မိန်းမတစ်ယောက်ဟာ တချိန်ချိန်မှာတော့ အိမ်ထောင်ရေး ဆိုတဲ့ အရာကြီးနဲ့ ထိပ်တိုက်တွေ့ဆုံရမှာပါပဲ။ သာယာချိုမြိန်တဲ့ အိမ်ထောင်တခုဟာ လုံခြုံနွေးထွေးတဲ့ အရပ်ဒေသနဲ့ တူပါတယ်။ လူ အရွေးမှားခဲ့ရင်တော့ အဲဒီအိမ်ထောင်ရေးဟာ နွံအိုင်တအိုင် ဖြစ်ခဲ့ပြီပေါ့။ ခြေတလှမ်း မှားလိုက်တဲ့အချိန်ကစပြီး တဘဝလုံး နစ်တော့တာပါ။
ဆရာမ သဲဆုမွန်ရဲ့ အတိတ်ရဲ့ အခြားတစ်ဖက်မှာဆိုတဲ့ ဝတ္ထုဇာတ်လမ်းဟာ သမီးတစ်ယောက်ရဲ့စိတ်ကို နားလည်လိုတဲ့ မိခင်များ၊ မိခင်ရဲ့ဖြတ်သန်းမှုကို ကိုယ်ချင်းစာ ခံစားပေးလိုတဲ့သမီးများ ဖတ်ကြည့်သင့်တဲ့ စာအုပ်ကောင်းလေးလို့ ဆိုလိုက်ပါရစေ။
“သမီး ယောကျ်ားအရမ်းလိုချင်လို့ မဟုတ်ဘူး။ အမေ့ဆီက မရဖူးတာတွေ ကိုအောင်က ပေးလို့ …”
ဒါဟာ မေလွင်ဆိုတဲ့ မိန်းကလေးက သူ့အမေကိုပြောတဲ့ စကားလုံးပါ။ သမီးမိန်းကလေး မွေးထားတဲ့မိဘတွေ၊ အုပ်ထိန်းသူတွေဟာ ကိုယ့်ဆီကပေးရမယ့် မေတ္တာတွေကို အပြည့်အဝ ပေးထားရမှာဖြစ်ပြီး လုပ်သင့်လုပ်ပေးထိုက်တဲ့ တာဝန်တွေကိုလည်း အထိုက်အလျောက်လေးတော့ လုပ်ပေးရမှာပါ။ ဘာကြောင့်လဲဆိုရင် အရွယ်ရောက်လာတဲ့ မိန်းကလေးအများစုဟာ ကိုယ့်အိမ်က မပေးနိုင်တဲ့အရာတွေကို သူစိမ်းယောက်ျားတယောက်ဆီက ရလိုက်တဲ့အခါ အိမ်ထောင်ရေးဆိုတဲ့နွံကြီးထဲ ခုန်ဆင်းဖို့ အဆင်သင့် ဖြစ်သွားတတ်ကြတာကို ဒီစာအုပ်မှာ အတိုင်းသား မြင်တွေ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။
အိမ်တအိမ်မှာ အိမ်သားတွေ မြဲချင်တဲ့အခါ အကြောက်တရားတွေ၊ စကားလုံးတွေနဲ့ ထိန်းချုပ်ပိတ်လှောင်ရမှာ မဟုတ်ပါဘူး။ အခိုင်ဆုံးကြိုးဟာ မေတ္တာပါပဲ။ မေတ္တာတရားနဲ့ နွေးထွေးလုံခြုံစေတဲ့ အိမ်တံခါးပေါက်ကနေ ဘယ်ခြေထောက်ကမှ ဝေးဝေး ထွက်မသွားနိုင်ပါဘူး။
ထိန်းချုပ်မှုပုံစံမှားယွင်းမှသာ မိန်းကလေးတစ်ယောက်ဟာ လမ်းအမှားကို ဇွတ်တိုးဝင်မိတာပါ။ တစ်လှမ်း၊ နှစ်လှမ်း၊ ပြီးတော့ တဘဝလုံး။ ဒီစာအုပ်ထဲက ဇာတ်ကောင်မေလွင်ကရော ဘယ်လိုဘဝမျိုးကို ရွေးခဲ့မိတာလဲ။
ရုန်းထွက်မှာလား၊ ရှေ့ဆက်မှာလား ဆိုတာကိုတော့ ဆရာမ သဲဆုမွန်ရဲ့ အတိတ်ရဲ့အခြားတစ်ဖက်ကို ဖတ်ကြည့်ရင်း ထပ်တူခံစားပေးစေချင်ပါတယ်။





