Jeffrey Archer - William Warwick
သတိမမူ ဂူမမြင် ဟာ Clifton Chronicles စီးရီးရေးသားသူ Jeffrey Archer ရဲ့ William Warwick ပါ၀င်တဲ့ ဆွဲဆောင်မှုအရှိဆုံး ဝတ္ထုတစ်ပုဒ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
လှည့်ကွက်တွေနဲ့ ဝတ္ထုတစ်ပုဒ်ကို အကောင်းဆုံး ပုံဖော်ရေးသားတတ်သူလို့ နာမည်ကျော်တဲ့ စာရေးဆရာ Jeffrey Archer ဟာ ဇာတ်ကွက် အခင်းအကျင်း အလှည့်အပြောင်း အမိုက်စားနဲ့ Hidden in Plain Sight ကို ပုံဖော် ရေးဖွဲ့ထားတယ်။ ယခုစာအုပ်ကို ထင်ဇော်မှုးသင်က ဘာသာပြန်တယ်။ William Warwick ပါ၀င်တဲ့ ပထမဆုံးဝတ္ထု Nothing Ventured ရဲ့ နောက်ဆက်တွဲ စာအုပ်လည်း ဖြစ်တယ်။ (Nothing Ventured ကို "ဘတစ်ပြန် ကျားတစ်ပြန်’ အမည်ဖြင့် ဆရာထင်ဇော်မှုးသင်ကပင် ဘာသာပြန်ခဲ့ပြီး မဟာစာပေက ထုတ်ဝေခဲ့ပြီး ဖြစ်သည်)
ဝီလျံကို စုံထောက်တပ်ကြပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခြင်းခံရပေမဲ့ သူနဲ့အတူ အဖွဲ့သားတွေဟာ မူးယစ်အဖွဲ့ကိုပဲ ပြန်လည်တာဝန်ပေးအပ်ခြင်း ခံရတယ်။ ဒီလိုနဲ့ သူတို့ဟာ The Viper ဆိုသူကို ဖမ်းဖို့ ဖြစ်လာတယ်။ The Viper ဆိုသူဟာ လန်ဒန်တောင်ပိုင်းမှာ မူးယစ်ဆေးရောင်းဝယ်ရေးကို ကွန်ရက်ဖွဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတယ်လို့ နာမည်ဆိုးဖြင့်ကျော်ကြားနေသူ။
ဒီလိုနဲ့ ဝီလျံဟာ ရန်သူဟောင်းတွေအပြင် အသစ်တွေဆီပါ ချဉ်းကပ်ခဲ့ရတယ်။ အက်ဒရီယန် ဟိသ် ဆိုတဲ့ သူ့ရဲ့ ကျောင်းနေဘက်ကို ရဲသတင်းပေးအဖြစ် ဆောင်ရွက်ပေးဖို့ စတင် စည်းရုံးခဲ့တယ်။ ဟိသ်က ဆေးမှုနဲ့ ဖမ်းဆီးခံထားဖူးသူ။
သတိမမူ ဂူမမြင် မှာ ဟိသ် တစ်ယောက် ဝီလျံ အတွက် သစ္စာစောင့်သိမှာလား? သူဌေးကြီး မိုင်းဖောက်နာ အတွက် အလုပ်လုပ်ပေးသူ ဖြစ်နေမလား? ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာ ဝီလျံနဲ့ စေ့စပ်ထားသူ ဘက်တို့ရဲ့ မင်္ဂလာပွဲကရော အဆင်ပြေပြေ ပြီးဆုံးသွားနိုင်ပါ့မလား? ဘယ်လိုအရာမျိုးက သူတို့မင်္ဂလာပွဲမှာ စောင့်ကြိုနေမလဲဆိုတာကိုလဲ စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပါ။
သတိမမူ ဂူမမြင် စာအုပ်ဟာ Jeffrey Archer ရဲ့ နာမည်ကျော် လှည့်ကွက်များနောက်ကို စွန့်စားခန်းတွေနဲ့အတူ လိုက်ပါစီးမျော သွားနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်တာကြောင့် စိတ်လှုပ်ရှားဖွယ် စုံထောက်ဇာတ်လမ်းကောင်း နှစ်သက်သူတို့ မဖြစ်မနေ ဖတ်ရှုသင့်တဲ့ ဝတ္ထုတပုဒ် ဖြစ်ပါတယ်။





