"မျိုးဆက်သစ်တိုးတက်ရစ်ဖို့” ဆိုတာ ဆရာဦးအောင်သင်းရဲ့ နာမည်ကျော်စကားလုံးတွဲလေး ဖြစ်သလို ကာရန်နဲ့တကွမို့ ကြားလိုက်ရုံနဲ့ နားစွဲသွားစေပါတယ်။ တကယ်တော့ ဦးအောင်သင်းဟာ ဒီလိုစကားလုံး အသုံးအနှုန်းအနေဖြင့် စတင်ခဲ့တယ် ဆိုသော်လဲ ကိုယ့်ရဲ့ နောက်ဖြစ်လာမဲ့ မျိုးဆက်သစ်ကို တိုးတက်အောင်မြင်စေခြင်းဟာ မိဘတိုင်းရဲ့ နှလုံးသားမှာ အမြဲ ထာဝရရှိနေပါတယ် လို့ ဆိုခဲ့တာပါ။
ဒီစာအုပ်မှာလဲ လူငယ်တွေနဲ့ မိဘတွေအတွက် အောင်မြင်ရေး၊ အတွေးအခေါ် မြှင့်တင်ရေးနဲ့ ဘဝလမ်းကြောင်းကို ဘယ်လို ပြောင်းလဲမလဲဆိုတဲ့ အရေးကြီးတဲ့ သင်ခန်းစာတွေကို ဆရာဦးအောင်သင်းက မီးမောင်းထိုးပြထားတယ်။
လူငယ်တွေ လမ်းမှားရောက်သွားကြတာဟာ ကိုယ်တိုင်က မကောင်းချင်လို့ထက် ပတ်ဝန်းကျင်နဲ့ အပေါင်းအသင်းရဲ့ ဆွဲဆောင်မှုကြောင့် ဖြစ်ရတာများတယ်လို့ ပွင့်လင်းစွာပဲ ဒီစာအုပ်မှာ ပြောထားတယ်။ မကောင်းမှုဆီ ပါသွားတာက ရေစုန်မှာ မျောပါသွားရသလို စိမ့်ဝင်ရ လွယ်လှပါတယ်။ မကောင်းတဲ့ဘက်ကို ယိုင်လွယ်တဲ့ စိတ်ရဲ့ အလိုဆန္ဒကို လွန်ဆန်ပြီး တိုးတက်အောင် ကြိုးစားတာကတော့ ရေဆန်ကို ခက်ခက်ခဲခဲ လှန်ကူးရတာနဲ့ တူပါတယ်။ ရေစုန်အပေါင်းအသင်းနောက် မျောပါမိရင် ဘဝတင်မက ... သံသရာထိပါ ပျက်စီးသွားနိုင်ကြောင်းကို အဇာတသတ်မင်းသားနဲ့ ဒေဝဒတ်တို့ရဲ့ သာဓကနဲ့ လေးနက်စွာ သတိပေးထားပါတယ်။
နောက်ပြီး မကောင်းတဲ့ ပတ်ဝန်းကျင်နဲ့ နီးစပ်နေရင် မိုးကြိုးပစ်တဲ့အခါ သစ်ပင်ကို ပစ်ပေမဲ့ အနီးအနားမှာ ရှိနေလို့ စက်ကွင်းမိပြီး သေသွားရသလိုမျိုး (အကုသိုလ် စက်ကွင်းတွေ မသိမသာ ကူးစက်လာနိုင်တာ) ပုံဥပမာလှလှလေးနဲ့ တင်စားထားပါသေးတယ်။ မကောင်းတဲ့ အစွဲဟောင်းတွေကို အစွဲသစ်နဲ့ ဘယ်လို အစားထိုးရမလဲဆိုတဲ့ နည်းလမ်းကောင်းကို ဆရာဦးအောင်သင်းက သူ့ရဲ့ ကိုယ်တွေ့ဖြစ်ရပ်နဲ့ မျှဝေထားတာ တန်ဖိုးရှိစွာ ဖတ်ရပါမယ်။
ဘဝမှာ တိုးတက်ဖို့ဆိုရင် ရုပ်ပိုင်းဆိုင်ရာ သတ္တိထက် စာရိတ္တနဲ့ စိတ်ပိုင်းဆိုင်ရာ သတ္တိ (Moral & Mental Courage) က ပိုပြီး အရေးပါတယ်လို့ အလေးပေးပြောထားပါတယ်။ အပေါင်းအသင်းတွေက မကောင်းတဲ့ဘက် ဆွဲဆောင်တဲ့အခါ ဒါမှမဟုတ် မမှန်ကန်တဲ့ လမ်းကြောင်း ရောက်နေတဲ့အခါမျိုးမှာ "မလုပ်ဘူး" လို့ ရဲရဲဝံ့ဝံ့ ငြင်းဆန်နိုင်တာ ... ထိုစက်ကွင်းထဲကနေ ယတိပြတ် ငြင်းဆန်ပြီး ခွဲထွက်နိုင်တာဟာ ဘဝအတွက် အကြီးမားဆုံး သတ္တိပါပဲတဲ့။
ဒီစာအုပ်လေးဟာ လူငယ်တို့အတွက် ပတ်ဝန်းကျင်ကို ပြန်စစ်ဆေးဖို့ သတိပေးလိုက်တဲ့ ပြဒါးတိုင်တစ်ခု ဖြစ်သလို မိဘတွေနဲ့ ဆရာတွေအတွက်လဲ သားသမီး တပည့်တွေကို မိမိတို့ထက် လက်စောင်းထက်တဲ့ မျိုးဆက်သစ် ဖြစ်လာအောင် ဘယ်လို မြှင့်တင်ပေးရမလဲဆိုတာကို စေတနာအပြည့်ထားပြီး လမ်းညွှန်ပေးထားတဲ့ လက်စွဲစာအုပ်ကောင်း တစ်အုပ်ပဲ ဖြစ်ပါတယ်။
အခု မဟာစာအုပ်က ထုတ်ဝေလိုက်တာဟာ ဆရာဦးအောင်သင်းရဲ့ နာမည်ကျော် မျိုးဆက်သစ်တိုးတက်ရစ်ဖို့ စီးရီးရဲ့ အမှတ် (၁) ဖြစ်ပြီး ဒီစာအုပ်မှာ ဆောင်းပါး (၁၉) ပုဒ် ပါဝင်မှာပါ။ ဆရာဦးအောင်သင်းရဲ့ စာဖတ်ပရိသတ်များအတွက် မျိုးဆက်သစ်တိုးတက်ရစ်ဖို့ အမှတ် (၂)၊ (၃) နဲ့ (၄) တို့ကိုလဲ များမကြာမီမှာ မဟာစာပေကနေ ဆက်လက် ထုတ်ဝေသွားမဲ့အကြောင်း သတင်းကောင်းလေး ပါးလိုက်ပါရစေနော် ...

လူငယ်နှင့် အသိပညာ
အောင်သင်း
Ks 6,000




