အစ-အဆုံး ၄ အုပ်လုံး ပြည့်မှ မှာမယ် ဆိုသူများအတွက် ... မျိုးဆက်သစ်တိုးတက်ရစ်ဖို့ ၄ အုပ်လုံး မဟာစာပေကနေ မှာယူနိုင်ပါပြီနော်။
ဆရာဦးအောင်သင်းရဲ့ နာမည်ကျော် "မျိုးဆက်သစ်တိုးတက်ရစ်ဖို့" စီးရီးထဲက အတွဲ (၃) မှာ လူငယ်တို့ ကိုယ်ပိုင်လမ်းကြောင်း ရှာဖွေရေး၊ မိမိကိုယ်မိမိ QC စစ်ဆေးထိန်းကျောင်းမှု၊ လက်တွေ့ကျကျ အခွင့်အလမ်း ဖန်တီးယူမှု၊ စိတ်ဓာတ်နှင့် အသိဉာဏ်ဆိုင်ရာ ပြင်ဆင်မှုတို့ကို လမ်းညွှန်ခဲ့ပြီးနောက် အခု အတွဲ (၄) မှာတော့ အသိဉာဏ် ရင့်ကျက်ရေး၊ တွေးခေါ်မြှော်မြင်မှု၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းနဲ့ ဘဝသစ္စာတရားတို့ကို ဆွေးနွေးရေးသားထားပါတယ်။
ဒီစာအုပ်မှာ ဆရာဦးအောင်သင်းဟာ "တစ်ယောက်မှတစ်ရာ"၊ "ကြိုးပမ်းအောင်မြင်မှု" နဲ့ "မြင်တတ်ခြင်း/ ပြင်တတ်ခြင်း" ဆောင်းပါးတွေကတစ်ဆင့် အပေါ်ယံ အောင်မြင်မှုကို အားကျရုံမျှမကဘဲ မိမိကိုယ်တိုင် ကြိုးပမ်းအားထုတ်မှု၊ ကိုယ့်အမှားကို ရဲဝံ့စွာ ပြင်ဆင်ရဲတဲ့ သတ္တိနဲ့ လေ့လာမှတ်သားမှု အလေ့အထများ မွေးမြူကြဖို့ မှာကြားထားပါတယ်။
"ကိုယ်မသိတာကို သိဖို့" နဲ့ "ကိုယ့်ကိုယ်ကိုယ် သနားခြင်း" ဆောင်းပါးတွေမှာ မသိတာကို သိချင်ယောင် မဆောင်ဖို့၊ မသိတာကို တကယ်သိအောင်လုပ်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် သနားကာ ညည်းတွားနေတဲ့ စိတ်ဓာတ်ဆိုးတွေကို စွန့်လွှတ်ကြဖို့ စေတနာရှေ့ထားပြီး လူငယ်တို့ကို လေးလေးနက်နက် တိုက်တွန်းထားပါတယ်။
ဒါ့အပြင် "ကလေးကို ဖတ်ပြဖို့စာအုပ်"၊ "ဖတ်ပြီး ဝင်စားကြည့်စမ်းပါ" နဲ့ "ပညာ" ဆောင်းပါးတွဲတွေမှာ ကျောင်းသင်ပညာရပ်ကို သင်ကြားရုံသာ မကဘဲ စာပေကို မြတ်နိုးစွာ ဖတ်ရှုလေ့လာခြင်း၊ စာဖတ်ရာတွင် စာထဲသို့ စိတ်ရောကိုယ်ပါ ဝင်စားပြီး အတွေးအခေါ် သစ်ဆန်းအောင် လုပ်ဆောင်ခြင်းတို့ရဲ့ အရေးပါပုံကို ဆွေးနွေးထားပါတယ်။
"အရှေ့နှင့် အနောက်" ၊ "ခေတ်ဆန်းခြင်း/ ခေတ်မီခြင်း" တို့မှာလဲ ခေတ်စွဲ၊ အဝတ်အစားနဲ့ အသွင်အပြင် ရုပ်ဝတ္ထု တိုးတက်ရုံမျှဖြင့် ခေတ်မီတယ်လို့ မခေါ်နိုင်ဘဲ အသိဉာဏ်၊ အယူအဆနဲ့ စာရိတ္တပိုင်းဆိုင်ရာ အဆင့်အတန်း မြင့်မားမှသာ တကယ့်ခေတ်မီဆန်းသစ်သူ ဖြစ်ကြောင်း မီးမောင်းထိုးပြထားပါတယ်။
"ဝန်ထုပ်မြင်းမိုရ်"၊ "အလှအန္တရာယ်"၊ "အတို့အထောင်" ၊ "သူတို့နဲ့ငါတို့" ဆောင်းပါးတွေမှာ ဘဝတစ်လျှောက် ကြုံတွေ့ရတတ်တဲ့ ဒုက္ခသစ္စာ၊ မိသားစုနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများ၊ လူမှုရေး အန္တရာယ်များနဲ့ ပတ်ဝန်းကျင်ရဲ့ တိုးတိုးတိတ်တိတ် ကောလဟာလ အဖျက်အမှောင့်တွေကို သတိပဋ္ဌာန်စိတ်၊ ဝိဇ္ဇာဉာဏ်တို့နဲ့ ကျော်လွှားနိုင်ပုံတို့ကို သာဓကမျိုးစုံတင်ပြပြီး ရေးသားထားပါတယ်။
မျိုးဆက်သစ်တိုးတက်ရစ်ဖို့ စာအုပ်များဟာ တိုးတက်အောင်မြင်လိုသူ မျိုးဆက်သစ် လူငယ်တို့အတွက် အကျိုးရှိစေရုံသာမက သားသမီးတို့ကို မှန်ကန်တဲ့ ဘဝအမြင်၊ ကိုယ်ပိုင်တွေးခေါ်စွမ်းရည် တည်ဆောက်ပေးချင်တဲ့ မိဘများနဲ့ ဆရာ/မတို့အတွက်လဲ မရှိမဖြစ် ဆောင်ထားသင့်တဲ့ အဖိုးတန် လက်စွဲစာအုပ်ကောင်းများ ဖြစ်ပါတယ်။
အခု ထုတ်ဝေလိုက်တာဟာ ဆရာဦးအောင်သင်းရဲ့ နာမည်ကျော် "မျိုးဆက်သစ်တိုးတက်ရစ်ဖို့" စီးရီးရဲ့ နောက်ဆုံး အတွဲ (၄) ဖြစ်ပြီး ဒီစာအုပ်မှာ ဆောင်းပါးပေါင်း (၄၂) ပုဒ် ပါဝင်ပါတယ်။ အစ-အဆုံး လေးအုပ်လုံး ဆိုရင် ဆောင်းပါး အပုဒ်ရေ (၁၄၈) ပုဒ်အထိ ပါဝင်တဲ့ စီးရီးတွဲကြီး ဖြစ်ပြီး စာကြည့်တိုက်၊ စာအုပ်စင်တို့မှာ ခန့်ခန့်ထည်ထည်နဲ့ နေရာပေးထားရမဲ့ စာအုပ်စီးရီး ဆိုရင်လဲ မမှားပါဘူး။
လူငယ်တို့ရဲ့ ဘဝတိုးတက်ရေး အောင်မြင်ရေးတို့ကို ဘဝတစ်လျှောက်လုံး ကြိုးစားပြီး သွန်သင် ဆုံးမ လမ်းပြပေးခဲ့သူ ဆရာဦးအောင်သင်း ရေးသားတဲ့ မျိုးဆက်သစ်တိုးတက်ရစ်ဖို့ စာအုပ်တွဲများဟာ မြန်မာစာပေနဲ့ ပညာကို ရှာမှီးလိုသူ လူငယ်ထုအတွက် တစ်ဘဝစာလုံး အသုံးဝင်နေမဲ့ ဗဟုသုတ၊ စာရိတ္တ ရတနာသိုက်ကြီးအဖြစ် အစဉ်အမြဲ ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း မဟာစာပေကနေ ယုံကြည်ပါတယ်။
အသစ်မျိုးဆက်သစ်တိုးတက်ရစ်ဖို့ ၃
အောင်သင်း
Ks 13,000




