Resiliency) နဲ့ အခွင့်အရေးနဲ့ ထိုက်တန်သူဖြစ်အောင် သတိဝီရိယနဲ့ အမြဲအသင့်ပြင်ထားဖို့ကို "အလိမ္မာအိမ်ရှင်မ" နဲ့ "အတွေးသစ် အမြင်သစ်" တို့မှာ အနှစ်သာရပါပါ ရေးသားထားတာ ဖတ်ရှုရပါမယ်။
တစ်ဆက်တည်းမှာပဲ "ကလေးတို့၏ အားစမ်းမှု" နဲ့ "မျိုးဆက်ဟောင်းနဲ့ မျိုးဆက်သစ်" ဆောင်းပါးတွေမှာ လူငယ်တွေရဲ့ သဘာဝကို မိဘတို့က နားလည်အသိအမှတ်ပြုပေးဖို့နဲ့ သားသမီးတွေဘက်ကလဲ မိဘတို့ရဲ့ စေတနာကို စာနားလည်ပေးဖို့ မျိုးဆက်နှစ်ခုကြား မေတ္တာထား ပေါင်းကူးတံတား ထိုးပေးထားတာ အင်မတန်မှ စိတ်ကြည်နူးစရာကောင်းလှပါတယ်။
"စာမေးပွဲမှ ဘဝသို့" နဲ့ "ဘဝသတ္တိ" ဆောင်းပါးတွဲတွေမှာတော့ ငယ်စဉ်အခါ စာမေးပွဲ အမှတ်ကောင်းရုံမျှဖြင့် ဘဝတစ်ခုလုံး အာမခံချက်မရှိနိုင်ကြောင်း၊ စာမေးပွဲ အောင်မြင်မှုမှသည် စာရိတ္တနဲ့ အသိဉာဏ် ပြည့်ဝတဲ့ "လူတော် လူကောင်း" တစ်ယောက်ဖြစ်အောင် ကျင့်ကြံပြီး ဘဝကို ရင်ဆိုင်နိုင်တဲ့ true life courage (ဘဝသတ္တိ) ရရှိအောင် လေ့ကျင့်ယူရမဲ့အကြောင်း ပညာပေးထားပါတယ်။
ဒါ့အပြင် မြသန်းတင့် ဆောင်းပါးတွေမှာ ဆရာမြရဲ့ အနုပညာခရီးလမ်း၊ စာပေအပေါ် ထားရှိတဲ့ ယုံကြည်ချက်၊ ကမ္ဘာ့စာပေလက်ရာမွန်များကို မြန်မာစာဖတ်သူတို့ လက်ထဲသို့ ရောက်ရှိအောင် ကြိုးပမ်းပေးခဲ့မှုနဲ့ ထင်ရှားတဲ့ ဘာသာပြန်အနုပညာဆိုင်ရာ အယူအဆများကို ပြည့်စုံစွာ ပေါင်းစပ်ဖော်ပြထားတာ အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဒီဆောင်းပါးတွေမှာ ဆရာဦးအောင်သင်းရဲ့ တွဲဖော်ဟောဖက်ဖြစ်သူ ဆရာမြသန်းတင့်ရဲ့ စာပေသက်တမ်းတစ်လျှောက် အနှစ်သာရနဲ့ ဝိညာဉ်ကို စာဖတ်သူတို့ ထိတွေ့ခံစားနိုင်မှာ ဖြစ်ပါတယ်။
ဒီစာအုပ်လေးဟာ ဘဝစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖောက်ထွက်ချင်ကြတဲ့ လူငယ်တို့အတွက် အသိဉာဏ်နဲ့ စာရိတ္တဆိုင်ရာ အလင်းပြမီးရှူးတန်ဆောင် ဖြစ်သလို သားသမီးတွေကို မှန်ကန်တဲ့ ဘဝလမ်းကြောင်းပေါ် တင်ပေးချင်တဲ့ မိဘများနှင့် ဆရာ/မများအတွက်လည်း မရှိမဖြစ် ဖတ်ရှုသင့်တဲ့ အဖိုးတန် လက်စွဲစာအုပ်ကောင်း တစ်အုပ်ပါ။
အခု မဟာစာပေကနေ ထုတ်ဝေလိုက်တာဟာ ဆရာဦးအောင်သင်းရဲ့ နာမည်ကျော် မျိုးဆက်သစ်တိုးတက်ရစ်ဖို့ စီးရီးမှ အမှတ် (၂) ဖြစ်ပြီး ဆောင်းပါးပေါင်း အပုဒ် (၄၀) ပါဝင်ပါတယ်။ ဆရာဦးအောင်သင်းရဲ့ စာဖတ်ပရိသတ်များအတွက် မျိုးဆက်သစ်တိုးတက်ရစ်ဖို့ အမှတ် (၁) ကို မဟာစာပေက ထုတ်ဝေပြီး ဖြစ်သလို အမှတ် (၃) နဲ့ (၄) တို့ကိုလည်း မကြာမီ ဆက်လက်ထုတ်ဝေသွားဦးမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
Newမျိုးဆက်သစ်တိုးတက်ရစ်ဖို့ ၄
အောင်သင်း
Ks 13,000




