ဆရာချစ်ခိုင်စံလို့ဆိုတာနဲ့ ရွက်ခြောက်၊ ဗီလိန်နဲ့ နေခြည်ဖြာ၍လင်းစေသားဆိုတဲ့ လုံးချင်းဝတ္ထုတွေကို ပြေးမြင်မိမှာပါ။
ဆရာချစ်ခိုင်စံဟာ ဘဝသရုပ်ဖော်နဲ့ပတ်သက်ရင် ရသအဖွဲ့ကိုပြောင်မြောက်အောင် ရေးဖွဲ့နိုင်စွမ်းရှိတာကို ဖတ်ဖူးသူတိုင်း သိကြပါလိမ့်မယ်။ ဆရာ့ရဲ့ " နေခြည်ဖြာ၍ လင်းစေသား " ဆိုတဲ့ စာအုပ်ကလေးဟာဆိုရင်လည်း မကြာခင်မှာ ရုပ်သံဇာတ်လမ်းတွဲအဖြစ် တွေ့မြင်ကြရတော့မှာပါ။
အခုလည်း ဆရာချစ်ခိုင်စံက " ဝေ " ဆိုတဲ့ လုံးချင်းဝတ္ထုရှည်တအုပ်ကို စာဖတ်သူတွေအတွက် ထပ်မံချခင်းပြလိုက်ပြန်ပါပြီ။
ဒီတစ်အုပ်မှာတော့ စာရေးသူရဲ့ အရင်လက်ရာတွေနဲ့ မတူဘဲ ကွဲပြားခြားနားတဲ့ ဇာတ်အိမ်အခင်းအကျင်းနဲ့ တင်ဆက်လာခဲ့ပြန်တယ်။ ဝေ ဆိုတဲ့မိန်းကလေးရဲ့ ဘဝဖြစ်စဉ်ကိုအခြေခံပြီး သူမရဲ့စိတ်နှလုံးသားကို စာမျက်နှာတွေပေါ် စာစီထားတာဟာ တကယ့်ကို ပြောင်မြောက်တဲ့ ရသကို ခံစားရစေပါမယ်။ ဝေဟာ မိန်းမငယ်လေးတစ်ယောက်ပါ။ ငယ်စဉ်မှာပင် ဖခင်ကွယ်လွန်ပြီး မိခင်က နောက်အိမ်ထောင်ပြုခဲ့တာကြောင့် မလိုချင်ပဲ ရခဲ့တဲ့ ပထွေးနဲ့ အတူနေပြီး ခါးသက်သက် ဘဝနေ့ရက်တွေကို ခပ်ငယ်ငယ်မှာပဲ ကြုံခဲ့ရတယ်။ ဒါပေမဲ့ ဝေ့ကိုမြင်နေရတာဟာ အပင်လေးတပင်နဲ့ တူပါတယ်။ စာဖတ်သူဟာ အပင်လေးတပင် စတင်စိုက်ပျိုးရာကနေ အဆင့်ဆင့်ရှင်သန်ကြီးထွားလာတာကို စောင့်ကြည့်ရသလိုမျိုး ဝေ့ဘဝကို ရင်ခုန်စွာ စောင့်ကြည့်ရပါလိမ့်မယ်။
ဝေဟာ အပင်လေးတပင်ဆိုရင် ဝေ့ရဲ့ ဘဝကတော့ အကွေ့အဝိုက်များတဲ့ လမ်းကလေးလိုပါပဲ။ ဖြောင့်ဖြောင့်တန်းတန်း မရှိရှာဘူး။ စာရေးသူက စာဖတ်သူတွေကို ဝေ့ဘဝရဲ့ အချိုးအကွေ့တွေမှာ ဝေနဲ့ထပ်တူ လိုက်ပါစီးမျောသွားအောင် ထပ်ကြပ်မခွာ ခေါ်ဆောင်သွားနိုင်ပြန်တယ်။ ဝေ့ကို ဖတ်မိရင် ဝေနဲ့ထပ်တူ နာကျင်ရ၊ ဝေနဲ့ထပ်တူ ပြုံးရ၊ ပြီးတော့ ဝေနဲ့ထပ်တူ လောင်ကျွမ်းရ။ ဝေဟာ စာဖတ်သူတို့ရဲ့ နှလုံးသားကို ထိထိရှရှလေးဖြစ်အောင် ပြုလုပ်နိုင်ပါလိမ့်မယ်။
ဆရာချစ်ခိုင်စံဟာ အဓိကဇာတ်ဆောင် ဝေရဲ့ စိတ်ခံစားချက်ကို ထိထိမိမိလေးမြင်ရဖို့အတွက် ဝေ့ အနီးနားက ဇာတ်ကောင်တွေရဲ့ စရိုက်လက္ခဏာကိုလည်း သေချာရေးဖွဲ့တတ်သူပါ။ ဝေနဲ့အတူ သူမရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို အတွေးထဲမှာ ပေါ်လွင်လာအောင် အံဝင်ခွင်ကျ နေရာချပြထားပုံဟာ အတော်လေးပီပြင်ပါတယ်။ ဝေဟာ တစ်ခါတလေမှာ နူးညံ့တဲ့ပန်းကလေးတစ်ပွင့်ဖြစ်ပြီး တစ်ခါတလေမှာလည်း အင်မတန်မာကျောတဲ့ ကျောက်ခဲလေးပါပဲ။
ဒီစာအုပ်လေးထဲမှာ မိန်းမတစ်ယောက်ရဲ့ ကြုံဆုံရတဲ့ လောကဓံတွေ၊ လူတွေရဲ့ ပြောင်းလဲတတ်တဲ့ စိတ်သဘောထားတွေအပြင် ရှုပ်ထွေးပြီး မတည်ငြိမ်တဲ့ ချစ်ခြင်းတရားကိုပါ မြင်တွေ့ရဦးမှာပါ။ ဝေဟာ အနိမ့်အမြင့် အတက်အကျပေါင်းများစွာနဲ့ စာဖတ်သူကို ဆွဲခေါ်နိုင်တဲ့ စာအုပ်တစ်အုပ်လို့ပဲ ပြောပါရစေ။ ဝေ့ကို ဒီထက်ပိုပြီး နားလည်ချင်တယ်ဆိုရင်တော့ ဒီစာအုပ်လေးကိုဖတ်ပြီး သူမ ခေါ်ဆောင်ရာနောက် တကောက်ကောက်လိုက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။





