လူတစ်ဦးချင်းစီရဲ့ ဘဝတွေဟာ သမိုင်းရဲ့ လှိုင်းတံပိုးအောက်မှာ ဘယ်လိုမျိုး ရိုက်ခတ်နစ်မြုပ်ခဲ့ရသလဲ ...
ဆရာကျော်အောင် ဘာသာပြန်တဲ့ ငန်းရိုင်းများဟာ တရုတ်ပြည်ရဲ့ ၂၀ ရာစု သမိုင်းအလှည့်အပြောင်းကို မိသားစုမျိုးဆက် သုံးဆက်ရဲ့ ရင်နင့်ဖွယ်ရာ ဖြစ်ရပ်မှန်တွေကနေ ပုံဖော်ထားတဲ့ စာအုပ်တစ်အုပ်ပါ။ ဆွေစဉ်မျိုးဆက် ဖြတ်သန်းခဲ့ရတဲ့ ခေတ်တစ်ခေတ်ရဲ့ အမှောင်ထုနဲ့ လူသားတို့ရဲ့ ရှင်သန်လိုစိတ်ကို အကောင်းဆုံး ထင်ဟပ်စေတဲ့ စာအုပ်တအုပ်ဆိုရင်လည်း မမှားပါဘူး။
ယခု မဟာစာပေကနေ ဒုတိယအကြိမ်အဖြစ် ထုတ်ဝေလိုက်တဲ့ 'ငန်းရိုင်းများ' ဟာ ပိုမိုပြည့်စုံတဲ့ မူအဖြစ် ရောက်ရှိလာပါပြီ။ ဆရာကျော်အောင်ရဲ့ သမီးဖြစ်သူ ဒေါက်တာစီစီအောင်ရဲ့ ခွင့်ပြုချက်နဲ့အတူ ပထမအကြိမ်ထုတ်ဝေစဉ်က စာရေးသူကိုယ်တိုင် ပြန်လည်မစစ်ဆေးနိုင်ခဲ့တဲ့ အချက်အလက်တွေကို ဘာသာပြန်စာရေးဆရာ ကိုနေ (YIE) က မူရင်းအင်္ဂလိပ်စာအုပ်နဲ့ တိုက်ဆိုင်တည်းဖြတ်ပြီး အသေအချာ ဖြည့်စွက်ပေးထားပါတယ်။ ဒါ့အပြင် ယခင်အကြိမ်မူမှာ မပါဝင်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်မှန် ဓာတ်ပုံတွေကိုပါ ရှာဖွေထည့်သွင်းပေးထားလို့ စာဖတ်ပရိတ်တို့အနေနဲ့ သမိုင်းရဲ့ ပုံရိပ်တွေကို မျက်ဝါးထင်ထင် မြင်တွေ့ခံစားရမှာပါ။
စာရေးဆရာမ Jung Chung ရဲ့ Wild Swans စာအုပ်ရဲ့နာမည်ခွဲ Three Daughters of China ဆိုတဲ့အတိုင်း ဒီဇာတ်လမ်းမှာ အမျိုးသမီး သုံးဦးရဲ့ မတူညီတဲ့ ခေတ်သုံးခေတ်ကို ရင်တထိတ်ထိတ်နဲ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ စစ်ဘုရင်တဦးရဲ့ မယားငယ်အဖြစ် သိမ်းပိုက်ခံခဲ့ရပြီး 'ခြေစည်း' တဲ့ ဓလေ့ဆိုးအောက်မှာ ဘဝကို အံတုခဲ့ရသူ အဘွား၊ ကွန်မြူနစ်ဝါဒရဲ့ စိတ်ဓာတ်တက်ကြွတဲ့ ပါတီဝင်တဦး ဖြစ်ခဲ့ပေမဲ့ နိုင်ငံရေးမုန်တိုင်းကြားမှာ နာကျင်စွာ မြေစာပင်ဖြစ်ခဲ့ရတဲ့ အမေ နဲ့ ယဉ်ကျေးမှုတော်လှန်ရေးရဲ့ ကြမ်းတမ်းတဲ့ ဒဏ်ချက်တွေကို ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ စာရေးသူ Jung Chang တို့ရဲ့ ဘဝခရီးလမ်းတို့ဟာ ကမ္ဘာ့ဘယ်နေရာက စာဖတ်သူတို့ကိုမဆို အံ့သြတုန်လှုပ်စေခဲ့တဲ့အထိ Wild Swans ရဲ့ အောင်မြင်မှုဟာ ကြီးမားခဲ့ပါတယ်။
ဒီစာအုပ်ဟာ သာမန်အတ္ထုပ္ပတ္တိတစ်ခုထက် ပိုပါတယ်။ မော်စီတုန်းခေတ် တရုတ်ပြည်ရဲ့ မှောင်မိုက်တဲ့ နိုင်ငံရေးနောက်ကွယ်က အမှန်တရားတွေ၊ လူသားတွေရဲ့ ရုန်းကန်ရှင်သန်မှုတွေကို ပွင့်ပွင့်လင်းလင်း ဖော်ပြထားတာကြောင့် တရုတ်နိုင်ငံမှာ ပိတ်ပင်ခံထားရဆဲပါ။ သမိုင်းရဲ့ ဒဏ်ရာဒဏ်ချက်တွေကြားကနေ မိသားစုမေတ္တာနဲ့ အသက်ရှင်လိုစိတ်ကို ဘယ်လိုမျိုး အားမာန်ပါပါ တည်ဆောက်ခဲ့ရသလဲဆိုတာကို ဒီစာအုပ်က သက်သေပြနေပါတယ်။
ခေတ်တစ်ခေတ်ရဲ့ ရိုက်ခတ်မှုအောက်မှာ မိသားစုဘဝတွေ ဘယ်လိုပြိုလဲပျက်စီးခဲ့ရပြီး ပြန်လည်ရုန်းထခဲ့သလဲဆိုတာကို စိတ်ဝင်စားဖွယ် ဖြစ်ရပ်တွေနဲ့အတူ ဖတ်ရှုရမှာဖြစ်လို့ ဆရာကျော်အောင် ရဲ့ ငန်းရိုင်းများဟာ ဘာသာပြန်စာချစ်သူတို့ စာအုပ်စင်မှာ ဂုဏ်ယူစွာနဲ့ ခန့်ခန့်ထည်ထည် ထားရှိရမဲ့ စာအုပ်ကောင်းတစ်အုပ်လို့ ဆိုလိုက်ပါရစေ။





