စာရေးဆရာမသဲဆုမွန်ဟာ အတိတ်ရဲ့အခြားတစ်ဖက်နဲ့ စာဖတ်သူတို့ကို ရင်မောအောင် လုပ်နိုင်ခဲ့သလို ဟားရီနဲ့ ရယ်မောအောင် လုပ်နိုင်သူလဲ ဖြစ်ပါတယ်။ ဖန်တီးတဲ့ အနုပညာလက်ရာတိုင်းမှာ ထိမိအောင် ရေးသားနိုင်တာကြောင့် ထွက်ရှိတဲ့ စာအုပ်တိုင်းကို စာဖတ်သူတို့ နှစ်သက်စွာ ဖတ်ရှုနေကြတာပါ။
ဒီစာအုပ်မှာတော့ ဆရာမဟာ စာဖတ်သူတို့ကို ရန်ကုန်-ပြည် ကားလမ်းမကြီးနံဘေး မှော်ဘီအပိုင်ထဲက ကိုးလုံးကွင်း ဆိုတဲ့ နေရာလေးကို ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်တွေ၊ ဂိမ်းတွေကြားမှာ အချိန်ကုန်နေကြတဲ့ ဒီခေတ်ကလေးတွေ မဆော့ဖူးသေးတဲ့ ကစားနည်းတွေ၊ မကြုံဖူးလိုက်တဲ့ စာအုပ်အငှားဆိုင်ဟောင်းလေးတွေနဲ့ ရိုးစင်းတဲ့ ကလေးဘဝကမ္ဘာလေး ရှိရာ ဟိုးလွန်ခဲ့တဲ့ ကိုးဆယ်ကျော်ခုနှစ်များဆီကို အလည်ခေါ်သွားမဲ့ စာအုပ်လေးတစ်အုပ်ဆိုလဲ မမှားပါဘူး။
ခေတ်တစ်ခေတ်ကို အတူတကွ ဖြတ်သန်းလာခဲ့ဖူးသူတွေအတွက်တော့ ဒီဝတ္ထုလေးဟာ အတိတ်ကာလရဲ့ အရိပ်တွေ၊ ခြေရာနဲ့ အမှတ်တရတွေကို ပြန်ရစ်ကြည့်ရမဲ့ တိတ်ခွေတစ်ခွေလိုပါပဲ။ ကိုးလုံးကွင်းရွာလေးက အ.မ.က ကျောင်းကလေးနဲ့အတူ ဖြူစင်ရိုးသားတဲ့ ငယ်ဘဝအမှတ်တရတွေ၊ ဆင်ချေးတုံးဆပ်ပြာ၊ ထမင်းရည်သောက်ခွက်၊ ခဲတံတိုလေးတွေနဲ့ ကစားခဲ့ကြတဲ့ လွမ်းမောစရာ နေ့ရက်တွေကို ပြန်လည်ရှင်သန်လာစေပါမယ်။
ရက်၊ လတွေထက် နှစ်ကာလတွေကြာတဲ့အခါ ပြောင်းလဲသွားတဲ့ လူနေမှုဘဝပုံစံတွေကြားမှာ တိမ်ကောပျောက်ကွယ်သွားတတ်တဲ့ သံယောဇဉ်၊ မေတ္တာတရားနဲ့ ရွာအငွေ့အသက် နွေးနွေးလေးတွေကို ကိုးလုံးကွင်းမှာ ခံစားရစေမှာပါ။
ပေါ့ပေါ့ပါးပါး ဖတ်ရှုနိုင်သလို ခေတ်တစ်ခေတ်ရဲ့ အသက်ဝင်တဲ့ မှတ်တမ်းတစ်ပုဒ်အဖြစ်လဲ ဖတ်ရှုနိုင်မဲ့ 'ကိုးလုံးကွင်း' ဝတ္ထုစာအုပ်လေးဟာ ငယ်ဘဝကို ပြန်လည်အမှတ်ရချင်သူတိုင်းအတွက် အမှတ်တရတွေ ပြန်ဖွင့်ပေးနိုင်တဲ့ သော့တစ်ချောင်း ဖြစ်ပါလိမ့်မယ်။

ဟားရီ
သဲဆုမွန်
Ks 6,000




