သင်္ဘောသားတွေနဲ့ နိုင်ငံခြားရောက် မြန်မာတွေကြားမှာ ရွှေ လို့ ပြောလိုက်ရင် မြန်မာ ဆိုတာကို သဘောပေါက်ကြပီးသားပါ။
ကိုယ့်မြန်မာအကြောင်း သူတို့ရှေ့မှာ မသိအောင် ပြောဆိုဖို့ စကားဝှက် အဖြစ်ကိုတော့ ရွှေ လို့ အမည်သညာ တွင်စေခဲ့တယ်။ သင်္ဘောသားလောကမှာ သင်္ဘောတစ်စီးလုံးကို မြန်မာတွေချည်း တာဝန်ယူတဲ့ အခါမျိုးဆိုရင် တစ်ခိုင်လုံးရွှေ လို့ ခေါ်တွင်တဲ့အထိ ဖြစ်လာတယ်။
ဆရာငဒိန်း ရေးတဲ့ တစ်ခိုင်လုံးရွှေ ဝတ္ထုဟာ ကပ္ပတိန်ကအစ ကုန်းပတ်အဆုံး မြန်မာတွေချည်း ပါဝင်တဲ့ နိုင်ငံခြားသင်္ဘောလိုင်းတစ်ခုကို တက်သွားတဲ့ ‘ဝလုံး’ အမည်ရ လူငယ်တစ်ယောက်ရဲ့ နေ့ရက်များပဲ ဖြစ်ပါတယ်။
ဝလုံးအဖို့ ဒီ တစ်ခိုင်လုံးရွှေ သင်္ဘောပေါ်ကို လိုက်ရတာဟာ သူ့အတွက် ဒုတိယအကြိမ် သင်္ဘောလိုက်ခြင်းပါ။ ဝလုံး ပထမအကြိမ် သင်္ဘောလိုက်ခဲ့တာက ဂရိလိုင်း။ ဝလုံးရဲ့ ပထမအကြိမ် သင်္ဘောတက်ခြင်းဟာ အဆင်မပြေမှုတွေ များစွာကြုံခဲ့ပြီး စာချုပ်မပြည့်တဲ့ ရှစ်လတည်းနဲ့ မြန်မာပြည်ကို ပြန်ရောက်ခဲ့တယ်။
ဝလုံးရဲ့ ဒုတိယအကြိမ် သင်္ဘောလိုက်ခြင်းကတော့ တစ်ခိုင်လုံးရွှေပေါ့။ ဒီအပေါ်မှာ သူက ဘယ်လို တွေးမိလဲဆို “ကိုယ့်လူမျိုးချည်းပဲဆိုတော့ မသိတာ၊ နားမလည်တာ သင်ခိုင်း၊ ပြခိုင်းလို့ ရတယ်လေ။ အလုပ်ထဲမှာလည်း အင်္ဂလိပ်လို ပြောစရာ မလိုတော့ဘူး။ စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ စာချုပ်ပြည့်အောင် အလုပ်လုပ်မယ်” ဆိုပြီးပေါ့။ ဝလုံးအဖို့ ဒီတစ်ခေါက်မှ အဆင်မပြေရင် ရွာက နွားညိုကြီးတစ်ရှဉ်းကလည်း စောင့်နေပြီ။
ဒီတော့ သင်္ဘောသား ကိုဝလုံးတစ်ယောက် တစ်ခိုင်လုံးရွှေ သင်္ဘောပေါ်မှာ ဘာတွေကြုံတွေ့ရမလဲ။ သူမျှော်လင့်သလိုရော အရာရာ အဆင်ချောပါ့မလား?
ဆရာငဒိန်းရဲ့ ရေးဟန်အတိုင်း အရေးသွက်သွက်နဲ့ ရေးဖွဲ့ထားတဲ့ ဒီဝတ္ထုဟာ စာဖတ်သူကို အစကနေ အဆုံးထိ တစ်ခိုင်လုံးရွှေ သင်္ဘောပေါ်ကနေ မဆင်းခိုင်းဘဲ တောက်လျှောက် အပါခေါ်သွားမှာ ဖြစ်ပါတယ်။





