• အတိတ်စိုက်ခင်း

    ou reap what you sow (ကိုယ်စိုက်တာ ကိုယ်ပြန်ရိတ်သိမ်းရမယ်) ဆိုတဲ့ ကမ္ဘာကျော်စကားပုံ ရှိပါတယ်။ ဒီစာအုပ်မှာ ဆရာမခတ္တာခင်ရဲ့ အတိတ်စိုက်ခင်းကို ဖတ်ရှုရမှာပါ။ စာရေးဆရာမ ခတ္တာခင်ရဲ့ အတိတ်စိုက်ခင်းဆီ စာဖတ်သူတွေကို ဘယ်လို ခေါ်ဆောင်သွားမလဲ?
    အတိတ်စိုက်ခင်းကို စစချင်း မျိုးစေ့ချတဲ့ဆီကနေ ဖတ်ရှုရမယ်။ မွန်ကျော်ဆိုတဲ့ အဓိက ဇာတ်ကောင် မမွေးဖွားမီ မွန်ကျော့်အဖေ(ဖြစ်လာမယ့်သူ)က ဟိုဘက်ရွာက အမေ(ဖြစ်လာမယ့်သူ)ကို သွားခိုးတဲ့ ဇာတ်လမ်းက အသည်းတယားယားနဲ့ပေါ့။ ဒီလိုနဲ့ … ရခိုင်ပြည်နယ် တစ်နေရာ၊ မြစ်ကမ်းဘေး ရွာတစ်ရွာက မွန်ကျော် ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အတိတ်စိုက်ခင်းလေး အစပျိုးခဲ့တယ်။
    မြစ်ကမ်းဘေးရွာလေးတစ်ရွာက အသံချဲ့စက် ဆောင်းဘောက်စ်ပိုင်ရှင်ရဲ့ သမီးလေး မွန်ကျော်ရဲ့ ငယ်ဘဝစိုက်ခင်းက အရောင်အသွေး စိမ်းစိုလှပလတ်ဆတ်တာကို မြင်ရမယ်။ ငယ်စဉ်ကတည်းက နှစ်ခြိုက်ခဲ့တဲ့ အဆိုတော်တွေရဲ့ သီချင်းတွေ၊ သူငယ်ချင်း အမွန်နဲ့ ရွာရိုးကိုးပေါက် လျှောက်သွားတာ၊ လှေသမားဖြစ်တာကြောင့် တစ်လ ကိုးသီတင်းနေမှ အိမ်ကိုလာပြီး မွန်ကျော့်ကို စာအုပ်တွေ၊ အကောင်လေးတွေ သယ်သယ်လာတဲ့ ဦးလေးဖြစ်သူ မိခင်ရဲ့ မောင် ဦးဦးဝင်းမြင့်၊ ရွာမှာ သူစိမ်းတွေ များလာတာနဲ့အညီ ဖွင့်ဖြစ်တဲ့ မွန်ကျော်တို့ အိမ်က ခနော်ခနဲ့ လက်ဖက်ရည်ဆိုင်လေး၊ ရွာထဲက မူးနေတဲ့ ကာလသားတွေနဲ့ ၎င်းတို့ရဲ့ အိမ်ရှင်မများက ဇာတ်လမ်းတွေ၊ ထိုစဉ်ကာလ ရွာတွေတိုင်းလိုလို ရှိကြတဲ့ အခပေး ကာရာအိုကေရုံ နဲ့ လူကြီးတွေ ကာရာအိုကေမှာ သီချင်းဆိုတာ သွားသွားနားထောင်တဲ့ မွန်ကျော်နဲ့ အထွေး၊ ဦးဦးဝင်းမြင့် လှေဆိုက်တော့ သယ်လာတဲ့ ဝက်မကလေး ဖြူလုံးမ၊ ဖြူလုံးမနဲ့ မွန်ကျော့်ကြား သံယောဇဉ်၊ စတာတွေနဲ့ အခြားအခြားသော မွန်ကျော်ရဲ့ ဘဝ စိုက်ခင်းလေးကို ဖတ်ရှုရင်း ဆရာမ ခတ္တာခင် ရေးခြယ်ဖန်တီးတဲ့ ဝတ္ထုကောင်းတစ်ပုဒ်ကို ဖတ်ရှုရပါမယ်။
    မွန်ကျော်ရဲ့ ဘဝ စိုက်ခင်းလေးဟာ ဆရာမခတ္တာခင်ရဲ့ ဖြစ်ရပ်မှန် အတိတ်စိုက်ခင်းလား ဆိုတာကိုတော့ ဒီဝတ္ထုလေးကို ခံစားဖတ်ရှုပြီး အဖြေထုတ်ကြည့်စေချင်ပါတယ်။ ဆရာမ ခတ္တာခင်ကလဲ “ကျွန်မအတွက်တော့ အတိတ်ဟာ ခံစားမှုပေါင်းစုံ ရောပြွမ်းနေတဲ့ စိုက်ခင်းတစ်ခု၊ အဲ့ဒီ ခံစားမှုတွေကို စာဖတ်သူဆီ ဆင့်ပွားပေးလိုက်ရတဲ့အခါ စာဖတ်သူတို့ ခံစားမှုက ဘယ်သူဖြစ်လာမလဲ မျှော်လင့်နေပါတယ်” လို့ ဆိုပါတယ်။
    Ks 6,000
  • ဖုန်းဆိုးမြေ

    ဆရာလင်းခန့် ဘာသာပြန်တဲ့ ဖုန်းဆိုးမြေ မူရင်း (Stephen King’s ‘Salem’s Lot) ကို သမိုင်းတစ်လျှောက် အကောင်းဆုံး ထိတ်လန့်သည်းဖိုဝတ္ထု ဒရက်ကူလာ ရဲ့ ခေတ်သစ်ဒဏ္ဍာရီ လို့ ဆိုကြတယ်။ စတီဖင်ကင်းဟာ ဒရက်ကူလာ ဝတ္ထုကို ဆယ်နှစ်အရွယ်မှာပင် ဖတ်ခဲ့ရပြီး ဒရက်ကူလာလို ရသမြောက် ကောင်းမွန်တဲ့ စာအုပ်အဖြစ် ‘Salem’s Lot ကို ပြန်လည် ဖန်တီးရေးသားပါတယ်။ စတီဖင်ကင်းက သူရေးသားခဲ့သမျှ စာအုပ်တွေထဲ အကြိုက်ဆုံးက ‘Salem’s Lot ဖြစ်တယ်လို့ ပြောခဲ့တယ်။ ‘Salem’s Lot ဟာ စတီဖင်ကင်းရဲ့ ဒုတိယမြောက် ပုံနှိပ်စာအုပ်ဖြစ်ပြီး အဲ့ဒီစာအုပ်ထွက်ပြီးတဲ့နောက်ပိုင်း စတီဖင်ကင်းကို ထိတ်လန့်သည်းဖို စာရေးဆရာအဖြစ် အမည်ကပ်လိုက်ကြတယ်။ စတီဖင်ကင်းကလဲ ဒါကို ကျေနပ်စွာပဲ ခံယူခဲ့တယ်။
    ဖုန်းဆိုးမြေဝတ္ထုကြီးကို စိတ်ဝင်စားစရာ၊ အံ့ဩဖွယ်၊ ထိတ်လန့်ဖွယ် ရသအပြည့်နဲ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဘာသာပြန်ဆိုသူ ဆရာလင်းခန့်ဟာ စာရေးဆရာကြီး စတီဖင်ကင်းရဲ့ နာမည်ကျော်စာအုပ်များကို ရသမြောက်အောင် ဘာသာပြန်ခဲ့သူ ဖြစ်တာကြောင့် ဖုန်းဆိုးမြေကို ဖတ်ရှုတဲ့အခါ အထစ်အငေါ့ မရှိဘဲ စိတ်ကျေနပ်မှုရစေမှာ သေချာပါတယ်။
    ဖုန်းဆိုးမြေကို ဘာသာပြန်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး “စတီဖင်ကင်းရဲ့ ဇာတ်လမ်းတွေကို ရုပ်ရှင်တွေ အရင်ကြည့်ပြီးမှ ဝတ္ထုဖတ်ဖြစ်တာ များပါတယ်။ ရုပ်ရှင်တွေဟာ မူရင်းဝတ္ထုတွေကို မမှီတာ များပါတယ်။ ဒါကလဲ ဖတ်ပြီးတော့မှ သိတာပါ။ အဲ့ဒီအခါကျ ကိုယ်တယောက်တည်း နှစ်သက်ရုံနဲ့ မကျေနပ်နိုင်တော့ဘဲ ချစ်သူခင်သူတို့ကိုပါ မြည်းစမ်းကြည့်စေချင်လာတယ်။ အဲ့ဒါကြောင့် ဘာသာပြန်ဖြစ်ခဲ့တယ်” လို့ ဆရာလင်းခန့်က ဆိုပါတယ်။
    မူရင်းစာရေးဆရာကြီး စတီဖင်ကင်းကတော့ ‘Salem’s Lot စာအုပ်အကြောင်းကို “ပြစ်ချက်လေးတွေ ရှိပေမဲ့ ဆလမ်းလော့စ်ဟာ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ။ ကြောက်စရာလဲကောင်းတယ်။ ခင်ဗျား ယုံလာအောင် ကျွန်တော် လုပ်နိုင်မယ် ထင်တယ်။ ဘာလို့လဲဆို ဒီစာအုပ်ကို ရေးနေတုန်းက ကျွန်တော်ကိုယ်တိုင် ယုံခဲ့တာကိုး” လို့ ပြောပါတယ်။
    Ks 22,000
  • ဗမာ့ဟယ်လင်

    ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်တွေ အုပ်စိုးထားတဲ့ မြန်မာပြည်ကို ဂျပန်တွေက လေယဉ်ပျံတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် စစ်ပွဲကို စတင် ဆင်နွဲခဲ့တယ်။ နောက် ၂နှစ်လောက် ကြာတော့ မဟာမိတ်တပ်တွေက မြန်မာပြည်ကို ဗုံးတွေ လာကြဲကြပြန်တယ်။ ဗုံးတွေ အပြင်းအထန် ကြဲချခံနေရတဲ့ တောင်ကြီး၊ မေမြို့ (ပြင်ဦးလွင်) ဒေသတွေမှာ ဂျပန်ခေတ်အတွင်း မိန်းမသားတယောက်ရဲ့ အတွေ့အကြုံ တွေဟာ တော်ရုံလူ သွေးပျက်စရာပါ။ ပြီးတော့ သူကလည်း မြန်မာပြည်ဖွားဆိုပေမဲ့ လူဖြူ အမျိုးသမီး တယောက် ဖြစ်နေတယ်။ လူဖြူအမျိုးသမီး ဖြစ်နေတာကြောင့် ဂျပန်တွေက ဟယ်လင့် ရုပ်ရည်ကြည့်ပြီး သူလျှို လို့ စွတ်စွဲကာ ခဏခဏ ဖမ်းစီး နှိပ်စက်ခြင်းကိုလည်း ခံခဲ့ရရှာတယ်။ ချန်ကေရှိတ်ရဲ့ ဆိုးဝါးလှတဲ့ တရုတ်စစ်သားတွေ ၊ ရက်စက် ကြမ်းကြုတ်တဲ့ ဂျပန်စစ်သားတွေ၊ တောမီးလောင်မှ လက်ခမောင်း ထခတ်တဲ့ တောကြောင်တွေရဲ့ ရန်အသွယ်သွယ်ကို ကျော်ဖြတ်ခဲ့တဲ့ လူစွမ်းကောင်း သူနာပြု မိန်းမပျိုတစ်ဦး မြန်မာပြည်မှာ ရှိခဲ့ဖူးပါတယ်။ သူကတော့ ဟယ်လင် ရိုဒရီဂတ်စ် ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည် ကိုပါ ဟယ်လင် တွေ့ကြုံခဲ့ဖူးတယ်။ အဖေက ပေါ်တူဂီလူမျိုး ဆရာဝန်ကြီး၊ အမေက စကော့ အမျိူးသမီး သူနာပြု တို့ရဲ့ သမီး ဟယ်လင်ဟာ မျိုးရိုးစဉ်လိုက် လူနာတွေကို ပြုစုစောင့်ရှောက်တဲ့ လုပ်ငန်းကိုပဲ စိတ်ပါဝင်စားတယ်။ သူ့အဖေ ဆရာဝန်ကြီးကလည်း တောင်ကြီးမှာ မြေဝယ် အိမ်ဆောက်ပြီး အခြေချနေခဲ့တာ ကြာပြီ။ မြန်မာ့ ရေမြေကို ချစ်မြတ်နိုးတဲ့ အဖေက မွေးလာတော့ မြန်မာပြည်သား လူနာများစွာကို စောင့်ရှောက်ရနေရတာကို ကျေနပ်နေတဲ့ ဟယ်လင် ပါ။ ဟယ်လင်ဟာ လူနာတွေကို ဘယ်တော့မှ စွန့်ခွာသွားမယ့် လူမျိုး မဟုတ်ပါဘူး။ ဒါကြောင့်လည်း ဂျပန်ခေတ် တစ်ခုလုံး ဆိုးဝါးတဲ့ အတွေ့အကြုံ တွေ အမျိုးမျိုး ကြုံတွေခဲ့ရတာပေါ့။ အမေနဲ့ ညီမဖြစ်သူတို့ အိန္ဒိယကို ထွက်ပြေးသွားချိန်မှာ လူနာတွေအတွက် သူ တောင်ကြီးဆေးရုံ မှာ နေရစ်ခဲ့တယ်။ သူဟာ ရှားမှ ရှားတဲ့ အမျိုးသမီး သူနာပြုတယောက်။ လူနာတွေကို ဘယ်တော့မှ မျက်နှာလွဲ ခဲပစ် မထားခဲ့ရက်နိုင်ဘူး။ ဂျပန်တွေရဲ့ ထိုးစစ် ပြင်းထန်လွန်းတာကြောင့် အခွင့်ထူးခံ လူတန်းစား အနည်းငယ်ကလွဲရင် ကျန်တဲ့ အင်္ဂလိပ်လူမျိူး အရာရှိ အရာခံ ဝန်ထမ်းတွေ၊ အရပ်သား နိုင်ငံခြားသားတွေနဲ့ သူတို့ မိသားစုဝင်တွေဟာ တောလမ်းခရီးလမ်းကြောင်းအမျိုးမျိုးကနေ အိန္ဒိယ ထဲကို ဝင်ဖို့ ကြိုးစားကြတယ်။ တောင်ကြီးဆေးရုံ က မျက်နှာဖြူ ဆေးရုံအုပ်တွေ၊ လူကြီးတွေ ဂျပန် မဝင်ခင် ပြေးသွားကြတဲ့ အချိန်မှာ ဟယ်လင် ရိုဒရီဂတ်စ် ဆိုတဲ့ သူနာပြု တယောက်က သူ့ လူနာတွေ အတွက် စိုးရိမ်လို့ ကိုယ်လွတ်ရုန်းမပြေးခဲ့ရှာဘူး။ လူကောင်သေးသေး အပျိုအရွယ်လေးပေမဲ့ ဇွဲသတ္တိ အပြည့်နဲ့ လူနာတွေကို ဆေးကုပေး၊ အစားအသောက် တတ်နိုင်သမျှ ရှာဖွေ ကျွေးမွေးပြုစုတယ်။ သူ့ကို ကူညီနေတဲ့ သူနာပြုကလည်း အယ်နီ ဆိုတဲ့ ရှမ်းမလေး တယောက်ပဲ ရှိတယ်။ ဆေးရုံမှာ ခဏတာ လုပ်အားပေး လာလုပ်တဲ့ အင်္ဂလိပ် တပ်ကြပ်ကြီး ကတော့ ဟယ်လင့် စွမ်းဆောင်မှုတွေကြောင့် မီးအိမ်ရှင်မလေး ဖလော်ရင့်နိုက်တင်ဂေး ဆိုပြီး တင်စား ခေါ်ဝေါ်ခဲ့တယ်။ ” ဗမာ့ဟယ်လင် ” စာအုပ်ကတော့ နိုင်ငံခြားသူ သူနာပြုတဦးရဲ့ မျက်မြင်ကိုယ်တွေ့ တွေ နဲ့ သူရင်ဆိုင်ခဲ့ရတဲ့ ဘေးအန္တရယ်တွေကို အရိုးရှင်းဆုံး တင်ပြသွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်ရဲ့ အဆိုးဝါးဆုံး ကာလကို ကျော်ဖြတ်ခဲ့ရတဲ့ နိုင်ငံခြားသား သူနာပြုတယောက် ရဲ့ ကိုယ်တိုင်ရေးမှတ်တမ်း ဖြစ်ပါတယ်။

    Ks 10,000
  • မာက့်စ်ဝါဒနှင့်တွေးခေါ်မြော်မြင်ရေး

    ယခုစာအုပ် မာက့်စ်ဝါဒနှင့်တွေးခေါ်မြော်မြင်ရေး ကျမ်းမှာ လူတို့ရဲ့ တွေးခေါ်မြော်မြင်မှုတွေဟာ ဘယ်ကစပြီး ပေါ်ပေါက်လာသလဲ? ပြင်ပ ရုပ်အမှန်တရားနဲ့ တွေးခေါ်မြော်မြင်မှုတွေက ဘယ်လို ဆက်စပ်နေသလဲ? တွေးခေါ်မြော်မြင်မှုတွေဟာ လူမှုဘဝမှာ ဘယ်နေရာတွေက ပါဝင်နေသလဲ ဆိုတဲ့ ပြဿနာများကို ရှင်းလင်းတင်ပြထားတာ ဖတ်ရှုလေ့လာရပါမယ်။

    မာက့်စ်ဝါဒနှင့်တွေးခေါ်မြော်မြင်ရေး ကျမ်းဟာ တစ်အုပ်တည်း ဖတ်ပြီး လေ့လာရင် ရသလို ရှေ့က ထွက်ရှိပြီးတဲ့ ကျမ်းများဖြစ်သော အနုပဋိလောမရုပ်ဝါဒ နှင့် သမိုင်းဆိုင်ရာရုပ်ဝါဒ တို့ရဲ့ အဆက်အဖြစ်လည်း တွဲဖက်လေ့လာ ဖတ်ရှုနိုင်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ မာက့်စ်ဝါဒနှင့်တွေးခေါ်မြော်မြင်ရေး စာအုပ်ရဲ့ မူလအမည် Theory of Knowledge ကို တိုက်ရိုက်ဘာသာပြန်ဆိုရင် အသိဉာဏ်ပညာသဘောတရား ဟူ၍ ဖြစ်ပြီး မူရင်းစာရေးသူက ဗြိတိသျှကွန်မြူနစ်ပါတီဝင်တစ်ဦးဖြစ်သူ မောရစ်ကွန်းဖို့သ် ပါ။

    မောရစ်ကွန်းဖို့သ် ရေးသားတဲ့ မာက့်စ်ဝါဒနှင့်တွေးခေါ်မြော်မြင်ရေးကျမ်းမှာ အပိုင်းသုံးပိုင်းကို အဓိက လေ့လာရမှာ ဖြစ်ပြီး
    (၁) စိတ်၏သဘာဝနှင့် မူလအစ
    (၂) တွေးခေါ်မှုများ ဖြစ်ပေါ်တိုးတက်ပုံ
    (၃) သစ္စာတရားနဲ့ လွတ်လပ်မှုတို့ ဖြစ်ပါတယ်။

    ဆရာမြသန်းတင့်ဟာ မောရစ်ကွန်းဖို့သ်ရဲ့ ကျမ်းများကို ဘာသာပြန်ဆိုရာမှာ လုံးလုံးလျားလျား တိုက်ရိုက်ပြန်ဆိုခြင်း မဟုတ်ဘဲ စာဖတ်ပရိသတ်များ နားလည်လွယ်စေဖို့ မာက့်စ်၊ အိန်ဂျယ်၊ လီနင်၊ စတာလင်၊ မော်စီတုန်း တို့ရဲ့ ကျမ်းများကိုပါ ကိုးကားပြီး ရေးထားခြင်း ဖြစ်ပါတယ်။ အဓိကအားဖြင့် ကျမ်းသုံးကျမ်းလုံးကို ပြုစုရာမှာ အများ ဖတ်ရှုရ နားလည်စေရန် လွယ်နိုင်သမျှ လွယ်အောင် ရေးသားထားတယ်။ အဘိဓမ္မာစကားများကို ပြန်ဆိုရာမှာ နားလည်ရခက်တဲ့ ပါဠိစကားတွေကို တတ်နိုင်သမျှ ရှောင်ပြီး မြန်မာစကားလုံးစစ်စစ်တွေနဲ့ ရွေးချယ်ပြန်ဆိုထားတယ်။ ခက်ခဲနက်နဲတဲ့ အဘိဓမ္မာကျမ်းများ ဖြစ်တာကြောင့် စာဖတ်ပရိသတ်အချို့အနေနဲ့ တစ်ခေါက်၊ နှစ်ခေါက်မှ ဖတ်ရုံဖြင့် နားမလည်ပါက အကြိမ်ကြိမ် ပြန်လည် လေ့လာဖတ်ရှုဖို့ လိုအပ်ပါလိမ့်မယ်လို့ ဘာသာပြန်ဆိုသူ ဆရာမြသန်းတင့်က ဆိုထားပါတယ်။

    Ks 10,000
  • လုံခြုံရာ

    ဒီစာအုပ်ကို အဆုံးထိ ဖတ်ဖြစ်ခဲ့တယ်ဆိုရင် စာတွေကနေတစ်ဆင့် ကျွန်မ ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံ တချို့ကို သိမြင် နားလည်သွားလိမ့်မယ်လို့ ယူဆပါတယ်” လို့ ဆရာမငွေတီဦးက ဒီ လုံခြုံရာစာအုပ်လေးရဲ့ ဝန်ခံချက်မှာ ဆိုထားပါတယ်။
    လုံခြုံရာ စာအုပ်ဟာ စာရေးဆရာမငွေတီဦးရဲ့ စတုတ္ထမြောက်စာအုပ်ဖြစ်ပြီး ဆရာမရဲ့ ဘဝဖြတ်သန်းမှု အတွေ့အကြုံတွေကနေ ရရှိခဲ့တဲ့ အတွေးအမြင်၊ အယူအဆ၊ တွေ့ရှိချက်တွေကို မျှဝေထားတာ ဖတ်ရှုရပါမယ်။ ဒီစာအုပ်လေးကို (၁) လွတ်မြောက်ခြင်းများ၊ (၂) ရင်ဆိုင်ခြင်းများ၊ (၃) လုံခြုံရာကို ရှာဖွေခြင်း ဆိုတဲ့ အပိုင်းတွေနဲ့ ဖွဲ့စည်းထားပြီး တစ်ပိုင်းစီမှာ စိတ်ဝင်စားဖွယ် အခန်းခေါင်းစဉ်များဖြင့် ရေးသားထားတာကို ဖတ်ရှုရမှာပါ။ အပိုင်းတစ်ပိုင်းချင်းစီမှာ ပါဝင်တဲ့ သက်ဆိုင်ရာ အခန်းများက စိတ်ဝင်စားဖွယ်ကောင်းပြီး ဖတ်ရှုသူတို့အတွက် ဘဝနေထိုင်မှု၊ အနာဂတ်၊ ငွေကြေး၊ ပျော်ရွှင်ခြင်း၊ မေတ္တာတရား၊ ဘာသာရေး စတာတွေကို ဆင်ခြင်သုံးသပ်မိစေမှာ အမှန်ပါပဲ။
    ဆရာမငွေတီဦးက ဒီစာအုပ်လေးမှာ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက် အဆိုးအကောင်းတွေ၊ ခံစားချက် အမှန်အမှားတွေကို မထိမ်ချန်ဘဲ အရှိကို အရှိအတိုင်း ချပြမယ့် အရာတွေပဲ ပါဝင်မယ်လို့ ဆိုထားပါတယ်။
    အပိုင်း (၁) လွတ်မြောက်ခြင်းများ ကို ငွေကြေးမှ လွတ်မြောက်ခြင်း၊ အသက်မွေးဝမ်းကျောင်းမှ လွတ်မြောက်ခြင်း၊ ချုပ်နှောင်ခြင်းမှ လွတ်မြောက်ခြင်း၊ သံယောဇဉ်မှ လွတ်မြောက်ခြင်း၊ အလေ့အကျင့်မှ လွတ်မြောက်ခြင်း ဆိုတဲ့ အခန်းများနဲ့ ဖွဲ့စည်းထားပါတယ်။ အသက်မွေးဝမ်းကျောင်းမှ လွတ်မြောက်ခြင်း ဆိုတဲ့အခန်းမှာ ဆေးကျောင်းပြီးသွားတဲ့အချိန် နောက်ပိုင်း ဘဝနဲ့ အလုပ်၊ အလုပ်နဲ့ဘဝ ဖြတ်သန်းရပုံတွေ၊ အိမ်ထောင်ဘက်နဲ့အတူ အခက်အခဲတွေကြားက လုပ်ငန်းတစ်ခု အောင်မြင်အောင် ဖြတ်သန်းရပုံတွေကို စိတ်ဝင်စားဖွယ် ဖတ်ရှုရပါမယ်။
    အပိုင်း (၂) ရင်ဆိုင်ခြင်းများ မှာတော့ သည်းခံခြင်းနှင်းဆီ၊ ဘေးထွက်ဆိုးကျိုးများကို ကိုင်တွယ်ခြင်း၊ ပြဿနာများနှင့် လမ်းလျှောက်ထွက်ခြင်း၊ အမုန်းဆုံးရန်သူကို ရင်ဆိုင်ခြင်း စတဲ့ အခန်းများပါဝင်ပါတယ်။ ဆရာမငွေတီဦးရဲ့ ဘဝနဲ့ ရင်းပြီး နားလည်သိရှိထားတဲ့ အောင်မြင်ခြင်းရဲ့ အခြားတစ်ဖက်က ဘေးထွက်ဆိုးကျိုးတွေကို ရင်ဆိုင်ပုံတွေက စာဖတ်သူတို့ကို အလင်းပြပေးမှာ သေချာပါတယ်။
    အပိုင်း (၃) လုံခြုံရာကို ရှာဖွေခြင်းမှာ ဗုဒ္ဓဟူးနေ့တိုင်း ရုပ်ရှင်ကြည့်၊ ပျော်ရွှင်မှုကို အဖြေထုတ်ခြင်း၊ စစ်မှန်သော လုံခြုံရာ စတဲ့ အခန်းများကို ဖတ်ရှုရပါမယ်။ စစ်မှန်သော လုံခြုံရာ အခန်းမှာ ပါတဲ့ ပျော်ရွှင်ခြင်းနဲ့ လုံခြုံရာအစစ် ဆိုတာကို ဆရာမမျှဝေထားတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ “နေ့ရက်တိုင်းကို တစ်ရက်ချင်း ပျော်ရွှင်စွာ ဖြတ်သန်းခြင်းက ဘဝရဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။ စိတ်မှာ လေဟာနယ် မရှိအောင် ပြည့်နေတဲ့အခါ လုံခြုံရာဟာ ဘယ်မှာလဲလို့ လိုက်ရှာမနေတော့ဘူး။ တကယ့်လုံခြုံရာအစစ်ဟာ ဘုရားရဲ့ နှလုံးသားနဲ့ တည်ဆောက်ထားတဲ့ ကိုယ်ရဲ့စိတ်ထဲမှာပဲ ရှိတယ်” လို့ တင်ပြထားတာ စိတ်ဝင်စားဖွယ် ဖတ်ရှုရမှာပါ။
    ဆရာမငွေတီဦးရဲ့ ဘဝနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေဖြစ်တဲ့ လုံခြုံရာကို ဖတ်ရှုရင်း စာဖတ်သူတို့လည်း ဘဝရဲ့ လုံခြုံရာ အစစ်အမှန်ကို ရှာတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။

    Ks 7,000
  • မှောင်ရိပ်ကလိပ်ပြာ (မဂ္ဂဇင်းဝတ္ထုတိုများ)

    “ဖွေရှာမောရသူမယ်” ၊ ” တစ်ဘဝဒဏ်ရာ ” နှင့် မကြာသေးခင်က ထွက်ရှိခဲ့တဲ့ ” ခိုတွယ်ရာ ” လုံးချင်းဝတ္ထရှည်တွေရဲ့ ဖန်တီးသူပဲ့ကိုင်ရှင် ဆရာမဆေးဆေရဲ့ ဝတ္ထုတိုပေါင်းချုပ်စာအုပ်အသစ်ထွက်ရှိလာပါပြီ။ ဆရာမဟာ ဝတ္ထုတိုရေးသူသက်သက်အဖြစ် စာပေလောကထဲသို့ဝင်ရောက်လာပြီး လုံးချင်းဝတ္ထုရှည် (၃) အုပ်ထွက်ပြီးမှ ယခုဝတ္ထတိုပေါင်းချုပ်စာအုပ်ကို စာဖတ်သူတွေလက်ထဲ အရောက်ပို့လိုက်တာဖြစ်ပါတယ်။

    ဖြတ်သန်းရာ ခေတ်ကာလကို အပြည့်အဝ ထင်ဟပ်ဖော်ကျူးသော ဆရာမဝတ္ထုများတွင် ဝတ္ထုအခင်းအကျင်းမှတဆင့် ထပ်ဆင့်မြင်ရသော ပုံရိပ်များ၊ အဖြစ်အပျက်များကို ခံစားရယူနိုင်ခြင်းက အရသာတစ်မျိုးပင်။ ဒါသည်ပင် ဆရာမဆေးဆေ၏ ထူးခြားမှုဟု ဆိုချင်ပါတယ်။ အရောင်၊ အလင်း ညီသည့် ပန်းချီကားတစ်ချပ်ပမာ အကြောင်းအရာအားကောင်းသော ဝတ္ထုတိုများတွင် စ/လယ်/ဆုံး ဝါကျဖွဲ့လှသည့် ဆရာမ၏ စာအရေးအသားနှင့် တင်ဆက်မှုအနုပညာကို ကျေနပ်နှစ်သိမ့်ကြမယ် ထင်ပါတယ်။

    ယခုစာအုပ်တွင် ၂၀၀၉ ခုနှစ်မှစပြီး ၂၀၂၀ ပြည့်နှစ်အထိ (၁၁) နှစ်တာကာလအတွင်း ရေးသားခဲ့တဲ့ ဝတ္ထုတိုလေးတွေပါဝင်ပါတယ်။ ဝတ္ထုတိုချစ်သူပီပီ ဆရာမရဲ့ ကိုယ်တိုင်ရေးဝတ္ထုတိုလေးတွေဟာ အရသာတစ်ခု၊ ဟန်တစ်မျိုးထူးခြားနေပြန်ပါတယ်။

    ” ကျွန်မ၏ ဝတ္ထုတိုများကို ပြန်ဖတ်မိတိုင်း ရေးဖွဲ့ချိန်က စိတ်လိပ်ပြာ ဖြတ်သန်းမှုရောင်စဉ်အောက် ကျွန်မစိတ်တို့ တဝဲလည်လည် ရောက်ရတတ်မြဲ။ သို့အတွက် ယခုစာအုပ်အမည်ကို မှောင်ရိပ်ကလိပ်ပြာ မဂ္ဂဇင်းဝတ္ထုတိုများ ဟု ပေးဖြစ်ပါသည်လို့ ” ဆိုထားပါတယ်။ ရွှေအမြုတေမဂ္ဂဇင်းမှ ဝတ္ထုတို(၁၆) ပုဒ်၊ အခြားများမှ (၂) ပုဒ် စုစုပေါင်း ဝတ္ထုတို (၁၈) ပုဒ်ကို ဆရာမြင့်မောင်ကျော်ရဲ့ အတွင်းသရုပ်ဖော်ပန်းချီများကိုကြည့်ရှုခံစားရင်း ဖတ်ရှုရမှာပဲဖြစ်ပါတယ်။”

    Ks 4,000
  • ဒါ့ကြောင့် … ငါ မရှိ

    ဘဝဟာ ရုပ်ရှင်မဆန်ဘူး၊ တကယ်ရှပ်ထွေး လာပြီဆိုရင်လည်း ဘယ်ရုပ်ရှင်ကမှ လိုက်မမီဘူး …

    “လူသားရဲ့ပြဿနာက နာကျင်ရခြင်းသက်သက် မဟုတ်ဘူး ၊ သို့ပေမဲ့လည်း ဘာကြောင့် ‘ငါ နာကျင်နေရသလဲ’ ဆိုတာကို အော်ညည်းနေတဲ့ မေးခွန်းအတွက် အဖြေက မရှိဘူး ။ ကိုယ်တိုင် မဟုတ်တဲ့ နာကျင်ခြင်းရဲ့ အဓိပ္ပါယ်မဲ့မှုဟာ ယခုအချိန်ထိ လူသားတို့အပေါ် ကျရောက်နေတဲ့ ကျိန်စာတစ်ခုပဲ ”
    ဖရက်ဒရစ်နစ်ရှေး (မိုးသက်ဟန် အမှာစာ မှ)

    နာကျင်ရခြင်း၊ အထီးကျန်ဖြစ်မှု၊ အနီးကပ်ဆုံးမှာရှိနေတဲ့ လူသားတွေရဲ့ သစ္စာပျက်ယွင်းမှုတွေကို ရင်ဆိုင်နေရတဲ့ လူငယ်တစ်ယောက်။ သူ့ရဲ့ထွက်ပေါက်ကတော့ တိရစ္ဆာန် အသေကောင်တွေနဲ့ လူတွေ သေဆုံးမှုတွေကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ပြီး ပြန်လည်ကြည့်ရှု ခံစားနေတာပဲ ။

    သူ့အတွက် ဘဝဆိုတာ ကျော်ဟိန်း သီချင်းထဲကလို ဝင်လာပြီး ပြန်ထွက်သွားရတဲ့ အခန်းတစ်ခန်းလိုပဲ။ မိဘမေတ္တာ၊ ချစ်ရသူ၊ သူငယ်ချင်း ဘာဆို ဘာမှမရှိတဲ့အခန်းတစ်ခုလို ဘဝကို ပိုင်ဆိုင်ထားသူ တစ်ယောက်ထက်မပို။

    အထီးကျန် ငှက်ကလေးတစ်ကောင်လို နာကျင်မှုတွေ များလာရတဲ့အခါ အမုန်းတရားတွေပဲ စိမ့်ဝင်လာ သလို သူ့ရင်ထဲကိုလည်း အမုန်းတရားတွေပဲ စိမ့်ဝင်လာတယ်လေ။

    “ကိုယ့်သွေးသားကြောင့် ဖြစ်တည်လာရတဲ့ကလေးတစ်ယောက်ကို မိဘဆိုတဲ့ လူတွေဟာ ဘယ်လောက်ထိ မျက်ကွယ်ပြုနိုင်ကြသလဲ။ ကျွန်တော်ကတော့ မကျလာတဲ့ မိုးရေစက်တွေလို မိဘရဲ့ မေတ္တာမိုးတွေကို မမျှော်ချင်တော့ဘူး ” လို့ ဆိုတဲ့ မင်းသက် ။

    သူ က အဘလို့ ခေါ်ရတဲ့ ၊ စစ်မှုထမ်းအရာရှိဘဝကနေ အရပ်ဘက် ကုမ္ပဏီတစ်ခုမှာ ရာထူးကြီးကြီးနဲ့
    စီးပွားရေးလုပ်နေတဲ့ အဖေအရင်းရယ်၊ တစ်နေကုန်တစ်နေခန်း ဈေးဆိုင်မှာပဲ စီးပွားရှာနေတဲ့ အမေရယ်နဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့ မင်းသက် ဘဝဟာ မိဘရဲ့မေတ္တာကို မခံစားခဲ့ရဘူး။ ကျောင်းမှာဆိုလည်း သူ့အတွက် ရင်းနှီးတဲ့သူငယ်ချင်း တစ်ယောက်ဆိုတစ်ယောက်မှ မရှိပြန်ဘူး။ ‌ဖြေသာတာတစ်ခုက သူ့ကို သိပ်ချစ်တဲ့ အဘွားတစ်ယောက်တော့ ရှိတယ်။ ဒါပေမဲ့ ဘဝတစ်ခုလုံး ဖြတ်သန်းဖို့အတွက်ဆိုရင် အဘွားရဲ့ မေတ္တာနဲ့တင် မလုံလောက်တော့ဘူးလေ။

    သူ့ဘဝ တစ်လျှောက်ဟာ ဘယ်ထဲမှာမှ ဝင်ပါခွင့်မရတဲ့သူ တစ်ယောက်လို၊ ပါခွင့်ရခဲ့ရင်လည်း အ‌ေရးမပါတဲ့ ထမင်းသိုး ဟင်းသိုးလို ဘဝ။ ထမင်းသိုးဟင်းသိုးတွေရဲ့ စိတ်ထဲမှာ ကမ္ဘာကြီးကို ပုံစံတစ်မျိုးနဲ့ မြင်သွားအောင် ဘယ်သူတွေ ဝိုင်းလုပ်ကြသလဲ ။

    နေရဲ့အခြားဘက်ခြမ်းကို ရောက်ရှိနေတဲ့ ကမ္ဘာတစ်ခြမ်းဟာ အမြဲ မှောင်နေသလိုမျိုး စိတ်အမှောင်ခြမ်းတွေ ဟာလည်း လူတိုင်းရဲ့ ဦးနှောက် အတွင်းပိုင်းတွေ ဆီမှာ ပုန်းကွယ် နေနိုင်ပါတယ်။ အဲဒီ အမှောင်ခြမ်းတွေဘက် ရောက်နေတဲ့ ခံစားမှုတွေ၊ အမှောင်ထဲကို နက်သထက် နက်အောင် တိုးဝင်ခဲ့ပုံ‌ေတွကို မင်းသက် ဆိုတဲ့ လူငယ်လေးတစ်ယောက်က ဘယ်လို ဖွင့်ဆိုပြမလဲ နားထောင်ကြည့်ကြရအောင်လားဗျာ ။

    Ks 4,000
  • ချက်ကော့ဝတ္ထုတိုပေါင်းချုပ်

    Google မှာ Top 10 Short Story Authors လို့ ရှာလိုက်မယ်ဆိုရင် နံပါတ် (၁) မှာ ပေါ်လာသူက Anton Chekhov (အင်တွန်ချက်ကော့) ပါ။ ဝတ္ထုတိုမှာ ဘာကြောင့် ချက်ကော့ကို ဖတ်ရှုသင့်သလဲဆိုတော့ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်၊ ချမ်းသာ၊ ဆင်းရဲမရွေး လူမျိုးစုံရဲ့ ဘဝတွေကြားက ဇာတ်လမ်းစုံကို ဒိဌဓမ္မလောကနဲ့ နီးစပ်စွာ သရုပ်ဖော်နိုင်လို့ဖြစ်ပါတယ်။

    ချက်ကော့က ငယ်စဉ်ကတည်းကပင် ပုံတိုပတ်စ အပြောကောင်းသူတစ်ဦးဖြစ်ပြီး နားထောင်တဲ့ သူငယ်ချင်းတွေဟာ အူတတ်မတတ် ရယ်မောကြတယ်လို့ ဆိုတယ်။ ချက်ကော့ရဲ့ မိသားစုဟာ ဆင်းရဲလေတော့ ဝင်ငွေရဖို့ မဂ္ဂဇင်း၊ ဂျာနယ်တွေကို ဝတ္ထုတိုစာမူတွေပို့ရင်း နာမည်ကျော်ကြားလာပါတယ်။ ဆေးကျောင်းတက်ရင်း၊ ဆရာဝန်လုပ်ရင်း ဒေသစုံက လူပေါင်းစုံရဲ့ အဖြစ်သနစ်တွေကို သိရှိခွင့်ရခဲ့ပြီး ၎င်းတို့ရဲ့ အဖြစ်အပျက်တွေက ဝတ္ထုတိုတွေ များစွာရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကုန်ကြမ်းတွေဖြစ်လာခဲ့တယ်။ နိမ့်၊ မြင့်၊ တက်၊ ကျ လူတန်းစားအလွှာ အမျိုးမျိုးရဲ့ ပင်ကိုယ်စရိုက်၊ အလင်းအမှောင် စိတ်သဘောထား၊ လောဘ မောဟ၊ ဒုက္ခ သုခ တို့ကို အရှိအတိုင်း တွေ့မြင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ ချက်ကော့ရဲ့ ဝတ္ထုတိုတွေမှာ တစ်နေ့ကို ၁၂ နာရီလောက် အလုပ်လုပ်ရပြီး မငတ်ရုံတမယ် စားကြသောက်ကြရရှာသူ စက်ရုံအလုပ်သမားတွေရဲ့ အကြောင်းကနေ စက်ရုံတွေ တစ်ရုံပြီးတစ်ရုံတည်၊ အိမ်တွေ တစ်လုံးပြီးတစ်လုံး ဆောက်တဲ့ သူကြွယ်တွေအကြောင်း၊ လောဘကလွဲပြီး အကြင်နာ မေတ္တာ ဘာမှမရှိတဲ့ ကုန်သည်လူတန်းစားအကြောင်း၊ လူအများရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အမျိုးမျိုးဒုက္ခပေးတဲ့ အရာရှိ ကြီး ငယ်တို့အကြောင်း၊ လယ်လုပ်သား မြေလုပ်သားတွေကို အကြင်နာတရားမရှိဘဲ တာဝန်မဲ့တဲ့ လယ်ရှင် မြေရှင်တို့အကြောင်း၊ ပင်ပန်းကြီးစွာ အလုပ်လုပ်ရပေမယ့် အရက်ကျွန်ဖြစ်ပြီး အသိဉာဏ်ကင်းမဲ့၊ အပျင်းထူနေလို့ ဆင်းရဲတွင်းကနေ ရုန်းမထွက်နိုင်သူ လယ်သမားတို့အကြောင်း စသည် စသည် တို့ကို ဘက်လိုက်မှု ကင်းစွာ အမြင်အတိုင်း တင်ပြထားတဲ့အတွက် ခေတ်ပြိုင် ရုရှားစာရေးဆရာတို့ရဲ့ မကျေနပ်မှုများကိုပင် ခံခဲ့ရတယ်။

    ဝတ္ထုတိုတစ်ပုဒ်မှာ အပိုစကားလုံးတွေ မပါသင့်ဘူးဆိုတာနဲ့ ပတ်သက်ပြီး “ဝတ္ထုနဲ့ မသက်ဆိုင်တာ၊ အဆက်အစပ်မရှိတဲ့ စကားတွေကို မညှာတာဘဲ ဖြတ်တောက်ပစ်ရမယ်၊ ဝတ္ထုရဲ့ အခန်းတစ်မှာ နံရံပေါ်တွင် သေနတ်တစ်လက်ချိတ်ဆွဲထားသည်လို့ ဖော်ပြခဲ့ရင် နောက်အခန်းတွေမှာ အဲ့ဒီသေနတ်ဟာ ပစ်ကို ပစ်ရမယ်၊ မပစ်ဘဲ မနေရ” လို့ ပြောခဲ့ပြီး ၎င်းအဆိုအမိန့်ဟာ ခေတ်အဆက်ဆက် စာရေးဆရာတို့အပေါ် လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ချက်ကော့ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၄ နှစ်ပဲ ရှိသေးပြီး စာရေးသက် ၁၆ နှစ်မှာ ဝတ္ထုတို ၂၀၁ ပုဒ်ရေးခဲ့တယ်လို့ သိရပါတယ်။ ဒီစာအုပ်မှာ ၎င်းဝတ္ထုတွေထဲက ဆရာကျော်အောင်ရဲ့ ဘာသာပြန် စိတ်ကြိုက်ဝတ္ထုတို (၂၉) ပုဒ်ကို စုစည်းထားပါတယ်။ တတိယအကြိမ် ထုတ်ဝေမယ့် ဒီစာအုပ် ‘ကျော်အောင် – ချက်ကော့ ဝတ္ထုတိုပေါင်းချုပ်’ မှာ ဆရာကျော်အောင်ရဲ့ ပုံနှိပ်စာအုပ်အဖြစ် မထုတ်ဝေခဲ့တဲ့ ချက်ကော့ ဘာသာပြန် လေးပုဒ်ကိုပါ ထပ်မံထည့်သွင်းထားတာဖြစ်ပြီး အရင် ထွက်ခဲ့ဖူးတဲ့ အကြိမ်တွေထက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားပါတယ်။

    ဒါတွေက ချက်ကော့ မိတ်ဆက်ပဲဖြစ်ပြီး ဝတ္ထုတိုနဲ့ ပတ်သက်ရင် ကမ္ဘာ့နံပါတ် (၁) နေရာမှာ ထားပြီး ဖတ်ရှုသင့်တယ်လို့ အဆိုရှိတဲ့ ချက်ကော့ ဝတ္ထုတိုများကို ဖတ်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဖတ်ရှုပြီးတဲ့အခါ ဘာကြောင့် နံပါတ် (၁) ကို ရရှိထားလဲ ဆိုတာ စာဖတ်သူတို့ သိရှိသွားမယ်လို့ ယုံကြည်ပါတယ်။

    Ks 5,000
  • ရွက်ခြောက်

    လမ်းပေါ်က လေလွင့်လူငယ်လေးတွေကို လူတိုင်းနီးပါး မြင်ဖူးကြမှာပါ။ ဒီနိုင်ငံရဲ့ စီးပွားရေးအခြေအနေအရ မြို့အများစုက လေလွင့်လူငယ်တို့ရဲ့ ပြောဟန်ဆိုဟန်၊ လှုပ်ရှားသွားလာဟန်၊ စတာတွေကို မကြာခဏ ဆိုသလို မြင်ဖူးကြမှာပါ။ လူတို့ မြင်ကြတာ သူတို့ရဲ့ ပြင်ပပုဂ္ဂလိကဟန်တွေ ဆိုရင် မမှားပါဘူး။ တကယ်တော့ လေလွင့်လူငယ်လေးတွေဟာလည်း လူသားတွေထဲက လူသားတွေပဲမို့ သူတို့မှာ ခံစားချက်တွေ၊ လောဘဒေါသ၊ လိုအင်ဆန္ဒ စတဲ့ အဇ္ဈတ္တတွေ ရှိကြပါတယ်။

    ချစ်ခိုင်စံ ရဲ့ ဝတ္ထုရှည် ရွက်ခြောက်ကို ဖတ်ကြည့်မယ်ဆို စာရှုသူဟာ မြို့ကလေးတစ်မြို့က လေလွင့်လူငယ်လေးတွေရဲ့ ရင်ဘတ်တွေကို ဆွဲဖွင့်ကြည့်မိစေပါမယ်။ လေလွင့်လူငယ်ဆိုရာမှာ မျိုးရိုးအရ မိသားစုလိုက် တောင်းစားကြတာရှိသလို ငယ်စဉ်ကပင် ကလေးခိုးဂိုဏ်လက်ချက်မိပြီး / ရောင်းစားခံရပြီး လေလွင့်လူငယ်ဖြစ်လာသူရယ်လို့ ရှိကြရာ ချစ်ခိုင်စံရဲ့ ရွက်ခြောက်မှာ ဖတ်ရှုရမှာက ဒုတိယအမျိုးအစားပါ။ မြို့လေးက လူဆိုးဂိုဏ်းပုံစံဖွဲ့စည်းထားတဲ့ “ဖာ၊ဖဲ၊ဖိုး” ဇိုးတွေရဲ့ လက်အောက်ကို တစ်နည်းမဟုတ် တစ်နည်းရောက်လာတဲ့ ကောင်လေး၊ ကောင်မလေးတွေ ဖြစ်တဲ့ ပိန်သေး၊ စိန်ကုလား၊ ဝဲထူ၊ ပေကလုံး၊ ပုံဆိုးမ၊ နှပ်ရှုံ့မ တို့ဟာ မနက်ဆို သူတို့ရဲ့ နေရပ်ဖြစ်တဲ့ တံတားကြီးအောက်ကနေ မြို့အနှံ့ကို အသီးသီး ထွက်ပြီး လှည့်ပတ်တောင်းစားကြတယ်။ တောင်းလို့ ငွေအရများရင် သူတို့ကို ထိန်းသိမ်းထားတဲ့ စိန်ကြီးတို့ရဲ့ လက်သီး၊ခြေထောက်ဒဏ်တွေက လွတ်မြောက်ပါတယ်။ နည်းရင်တော့ ပိုးစိုးပက်စက်ဆဲခံရရုံမက ပုံစံမျိုးစုံ ဗျင်းခံရပါတယ်။ တောင်းရတာ ငွေများများရရ နည်းနည်းရရ ပိန်သေးတို့အုပ်စုရဲ့ ဆုလာဘ်က ကော်ရှူရတာပါ။ အစားကောင်းကောင်းကျွေးစရာမလိုဘဲ သူတောင်းစားလေးတွေကို ကော်ရှူခိုင်းပြီး စိန်ကြီးတို့လို “ဖာ၊ဖဲ၊ဖိုး” ဇိုးတွေရဲ့ အလိုတွေ လိုက်စေတာ မဆန်းတဲ့ နည်းတွေပါပဲ။

    သာမန်လူတို့အဖို့ အချိန်တွေကြာလာရင် .. အသက်ကြီးလာရင် ဘဝရဲ့ တိုးတက်ရာတိုးတက်ကြောင်းအတွက် သင်တန်းတွေတက်၊ အလုပ်တွေလုပ်ကြပေမယ့် လေလွင့်လူငယ်လေးတွေရဲ့ ဘဝမှာ ငယ်စဉ်အခါ နေ့တွေ ရက်တွေကနေ လတွေ နှစ်တွေ ကြာလာတော့ ကောင်လေးတွေက သူခိုး၊ ခါးပိုက်နှိုက်၊ အလစ်သုတ်၊ ပြည့်တန်ဆာပွဲစား စသဖြင့် ဖြစ်လာပြီး ကောင်မလေးတွေက အရွယ်ရောက်တော့ ပြည့်တန်ဆာ ဖြစ်ကြရပါတယ်။ သစ်ပင်တစ်ပင်က သစ်ရွက်တွေ ကြွေပြီး သစ်ရွက်တစ်ရွက် ရွက်ခြောက်ဖြစ်လာတဲ့အခါ အသုံးသိပ်မတည့်တော့သလို လူ့လောကမှာ လေလွင့်လူငယ်လာဖြစ်တဲ့ ပိန်သေးတို့ဟာ လူတွေကြားမှာ ရွက်ခြောက်သာသာ။ သူတို့ရဲ့ အနာဂတ်နေ့ရက်တွေက အလင်းရောင်မဲ့။ မျှော်လင့်ချက်နတ္ထိဆိုပေမယ့် ကံကြမ္မာရဲ့ ဇာတ်ရုပ်ရေးမှုမှာ ပိန်သေးတစ်ယောက် ဘာဖြစ်လာမလဲ။ စိန်ကုလားကကော သူလွတ်မြောက်ချင်တဲ့ လေလွင့်လူငယ် ဘဝက အမြန်ဆုံးလွတ်မြောက်ခဲ့လား။ ဝဲထူနဲ့ ပေကလုံးက ဘာဖြစ်လာမှာလဲ။ ကောင်မလေးတွေဖြစ်တဲ့ ပုံဆိုးမနဲ့ နှပ်ရှုံ့မတို့ကော ဘာတွေဖြစ်ခဲ့မလဲ။ စာရေးဆရာ ချစ်ခိုင်စံက ရွက်ခြောက်ကို တစ်ခါဖတ်ပြီးတာနဲ့ မမေ့နိုင်မယ့် ဘဝသရုပ်ဖော် ဝတ္ထုကောင်းတစ်ပုဒ်အဖြစ် ပုံဖော်ရေးသားထားတာကို စာရှုသူ ရင်တမမနဲ့ ဖတ်ရှုရမှာပါ။

    Ks 4,500
  • ပြုံးရွှင်သည် ငိုတတ်သည်

    ပြုံးပျော်ရွှင်နေတဲ့သူတွေ တကယ် ပျော်ကြရဲ့လား။

    အထူးသဖြင့် ပရိသတ်ကို ပြုံးပျော်စေဖို့ ဟာသတွေ တရစပ်ထုတ် ၊ ပရိသတ် တဝေါဝေါနဲ့ ပွကျနေချိန် အဲဒီ ဟာသထုတ်နေတဲ့ လူရွှင်တော် ရင်ထဲမှာ တကယ် ပျော်နေပါသလား ။

    ဒါမှမဟုတ် ပြုံးနေတဲ့ မျက်နှာအောက်က ရင်ဘတ်ထဲမှာ မီးစကြီး မြိုထားရသလိုပဲ ခံစားနေရသလား ။
    သူတစ်ပါးကို အားနာတတ်ပြီး ရိုးသားတဲ့ လူရွှင်တော် ပြုံးရွှင်ရဲ့ ဘဝက လူကောင်းမှန်ပေမဲ့ အကျိုးပေး မကောင်းဘူးလို့ ဆိုရမယ် ထင်ပါရဲ့ ။ တစ်ကိုယ်ကောင်းဆန်တဲ့ ဇတ်ဆရာကြောင့် လေဖြတ်နေတဲ့ မိန်းမနဲ့ မွေးကင်းစ သမီးလေးကို ကျောပိုးပြီး ဇတ်သဘင်လောက ကနေ အနားယူလိုက်ရတဲ့ လူရွှင်တော် ပြုံးရွှင်ရဲ့ ဘဝဟာ ခါးသက်လွန်းခဲ့တယ် ။
    စင်ပေါ်ကနေ ပရိသတ်ကို ရယ်မော ပျော်ရွှင်စေနိုင်သူရဲ့ စင်နောက်က ဘဝဟာ အတော်ဆိုးပါလား နော်။
    ဆရာ အကြည်တော်ရေးတဲ့ ဝတ္ထုဆိုရင် ရယ်မောစရာလို့ပဲ မှတ်ယူထားသူတွေအတွက် ရင်ထဲမှာ နင့်ခနဲ ဖြစ်သွားစေနိုင်တဲ့ ဘဝသရုပ်ဖော် ဝတ္ထုကောင်းတစ်ပုဒ်ပါ။
    ဇတ်စင်ပေါ်က ဟာသ ပြက်လုံးတွေ တစ်လှေကြီး ပါပြီး ကြေကွဲရတဲ့ ဝတ္ထု တစ်ပုဒ် ။
    ကိုယ်တိုင်က ပူပင်သောက ဗရပွ ပေမဲ့ သူများကို ပျော်ရွှင်အောင် လုပ်နိုင်တဲ့ လူရွှင်တော် တွေရဲ့ ဘဝခါးခါး ကို စာနာစိတ်လေး ဝင်သွားစေနိုင်တဲ့ ဝတ္ထု တစ်ပုဒ် ဖြစ်ပါကြောင်း …

    Ks 4,000
  • ပီကာဆို၏ ပဉ္စလက်မီးအိမ်

    ဆရာမြသန်းတင့် လက်ရာ စုစည်းမှု ဖြစ်တဲ့ ” ပီကာဆို၏ပဉ္စလက်မီးအိမ် ” စာအုပ်ဟာ စာဖတ်သူတွေကို ဟင်းကောင်းကျွေးကောင်း များစွာနဲ့ ထမင်းတစ်နပ် စားလိုက်ရသလို ခံစားမိစေနိုင်ပါတယ်။

    ဘာဖြစ်လို့လဲဆိုတော့ ဆရာမြသန်းတင့် ရေးထားသမျှ ခရီးသွား ဆောင်းပါး ၊ အက်ဆေး၊ အင်တာဗျူး တွေနဲ့ ၊ အမှာစာတွေထဲကမှ ကောင်းနိုးရာရာ စာလေးတွေကို သီးသန့် စုစည်းထားတာ မို့ပါ။

    “ပီကာဆို၏ပဉ္စလက်မီးအိမ် ၊ နှစ်သိန်းတန် ထမင်းပွဲနှင့် မိုးကောင်း ” ဆိုတဲ့ ခေါင်းစဉ်နဲ့ မိုးကောင်း စာပေဟောပြောပွဲကို ရထားနဲ့ ခရီးသွားခဲ့ရင်း သူကြုံတွေ့ခဲ့ရတာကို ပရေးဗားရဲ့ ကဗျာတစ်ပုဒ်နဲ့ ထင်ဟပ် ရေးသားထားပါတယ်။

    စာဖတ် ပရိသတ် အကြိုက်ဆုံး အက်ဆေး တစ်ပုဒ်ကတော့ “တမာနုချိန်စစ်တမ်း ” ဖြစ်ပါတယ် ။

    အညာသား ဖြစ်တဲ့ ဆရာမြ ၊ သူ အညာကို လွမ်းတဲ့ အချိန်ဖြစ်တဲ့ တပို့တွဲ လဆန်း အချိန်ကို ဖွဲ့.နွဲ့ ထားတာများ လက်ဖျားခါလောက်ပါတယ်။ နမူနာ နည်းနည်း ဖတ်ကြည့်ပါဦး ။

    “ထို အချိန်သည်
    နွေနတ်သမီးက မြူဇာပဝါပါးကို နေလှန်းချိန် …
    ကျေးငှက် ကိုယ်စားလှယ် အဆင့်ဆင့်တို့၏ နှစ်ပတ်လည် ကွန်ဖရင့် …..
    ဂီတမိခင် က ဥသြငှက်ကို ဒိုရေမီဖာ စ၍ သင်ပေးခါစ ။
    ဆက်ရက်က ထန်းရည်မူးပြီး ပေါက်ပင်ပေါ်တွင် ကျူးကျော်တဲ ဆောက်နေဆဲ ။
    …………………

    သဇင်ကြွင်းက ဖန်ခွက်ထဲမှ နောက်ဆုံးနှင်းစက် ကို အငမ်းမရ မော့နေဆဲ ။
    ကျေးဖိုက ကျေးမ၏ မီးနေခန်းနားတွင် တရစ်သီသီ ။
    …………………………..

    ကောက်လှိုင်းစည်းက သူ့စင်ပေါ် တက်ခွေပြီး
    သူ့တလင်းကို လွမ်းလွမ်းဆွေးဆွေး ကြည့်လျက်
    …………………………..

    တမာပင်က ဝတ်လစ်စလစ် ချွတ်ချလိုက်ပြီး
    မလုံ့တလုံ ရွက်နုကို ခြုံနေဆဲ ။

    “နောက်ပြီး အိမ်ပြန်ရောက်လာတဲ့ သူ့ကို အမေက အမဲခြောက်ကို ခရမ်းချဉ်သီး နိုင်နိုင် ၊ ငြုတ်သီးတွေနဲ့ ချဉ်စပ်ဟင်း ချက်ကြွေးတဲ့ အကြောင်း ၊ သူ ခပ်ငယ်ငယ် ကျောင်းနေတုန်း မြို့အဝင် လမ်းဘေး တစ်ဖက်တစ်ချက် မှာ ပေါက်နေတဲ့ တမာပင်တွေ ဘယ်မှာဆုံးမလဲ ဆိုတာ သိချင်လို့ အိမ်က ထွက်ပြေးလာပြီး သူငယ်ချင်း နဲ့ လျှောက်ကြည့်တဲ့ အကြောင်း ၊ ဖတ်ရင်းနဲ့မရောက်ဘူးတဲ့ “မြိုင် ” မြို့ကို လွမ်းမိစေပါတယ် ။

    “မုန်တိုင်းထဲကလူ ”
    “ဇော်ဂျီ ၊ ကျွန်တော်နှင့် သီရိပစ္စယာအလွမ်း _၁ ” “_၂” နဲ့
    “လက်ဖက်ရည်ဆိုင် ထဲမှာ ဖြတ်သန်းစီးဆင်း သွားသော ရေအလျင် ” လေးပုဒ် က ဗန်းမောင်တင်အောင် ၊ ဇော်ဂျီ နဲ့ ခေတ်ဟောင်း စာရေးဆရာ တွေရဲ့ တစ်ပိုင်းတစ ရုပ်ပုံလွှာ အဖွဲ့ ဖြစ်ပါတယ်။

    ” အင်ဒရေဂျိ ၏ လိပ်ပြာတစ်ကောင် ” က စန်းဦးရေးတဲ့ “မိုးရာသီဆက်တင် ” ကဗျာစာအုပ် အမှာစာ ။ ဂျိုဇော် ရေးတဲ့ “နာရီ ထဲက တံလျှပ်များ ဝတ္ထုတိုစု” စာအုပ် အမှာစာ။ ချယ်ရီ မဂ္ဂဇင်း က မေးတဲ့အင်တာဗျူးက တစ်ပုဒ် ။

    အဲဒီ အင်တာဗျူး ထဲမှာ “စစ်နဲ့ငြိမ်းချမ်းရေး ” ဝတ္ထု ဘာသာပြန် ဖြစ်ခဲ့ပုံ အကြောင်းပါတယ်။ ဆရာမြသန်းတင့် နောက်ဆုံးရေးခဲ့တဲ့ ဆောင်းပါးလို့ ယူဆလို့ရတဲ့ တစ်ပိုဒ်က တော့ ၊ ချားလ်ဒစ်ကင်း ဝတ္ထု ထဲက ကောင်လေး ဒေးဗစ်ကောပါးဖီးလ်အကြောင်းကို အခြေခံပြီး ရေးတဲ့ “ကျောင်းဆိုး နဲ့ ကျောင်းကောင်း ” ဆောင်းပါး။

    ပုံစံ မတူညီတဲ့ စာတွေ တစ်စုတည်း ဖတ်လိုက်ရတာ အစုံသုပ် ကောင်းကောင်း တစ်ပွဲ စားလိုက်ရတာထက်ကို ပိုပါတယ် ။ဆရာမြသန်းတင့် ရဲ့ ဘာသာပြန် စာအုပ်တွေကို နှစ်သက်ခဲ့လို့ရှိရင် ဆရာ့ရဲ့ ပင်ကိုယ်ရေး ဆောင်းပါးတွေ ၊ အက်ဆေးလေးတွေကိုလည်း ခံစား မြည်းစမ်း ကြည့်ပါဦး ခင်ဗျာ။

    Ks 5,000
  • ဗီလိန်

    ကြည်လင်အေးက အောင်မြင်ကျော်ကြားနေပြီဖြစ်တဲ့ best seller စာရေးဆရာလေး။ လုံးချင်းစာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ်ထွက်ရှိလာခဲ့ပြီး စာဖတ်ပရိသတ်တွေလဲ အခိုင်အမာ ရရှိနေပြီဖြစ်သူ။
    သူ့ရဲ့ ခုနစ်အုပ်မြောက် လုံးချင်းဝတ္ထုက သက် ငယ် မုဒိန်းမှုတစ်ခုကို အခြေခံပြီး ရေးဖွဲ့ထားတယ်။ သက် ငယ် မုဒိန်းကို အခြေခံထားတယ်ဆိုသော်ငြား ပုံမှန်ဇာတ်လမ်းတွေလို မဟုတ်ဘဲ နစ်နာသူတွေဘက်က ထိုက်တန်တဲ့ တရားမျှတမှုကို မရတဲ့အခါ ကျူးလွန်သူတွေကို သူတို့နည်းသူတို့ဟန်နဲ့ ပြစ်ဒဏ်စီရင်တဲ့ အကြောင်းကို ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်။
    အဲ့ဒီ ခုနစ်အုပ်မြောက် စာအုပ် ထုတ်ဝေခြင်း အမှတ်တရ လက်မှတ်ရေးထိုးပွဲကနေ အပြုံးလေးတစ်ခုကို အစပြုပြီး စာရေးဆရာကြည်လင်အေးနဲ့ စာဖတ်ပရိသတ်တစ်ဦးဖြစ်တဲ့ နှင်းစံပယ်တို့ ဆုံဆည်းခဲ့တယ်။
    စာအုပ်ထွက်ရှိပြီး ကာလတစ်ခုရောက်တော့ စာရေးဆရာ ကြည်လင်အေး အိမ်မှာ နေရင်းထိုင်ရင်း ရဲတွေလာဖမ်းတာ ခံရပါလေရော … ။
    အဖမ်းခံရတဲ့အကြောင်းက ရပ်ကွက်တစ်ခုမှာ သန်းဌေး အမည်နဲ့ လူတစ်ယောက် လုပ်ကြံခံရတယ်။ သန်းဌေး လုပ်ကြံခံရတာက ထူးသလို ဆန်းလဲ ဆန်းပြားတယ်။ ပြီးတော့ ရင်ဘတ်မှာ တက်တူးနဲ့ ‘မု ဒိန်း ကောင်’ ဆိုတာကို အရေးခံထားရသေးတယ်။ သန်းဌေး ကိစ္စမှာ ကြည်လင်အေး အဖမ်းခံရတာက စာရေးဆရာရဲ့ နောက်ဆုံး ထွက်ထားတဲ့ စာအုပ်ထဲက လုပ်ကြံနည်းအတိုင်း သန်းဌေး ကြုံခဲ့ရလို့ပဲ ဖြစ်တယ်။ တိုက်ဆိုင်တာက သေဆုံးသူ သန်းဌေးဟာ ကြည်လင်အေးရဲ့ ချစ်စခင်စ ချစ်သူလေး နှင်းစံပယ်ရဲ့ အစ်ကိုဝမ်းကွဲဖြစ်နေတာ။
    ပြဿနာတွေဟာ ကြည်လင်အေး အချုပ်ကျသွားရုံနဲ့ ပြီးမသွားဘူး။ သံသယမှုနဲ့ ကြည်လင်အေး အချုပ်ကျနေစဉ်အတွင်း လုပ်ကြံမှု ၂ မှု ထပ်ထပ်ဖြစ်တယ်။ ထပ်လုပ်ကြံခံရတဲ့သူတွေဟာ သန်းဌေးလိုပဲ စိတ်ကြိုက်စီရင်မှု ခံရတယ်။ ရင်ဘတ်မှာလဲ ‘မု ဒိန်း ကောင်’ ဆိုတာ တက်တူးနဲ့ ရေးခံခဲ့ရတယ်။ ပြီးတော့ သန်းဌေးနောက်မှာ လုပ်ကြံခံရတဲ့သူ နှစ်ယောက်ကလဲ နှင်းစံပယ်ရဲ့ အစ်ကိုဝမ်းကွဲတွေပဲ။
    သက် ငယ် မုဒိန်းမှုကို စာရေးဆရာက ရေးသားပုံဖော်တဲ့ ဇာတ်လမ်းတစ်ပုဒ်။
    အဲ့ဒီဇာတ်လမ်းထဲက စီရင်ပုံအတိုင်း လိုက်လံပြီး မုဒိန်းကောင်တွေကို စီရင်သူ လူတစ်ယောက်။
    ဇာတ်လမ်းရေးသူ ကြည်လင်အေးရဲ့ ချစ်သူက မုဒိန်းကောင်တွေလို့ သတ်မှတ်ခံရသူတွေနဲ့ ဆွေမျိုးတော်စပ်သူ။
    ချစ်ခိုင်စံ ရဲ့ ဗီလိန် ဟာ စဖတ်လိုက်တာနဲ့ ဇာတ်သိမ်းအထိ ရင်တမမ ဖြစ်နေရမဲ့ လျှို့ဝှက်သည်းဖို ချောက်ချားဖွယ် ဇာတ်လမ်းတစ်ပုဒ်။
    စာချစ်သူတို့ကို အကြုံပြုလိုတာက လုပ်စရာရှိတဲ့ အလုပ်တွေ မပျက်ချင်ရင် ချစ်ခိုင်စံ ရဲ့ ဗီလိန် ကို ဘယ်လိုမှ အစပြုပြီး သွားမဖတ်လိုက်ပါနဲ့။ စ ဖတ်လိုက်တာနဲ့ အကုန်လုံးကို မေ့ပြီး အဆုံးထိ ဆွဲခေါ်သွားမှာမို့ အစ အဆုံး ဖတ်ဖို့ အေးဆေး အချိန်ရှိတယ် ဆိုမှသာ ဖတ်ရှုပါလို့ အကြံပြုလိုက်ပါတယ်ခင်ဗျာ။
    Ks 5,000

Main Menu