ဆရာဦးအောင်သင်းရဲ့ နာမည်ကျော် "မျိုးဆက်သစ်တိုးတက်ရစ်ဖို့" စီးရီးထဲက အတွဲ (၂) မှာ ဘဝအလှည့်အပြောင်းတွေမှာ ကြုံတွေ့ရမဲ့ အောင်မြင်မှု၊ ဆင်းရဲဒဏ်/ချမ်းသာဒဏ်၊ အလုပ်အပေါ် စိတ်ရောကိုယ်ပါ မြှုပ်နှံမှုနဲ့ မျိုးဆက်နှစ်ခုကြား နားလည်မှုတို့ကို မီးမောင်းထိုးပြခဲ့တယ်။ အခု အတွဲ (၃) မှာတော့ လူငယ်တို့ရဲ့ ကိုယ်ပိုင်လမ်းကြောင်း ရှာဖွေရေး၊ မိမိကိုယ်မိမိ QC စစ်ဆေးထိန်းကျောင်းမှု၊ လက်တွေ့ကျကျ အခွင့်အလမ်းဖန်တီးယူမှု၊ စိတ်ဓာတ်နဲ့ အသိဉာဏ်ဆိုင်ရာ ပြင်ဆင်မှုတို့အကြောင်း ဆွေးနွေးထားတဲ့ ဆောင်းပါးများကို ဖတ်ရှုရပါမယ်။
ဒီစာအုပ်မှာ ဆရာဦးအောင်သင်းဟာ လူငယ်တွေကို လုပ်သမျှ အလုပ်တိုင်းမှာ "ငါလုပ်သမျှ အကောင်းဆုံးပဲ ဖြစ်ရမယ်" ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ မိမိရဲ့ စွမ်းရည်ကို မိမိ အမြဲစစ်ဆေးတဲ့ ‘ကျူစီ’ (Quality Control) ကို မွေးမြူကြဖို့ သတိပေးထားပါတယ်။ "ကိုယ့်ကိုယ်ကိုယ် ချစ်သလား" ဆောင်းပါးထဲကလို လူငယ်တို့အနေဖြင့် ဘဝကို ပျက်စီးစေမဲ့ အကျင့်ဆိုးများ၊ မူးယစ်ဆေးဝါးများနဲ့ အကျိုးမရှိတဲ့ အလေ့အထများကို ရှောင်ရှားပြီး အားလပ်ချိန်များကို အကျိုးရှိရှိ အသုံးပြုကြဖို့ လမ်းညွှန်ထားပါတယ်။
ဒါ့အပြင် ဘဝမှာ လမ်းပျောက်နေကြတဲ့ လူငယ်တွေအတွက် "ဘာလုပ်ရမှန်း မသိဘူး" ဆောင်းပါးတွဲများနဲ့ "ဒိုက်ခုတ်စက်" တို့မှာ ကျောင်းပညာရပ်တစ်ခုတည်းကိုသာ အတုံးလိုက် အတစ်လိုက် အားကိုးမနေသင့်ကြောင်းကို မိမိပတ်ဝန်းကျင်ရဲ့ လိုအပ်ချက်တွေ၊ ပြဿနာတွေကို စူးစမ်းရှာဖွေ ဖြည့်ဆည်းပေးရင်း အခွင့်အလမ်းသစ်များ ဖန်တီးယူကြဖို့ အကြံပေးထားပါတယ်။ ဓနုဖြူကျေးလက်မှ ရေနက်ကွင်း ဒိုက်ရှင်းတဲ့ စက်ကလေး တီထွင်လိုက်ပုံ သာဓကကဲ့သို့ ဦးနှောက်ကိုသုံးပြီး ပတ်ဝန်းကျင် အခက်အခဲကို ကူညီဖြေရှင်းပေးခြင်းဟာ စီးပွားရေးနဲ့ အလုပ်အကိုင် အောင်မြင်ရေးရဲ့ သော့ချက်ဖြစ်ကြောင်း ဉပမာနဲ့ အလင်းပြထားတယ်။
ဘဝတိုးတက်ရေးအတွက် ကြုံလာမဲ့ အခွင့်အလမ်းတွေကို ဆုပ်ကိုင်နိုင်ဖို့ "မိမိကိုယ်ကို လှည့်ဖျားခြင်း” ဆောင်းပါးမှာ မိမိကိုယ်မိမိ သိယောင်ကား မလှည့်ဖြားဘဲ "အသိဉာဏ် ရိုးသားမှု (Intellectual Honesty)" ရှိကြဖို့ အနှစ်သာရပါပါ ရေးသားထားပါတယ်။ တစ်ဆက်တည်းမှာပဲ "ဘာစာဖတ်မလဲ"၊ "သမ္မာအာဇီဝ လုပ်ကိုင်ကြ" နဲ့ "စိန်ခေါ်ရဲတဲ့ သူ" ဆောင်းပါးတို့မှာလဲ မှန်ကန်တဲ့ စာပေဗဟုသုတ ဆည်းပူးရေး၊ သမ္မာအာဇီဝကျကျ ရင်ဆိုင်ရဲတဲ့ သတ္တိနှင့် ဘဝကို ဘက်စုံထောင့်စုံမှ ရှုမြင်သုံးသပ်နိုင်စွမ်းတို့ရဲ့ အရေးပါပုံကို စေတနာနဲ့ ရေးသားဖော်ပြထားတယ်။
ဒီစာအုပ်လေးဟာ အနာဂတ်အတွက် ကိုယ်ပိုင်လမ်းကြောင်း ရှာဖွေနေကြသူ လူငယ်များအတွက် အသိဉာဏ်နဲ့ စာရိတ္တဆိုင်ရာ လမ်းပြမီးရှူးတန်ဆောင် ဖြစ်စေမှာပါ၊ ဒါ့အပြင် သားသမီးများကို ဘဝလမ်းကြောင်းမှန်ပေါ် တင်ပေးချင်သူ မိဘများနဲ့ ဆရာ/မများအတွက်လဲ မရှိမဖြစ် ဖတ်ရှုလေ့လာထားသင့်တဲ့ အဖိုးတန် လက်စွဲစာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။
အခု မဟာစာပေကနေ ထုတ်ဝေလိုက်တာဟာ ဆရာဦးအောင်သင်းရဲ့ နာမည်ကျော် မျိုးဆက်သစ်တိုးတက်ရစ်ဖို့ စီးရီးမှ အတွဲ (၃) ဖြစ်ပြီး ဒီစာအုပ်မှာ ဆောင်းပါးပေါင်း (၄၈) ပုဒ် ပါဝင်မှာဖြစ်ပါတယ်။ ဆက်လက်ပြီး မျိုးဆက်သစ်တိုးတက်ရစ်ဖို့ရဲ့ နောက်ဆုံးစာအုပ် အတွဲ (၄) ကိုလဲ မဟာစာပေကနေ မကြာမီ ဆက်လက်ထုတ်ဝေသွားဦးမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
Newမျိုးဆက်သစ်တိုးတက်ရစ်ဖို့ ၄
အောင်သင်း
Ks 13,000




