• ဖုန်းဆိုးမြေ

    ဆရာလင်းခန့် ဘာသာပြန်တဲ့ ဖုန်းဆိုးမြေ မူရင်း (Stephen King’s ‘Salem’s Lot) ကို သမိုင်းတစ်လျှောက် အကောင်းဆုံး ထိတ်လန့်သည်းဖိုဝတ္ထု ဒရက်ကူလာ ရဲ့ ခေတ်သစ်ဒဏ္ဍာရီ လို့ ဆိုကြတယ်။ စတီဖင်ကင်းဟာ ဒရက်ကူလာ ဝတ္ထုကို ဆယ်နှစ်အရွယ်မှာပင် ဖတ်ခဲ့ရပြီး ဒရက်ကူလာလို ရသမြောက် ကောင်းမွန်တဲ့ စာအုပ်အဖြစ် ‘Salem’s Lot ကို ပြန်လည် ဖန်တီးရေးသားပါတယ်။ စတီဖင်ကင်းက သူရေးသားခဲ့သမျှ စာအုပ်တွေထဲ အကြိုက်ဆုံးက ‘Salem’s Lot ဖြစ်တယ်လို့ ပြောခဲ့တယ်။ ‘Salem’s Lot ဟာ စတီဖင်ကင်းရဲ့ ဒုတိယမြောက် ပုံနှိပ်စာအုပ်ဖြစ်ပြီး အဲ့ဒီစာအုပ်ထွက်ပြီးတဲ့နောက်ပိုင်း စတီဖင်ကင်းကို ထိတ်လန့်သည်းဖို စာရေးဆရာအဖြစ် အမည်ကပ်လိုက်ကြတယ်။ စတီဖင်ကင်းကလဲ ဒါကို ကျေနပ်စွာပဲ ခံယူခဲ့တယ်။
    ဖုန်းဆိုးမြေဝတ္ထုကြီးကို စိတ်ဝင်စားစရာ၊ အံ့ဩဖွယ်၊ ထိတ်လန့်ဖွယ် ရသအပြည့်နဲ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဘာသာပြန်ဆိုသူ ဆရာလင်းခန့်ဟာ စာရေးဆရာကြီး စတီဖင်ကင်းရဲ့ နာမည်ကျော်စာအုပ်များကို ရသမြောက်အောင် ဘာသာပြန်ခဲ့သူ ဖြစ်တာကြောင့် ဖုန်းဆိုးမြေကို ဖတ်ရှုတဲ့အခါ အထစ်အငေါ့ မရှိဘဲ စိတ်ကျေနပ်မှုရစေမှာ သေချာပါတယ်။
    ဖုန်းဆိုးမြေကို ဘာသာပြန်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး “စတီဖင်ကင်းရဲ့ ဇာတ်လမ်းတွေကို ရုပ်ရှင်တွေ အရင်ကြည့်ပြီးမှ ဝတ္ထုဖတ်ဖြစ်တာ များပါတယ်။ ရုပ်ရှင်တွေဟာ မူရင်းဝတ္ထုတွေကို မမှီတာ များပါတယ်။ ဒါကလဲ ဖတ်ပြီးတော့မှ သိတာပါ။ အဲ့ဒီအခါကျ ကိုယ်တယောက်တည်း နှစ်သက်ရုံနဲ့ မကျေနပ်နိုင်တော့ဘဲ ချစ်သူခင်သူတို့ကိုပါ မြည်းစမ်းကြည့်စေချင်လာတယ်။ အဲ့ဒါကြောင့် ဘာသာပြန်ဖြစ်ခဲ့တယ်” လို့ ဆရာလင်းခန့်က ဆိုပါတယ်။
    မူရင်းစာရေးဆရာကြီး စတီဖင်ကင်းကတော့ ‘Salem’s Lot စာအုပ်အကြောင်းကို “ပြစ်ချက်လေးတွေ ရှိပေမဲ့ ဆလမ်းလော့စ်ဟာ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ။ ကြောက်စရာလဲကောင်းတယ်။ ခင်ဗျား ယုံလာအောင် ကျွန်တော် လုပ်နိုင်မယ် ထင်တယ်။ ဘာလို့လဲဆို ဒီစာအုပ်ကို ရေးနေတုန်းက ကျွန်တော်ကိုယ်တိုင် ယုံခဲ့တာကိုး” လို့ ပြောပါတယ်။
    Ks 22,000
  • မျောက်ငှက်

    မျောက် ငှက်’ဟာ ကမ္ဘာကျော် စာရေးသူနှစ်ဦးရဲ့ ဇာတ်လမ်းနှစ်ပုဒ်ကို တစ်အုပ်ထဲပေါင်းပြီး ဆရာလင်းခန့်က ဘာသာပြန်ထားတဲ့ စာအုပ်ပါ။ သည်းထိတ်ရင်ဖို ဇာတ်ကြောင်းကိုမှ ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်တစား ဖတ်ချင်သူတွေအတွက် ‘မျောက် ငှက်’ဟာ လက်မလွှတ်သင့်တဲ့ စာအုပ်ကောင်းတအုပ်လို့ ဆိုနိုင်ပါတယ်။

    မျောက်ရဲ့ မူလဇာတ်လမ်းရေးသူ Stephen King ကို စာဖတ်ပရိသတ်တို့နဲ့ အထူးမိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ Thriller & Mystery ဇာတ်လမ်းရေးသူများအနက် ကမ္ဘာကျော်ထိပ်သီးတစ်ဦးဖြစ်ပြီး ပရိသတ်များက သည်းထိတ်ရင်ဖိုဘုရင်လို့တောင် သတ်မှတ်ကြပါတယ်။ The Monkey ဟာ‌ British Fantasy Award ဆန်ခါတင်စာရင်းဝင်တဲ့အထိ အောင်မြင်ခဲ့ပြီး ရုပ်ရှင်အနေနဲ့လည်း လူကြိုက်များ ကျော်ကြားခဲ့တာပါ။

    ဇာတ်လမ်းအစမှာ ညီအစ်ကိုနှစ်‌ယောက် မျောက်ရုပ်အဟောင်းကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ အဲဒီနောက်ပိုင်းမှာ ရက်စက်တဲ့ လူသေဆုံးမှုတွေဆက်တိုက်ဖြစ်လာပြီး သူတို့မိသားစုလည်း ပြိုကွဲသွားခဲ့ရတာဟာ တိုက်ဆိုင်တဲ့ အကြောင်းအရာသက်သက်လား။ နောက်ထပ် နှစ်ဆယ့်ငါးနှစ်အကြာမှာ ပြန်ပေါ်လာတဲ့ အဲဒီမျောက်ကြောင့် “ဒီတစ်ခါ ဘယ်သူ့အလှည့်လဲ“ ဆိုတာ ရင်တထိတ်ထိတ်နဲ့ ဖတ်ရှုရပါလိမ့်မယ်။

    Ks 7,000
  • ဗမာ့မုဆိုး

    မြန်မာတောတွင်းမှာ အမဲလိုက်တဲ့ မုဆိုးကြီးတစ်ယောက်ရဲ့အကြောင်းဆိုပေမယ့် Jack Grisham ရဲ့ အဘိုးက စကော့တလန်ကြီး။ သူက အိန္ဒိယကို တပ်ရင်းတစ်ခုနဲ့ ရောက်လာပြီး အဲ့မှာ ကလေးမွေး။ Jack Grisham ရဲ့ အဖေက အိန္ဒိယကနေ မြန်မာပြည်ကိုရောက်၊ မြန်မာမလေးနဲ့ ညားရင်း ဒီစာအုပ်ရဲ့ အဓိကဇာတ်လိုက်ကျော် မုဆိုးကြီးကို ပဲခူးမှာမွေးတာ။ Jack Grisham က ၁၂ နှစ် အရွယ်မှာကတည်းက သေနတ်ကိုင်ပြီး တောထဲဝင်ခဲ့သူ။ ဒီစာအုပ်မှာ သူ့ရဲ့ ထူးထူးခြားခြား အတ္ထုပ္ပတ္တိကို အမဲလိုက် အတွေ့အကြုံပေါင်းများစွာနဲ့အတူ ဖတ်ရှုရမှာပါ။

    ပထမနာမ်စားကို သုံးထားတဲ့ ဝတ္ထုဟန် ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိ ဝတ္ထုမှာ Jack Grisham ဟာ နာမည်ကျော် ဘုံဘေဘားမားမှာ အလုပ်ဝင်ခဲ့တာနဲ့ စတယ်။ မြန်မာ့မြေပေါ်က သစ်ထုတ်လုပ်ရေးလုပ်ငန်းနဲ့ ဆင်တွေအကြောင်း၊ သစ်ဖောင်မျှောတဲ့အကြောင်းတွေ အပြင် မုဆိုးကြီး Jack Grisham ရဲ့ မြန်မာတောတွင်း ကျားပစ်ခြင်းအကြောင်းကို စိတ်ဝင်စားစွာ ဖတ်ရှုရပါမယ်။ သူကြုံခဲ့တဲ့ ကျားဇာတ်လမ်းထဲမှာ သမန်းကျားဇာတ်လမ်းနဲ့ စုန်းတွေ အကြောင်းလည်းပါဝင်တယ်။ မြန်မာတွေရဲ့ သမန်းကျားကို သူတို့ဆီက သမန်းဝံပုလွေနဲ့ ချင့်ချိန်ပြီး ရေးပြသွားပါတယ်။ မုဆိုးကြီးက မြွေတွေအကြောင်းကိုလည်း ချန်မထားပါဘူး။ သူဟာ မြွေတွေကို ဘယ်လိုမေတ္တာထားသလဲဆို “ကျုပ်သာ မြန်မာပြည်က တောရွာလေးတစ်ရွာမှာ အခြေချနေဖြစ်မယ်ဆို မြွေပါလေးတစ်ကောင်လောက်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမိမှာ သေချာပါတယ်”တဲ့။ အတွေ့အကြုံစုံတဲ့ မုဆိုးကြီး မြွေတွေကို ဘယ်လိုနှိမ်နင်းခဲ့သလဲဆိုတာ အသည်းတယားယားနဲ့ ဖတ်ရမှာပါ။
    မြန်မာ့မြေပေါ်မှာ ဒုတိယကမ္ဘာစစ်နဲ့အတူ ဂျပန်တွေ မြန်မာ့မြေပေါ် ဝင်လာတဲ့အခါ များစွာသော စစ်ပြေးဒုက္ခသည်များနှင့် ထပ်တူ သူဟာ အိန္ဒိယကို ပြေးခဲ့ရတယ်။ မဟာမိတ်တွေ ကချင်ပြည်နယ်ဘက်က ပြန်ဝင်တော့ မုဆိုးဘဝကနေ မဟာမိတ်စစ်ဗိုလ် Jack Grisham ရဲ့ စစ်ပွဲအတွေ့အကြုံတွေကို ဖတ်ရှုခံစားရပါဦးမယ်။

    Jack Grisham ရဲ့ ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိဟာ စိတ်ဝင်စားဖို့ ကောင်းတဲ့ သုတတွေများစွာပါသလို ဖတ်ရှုရ အလွန်ကောင်းတဲ့ ရသဝတ္ထုတစ်ပုဒ်လည်း ဖြစ်နေပါတယ်။ ဆရာဦးဝင်းငြိမ်းရဲ့ ညက်ညောတဲ့ စကားလုံးအသုံးအနှုန်း၊ ပြေပြစ်တဲ့ အရေးအသားတို့နဲ့ ဗမာ့မုဆိုးကို ဘာသာပြန် စာအုပ်ကောင်းတစ်အုပ်အဖြစ် ဖတ်ရှုရမှာပါ။

    Ks 3,500
  • နှလုံးလှဆရာဝန်

    ‘နှလုံးလှဆရာဝန်’ ဟာ ကနေဒီယန်း ခွဲစိတ်ကုဆရာတစ်ယောက်ဖြစ်တဲ့ နော်မန်ဗက်သွန်းရဲ့ ဘဝအကြောင်းကို ဇာတ်လမ်းပြုရေးဖွဲ့ထားတဲ့ ဘာသာပြန်ဝတ္ထုကောင်းတစ်ပုဒ်ပါ။ နော်မန်ဟာ ငယ်စဉ်ကပင် အနုပညာကို ဝါသနာပါခဲ့သူဖြစ်ပြီး ဆရာဝန် မဖြစ်မီကပင် စာပေနှင့် ပန်းချီကားများကို စွဲလန်းသူ၊ ပန်းချီကားရောင်းဝယ်ရေးလုပ်ခဲ့သူဖြစ်ပါတယ်။ ဘဝခရီးတစ်လျှောက် အောင်မြင်တဲ့ဆရာဝန်တစ်ယောက်အဖြစ်ကနေ စပိန်ပြည်တွင်းစစ် နဲ့ တရုတ် – ဂျပန် စစ်ပွဲကာလတွေမှာ ဘယ်လို သရုပ်ဆောင်သွားမလဲဆိုတာ နှလုံးလှဆရာဝန်မှာ တွေ့ရှိရပါမယ်။

    အထူးသဖြင့် နော်မန်ဟာ ဖက်ဆစ်ဂျပန် ကျူးကျော်တပ်တွေကို တိုက်ထုတ်ရာမှာ ရွတ်ချွံစွာ ပါဝင်ခဲ့တာကြောင့် တရုတ်တော်လှန်ရေး သူရဲကောင်းတွေကြား “ပိုင်ချူအင်” အဖြစ် အမြတ်တနိုး ခေါ်ဝေါ်ကြတဲ့အထိ ကျော်ကြားခဲ့တယ်။ တရုတ်-ဂျပန်စစ်ပွဲကြီးစတင်ပြီး ခြောက်လခန့်အကြာမှာ တရုတ်နိုင်ငံသို့ ရောက်ခဲ့တဲ့ နော်မန်ဟာ စစ်မြေပြင်ဒဏ်ရာများ ကုသရာတွင် ဆန်းသစ်တဲ့နည်းပညာများကို မိတ်ဆက်ခြင်း ကဲ့သို့ ထူးကဲစွာ တာဝန်ကို ချဉ်းကပ်မှုကြောင့်လည်း သူဟာ ဒဏ္ဍာရီတွင်တဲ့အထိ ဖြစ်ခဲ့ရတာပါ။ မူရင်းဝတ္ထုဟာ ကမ္ဘာကျော်စာအုပ်ဖြစ်ခဲ့ပြီး ဆရာကျော်အောင်က နှလုံးလှဆရာဝန် အမည်နဲ့ ဘာသာပြန်တဲ့အခါမှာလည်း ဖတ်ရှုသူတိုင်း သဘောကျတဲ့ ဘာသာပြန်စာအုပ်ကောင်းတစ်အုပ် ဖြစ်လာပါတယ်။ ဘာသာပြန်စာချစ်သူတို့ လက်မလွတ်ဘဲ ဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။

    Ks 9,000
  • အမရဌာနေ

    လူတို့ဟာ ဘဝချုပ်ငြိမ်းခြင်းတရားက လွတ်မြောက်မယ့် အိပ်မက်ကို အမြဲ စွဲလမ်းခဲ့ကြပါတယ်။ ထာဝရ အသက်ရှင်သန်နိုင်မယ်ဆိုတဲ့ အိပ်မက်ဟာ အမှန်ဖြစ်လာခဲ့ရင် … ?

    အမရဌာနေဟာ ပေါ်တူဂီ စာရေးဆရာ ဆာရာမာဂိုးရဲ့ Death with Interruptions ကို ဆရာမိုးသက်ဟန် ဘာသာပြန်ထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဆာရာမာဂိုးဟာ စာပေပညာရှင်လို့ သတ်မှတ်ခံထားရတဲ့ ကမ္ဘာကျော်စာရေးဆရာကြီးတစ်ဦးဖြစ်ပြီး ၁၉၉၈ မှာ စာပေနိုဘယ်လ်ဆု ချီးမြင့်ခံရသူတစ်ဦးလည်း ဖြစ်ပါတယ်။ အမရဌာနေမှာ ဘဝနေဝင်ချိန်နဲ့ လူ့အဖွဲ့အစည်း မည်သို့ဆက်စပ်သနည်း ဆိုတာကို စာရှုသူတို့ မြင်တွေ့ရပါမယ်။

    ဒီစာအုပ်မှာ အဓိကအားဖြင့် အပိုင်း ၂ ပိုင်း ပါဝင်ပါတယ်။ ပထမပိုင်းအနေနဲ့ နှစ်တစ်နှစ်ရဲ့ အစမှာ မရဏမယ်တော်ကြီးဟာ အားလပ်ရက် ခွင့်ယူသွားတယ်။ (အနောက်တိုင်းမစ်သ်တွေရဲ့ အလိုအရ မရဏမင်းဟာ လိင်အနေနဲ့ အမ ဖြစ်တယ်) လူတွေရဲ့ ဘဝနေချိန်ကြီး ရုတ်တရက် ရပ်တန့်သွားတယ်။ ထာဝရရှင်သန်မှု ရသွားတဲ့လူတွေဟာ ပျော်ရွှင်စွာ နေရင်းနေရင်းနဲ့ ရှင်သန်ခြင်းဟာ ပြဿနာဆိုတာကို သိရှိလာခဲ့တယ်။ သုဘရာဇာတွေ အလုပ်မရှိတော့ဘူး။ လူတွေက အမြဲ ရှင်သန်နေတော့ ဝန်ထမ်းတွေကို ပင်စင်လစာ တစ်သက်လုံး ပေးနေရရော။ လူတွေရဲ့ ဘဝနေဝင်ချိန်သာ ရပ်တန့်သွားတယ်။ အိုခြင်း နာခြင်းက ရှိနေတော့ ဘိုးဘွားရိပ်သာနဲ့ ဆေးရုံတွေမှာ လူတွေ ပြည့်လျှံလာတယ်။ အိုခြင်းရဲ့ နောက်ဆုံးအချိန်ထိ ရောက်နေလို့ လောကကြီးကို နှုတ်ဆက် ထွက်ခွာချင်ပေမယ့် မရဏမယ်တော်ကြီးဟာ ခွင့်ယူနေတော့ ဘဝနေဝင်ချိန်ကို သွားဖို့အတွက် သူတို့အဖို့ အဆင်မပြေဘူး။

    စာအုပ်ရဲ့ ဒုတိယပိုင်းမှာတော့ မရဏမယ်တော်ကြီးဟာ အလုပ်ပြန်လုပ်လာတယ်။ ဘဝနေဝင်ဖို့ အချိန်စေ့တဲ့သူတွေဆီကို စာပို့ပြီး တစ်ပတ်ပြည့်ရင် ဘဝနေဝင်ပြီဆိုတဲ့ ပုံစံနဲ့ နတ္ထိတရားကို ပုံစံတစ်မျိုးနဲ့ ပြန်စတယ်။ စာရပြီး တစ်ပတ်နေမှ လောကကြီးကို နှုတ်ဆက်ရမှာဆိုတော့ ဘဝရဲ့ နောက်ဆုံးလက်ကျန်တစ်ပတ်ကို လူတွေ ဘယ်လိုဖြတ်သန်းလဲဆိုတာ ဆာရာမာဂို တင်ပြထားတာ စိတ်ဝင်စားဖို့ ကောင်းတယ်။ အဲဒီမှာမှ မရဏမယ်တော်ကြီးဟာ တစ်ပတ်ပြည့်ရဲ့သားနဲ့ သူစာပို့လို့ မရတဲ့သူတစ်ဦး ပေါ်လာတယ်။ သူက အသက် ၅၀ အရွယ် တကိုယ်ရည် ဂီတသမားကြီး။ သူ့ကို ဘဝကြီးကို အဆုံးသတ်ပေးဖို့ မရဏမယ်တော်ကြီးဟာ မျိုးစုံ ကြိုးစားပါတော့တယ်။

    ဆာရာမာဂိုးဟာ ဒီဇာတ်လမ်းရဲ့ အဖြစ်အပျက်တွေကို အပေါစီး မြင်ကွင်းကျယ်ကနေ မြင်တွေ့နေရသလို ပုံဖော်ထားပါတယ်။ ပို့စ်မော်ဒန် အရေးအသားဖြစ်တဲ့ ဝတ္ထုအကြောင်းပြောပြတဲ့ ဝတ္ထုမျိုးဖြစ်ပြီး ဂျိမ်းဂျွိုက်စ်ရဲ့ ရေးဟန်မျိုးလို့ လေ့လာသူတို့ ဆိုကြတယ်။ စာဖတ်သူတို့ ဝတ္ထုထဲ ရောက်စဉ်မှာ ဘာဖြစ်နိုင်လဲ ခန့်မှန်းခိုင်းတာမျိုး၊ စာရေးသူက ဝတ္ထုထဲဝင်ပြီး ဇာတ်ကြောင်းထဲမှာ စီးမျောတာမျိုး၊ စကားလုံးပင်လယ်ထဲ စာဖတ်သူရဲ့ အာရုံစူးစိုက်မှုကို အရယူတာမျိုး စတဲ့ အဆင့်မြင့်စာရေးဟန်နည်းတွေနဲ့ ဆာရာမာဂိုးဟာ အမရဌာနေကို ရေးဖွဲ့ပါတယ်။ နိုင်ငံတကာက စာဖတ်ပရိသတ်တို့က ဒီစာအုပ်ကို နှစ်ခြိုက်စွာ ဖတ်ရှုပြီး ကောင်းမွန်တဲ့ Review များစွာလည်း ရရှိထားပါတယ်။ ဘာသာပြန်သူ ဆရာမိုးသက်ဟန်က “ဒီဝတ္ထုဟာ ဖတ်ရ ခက်ပါတယ်။ ဆိုတော့ ဘာသာပြန်ရတာလည်း ခက်ခဲလှပါတယ်။ မြန်မာဘာသာစကားကို ပြန်ဆိုရာမှာ အဆီလျော်ဆုံး၊ အချောမွေ့ဆုံးဖြစ်အောင် အားထုတ်ထားပါတယ်” လို့ အမှာစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

    Ks 5,000
  • လမ်းပျောက်

    ပြဿနာဆိုတာမျိုးက တခါတလေ ကိုယ်က မရှာပေမယ့် မထင်ရင်မထင်သလို တကူးတကနဲ့ ရောက်လာတတ်တယ် မဟုတ်လား။ ကယ်ပါဦး ဆိုလို့ တကူးတက သွားကူညီပါမှ ကိုယ်ပါ ဘဝပျက်ကိန်းနဲ့ ကြုံရတာမျိုးကျ “စေတနာသည် လူတိုင်းနှင့် မတန်” လို့ပဲ ဆိုရမလိုလို .. ။
    ဆရာဖိုးနိုင်လင်း ဘာသာပြန်တဲ့ လမ်းပျောက် က မူရင်း Stephen King နဲ့ Joe Hill တို့ရေးသားတဲ့ In The Tall Grass ။ Stephen King ရဲ့ ဝတ္ထုများအတိုင်းပဲ ဒီဝတ္ထုဟာလည်း စိတ်လှုပ်ရှားဖွယ် Thriller အမျိုးအစားဖြစ်ပြီး ရုပ်ရှင်အဖြစ် Netflix က တင်ဆက်တဲ့အခါတုန်းကလည်း အင်မတန် အောင်မြင်ခဲ့တယ်။ ရုပ်ရှင်နဲ့ ဝတ္ထုက ဇာတ်အိမ်တူပေမယ့် ဇာတ်လမ်းမှာ ကွဲလွဲချက်တွေ ရှိပါတယ်။
    ဝတ္ထုက အမေရိကန်နိုင်ငံ ကမ်းဆပ်ပြည်နယ်၊ အဝေးပြေးလမ်းအမှတ် ၄၀၀ ရဲ့ နံဘေးတစ်နေရာက မြက်ရိုင်းတောကြီးထဲမှာ ဇာတ်အိမ်တည်ထားတယ်။ ကယ်လ်ဒီးမုသ် နဲ့ ဘက်ကီဒီးမုသ် တို့ဟာ သိပ်ချစ်ကြတဲ့ မောင်နှမ ၂ ယောက်။ အသက်ကလည်း တစ်နှစ်ကျော်ကျော်ပဲကွာတော့ ဆိုးအတူ ကောင်းအတူ ဆိုတာမျိုး။
    အဝေးပြေးလမ်းမပေါ်က မြက်ရိုင်းတောကြီးနဲ့ ဒီမောင်နှမ ပတ်သက်ခဲ့တာက ဘက်ကီဒီးလ် အသက် ၁၉ လောက်မှာ ကိုယ်ဝန်ရှိခဲ့ရာလို့ပဲ ပြောရမယ်။ ကိုယ်ဝန်ရှိလာတော့ ကလေးမွေးပြီးရင် ဖြစ်လာမယ့်ကိစ္စတွေ ရှိလာတာကြောင့် မောင်နှမ ၂ ယောက်ဟာ ဘက်ကီ ကိုယ်ဝန် ၆ လ လောက်မှာ ကားတစ်စီးနဲ့ ရောက်ရာပေါက်ရာ လျှောက်သွားခဲ့တယ်။ ဒီလိုနဲ့ .. ဒီလိုနဲ့ … ပြဿနာက တကူးတက မဖိတ်ခေါ်ဘဲ ပြဿနာရှိရာအရပ် မြက်ရိုင်းတောကြီးတွေ ကပ်လျက် ရှိတဲ့ အဝေးပြေးလမ်းကို မောင်းမိလာတယ်။ မောင်းနေရင်းနဲ့ ၂ ယောက်စလုံး ကြားလိုက်ရတာက “ကယ်ကြပါ၊ ကယ်ကြပါ၊ ကျွန်တော့်ကို တစ်ယောက်ယောက် ကယ်ကြပါဦး” ဆိုတဲ့ ကလေးလေးတစ်ယောက်ရဲ့ အသံ။ ကြည့်လိုက်တော့ ကားလမ်းနံဘေး မြက်ရိုင်းတောကြီးထဲက ထွက်လာတဲ့ အသံမှန်းသိလိုက်တယ်။
    ကယ်လ် နဲ့ ဘက်ကီတို့ဟာ ပြန်မထွက်တတ်ဘဲ လမ်းပျောက်နေပြီး အကူအညီတောင်းနေတဲ့ သနားစဖွယ် ကလေးငယ်ကို ကယ်တင်ဖို့ ဆုံးဖြတ်ကာ မြက်ရိုင်းတောထဲ ဆင်းခဲ့ကြတယ်။ တကယ်တမ်း ဆင်းကြည့်မှ မြက်ရိုင်းတွေဟာ ထင်တာထက် ပိုမြင့် ပိုရှည်လျားပြီး သာမန်မြက်ရိုင်းတွေလို မပျော့ပျောင်းတာ သိလိုက်ရတယ်။ နောက်ထပ် ထူးဆန်းတာက မြက်ရိုင်းရှည်တောကြီးဟာ ကမ္ဘာမြေပေါ်က အခြားနေရာတွေလို မဟုတ်ဘဲ အရပ်ဒေသ တည်နေရာ ၊ ရေခံမြေခံ ၊ အချိန် တွေက တသမတ်တည်း မဟုတ်ဘဲ ပြောင်းလဲနေတာပါ။ အဲ့ဒါတွေထက်ပိုပြီး ဘက်ကီတို့ မောင်နှမ အံ့အားသင့်ခဲ့ရတာက မြက်ရိုင်းရှည်တောကြီးထဲမှာ လမ်းပျောက်လို့ အော်နေတဲ့ ကလေးလေး တစ်ယောက် မက ရှိနေတာ သိလိုက်ရပြီး သိပ်မကြာခင် သူတို့မောင်နှမ ကိုယ်တိုင် လမ်းပျောက်တဲ့ အဖြစ်ကို ရောက်ခဲ့တာပါပဲ။
    ကယ်လ်နဲ့ ဘက်ကီတို့ ဘာတွေ ဆက်ကြုံရမလဲ ဆိုတာ လမ်းပျောက်ဝတ္ထုမှာ ဖတ်ရှုနိုင်မှာဖြစ်ပြီး ရုပ်ရှင်နဲ့မတူတဲ့ ရသအသစ်တစ်ခုကို ရင်တထိတ်ထိတ်နဲ့ ခံစားရမှာဖြစ်ပါတယ်။
    Ks 3,000
  • အမ်ဘရဲလား လျှို့ဝှက်စီမံကိန်း

    Resident Evil လို့ ဆိုလိုက်တာနဲ့ ဗိုင်းရပ်စ်ပိုး သင့်ပြီး လူသားစား ဖုတ်​ကောင်​တွေအဖြစ် သန္ဓေ​ပြောင်းလဲကုန်တဲ့ Zombie Apocalypse ရုပ်ရှင်စီးရီးကို လူအ​တော်များများ ​ပြေးမြင်ကြမှာ ဧကန်မလွဲပါပဲ။ ဒါ​ပေမယ့် အခု ဒီဝတ္ထုက​တော့ အဲဒီရုပ်ရှင်စီးရီးထဲက ဇာတ်​ကြောင်းကို အ​ခြေမခံဘဲ မူရင်း ဗွီဒီယိုဂိမ်းထဲက ဇာတ်​ကြောင်းကို အ​ခြေခံထားခြင်းပဲ ဖြစ်ပါတယ်။ တစ်နည်း​အားဖြင့် Resident Evil ဆိုတဲ့ Zombie Apocalypse Universe ကြီး စတင်ခဲ့ရာ မူရင်း Origin ဇာတ်​ကြောင်း​ Video Game Novelization ​တ​စ်​ခုပေါ့။

    နိုင်ငံတကာမှာ ရုပ်ရှင်​တွေကို ပြန်လည်အ​ခြေခံ ​ရေးဖွဲ့တဲ့ Movie Novelization ​တွေ၊ ဗွီဒီယိုဂိမ်း​တွေကို ပြန်လည်​အ​ခြေခံ ​ရေးဖွဲ့တဲ့ Video Game Novelization ​တွေဟာ အထူးပင် ​ရေပန်းစားလှပါတယ်။ နားလည်လွယ်​အောင် ​ရှင်း​ပြ​ရမယ်ဆိုရင် အောင်မြင် ​ကျော်ကြားတဲ့ ရုပ်ရှင်​၊ ဗွီဒီယိုဂိမ်း​တွေကို ဝတ္ထုအသွင် ပြန်လည် ​ရေးဖွဲ့ခြင်းကို Movie Novelization, Video Game Novelization လို့ ​ခေါ်​တွင်ပါတယ်။ ဒါ​ကြောင့် အခုဝတ္ထု​ဟာ မိမိတို့ ကြည့်ရှုဖူးခဲ့​ကြတဲ့ ဒါရိုက်တာ Paul W.S. Anderson ရဲ့ ရုပ်ရှင်စီးရီးနဲ့ လုံးဝမတူညီတဲ့ Resident Evil ရဲ့ မူရင်း Video Game Franchise ကြီးရဲ့ ဇာတ်​အိမ်၊ ဇာတ်​ကြောင်း၊ ဇာတ်​ကောင်​တွေကို Creepy ဆန်ဆန် ဖတ်ရှုခံစားကြရမှာ ဖြစ်ပါတယ်။ အထက်ပါ အချက်များ​ကြောင့် RE Hardcore Fan ​တွေ​အ​နေနဲ့ အထူး​ပင် ​ကျေနပ် နှစ်ခြိုက်ကြလိမ့်မယ် ယုံကြ​ည်​ပါ​တယ်။

    ဒီဝတ္ထုကို Movie Novelization, Video Game Novelization ​တွေ အ​ရေးများတဲ့ နာမည်​ကျော် အ​မေရိ​ကန် စာ​ရေးဆရာမ S.D. Perry က ​ရေးသားပါတယ်။ မြန်မာဘာသာပြန်ဆိုသူက​တော့ ဆရာဇွဲ​ခေတ် ဖြစ်ပါတယ်။

    အခုဝတ္ထုက Resident Evil Franschise ကြီးရဲ့ ကနဦး​ဇာတ်​ကြောင်း The Umbrella Conspiracy (အမ်ဘ​ရဲ​လား လျှို့ဝှက်စီမံကိန်း) ဖြစ်ပြီး ဆက်လက် ထွက်ရှိလာမယ့် ​နောက်ဆက်တွဲ​ ဝတ္ထု​တွေက​တော့ Caliban Cove (မိစ္ဆာကမ်းခြေ)၊ City of the Dead (မရဏမြို့တော်)၊ Underworld (မြေအောက်ကမ္ဘာ)၊ Nemesis (နမ်မီဆစ်)၊ Code: Veronica (ကုဒ်-ဗာရိုနီကာ)၊ Zero Hour (သုညနာရီ) ဖြစ်တဲ့အ​ကြောင်း RE Hardcore Fan များကို သတင်း​ကောင်း ပါးလိုက်ရပါတယ်။

    Ks 5,000
  • တောရိုင်းမြေ

    📢 ကမ္ဘာ့ဝတ္ထုသမိုင်းမှာ ရုရှားဝတ္ထုရေးဆရာတွေဟာ ထိပ်တန်းတစ်နေရာမှာ ရှိတယ်လို့ ဆိုကြတယ်။ တော်လ်စတွိုင်း၊ မစ်ခေးရှိုလိုကော့ ၊ အန်တွန် ချက်ကော့ဗ်၊ တူရဂေညက်၊ ဂေါ်ကီတို့ဟာ ကမ္ဘာကျော် ရုရှား စာရေးဆရာကြီးတွေ ဖြစ်ကြပါတယ်။ အခု ဒီစာအုပ် တောရိုင်းမြေဟာ ကမ္ဘာ့ဂန္တဝင် စာပေ စာရင်းဝင် ဖြစ်ပါတယ်။
    #တောရိုင်းမြေ စာအုပ် ရေးသူက မစ်ခေးရှိုလိုကော့ (၁၉၀၅_၁၉၈၄) ဖြစ်ပါတယ်။ သူဟာ ရုရှားတောင်ပိုင်းက ကျေးတောသား တစ်ယောက် ဖြစ်တယ်။ နောက်ပြီး ရုရှားပြည်မှာ ထင်ရှားတဲ့ ကော့ဆက် စစ်သည်တော် အနွယ်ဝင်လည်း ဖြစ်ပါတယ်။ မစ်ခေးရှိုလိုကော့ က ပြည်တွင်းစစ်ကာလအတွင်းကနေ ၁၉၂၂ အထိ တပ်နီတော်မှာ အမှုထမ်းခဲ့တယ်။
    ရှိုလိုကော့ဟာ စာရင်းအင်းဋ္ဌာနမှာ စာရေးအဖြစ် အမှုထမ်းဖူးတယ်။ မူလတန်းကျောင်းဆရာအဖြစ်လည်း လုပ်ဖူးတယ်။ သင်္ဘောကြီး ကုန်တင်ကုန်ချ အလုပ်သမားအဖြစ်လည်း လုပ်ဖူး၏။ စစ်သားအဖြစ်နှင့် တိုက်ပွဲဝင်ခဲ့ဖူးတယ်။ သတင်းစာဆရာလည်း ဖြစ်ခဲ့ဖူး၏။ သူ့ရဲ့ ဘဝအတွေ့အကြုံတွေဟာ စုံလင်လှပါတယ်။ နောက်တော့ ၁၉၂၃ မှာ ဝတ္ထု စတင် ရေးသားခဲ့ပါတယ်။
    #တောရိုင်းမြေ ဝတ္ထုကြီးရဲ့ နောက်ခံကာလက ၁၉၃၀ ဝန်းကျင်၊ မဟာအောက်တိုဘာ ဆိုရှယ်လစ်တော်လှန်ရေး ပြီးဆုံးခါစအချိန်၊ တန်ပြန် တော်လှန်ရေးသမားတွေဟာ ဒွန်ဒေသမှာ ဆိုဗီယက်အစိုးရကို ပြန်လည်တိုက်ခိုက်နေချိန် ဖြစ်ပါတယ်။ ပြည်တွင်းစစ် ကာလလည်း ဖြစ်တယ် ။
    ဒွန်မြစ်ကြီးဟာ ရုရှားနိုင်ငံရဲ့ အသက်သွေးကြောမြစ်ကြီး တစ်စင်းလည်း ဖြစ်ပါတယ်။ အဲဒီ ဒွန်မြစ်ကမ်းက ဂရယ်မျချီ ရွာအပြင် အခြားရွာတွေကိုပါ စည်းရုံးပြီး စုပေါင်းလယ်ယာ ထူထောင်တဲ့ကိစ္စဟာ အတော် တာဝန်ကြီးပါတယ်။
    ကွန်မြူနစ်ပါတီကို မယုံကြည်သူတွေ၊ တန်ပြန် တော်လှန်ရေးသမားတွေ၊ ရှေးရိုးစွဲ လယ်သမားတွေက အတိုက်အခံ ပြုမှုတွေကို ရွာခံ ပါတီဝင်တွေနဲ့အတူရင်ဆိုင် ဖြေရှင်းရပါတယ်။ ဒီကြားထဲ လူပျို လူလွတ်တစ်ယောက် ဖြစ်နေတဲ့ ဒါဗီးဒေါ့ ရဲ့ အချစ်ရေး ကိစ္စတွေကလည်း ပြည်ထဲရေးထက် လွမ်းရေးခက် ဆိုသလို ကြုံရပြန်တယ်။ စနစ်ဟောင်းနဲ့ စနစ်သစ် တို့ရဲ့ အားပြိုင်မှု ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
    📌ပုဂံစာအုပ်တိုက်နေ ၁၉၆၅ ခုနှစ်က ပထမအကြိမ် နှစ်တွဲခွဲ ထုတ်ဝေခဲ့ပြီး တစ်ခါမှ ပြန်လည်ထုတ်ဝေခြင်း မပြုရသေးတဲ့ ဂန္တဝင် စာအုပ်တစ်အုပ်ဖြစ်တဲ့ #တောရိုင်းမြေကို နှစ်တွဲပေါင်းချုပ် ဒုတိယ အကြိမ်အဖြစ် မဟာစာပေမှ ဂုဏ်ယူစွာ ထုတ်ဝေလိုက်ပါတယ်။📌
    Ks 15,000
  • ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများ

    သိပ်ကောင်းတဲ့ စာအုပ်တစ်အုပ် ဖတ်ပြီးသွားရင် ဒီဇာတ်လမ်းလေး ကောင်းလိုက်တာ .. သိပ်ဖတ်လို့ကောင်းတာပဲ … စသဖြင့် တွေးမိကြမယ့်သူတွေရှိနိုင်သလို “ဒီဇာတ်လမ်းရဲ့ အဆက်များ ရှိရင်လည်း သိပ်ကောင်းဦးမှာပဲ” လို့ အချို့တွေ တွေးမိကြမယ် ထင်ပါတယ်။

    ဟုတ်ကဲ့ပါ … ဒီစာအုပ်က မူရင်းမှာ ကမ္ဘာကျော်ရုပ်ရှင်အဖြစ်ရော စာအုပ်အဖြစ်ပါ အောင်မြင်သလို ဘာသာပြန်အနေနဲ့ မြန်မာပြည်မှာ လူကြိုက်များခဲ့တဲ့ ‘ဖောရက်စ်ဂမ့်’ ရဲ့ အဆက်လို့ ဆိုရမယ့် စာအုပ်ပါ။ ဖောရက်စ်ဂမ့် အမှတ် ၂ လို့ဆိုရမယ့် ‘ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများ’ မှာ စစချင်း ဂမ့်က ဘာပြောထားလဲဆို “လူမှန်ရင် အမှားမကင်းဘူးလို့ ဆိုကြတယ်။ ဒါကြောင့်ပဲ ခဲတံမှာ ခဲဖျက်တပ်ပေးထားတာပေါ့။ ဒါပေမဲ့ ကျွန်တော့်စကားကို သေချာမှတ်ထားဗျာ။ ကိုယ့်အကြောင်းကို ဘယ်သူ့ကိုမှ ရုပ်ရှင်ရိုက်ခွင့် မပေးလိုက်နဲ့” တဲ့။

    ဒီစာအုပ် ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများ မှာ ဘယ်နေရာကနေ ဇာတ်ကို စဖွင့်ထားလဲဆို နယူးအော်လင်း တောင်ပိုင်းက အဖော်အချွတ်ကလပ်တစ်ခုမှာ ဖောရက်စ်ဂမ့် တစ်ယောက် ကလပ် သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်ဖြစ်နေတာက စပြီး ဖတ်ရှုရလိမ့်မယ်။ ဖြစ်ပုံက သူပိုင်ဆိုင်တဲ့ ပုစွန်ကုမ္ပဏီကြီး အရှုံးပေါ်တယ်ဆိုတာက စလို့ပဲပေါ့။ သန်းကြွယ်သူဌေး ဖောရက်စ်ဂမ့် ကုမ္ပဏီအရှုံးပေါ်တာကနေ အခြေအနေတွေအမျိုးမျိုးကြောင့် ဒေဝါလီခံရတဲ့အထိ ဖြစ်တော့ လေလွင့်ရာကနေ ကလပ်မှာ သန့်ရှင်းရေးဝန်ထမ်းဖြစ်ပြီး ကြမ်းတိုက်ရတဲ့ဘဝရောက်ရော … ။ ဒါပေမဲ့ ဖောရက်စ်ဂမ့်သည် ဖောရက်စ်ဂမ့်ပါပဲ။ သူအလုပ်လုပ်တဲ့ ကလပ်မှာ ရန်ပွဲတစ်ခု အကြောင်းပြုပြီး သူ့မိတ်ဆွေ စနိပ်နဲ့ ဆုံရာကနေ စိတ်ဝင်စားစရာ ဇာတ်ကြောင်းတွေ ဖြစ်လာခဲ့တယ်။ စနိပ်က နယူးအော်လင်းစိန့်အဖွဲ့မှာ တိုက်စစ်မှူး။ သူက စိန့်မှာ ဖောရက်စ်ကို ဘောလုံးကစားဖို့ ဖိတ်ခေါ်တယ်။ ဒီလိုနဲ့ ဗိုလ်လုပွဲမှာ ရှုံးပြီးနောက်ပိုင်း ဘောလုံးမကစားတဲ့ ဖောရက်စ်တစ်ယောက် စိန့်မှာ ဘောလုံးဖမ်းရင်း Touchdown တစ်ခါရတိုင်း ဒေါ်လာတစ်သောင်း ဘောနပ်စ်ရတာမျိုး စပြီး အောင်မြင်လာတယ်။ အောင်မြင်မှုနဲ့ အတူ ဇနီးဟောင်း ဂျန်နီနဲ့ လက်ရှိ သူမရဲ့ အမျိုးသား ဆုံးသွားတာတွေ ကြုံရတယ်။ ဘောလုံးသမားဘဝ အောင်မြင်စ ပြုကာစမှာပဲ အခြေအနေတစ်ခုကြောင့် ပရော်ဖက်ရှင်နယ် ဘောသမားနေ့ရက်တွေ ကုန်ဆုံးခဲ့ရာက အလုပ်သစ် အရောင်းမြင့်တင်ရေးကိုယ်စားလှယ်အလုပ် ထပ်ရပြန်တယ်။

    1986 မှာ ထွက်ရှိခဲ့ ဖောရက်စ်ဂမ့် ဝတ္ထုရဲ့အဆက် ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများက 1995 မှာ ထွက်ရှိခဲ့ပြီး ပထမဇာတ်လမ်းရဲ့ အရှိန်အဝါကြောင့် အဆက်က ကောင်းပါ့မလားဆိုတဲ့ မေးခွန်းတွေကို Winston Groom ရဲ့ အရေးအသားနဲ့ အမိုက်စား အတွေးအခေါ် ဇာတ်ကွက်ဖန်တီးမှုတွေက ချေဖျက်ပြနိုင်ခဲ့ပါတယ်။

    “Winston Groom ရဲ့ နောက်ထပ်ခမ်းနားတဲ့ဝတ္ထု။ ဖတ်ရကျိုးနပ်ပါတယ်”
    “ဒီစာအုပ်က နောက်ဆုံးအခိုက်အတန့်မှာ သိပ်ခံစားရတယ်” ဆိုတဲ့ Review မျိုးတွေ ရရှိခဲ့ပါတယ်။ ဘာသာပြန်တဲ့ ဆရာလင်းခန့်ကလည်း ပထမအုပ်ဖြစ်တဲ့ ဖောရက်စ်ဂမ့်ကို ဘာသာပြန်ထားသူဖြစ်တာကြောင့် ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများဟာ ဖောရက်စ်ဂမ့် ပရိသတ်တွေသာမက ဘာသာပြန်စာပေနှစ်ခြိုက်သူတို့ လက်မလွတ်တမ်း ဖတ်ရှုရမယ့် စာအုပ်တစ်ဖြစ်ပါတယ်။

    Ks 4,500
  • သတိမမူ ဂူမမြင်

    သတိမမူ ဂူမမြင် ဟာ Clifton Chronicles စီးရီးရေးသားသူ Jeffrey Archer ရဲ့ William Warwick ပါ၀င်တဲ့ ဆွဲဆောင်မှုအရှိဆုံး ဝတ္ထုတစ်ပုဒ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။လှည့်ကွက်တွေနဲ့ ဝတ္ထုတစ်ပုဒ်ကို အကောင်းဆုံး ပုံဖော်ရေးသားတတ်သူလို့ နာမည်ကျော်တဲ့ စာရေးဆရာ Jeffrey Archer ဟာ ဇာတ်ကွက် အခင်းအကျင်း အလှည့်အပြောင်း အမိုက်စားနဲ့ Hidden in Plain Sight ကို ပုံဖော် ရေးဖွဲ့ထားတယ်။ ယခုစာအုပ်ကို ထင်ဇော်မှုးသင်က ဘာသာပြန်တယ်။ William Warwick ပါ၀င်တဲ့ ပထမဆုံးဝတ္ထု Nothing Ventured ရဲ့ နောက်ဆက်တွဲ စာအုပ်လည်း ဖြစ်တယ်။ (Nothing Ventured ကို ‘ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်’ အမည်ဖြင့် ဆရာထင်ဇော်မှုးသင်ကပင် ဘာသာပြန်ခဲ့ပြီး မဟာစာပေက ထုတ်ဝေခဲ့ပြီး ဖြစ်သည်)

    ဝီလျံကို စုံထောက်တပ်ကြပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခြင်းခံရပေမဲ့ သူနဲ့အတူ အဖွဲ့သားတွေဟာ မူးယစ်အဖွဲ့ကိုပဲ ပြန်လည်တာဝန်ပေးအပ်ခြင်း ခံရတယ်။ ဒီလိုနဲ့ သူတို့ဟာ The Viper ဆိုသူကို ဖမ်းဖို့ ဖြစ်လာတယ်။ The Viper ဆိုသူဟာ  လန်ဒန်တောင်ပိုင်းမှာ မူးယစ်ဆေးရောင်းဝယ်ရေးကို ကွန်ရက်ဖွဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတယ်လို့ နာမည်ဆိုးဖြင့်ကျော်ကြားနေသူ။

    ဒီလိုနဲ့ ဝီလျံဟာ ရန်သူဟောင်းတွေအပြင် အသစ်တွေဆီပါ ချဉ်းကပ်ခဲ့ရတယ်။ အက်ဒရီယန် ဟိသ် ဆိုတဲ့ သူ့ရဲ့ ကျောင်းနေဘက်ကို ရဲသတင်းပေးအဖြစ် ဆောင်ရွက်ပေးဖို့  စတင် စည်းရုံးခဲ့တယ်။ ဟိသ်က ဆေးမှုနဲ့ ဖမ်းဆီးခံထားဖူးသူ။

    သတိမမူ ဂူမမြင် မှာ ဟိသ် တစ်ယောက် ဝီလျံ အတွက် သစ္စာစောင့်သိမှာလား? သူဌေးကြီး မိုင်းဖောက်နာ အတွက် အလုပ်လုပ်ပေးသူ ဖြစ်နေမလား? ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာ ဝီလျံနဲ့ စေ့စပ်ထားသူ ဘက်တို့ရဲ့ မင်္ဂလာပွဲကရော အဆင်ပြေပြေ ပြီးဆုံးသွားနိုင်ပါ့မလား? ဘယ်လိုအရာမျိုးက သူတို့မင်္ဂလာပွဲမှာ စောင့်ကြိုနေမလဲဆိုတာကိုလဲ စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပါ။

    သတိမမူ ဂူမမြင် စာအုပ်ဟာ Jeffrey Archer ရဲ့ နာမည်ကျော် လှည့်ကွက်များနောက်ကို စွန့်စားခန်းတွေနဲ့အတူ လိုက်ပါစီးမျော သွားနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်တာကြောင့် စိတ်လှုပ်ရှားဖွယ် စုံထောက်ဇာတ်လမ်းကောင်း နှစ်သက်သူတို့ မဖြစ်မနေ ဖတ်ရှုသင့်တဲ့ ဝတ္ထုတပုဒ် ဖြစ်ပါတယ်။

     

     

    Ks 12,000
  • ဖောရက်စ်ဂမ့်

    Forrest Gump ဆိုရင်​ . .. ​အော်​စကာဆု​တွေ အများကြီး ရထားတဲ့ မင်​သားကြီး Tom Hank ပါတဲ့ ဇာတ်​ကားကို သတိရသွားမှာ ​သေချာတယ်​ ။ IMDB rating ​တော်​​တော်​ မြင့်မြင့် ရထားတဲ့ ဒီဇာတ်​လမ်းကို ​တော်​​တော်​များများလည်း ကြည့်ဖူးကြမှာပါ ။ ဒီ​တော့ ဇာတ်​လမ်း အစအဆုံး သိပြီးသား စာအုပ်​ကြီးပါလို့ ထင်​​နေရင်​​တော့ လွဲနိုင်​ပါတယ်​ဗျ ။၁၉၈၆ ခုနှစ်​မှာ ထုတ်​​ဝေခဲ့တဲ့ ဒီဝတ္ထု က ပထမ​တော့ Best Seller ဝတ္ထု တစ်​ပုဒ်​ မဖြစ်​ခဲ့ဘူး ။

    ၁၉၉၄ ကျ​တော့မှ ​ဖောရက်​စ်​ဂမ့်​ နာမည်​နဲ့ပဲ ရုပ်​ရှင်​ရိုက်​ပြီး ​အောင်​မြင်​သွားတယ်​ ။ ​အောင်​မြင်​တဲ့ ရုပ်​ရှင်​ကား ​ကြောင့် မူရင်းဝတ္ထု ဟာလည်း ​စောင်​​ရေ ၂သန်း​ကျော်​ ​ရောင်းခဲ့ရပြန်​တယ်​ ။ကျွန်​​တော်​တို့ ​နေ့စဉ်​ ဖြတ်​သန်​း​နေရတဲ့ ​လောကကြီးထဲမှာ လူတိုင်းလိုလို တလွဲတ​ချော်​ ဟာသ ဖြစ်​ရပ်​​တွေကို ကြုံဖူးကြမှာပါ။

    တလွဲတ​ချော်​ ဖြစ်​ရပ်​​တွေကို တမင်​တကာ မရယ်​ရယ်​ရ​အောင်​ ​ရေးရင်​​တော့ ဖတ်​လို့ မ​ကောင်းဘူး ။ ဒါ​ပေမဲ့ သူ့ကိုယ်​သူ ထူးတဲ့ အရူးတစ်​​ယောက်​လို့ထင်​​နေတဲ့ ​ဖောရက်​စ်​ဂမ့်ရဲ့ လုပ်​ရပ်​​တွေဟာ ရယ်​​မောစရာ သဘာဝကျကျ အလွဲ​တွေ ဖြစ်​​နေတတ်​တယ်​ ။ သူက​တော့ ဘာဖြစ်​လို့ ဖြစ်​သွားမှန်း မသိဘူးဆိုပဲ ။ဖောရက်​စ်​ဂမ့်ရုပ်ရှင်ဟာ ဝတ္ထု ရဲ့ သုံးပုံ တစ်​ပုံကိုပဲ တင်​ပြနိုင်​ခဲ့ပါတယ်​။ မူရင်းဝတ္ထု ထဲက ​ဖောရက်​စ်​ဂမ့်ဟာ သူ့ကိုယ်​သူ အရူးလို့ သူ လက်​ခံထားတယ်​ ။ အဲဒီ အရူးက လူ​ကောင်း​တွေထက်​ တစ်​မူးသာ ​နေတာပဲ ရှိတယ်​။ သူက ဉာဏ်​ရည်​မြင့်တဲ့ သင်္ချာပညာရှင် အရူးတစ်​​ယောက်​ပဲ။ လူပျို​ပေါက်​ ဖြစ်​စမှာပဲ အရပ်​က ၆​ပေ ​ကျော်​​နေပြီ ။

    ​ဖောရက်​စ်​ဂမ့်အရူး​ကျောင်​းလို့ သူ့ဘာသာ နာမည်​​ပေးထားတဲ့ ​ကျောင်းမှာ နှစ်​အနည်းငယ်​ တက်​ခဲ့တယ်​ ။ ​နောက်​​တော့ အ​မေရိကန်​ ဖွတ်​​ဘော ကစားရင်း ​ကျောင်းတက်​ဖို့ သူ့ကို ​ကောလိပ်​​ကျောင်း တစ်​ခုက လာ​ခေါ်သွားတယ်​ ။ အ​မေရိကန်​ – ဗီယက်​နမ်​ စစ်​ပွဲဖြစ်​​တော့ စစ်​တပ်​ထဲဝင်​ရပြီး ဗီယက်​နမ်​ ​ရောက်​သွား​ရော ။ *အ​မေရိကန်​ ဖွတ်​​ဘော ကစားသမား​တွေ ထဲမှာ အ​ပြေးအသန်​ဆုံး …

    *ဗီယက်​နမ်​စစ်​ပွဲမှာ ဒဏ်​ရာရ စစ်​သား အများအပြား ကို ကယ်​တင်​နိုင်​ခဲ့သူ …
    *အ​မေရိကန်​ သမ္မတ နှစ်​ဆက်​တိုင်​တိုင်​ ​အိမ်​ဖြူ​တော်​ကို ဖိတ်​​ခေါ် ဂုဏ်​ပြုခြင်းကို.ခံရသူ …
    * NASA က သက်​ရှိ ကွန်​ပျူတာ လို့ ​ဖောရက်​စ်​ ကို တင်​စားပြီး ပထမဆုံး အမျိုးသမီး အာကာသယဉ်​မှူး နဲ့ ​အော်​ရန်​ဂူတန်​ ​မျောက်​ဝံတစ်​​ကောင်​ ကိုပါ ထည့်​ပေးပြီး အင်္ဂါဂြိုဟ်​ ​ပေါ် ​စေလွှတ်​ခြင်း ခံရသူ …

    * လူသားစား လူရိုင်း​တွေ ကြားထဲ အသက်​ရှင်​သန်​​အောင်​ ကြိုးစားခဲ့သူ …

    * ​ဟောလီးဝုဒ်​ မင်းသမီး​ချော ​ရေခဲလ်​ဝစ်​ချ်​ နဲ့ အတူ သရုပ်​​ဆောင်​လိုက်​​သေး …

    *အ​မေရိကန်​ နပန်းသမား တစ်​​ယောက်​ အဖြစ်​လည်း သူ ကျင်​လည်​ခဲ့ရတယ်​ …

    * ပုဇွန်​​တွေကို ဖမ်းပြီး စီးပွားဖြစ်​ ​ရောင်းချနိုင်​တဲ့ အရူးတစ်​​ယောက်​ …

    အဲဒီလို စွန့်စားခန်း​တွေ အပြင်​ ​ဖောရက်​စ်​ဂမ့် ရဲ့ သဘာဝကျကျ တလွဲတ​ချော်​ ဟာသ​တွေ ကိုလည်း ဖတ်​ရှုရမှာပါ။

    ထူးထူးဆန်းဆန်း နဲ့ က​မောက်​ကမ ဖြစ်​ရပ်​​တွေထဲမှာ ထိပ်​တန်း ဆိုတဲ့ ဇာတ်​လမ်းမျိုး ကြုံ​တွေကြဖို့ ​ဖောရက်​စ်​ဂမ့် နဲ့ အတူ စွန့်စား ကြည့်ကြစို့လား ။ Forest Gump မူရင်း စာ​ရေးဆရာ Winston Groom က အ​မေရိကန်​ လူမျိုး​တွေရဲ့ စရိုက်​နဲ့ နိုင်​ငံ​ရေး ခံယူချက်​​တွေကို ​လှောင်​​ပြောင်​ သ​ရော်​တဲ့ အ​နေနဲ့ ​ရေးထားတဲ့ ” ​ဖောရက်​စ်​ဂမ့် ” ဟာ ဝတ္ထု​ကောင်း တစ်​ပုဒ်​ ဆိုတာထက်​ ပိုပါတယ်​ ခင်​ဗျာ ။

    Ks 4,500
  • ရေမွှေး

    ယဉ်ကျေးမှုရှိတယ်၊ အဆင့်အတန်းရှိတယ်ဆိုတဲ့ လောကကြီးမှာ “ရေမွှေး” ဟာ မပါမဖြစ်ပဲ။ ဈေးနှုန်း အသင့်အတင့်ရှိတဲ့ နှင်းဆီ၊ စံပယ်၊ သနပ်ခါးရနံ့ ရေမွှေးတွေရှိသလို၊ ဈေးကြီးတဲ့ ရေမွှေးတွေကို နာမည်ကြီး ဧည့်ခံပွဲတွေမှာ အပြိုင်အဆိုင် ဆွတ်ဖျန်းကြပါတယ်။ ကိုယ့်အနား ရောက်လာတဲ့ သူတွေကို စိတ်ပျက်စရာ အနံ့ဆိုး မရစေချင်ကြဘူးလေ။

    ရေမွှေးကို စတင်တွေ့ရှိခြင်းဟာ ဂရိလူမျိုးတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ စပျစ်သီးကနေ ဝိုင်အရက် ဖြစ်လာပုံ၊ ဂရိလူမျိုးတို့ ဖေါ်ထုတ်ခဲ့တဲ့ ဂျီသြမေတြီပညာ တို့လိုပဲ လူသားမျိုးနွယ်အတွက် အကြီးမြတ်ဆုံး အောင်မြင်မှု တစ်ခုဖြစ်တယ်။ အဲဒီလို ရေမွှေးတွေထဲကမှ လူရဲ့ စိတ်နှလုံးကို တစ်ခါတည်း သိမ်းကျုံး ယူငင်သွားနိုင်တဲ့ ရေမွှေး တစ်မျိုးကို ဖော်စပ်ဖို့ အနံ့ပညာရှင် တစ်ယောက်က ကြိုးစားနေတယ်ဆိုရင် ယုံနိုင်ပါ့မလား။

    သူကတော့ ၁၈ရာစုနှစ်၊ ပြင်သစ်ပြည်၊ ပဲရစ်မြို့ ငါးစိမ်းသည် အမေက မလိုဘဲ မွေးလာတဲ့သူ၊ နို့ထိမ်း အမျိုးသမီးတွေရဲ့ မေတ္တာကို မရရှိခဲ့သူ ဂန်နွီ ပါပဲ။ သားရေနယ် အလုပ်သမားအဖြစ် ဆင်းရဲပင်ပန်းစွာ အသက်မွေးခဲ့ရပြီး နောက်တော့ ဂန်နွီက ရနံ့တို့ရဲ့ ဖန်ဆင်းရှင် တစ်ယောက်လည်း ဖြစ်လာပါတယ်။
    နူးညံ့သော၊ အစွမ်းထက်သော၊ တည်ငြိမ်သော၊ ခံစားချက် အမျိုးမျိုး ပေးစွမ်းနိုင်သော၊ စိတ်အာရုံကို ကိုင်လှုပ်နိုင်သော၊ ငြင်းရက်စရာမရှိသည့် အလှတရားတို့ဖြင့် ထုံမွမ်းနေသော ရေမွှေးနံ့တစ်ခုကို ဂန်နွီဟာ ကောင်းကောင်းကြီး ဖန်တီးနိုင်ပါတယ်။

    ဂန်နွီရဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်ဟာ အရာအားလုံးရဲ့ အနံ့ကို ပိုင်ဆိုင်လိုခြင်းနှင့် အနံ့အသစ်များကို ဖန်တီးလိုခြင်းပင် ဖြစ်ပါတယ်။ မကောင်းမှုများ၊ အလှတရားများကို မမြင်ချင်ရင် မျက်စိမှိတ်ထားနိုင်၏။ အမင်္ဂလာ စကားများ၊ ဂီတသံစဉ်များကို မကြားလိုလျှင် နားပိတ်ထားလို့ ရသေးတယ်။ အနံ့ ကိုတော့ မရှူလို့မရ။ အသက်ရှူသည်နှင့် အနံ့ပါ ရောယှက်ပါသွားသည် မဟုတ်လား။

    အဲဒီ လျှို့ဝှက်ချက်ကို သိသွားတာနဲ့ အနံ့ပညာရှင် ဂန်နွီဟာ ကြီးကျယ် ခမ်းနားတဲ့ ရေမွှေးတစ်မျိုး ကို ဖေါ်စပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီ ရေမွှေး အနံ့ကို ရလိုက်တဲ့ လူသားတစ်ယောက်ဟာ အသိတွေ၊ သတိတွေ လွတ်သွားမယ်။ အဲဒီ ရနံ့က နှလုံးသားထဲ တိုက်ရိုက် ရောက်ပြီး အချစ်၊ အမုန်း၊ အလိုရမ္မက်၊ စက်ဆုပ်ခြင်း၊ ဂရုဏာ၊ ဒေါသ စတဲ့ အကောင်း အဆိုး ခံစားမှုတွေကို သူ လိုရာ ထိန်းချုပ်နိုင်အောင် အစွမ်းထက်မယ်ဆိုပဲ။

    ရှာမှရှားတဲ့ အနံ့ပညာရှင် ဂန်နွီ လိုချင်တဲ့ ရေမွှေး ဖေါ်စပ်လို့ ရသွားမလား။ သူ့ရဲ့ ရေမွှေး ကုန်ကြမ်းက ဘာဖြစ်မလဲ ဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ မူရင်းစာအုပ်ကို ၁၉၈၅ ခုနှစ် ဂျာမဏီမှာ ထုတ်ဝေခဲ့ပါတယ်။ နှစ်ဆယ်ရာစုအတွင်း ရောင်းအား အကောင်းဆုံး ဂျာမန်စာအုပ်ထဲမှ တစ်အုပ် ဖြစ်ခဲ့တယ်။ အင်္ဂလိပ် ဘာသာပြန်ကိုတော့ ၁၉၈၇ မှာ ထုတ်ဝေခဲ့ပါတယ်။ ဘာသာပေါင်း ၄၉ မျိုး ပြန်ဆိုခဲ့ကြပါတယ် ။ ရုပ်ရှင်အဖြစ် ၂၀ဝ၆ မှာ ရိုက်ကူးခဲ့ပြီး အောင်မြင်မှုရခဲ့ပါတယ်

    Ks 6,000

Main Menu