• စီးပွားရေးသင်ခန်းစာတွေ

    လူသားတိုင်း၊ အဖွဲ့အစည်းတိုင်း ဘဝမှာ မလွဲမသွေ ကြုံတွေ့ရမှာက ဆုံးဖြတ်ချက်တွေပါ။ ရှောင်လို့ မရမှာက ဆုံးဖြတ်ချက်တွေ ချဖို့ပါ။ ဆုံးဖြတ်ချက်တွေဟာ မှန်ကန် ကောင်းမွန်ခဲ့ရင် အောင်မြင်မှုဆီသွားမယ့် လမ်းပေါ်ရောက်နိုင်သလို လွဲမှား ချွတ်ချော်ခဲ့ရင်တော့ ကျရှုံး ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီအတွက် လုပ်ငန်းကြီးသည်ဖြစ်စေ၊ လုပ်ငန်းငယ်သည်ဖြစ်စေ၊ မည်သူမဆို မိမိတို့ရဲ့ လုပ်ငန်း အဖွဲ့အစည်းတွေမှာ ဆုံးဖြတ်ချက်တွေ ချဖို့ ဖြစ်လာရင် အလောတကြီး မဆုံးဖြတ်ဘဲ အသေအချာ အလေးအနက်ထား တွေးခေါ် စဉ်းစားပြီးမှ ဆောင်ရွက်ကြပါတယ်။ ဒီလို တွေးခေါ် စဉ်းစားတဲ့ အပိုင်းမှာ မိမိတို့ရဲ့ ရှေ့က လုပ်ငန်းကြီးတွေ အောင်မြင်မှု အကြီးကြီး ရအောင် ဘယ်လို ပြုမူခဲ့သလဲ၊ ဘာတွေ လုပ်ခဲ့လို့ အောင်မြင်မှု သရဖူကို အကြာကြီး ဆောင်းနိုင်ခဲ့သလဲ ဆိုတာ အစဉ်အမြဲ လေ့လာနေရပါမယ်။

    Verne Harnish ရေးသားတဲ့ The Greatest Business Decisions of All Time ကို ကိုနေ (Y.I.E) ဘာသာပြန်တဲ့ သမိုင်းထဲမှ အကောင်းဆုံး ဆုံးဖြတ်ချက်တွေပေးတဲ့ စီးပွားရေး သင်ခန်းစာတွေ စာအုပ်မှာ ကမ္ဘာပေါ်က အင်မတန် ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေဟာ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လိုအပ်လာတဲ့အခါ ဘာတွေကို ဘယ်လို ဆုံးဖြတ်ခဲ့လဲ ဆိုတဲ့အကြောင်းတွေ လေ့လာဖတ်ရှုရပါမယ်။

    ဒီ စာအုပ်ထဲမှာဆိုရင် ကမ္ဘာကျော်နည်းပညာကုမ္ပဏီကြီး Apple က သူတို့ဆီကထွက်ခွာသွားတဲ့ စတီဗ်ဂျော့ ကို လုပ်ငန်းခွင်ထဲ ပြန်လည် ခေါ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ လုပ်ဆောင်ချက်ကြောင့် ကုမ္ပဏီဟာ ကမ္ဘာမှာ ဘယ်လို တစ်ကျော့ပြန် အောင်မြင်မှုတွေ သိမ်းပိုက်နိုင်ခဲ့လဲ ဆိုတဲ့အကြောင်းကို စိတ်ဝင်စားဖွယ် ဖတ်ရှုရပါမယ်။ ဒါ့အပြင် ၎င်းကဲ့သို့ အခြားခြားသော ကမ္ဘာကျော်လုပ်ငန်းကြီးများ ဖြစ်တဲ့ Samsung , Toyota , Ford , IBM , Boeing Jet , TATA Steel အစရှိတဲ့ လုပ်ငန်းပေါင်း ၁၅ မျိုးတို့မှာ အခက်အခဲ အချို့ကို ဖြတ်သန်း ကြုံတွေ့ရစဉ် ချမှတ်ခဲ့ရတဲ့ ဆုံးဖြတ်ချက်တွေအကြောင်းကိုလည်း မှတ်သား နာယူ လိုက်နာဖွယ် ဖတ်ရှုရပါမယ်။

    အောင်မြင်မှု ရရှိချင်ရင် အောင်မြင်သူတွေ ဘယ်လို လုပ်ခဲ့လဲ၊ အောင်မြင်မှုတွေ ရအောင် ဘာတွေ ဆုံးဖြတ်ခဲ့လဲ ဆိုတာ သိကို သိနေရပါမယ်။ မိမိတို့ ရှေ့က စီးပွားရေး လုပ်ငန်းကြီးတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဘယ်လိုဆုံးဖြတ်ချက်တွေနဲ့ အောင်မြင်ခဲ့သလဲ သိရှိခွင့်ရတာဟာ သိပ်ကို တန်ဖိုး ကြီးမားလှပါတယ်။ Fortune Magazine Editor ဖြစ်သူ Verne Harnish ရဲ့ ကြိုးပမ်း ဆောင်ရွက်ချက်ကြောင့် ဒီလို တန်ဖိုးကြီးမားလှတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေအကြောင်းကို သိရှိခွင့် ရခဲ့ပါပြီ။ ဒီစာအုပ်မှာ ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ဆုံးဖြတ်ချက် သက်သက်ချည်းသာ ဖတ်ရှုရမှာ မဟုတ်ဘဲ လုပ်ငန်းတို့ရဲ့ သဘောသဘာဝ၊ ဖြတ်သန်းလည်ပတ်ပုံအချို့၊ ဘာအတွက် ဒီလို ဆုံးဖြတ်ချက်တွေ ချဖို့ ဖြစ်လာရလဲ၊ စတဲ့ အဖိုးတန် အချက်အလက်တွေကိုပါ လေ့လာဖတ်ရှုနိုင်မှာပါ။ ဒီအတွက် ကုမ္ပဏီများရဲ့ အုပ်ချုပ်မှု ဒါရိုက်တာများသာမက လုပ်ငန်းတစ်ခုလုံးက ရာထူးအဆင့်ဆင့် ရှိသူတိုင်း လေ့လာဖတ်ရှုပြီး အမြဲတမ်း ဆောင်ထားရမယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

     

     

     

    Ks 6,000
  • အမွေ

    အမွေစာအုပ်ဟာ စာရေးဆရာအောင်သင်းရဲ့ စာအုပ်များထဲကမှ နာမည်ကျော်စာအုပ်တစ်အုပ်လို့ ဆိုနိုင်ပြီး ခေတ်အဆက်ဆက် လူငယ်ပြုပြင်ရေးစာအုပ်များစွာထဲမှာ ထည့်သွင်းဖော်ပြခံရတဲ့ စာအုပ်လည်းဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဆရာအောင်သင်းက အမွေဆိုပြီး ခေါင်းစဥ်ပေးဖြစ်ပုံအကြောင်းကနေ စတင် ပြောပြထားတာ ဖတ်ရှုရပါမယ်။ လောကကြီးမှာ ကောင်းမွေ၊ ဆိုးမွေ ဆိုပြီး ရှိကြတဲ့အခါ လူငယ်တွေအတွက် ဘယ်လိုအရာတွေ ချန်ထားမလဲဆိုတာကို စာရေးဆရာက လေ့လာ ဟောပြောထားတယ်။ ဆရာအောင်သင်းရဲ့ အမွေခေါင်းစဥ်အောက်က ဟောပြောမှုတွေကို ဖတ်ကြည့်ရတဲ့အခါ အတွေ့အကြုံ ဗဟုသုတ ကြွယ်ဝပြီး စာဖတ်နာသူ လူကြီးတစ်ဦးက လူငယ်များကို သိသင့်သိထိုက်တဲ့ အကြောင်းအရာများ၊ ဗဟုသုတများကို ဘေးမှလာ၍ ပြောဆို ဆုံးမ သွန်သင်နေသကဲ့သို့ပင် ခံစား နာယူရမှာ အမှန်ပဲ ဖြစ်ပါတယ်။

    ဒီလို ပြောဆို ဆုံးမ သွန်သင်နေသကဲ့သို့ ဆိုတဲ့နေရာမှာလည်း ဆရာအောင်သင်းဟာ သူ့ကိုယ်သူ မပြည့်သောရေပုံးနှင့် နှိုင်းယှဥ်ပြီး မျှော်လင့်ချက် အများကြီး မထားဖို့ ပြောထားပြန်ပါတယ်။ ဒါကြောင့် အမွေစာအုပ်မှာ လူကြီးတစ်ဦးက လူငယ်များအပေါ် ငါသိ၊ ငါတတ်ဟူ၍ ဆရာလုပ်လိုသည့် သဘောမဟုတ်ဘဲ လူတိုင်းမကင်းခဲ့သော အမှားများကို လိုက်ပြီးမပြုလုပ်မိစေဖို့ စေတနာထား လက်ဆင့်ကမ်းထားခြင်းမျိုးပင် ဖြစ်ပါတယ်။

    ဆရာအောင်သင်းရဲ့ အမွေစာအုပ်က ဆွေးနွေးချက်များမှာလည်း စိတ်ဝင်စားဖွယ်ရာ ကောင်းလှတာကို ဖတ်ရှုရပါမယ်။ အထူးသဖြင့် လူငယ်တို့ရဲ့ ဘဝကိုအခြေခံတဲ့ သုံးသပ်ချက်တွေ ဖြစ်ပါတယ်။ ဆရာအောင်သင်းရဲ့ အတွေးအခေါ်နဲ့ ဒဿနတွေဟာ ထူးခြားဆန်းသစ်လှတာကို တွေ့မြင်ရမှာ ဖြစ်ပြီး စာပေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ လူငယ်နဲ့ နိုင်ငံရေးအမြင်တွေကို ဖွင့်ဆိုရှင်းလင်းထားတယ်။ ဒါကြောင့်မို့ ဆရာအောင်သင်းရဲ့ အမွေစာအုပ်ဟာ လူငယ်တို့ ဖတ်ရှုလေ့လာသင့်ပြီး လူငယ်ရှိတဲ့အိမ်တိုင်း ရှိထားသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

    Ks 5,000

    အမွေ

    Ks 5,000
  • အောင်သင်း၏ အတွေးစကား

    ဆရာ(ဦး)အောင်သင်းဟာ စာသင်ကြားခြင်း၊ စာပေများ ပြုစုရေးသားခြင်း တို့မှာ အောင်မြင်ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။ မျိုးဆက်သစ်တို့အတွက် လူငယ်စိတ်ဓာတ်ရေးရာ အကျိုးပြုစာပေများ ရေးသားခြင်း၊ ဟောပြောခြင်းတို့ကို ဆောင်ရွက်ရာမှာလည်း ဆရာ(ဦး)အောင်သင်းဟာ ဝါသနာ၊ စေတနာ၊ အနစ်နာ စတဲ့ နာ ၃ နာနဲ့ အညီ ရေးသား ဟောပြောခဲ့တာကြောင့် ဆရာရဲ့ အတွေးစကားများဟာ ယနေ့တိုင် ဖတ်ရှုလေ့လာ မှတ်ယူနေရဆဲ ဖြစ်ပါတယ်။
    ‘အောင်သင်း ၏ အတွေးစကား’ စာအုပ်မှာ ဆရာ(ဦး)အောင်သင်း၏ ကိုယ်ပိုင် အတွေးအခေါ်များအပြင် ဆရာဖတ်ခဲ့ မှတ်သားခဲ့တဲ့ အတွေးစကားများကိုပါ ထည့်သွင်းဖော်ပြထားပါတယ်။ ဒီစာအုပ်မှာ ပါဝင်တဲ့ အတွေးစကားများဟာ အနှစ်ချုပ် သဘောတရားများကို တိုတိုနှင့် လိုတိုရှင်း ရေးသား ဖော်ပြထားတာမို့ ဆရာ ပေးချင်တဲ့ အတွေးအခေါ်တို့ကို အချိန်အများကြီး မပေးရဘဲ လွယ်ကူစွာ နာယူ မှတ်သားနိုင်မှာ ဖြစ်ပါတယ်။
    အိမ်ထောင်ပြုခြင်း၊
    လူ့ဘဝတွင် အရာရောက်လှသော အရာ၊
    အချစ်နှင့်မျက်စိ၊
    ဒေါင်းမြီးတွေရဲ့ အလှ၊
    ကြီးပွားမှုနှင့်ဗေဒင်၊
    မိခင်တွေ အသိပညာမြင့်မှ၊
    မိမိကိုယ်ကိုသာ ကိုးကွယ်ရာ၊
    အရှက်နှင့်အသက်၊
    အချိန်ဖြုန်းတီးမှု၊
    အတွေ့အကြုံနှင့် အတွေးအကြံ၊
    ရဲဆေးတင်တယ် ဆိုတာ စသဖြင့် စိတ်ဝင်စားဖွယ် ခေါင်းစဉ်များဖြင့် ဖတ်ရှုရမယ့် အတွေးစကားများ ဖြစ်ပြီး တစ်အုပ်တည်းမှာ အတွေးစကား ၁၀၀ ကျော်ကို လေ့လာ နာယူခွင့် ရမှာမို့ လူငယ်များရှိသော အိမ်တိုင်းရဲ့ စာအုပ်စင်တိုင်းမှာ ထားရှိရမယ့် စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။
    Ks 5,000
  • ခေါင်းဆောင်ကောင်းတို့၏ ဝိသေသ

    လူ့ပတ်ဝန်းကျင်‌ကောင်းတစ်ခု ဖြစ်တည်ဖို့အတွက် ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတစ်ခု ရှိသင့်ပါတယ်။ အဲ့ဒီအဖွဲ့အစည်းတစ်ခုမှာလည်း ခေါင်းဆောင်ကောင်းတစ်ဦး မဖြစ်မနေ လိုအပ်ပါတယ်။ လူတိုင်းလူတိုင်းဟာ လုပ်ငန်းခွင်တစ်ခုမှာပဲဖြစ်ဖြစ်၊ မိသားစုတစ်စုမှာပဲဖြစ်ဖြစ် ဦးဆောင်သူအနေဖြင့်သာ ရှင်သန်လိုကြတယ်။ လက်ရှိနေရာကနေ မြင့်သထက်မြင့်တဲ့နေရာတွေ ရာထူးဌာနတွေဆီ အဆင့်ဆင့် တက်လှမ်းသွားချင်ကြတယ်။ ဒီလိုနဲ့ အမြင့်ဆုံးနေရာကို ရောက်ပြီဆိုရင် ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီလို့ ယူဆကြပါတယ်။
    မြင့်မားတဲ့ နေရာဌာနကိုရောက်ရင် ခေါင်းဆောင်ဖြစ်ပြီ သတ်မှတ်လို့ရပေမဲ့ ခေါင်းဆောင်ကောင်းတစ်ဦးလို့ ခေါ်ဆိုထိုက်ဖို့ကတော့ မြင့်မားတဲ့စိတ်ဓာတ်ကပါ တွဲပါလာဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လူတစ်ဦးတစ်ယောက်ရဲ့ ဦးဆောင်မှုနောက်မှာ နယ်ပယ်ဒေသတွေရှိပါတယ်။ များပြားတဲ့ လုပ်ငန်းတာဝန်တွေ၊ မှီခိုရပ်တည်နေတဲ့ မိသားစုအင်အားတွေကလဲ တစ်ဆင့်ပြီးတစ်ဆင့် ပတ်သက် ဆက်နွယ်ပြီး တည်ရှိနေပြန်တယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းတစ်ရပ်မှာ စိတ်ဓာတ်ပြည့်ဝပြီး အရည်အချင်းမြင့်မားတဲ့ ခေါင်းဆောင်တွေ ပေါ်ထွက်လာသင့်ပါတယ်။
    ခေါင်းဆောင်တစ်ယောက်ဟာ ကောင်းမွန်တဲ့အရာတွေကို မွေးဖွားဖို့အတွက်ဆိုရင် အများနဲ့မတူတဲ့ နည်းလမ်းတွေကို ရှာဖွေကြံဆနိုင်ရမယ်။ အများနည်းတူ ရောနှောနေတဲ့ လုပ်ထုံးလုပ်နည်းတွေကို ပယ်ဖျက်ရဲရမယ်။ ကိုယ်ပိုင်လမ်းသစ်ကို တီထွင်ပြီး ဖောက်နိုင်ရမယ်။
    စီးပွားရေးနယ်ပယ်မှာ အောင်မြင်တဲ့ ခေါင်းဆောင်တွေကို ကြည့်လိုက်ရင် သူတို့မှာ အများနဲ့ မတူညီတဲ့ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်အယူအဆတွေ ရှိကြတာကို တွေ့မြင်ရမှာပါ။ အတွေးအခေါ် အယူအဆတွေဟာ သာတူညီမျှ ရောနှောပြီး ကွဲမထွက်လာသရွေ့ လူထဲကလူပဲ ဖြစ်နေဦးမှာပါပဲ။ လူထဲကနေပြီး လူသားအကျိုးပြု ခေါင်းဆောင်ကောင်းဖြစ်ချင်တယ်ဆိုရင်တော့ မတူညီတဲ့ အရာတွေကို လုပ်ဆောင်ရဲဖို့ လုပ်ဆောင်ပြဖို့ လိုအပ်ပါတယ်။
    ဒီစာအုပ်ထဲမှာတော့ နယ်ပယ်အသီးသီးက အောင်မြင်ထင်ရှားတဲ့ ခေါင်းဆောင်တွေရဲ့ မတူညီတဲ့ အပြုအမူတွေ၊ ကွဲပြားတဲ့ ပြောဆိုပုံတွေကို ဖတ်ရှုခံစားရမှာပါ။ ဒီစာအုပ်လေးဟာ ခေါင်းဆောင် ဖြစ်လိုသူတွေအတွက်ရော၊ ခေါင်းဆောင်ကို ခွဲခြားသိမြင်စေဖို့အတွက်ရော အထောက်အကူ ပြုပေးပါလိမ့်မယ်။
    Ks 5,000
  • တစ်ခါတုန်းက တပည့်တွေ နှင့် အခြားပင်ကိုရေး​ဆောင်းပါးများ

    ဆရာဦးအောင်သင်းရဲ့ ” တစ်ခါတုန်းကတပည့်တွေနှင့် အခြားပင်ကိုယ်ရေးဆောင်းပါးများ ” ဆိုတဲ့ စာအုပ်ကလေးဟာ လူငယ်တွေနဲ့ စကားပြောဆိုခြင်းလို့ အမည်တပ်ရမလိုပါပဲ။ သူ့ဆောင်းပါးတွေထဲမှာ လူငယ်တွေကို အားကိုးလိုစိတ်၊ ကျေးဇူးတင်စိတ်၊ အမှားအမှန်ကို သင်ခန်းစာယူလိုစိတ်တို့ကို အဓိကထားပြီး ရေးဖွဲ့ထားတယ်။ အမှာစာကို ဖယ်လိုက်ရင် ဆောင်းပါးခြောက်ပုဒ် ဖတ်ရှုရပါမယ်။ ဆရာကြီးရဲ့ အရေးအဖွဲ့တွေထဲမှာ လူငယ်တွေရဲ့စိတ်ကို မြင်ရပြီး လူငယ်တွေရဲ့အသံကိုလည်း ကြားယောင်မိစေမှာပါ။

    ဆရာကြီးရဲ့ လူငယ်တွေအပေါ်ထားရှိတဲ့ စေတနာကို ဒီဆောင်းပါးတွေထဲမှာ ထိထိမိမိ ခံစားကြရမှာပါ။ ‘ထဘီသင်ခန်းစာ’ဆိုတဲ့ ဆောင်းပါးကလေးမှာဆိုရင် မိန်းကလေးငယ်များ အိမ်ထောင်ဖက်ရွေးခြင်းအပေါ် မှန်ကန်စေချင်တဲ့ ဆရာကြီးရဲ့စိတ်ကို လှစ်ခနဲ မြင်လိုက်ရပါတယ်။ ဆရာနဲ့ တပည့်ကြားက လေးစားချစ်ခင်မှု၊ သွန်သင်ဆုံးမမှုတွေကို အကြောက်တရားမပါဘဲ ပကတိအရှိအတိုင်း ပွင့်ပွင့်လင်းလင်း တွေ့မြင်ရတာဟာ ချစ်စရာကောင်းလှပါရဲ့။ ‘နှလုံးသားပရိယာယ်’မှာဆိုလည်း ထိုနည်းတူပါပဲ။ တပည့်တစ်ယောက်ရဲ့ ထင်ယောင်ထင်မှားစိတ်ကို သေချာဆွေးနွေး သုံးသပ်ပြထားတာကို တွေ့ရပြန်ပါတယ်။

    ‘သူများဖြစ်ရင်’ ဆိုတဲ့ ဆောင်းပါးလေးကတော့ ဘဝမှာရှင်သန်နေထိုင်ရင်း စဉ်းစားတွေးခေါ်ပုံကို ကိုယ်တိုင်သင်ယူလိုက်ရသလိုပါပဲ။ ဆရာတစ်ယောက်ဟာ စာသင်ခန်းထဲမှာ သင်ခန်းစာတွေပို့ချရုံနှင့်မပြီးဘဲ စိတ်ဓာတ်ရေးရာကိုပါ အထောက်အပံ့ဖြစ်ပေးနိုင်တယ်ဆိုတာ ‌ပြသပေးထားတယ်။ ‘တစ်ခါတုန်းကပတ်ဝန်းကျင်’မှာတော့ တရင်းတနှီးမရှိလှတဲ့ တပည့်မလေးအပေါ်မှာတောင် ဆရာတစ်ယောက်ရဲ့ စာနာနားလည်ပေးနိုင်စိတ်နဲ့ မုဒိတာတရားကို မြင်တွေ့ကြရမှာပါ။

    ‘တခြားစာမျက်နှာ’ကို ဖတ်ရတဲ့အခါမှာ စကားလုံးတွေကြောင့် လူတချို့ရဲ့ ဆက်ဆံရေးလေး ချောမွေ့သွားတာကို ကြည်နူးဝမ်းမြောက်စရာ တွေ့ရပြန်ပါတယ်။ ဒီဆောင်းပါးလေးကြောင့် စကားတစ်လုံးတိုင်းဟာ လူမှုဆက်ဆံရေးမှာ အရေးပါတဲ့အပြင် ငြိမ်းချမ်းသာယာမှုကို အထောက်အကူဖြစ်စေတာ သတိထားမိမှာပါ။ ‘ကလေးတွေမုန့်ဖိုး’ဆိုတဲ့ ဆောင်းပါးလေးမှာတော့ ဆရာနဲ့တပည့်တွေကြားက သံယောဇဉ်အတုံ့အလှည့်ကို ‌ခံစားလိုက်ရပြန်ပါတယ်။ ရောင်ပြန်ဟပ်တဲ့အထဲမှာ မေတ္တာရောင်ပြန်ဟာ အလင်းလက်ဆုံးပါလားလို့ သဘောပေါက်နားလည်စေတဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါပဲ။ ‘ဘဝပစ်မှတ်’ဆိုတဲ့ ဆောင်းပါးလေးမှာတော့ စာသားလေးတစ်ကြောင်းက ရင်ထဲ စွဲကျန်နေခဲ့တယ်။
    ” လက်တည့်တာချင်းတူရင်တောင် စိတ်တည့်တဲ့လူက အမှတ်ပိုကောင်းတယ် ” တဲ့။

    ဆရာကြီးဟာ ဆောင်းပါးတွေကို ရေးဖွဲ့ရာမှာ လူငယ်တွေရဲ့စိတ်ကို နားလည်ခံစားနိုင်အောင် အဓိကထား ရေးဖွဲ့ခဲ့ပေမယ့် စာဖတ်သူတွေအဖို့ ဆရာတစ်ယောက်ရဲ့ မေတ္တာ၊ စေတနာတွေကို ‌လေးလေးနက်နက် ခံစားမိပါလိမ့်မယ်။ ဆရာဆိုတာ ပညာအပြင် စိတ်ကိုပါ သင်ကြားပေးရမယ်ဆိုတာ ဆရာဦးအောင်သင်းက ဒီစာအုပ်လေးရဲ့ စာမျက်နှာတွေပေါ်ကနေ အမွေပေးသွားခဲ့ပါတယ်။

    Ks 4,500
  • ဖိအားအောက်မှ ရုန်းထွက်ခြင်း

    လူအများ ကြုံနေရတဲ့ စိုးရိမ်ကြောင့်ကြမှု၊ ပူပန်မှု၊ ဖိအား၊ သောကနဲ့ ဗျာပါဒတွေကနေ လွတ်မြောက်နိုင်မယ့် နည်းလမ်း ၂၁ သွယ်။

    ယနေ့ကမ္ဘာဟာ သမိုင်းတစ်လျှောက် အတိုးတက်ဆုံး ကာလကို ဖြတ်သန်းနေရတယ် ဆိုရင် မမှားပါဘူး။ ယခင့်ယခင်က အိပ်မက်ပင် မမက်ခဲ့ဖူးတဲ့ အံ့မခန်း တိုးတက်ပြောင်းလဲမှုတွေကို မျက်ဝါးထင်ထင် ကြုံနေရပြီး အချိန်နဲ့အမျှ အသစ်အဆန်းတွေ တီထွင်ပေါ်ပေါက်လျက် ရှိနေတာပါ။ ဒီလို အရှိန်အဟုန် မြင့်မားစွာ ပြောင်းလဲတိုးတက်နေတဲ့ ခေတ်ကြီးမှာ ရှင်သန်နေရတဲ့ လူသားတွေဟာ အသစ်အသစ်သော ဆွဲဆောင်မှုတွေ၊ တောင်းဆိုမှုတွေ နောက်ကို အမှီလိုက်ရင်း၊ အမှီလိုက်ဖို့ ကြိုးစားရင်း ဖိအားတွေ အောက်ကျရောက်ကာ စိတ်ဖိစီးမှုနဲ့ စိတ်ကျခြင်းတွေကို ရင်ဆိုင်ကြုံတွေ့လာရပါတော့တယ်။

    ဖိအားတွေကတစ်ဆင့် ဖြစ်လာနိုင်တဲ့ စိတ်ဖိစီးမှုနဲ့ စိတ်ကျခြင်းတွေဟာ ဘာအတွက်မှ ကောင်းကျိုးမရှိပါဘူး။ ရုပ်ဝတ္ထု အသစ်အဆန်းတွေရဲ့ လှည့်ဖြားမှု မာယာနောက် လိုက်ရင်းလိုက်ရင်း ဇောနဲ့ အရှိန်တွေကို မသတ်နိုင်တဲ့အခါ မိမိရဲ့ စိတ်မှာ စိုးရိမ်ကြောင့်ကြမှု၊ ပူပန်မှု၊ ဖိအား၊ သောကနဲ့ ဗျာပါဒတွေ ဝင်ရောက်လာမယ်။ အဲ့ဒီကနေ စိတ်ကျရောဂါအထိ ဖြစ်လာနိုင်ပြီး အသက်ဘေးကို ကြုံတဲ့အထိ အန္တရာယ် ရှိနိုင်လာပါတယ်။

    ဒီအတွက် နေ့စဉ်ဘဝကို ရှင်သန်နေထိုင်ရင်း တိုးတက်အောင်မြင်ဖို့ ကြံစည်ရမှာ ဖြစ်သလို ဖိအားတွေအောက်က ရုန်းထွက်ဖို့လည်း လုပ်ဆောင်ရပါမယ်။ စိတ်ကျရောဂါ ဆိုတာဟာ ကျန်းမာရေးအခြေအနေ တစ်ရပ်ဖြစ်တာမို့ ဖိအားအောက်က ရုန်းထွက်တယ် ဆိုတာမှာလည်း စနစ်တကျနဲ့ နည်းမှန်လမ်းမှန် လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ လမ်းလွဲနောက်ကို လိုက်မိရင် ပိုဆိုးသွားနိုင်တာမို့လို့ပါ။

    Ks 4,500
  • ဘတစ်ပြန် ကျားတစ်ပြန်

    ဒါက စုံထောက်ဇာတ်လမ်းတစ်ပုဒ် မဟုတ်ဘူး။ စုံထောက်တစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်တယ်။

    အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ကို အသက်မရှူစတမ်း ဇောအဟုန်ပြင်းပြင်းနဲ့ ဖတ်ရှုနိုင်ဖို့ ရေးသားဖန်တီးတဲ့နေရာမှာ အင်မတန် နာမည်ကြီးတဲ့ ဗြိတိသျှ စာရေးဆရာ ဂျက်ဖရီအာချာရဲ့ Nothing Ventured – ဘာသာပြန်အမည် ‘ဘတစ်ပြန် ကျားတစ်ပြန်’ ဟာ သူ့ရဲ့ New York Times အရောင်းရဆုံး ဟယ်ရီကလစ်ဖ်တန်ဇာတ်လမ်းရဲ့ ဇာတ်လိုက်ကျော်တစ်ဦးဖြစ်သူ ဝီလျံဝေါရစ်ရဲ့ ပထမဆုံး အမိုက်စားဇာတ်လမ်း။ ဝီလျံဝေါရစ်ဟာ စုံထောက်တစ်ယောက်ဖြစ်ဖို့ အမြဲဆန္ဒရှိခဲ့ပြီး အဲ့ဒါက သူ့ကို ဥပဒေပိုင်းမှာ လုပ်ကိုင်စေချင်တဲ့ ဖခင်ရဲ့ ဆန္ဒကို ဆန့်ကျင်လိုက်ခြင်းလည်း ဖြစ်တယ်။

    ဘတစ်ပြန် ကျားတစ်ပြန်ရဲ့ဇာတ်လမ်းအစက ဝီလျံတစ်ယောက် တက္ကသိုလ်က ဘွဲ့ရပြီးတာနဲ့ မက်ထရိုပိုလီတန် ရဲအဖွဲ့မှာ အလုပ်ဝင်ဖို့ ဆုံးဖြတ်ရာကနေ စတင်ထားတာ။ ဇွဲရှိတဲ့ ဝီလျံရဲ့ ဘဝအကြောင်း ပထမဆုံး ဒီစာအုပ်မှာ သူ့ဘဝအကြောင်းကို အခြားဇာတ်ကောင်တွေနဲ့ ဝန်းရံ ဖန်တီးထားတယ်။ စုံထောက်ကောင်းတစ်ဦးဖြစ်ဖို့ ကြိုးစားတဲ့ ဝီလျံဟာ စကော့တလန်ယာ့ဒ်ကို ပြောင်းရွှေ့ရာမှာ ကြုံသူတွေက လူကောင်းတွေတင်မက လူဆိုးတွေပါ ကြုံရတယ်။

    ဝီလျံဟာ ဖစ်မိုလင်ပြတိုက်က တန်ဖိုးမဖြတ်နိုင်တဲ့ Rembrandt ပန်းချီကား ခိုးယူမှုကို စုံစမ်းစစ်ဆေးနေစဉ်မှာပဲ ပြခန်း သုတေသနလက်ထောက် ဘက်ရိန်းဖို့ဒ် နဲ့ တွေ့ဆုံခဲ့တယ်။ မျှော်လင့်ချက် နည်းပါးစွာတွေနဲ့ပဲ သူမကို ဝီလျံ ချစ်မိခဲ့တယ်။ အမှုလမ်းကြောင်းပေါ် လိုက်နေစဉ်မှာ ဝီလျံ ကြုံရတာ အချစ်တစ်ခုတည်း မဟုတ်ပါဘူး။ ပြိုင်ဘက်ကိုပါ ကြုံခဲ့ရတယ်။ ဂျက်ဖရီအာချာ ဇာတ်လမ်းပီသစွာ အသည်းတယားယား ဖတ်ရင်း သက်မချရတဲ့ ဇာတ်ဝင်ခန်းတွေကို ဇာတ်ကောင်တွေက အပိုအလိုမရှိ သရုပ်ဆောင်ထားတယ်။ ဘာသာပြန်သူ ဆရာထင်ဇော်မှူးသင်ရဲ့ လက်ရာကလည်း ရှေ့မှာ အမိုက်စား စုံထောက်အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ကို မျက်ဝါးထင်ထင် မြင်နေရသလို ပြန်ဆိုရေးသားနိုင်တာကို ဖတ်ရှုရပါမယ်။

    မထင်ရလောက်တဲ့ လှည့်ကွက်တွေ၊ အောင်ပွဲတွေနှင့် စိတ်မကောင်း ကြေကွဲစရာတွေ၊ ပျော်ရွှင်မှုတွေနဲ့ ရသမြောက် အမိုက်စား စုံထောက်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာမို့ အက်ရှင်နဲ့ သည်းထိပ်ရင်ဖို နှစ်သက်တဲ့ စာဖတ်ပရိသတ်တို့ လက်မလွှတ်ဘဲ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ ဒါက စုံထောက်ဇာတ်လမ်းတစ်ပုဒ် မဟုတ်ဘူး။ စုံထောက်တစ်ယောက်ရဲ့ ရသမြောက် ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်တယ်။ အလုပ်သိပ်များမယ့် ကာလမျိုးမှာ အစလုပ်ပြီး မဖတ်လိုက်မိပါစေနဲ့။ စဖတ်လိုက်တာနဲ့ တစ်ဆက်တည်း ဇာတ်သိမ်းထိ စာဖတ်သူကို ဆွဲခေါ်သွားမယ့် ဇာတ်လမ်းတစ်ပုဒ်ပါ။

    Ks 7,000
  • ငါ့အခန်းမျက်နှာကြက်က ကြယ်ကလေးတွေ

    အရွယ်ရောက်ပြီးသူတိုင်း ဆယ်ကျော်သက်ဘဝကို ဖြတ်သန်းခဲ့ဖူးပါတယ်။ လူတွေဟာ လူမျိုး၊ ဘာသာ၊ နေထိုင်ရာဒေသ၊ အသားအရောင်၊ ရုပ်ရည် မည်သို့ပင် ကွဲပြားပါစေ .. ဆယ်ကျော်သက်ဘဝမှာ ကိုယ်စီကိုယ်စီ အမှတ်တရတွေ ရှိကြတာချင်းတော့ တူညီကြပါလိမ့်မယ်။ ဆရာ’မင်းဝေဟင်’ရဲ့ ‘ငါ့အခန်း မျက်နှာကြက်က ကြယ်ကလေးတွေ’မှာ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက် ဖြတ်သန်းတဲ့ ဘဝမျက်နှာစာတွေကို ဖတ်ရှုရမှာပါ။ ကျော်စည်သူဆက်ဟာ မောင်နှမရင်းချာ မရှိသူ တစ်ဦးတည်းသောသား၊ မိခင်က ပလာဇာမှာ ဖက်ရှင်ဆိုင်ဖွင့်ထားပြီး ဖခင်က သုံးသုံးဖြုန်းဖြုန်း စီးပွားရေးသမား၊ ပျော်သလိုနေတတ်တဲ့ မိဘနှစ်ပါးရဲ့ ကြားက ကလေးတစ်ယောက်ရဲ့ ဆယ်ကျော်သက်အရွယ် .. တိတိကျကျဆို ဆယ်တန်းအရွယ်မှာ ကျော်စည်သူဆက်ရဲ့ ဖခင်ဟာ ဘောလုံးပွဲအလောင်းအစားကြောင့် အဆင့်မြင့်အိမ်ရာထဲ ခြံနဲ့တိုက်နဲ့ နေရတဲ့ဘဝကနေ တောင်ဒဂုံဘက်ကို အထည်ကြီးပျက်ဘဝနဲ့ ရောက်သွားတယ်။ မိဘရဲ့ ဂရုအစိုက်မခံရမှု၊ ကျဆင်းသွားတဲ့ မိသားစုအခြေအနေတွေကြောင့် သူ့ဘဝရဲ့ ရွှေရောင်နေ့ရက်ကာလတွေဟာ မျှော်လင့်သလို ဖြစ်မလာတာတွေ ကြုံခဲ့ရတယ်။ ခပ်ကြမ်းကြမ်း ရိုက်ခတ်လာတဲ့ ဘဝနေ့ရက်တွေကို ရင်ဆိုင်ရတဲ့ ဇာတ်ကောင်လူငယ်လေးရဲ့ ရင်တွင်းစကားတွေကို ဒီဝတ္ထုမှာ စာဖတ်သူတို့ကို တိုက်ရိုက်ပြောဟန်နဲ့ ရေးဖွဲ့ထားတယ်။

    “ငါတို့အခန်းရဲ့ အတန်းပိုင်ဆရာမလား၊ ထိုင်ပြောနေရရင် ညနေကျောင်းဆင်းချိန်တောင် ပြီးမှာမဟုတ်၊ ၃၁ ဘုံမှာ အရစ်နိုင်ဆုံးသော ဆရာမ”

    “အခု တောင်ဒဂုံပြောင်းလာရတော့ ပင့်ကူအိမ်လေးနဲ့ ဟမ်းစတားအိမ်လေးတွေ ငါ ဒီအိမ်အထိ သယ်လာခဲ့တယ်ဆိုပေမဲ့ မျက်နှာကြက်မှာ ကြယ်ကလေးတွေ ရှိတဲ့ ဒီအိမ်လေးရဲ့ ငါ့အခန်းကျဉ်းကျဉ်းလေးထဲမှာ သူတို့တွေလည်း အနေကျပ်ကျပ်၊ ငါလည်း အနေကျပ်ကျပ်”

    “ဟင် .. ဒါဆို ဖေဖေကရော … ငါရခဲ့တဲ့ အနံ့တွေရပြီး တစ်ညလုံး တစ်နေ့လုံး နောက်ထပ် အဲ့ဒီအနံ့တွေကိုပဲ ထပ်ကာထပ်ကာရပြီး ငါ့လို အိပ်မရဘဲ ဖြစ်နေမှာမျိုးလား”
    .
    မင်းဝေဟင်ဟာ ရွှေအမြုတေ(ဝတ္ထုတို)ဆု ၁ ကြိမ်၊ ရွှေအမြုတေပရိသတ်အကြိုက်ဆု ၂ ကြိမ်၊ နှင်းဆီသူရဲကောင်းစာပေဆု ၁ ကြိမ် ရခဲ့ကာ ၂၀၁၆ ခုနှစ်မှာ အမျိုးသားစာပေ(ဝတ္ထုတို)ဆုကို ဆွတ်ခူးထားခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဝတ္ထုတိုစုစည်းမှုစာအုပ်များ၊ မဂ္ဂဇင်းဝတ္ထုရှည်စုစည်းမှုတို့ ထွက်ရှိခဲ့ပြီး ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူဖြစ်ကာ ‘ငါ့အခန်း မျက်နှာကြက်က ကြယ်ကလေးတွေ’ က ဆရာမင်းဝေဟင်ရဲ့ ပထမဆုံး လုံးချင်းဝတ္ထုစာအုပ်ဖြစ်ပါတယ်။

    Ks 4,000
  • နာဂိုဒေး မိုင်ဒူဂူရီ

    အာဖရိကတိုက် နိုင်ဂျီးရီးယားနိုင်ငံထဲက မြို့လေးတစ်မြို့ဖြစ်တဲ့ မိုင်ဒူဂူရီ ကို စာရေးဆရာမ မယ်ကျွိက အလုပ်ကိစ္စနဲ့ အချိန်တစ်ခုကြာ ရောက်ရှိနေထိုင်ခဲ့ပါတယ်။ ‘မိုင်ဒူဂူရီသွား တောလား’မှာ မယ်ကျွိက ဘာတွေတင်ဆက်မလဲ၊ စာဖတ်သူတို့ ဘာတွေမြင်ရမလဲ။

    မိုင်ဒူဂူရီ ဆိုတာ နိုင်ဂျီးရီးယား အရှေ့မြောက်ဘက်စွန်းနားက မြို့လေး၊ ဆာဟာရသဲကန္တာရရဲ့ အစပ်မှာရှိတော့ မြန်မာလူမျိုးတစ်ယောက်အတွက် အလွန်ပူပြင်းတဲ့နေရာ၊ အေးပြန်တော့လည်း ရာသီဥတုက တော်တော်အေးနဲ့။ အဲ့ဒီမြို့မှာ မြန်မာစကားပြောတတ်တာ စာရေးဆရာမတစ်ယောက်ပဲ ရှိတယ်။ လုံခြုံရေး အခြေအနေအရ နေထိုင်ရတာလည်း အကျယ်ချုပ်လိုနေရာမှာ။ မိုင်ဒူဂူရီ မှာ အလုပ်လာလုပ်သူတွေဟာ ခြောက်လ၊ ဆယ်လ၊ အများဆုံး တစ်နှစ်လောက်ပဲ အလုပ်လုပ်ကြသတဲ့။ ပြီးရင် လစ်တာပဲ။ ဆရာမ ကတော့ တစ်နှစ်နဲ့ ငါးလတိတိ မိုင်ဒူဂူရီ မှာ အလုပ်လုပ်ရင်း နေထိုင်ခဲ့သတဲ့။

    အဲ့ဒီကာလတွေ မိုင်ဒူဂူရီ မှာ နေထိုင် အလုပ်လုပ် သွားလာ ဖြတ်သန်းရင်းက ရရှိလာတဲ့ အတွေ့အကြုံတွေကို ဆရာမဟာ အရင်းခံအတိုင်း စာစီဖြစ်ခဲ့တယ်။ ဖေ့စ်ဘုတ် လူမှုကွန်ရက်ပေါ်မှာ ပို့စ်တွေတင်ရင်းနဲ့ ‘မိုင်ဒူဂူရီသွား တောလား’ဟာ တဖြည်းဖြည်းချင်း အရှိန်ရကာ ဖတ်သူတိုင်း နှစ်သက်ကြတဲ့ စိတ်ဝင်စားစရာ ခရီးသွားမှတ်တမ်းတစ်ပုဒ်ဖြစ်ခဲ့တယ်။ ထိုစဉ်မှာကတည်းက စာအုပ်အဖြစ် ထုတ်ဝေဖို့ စာဖတ်သူတို့က တောင်းဆိုခဲ့ကြတယ်။ ဆရာမ မယ်ကျွိဟာ ဘာသာပြန်စာအုပ်တွေ ပြန်ဆိုခဲ့ဖူးပြီး စာဖတ်သူတို့ နှစ်သက်သဘောကျခဲ့ပါတယ်။ အခု မယ်ကျွိရဲ့ နာဂိုဒေး မိုင်ဒူဂူရီ က ဆရာမရဲ့ ပထမဆုံး ပင်ကိုယ်ရေးစာတစ်အုပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ အလှမ်းဝေးပြီး ဓလေ့စရိုက်၊ ယဉ်ကျေးမှု မတူညီတဲ့ ဒေသတစ်ခုမှာ နေထိုင်ရင်း ဆရာမရဲ့ စိတ်ထဲက ရောပြွမ်းရှုပ်ထွေးတဲ့ ခံစားချက်တွေကို ဒီစာအုပ်မှာ ဖတ်ရှုရမှာပါ။ နာဂိုဒေး ဆိုတာ ဟောက်ဆ ဘာသာစကားနဲ့ ကျေးဇူးတင်ပါတယ်လို့ အဓိပ္ပာယ်ရပြီး မိုင်ဒူဂူရီ ကတော့ ဆိုခဲ့တဲ့အတိုင်း မယ်ကျွိ နေထိုင်ခဲ့တဲ့ မြို့ကလေးနာမည်ပါ။

    Ks 3,500
  • မြို့ကလေးနေမကောင်းပါ

    ဝတ္ထုတိုဖတ်ရတာကြိုက်တဲ့ စာဖတ်သူတွေထဲမှာ တစ်ချို့က ဝတ္ထတိုမှာ အလှည့်လေးတွေနဲ့ အဆုံးသတ်တာ ကြိုက်တယ်၊ တစ်ချို့က ဇာတ်လမ်း ဇာတ်ကွက်ကောင်းကောင်း ဖတ်ရတာ ကြိုက်တယ်၊ တစ်ချို့က မော်ဒန်အရေးအသားတွေ ကြိုက်တယ်။ စံပယ်ဖြူနုရဲ့ ဝတ္ထုတိုလေးတွေ ကတော့ လူ့လောက သဘာဝနဲ့ လူတွေရဲ့ စရိုက်တွေကို မြင်လာအောင် ပြောပြနေတဲ့ ဝတ္ထုတိုလေးတွေပါ။ ရိုးရှင်းတဲ့ အရေးအသားနဲ့ သင်တို့ ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်က လူတွေကို သနားချစ်ခင်လာအောင် နားလည်မှု ထားရှိနိုင်အောင် ရေးဖွဲ့ထားပါတယ်။

    “မြောက်ဖျားက အလွမ်းရာသီ” စာအုပ် နဲ့ အမျိုးသားစာပေဆုရခဲ့တဲ့ ဆရာမစံပယ်ဖြူနု ရဲ့” မြို့ကလေး နေမကောင်းပါ” ဝတ္ထုတိုစုထဲက ပထမဆုံး တစ်ပုဒ် “အလှမ်းဝေးခဲ့သည်” တစ်ပုဒ်ထဲနဲ့တင် စာဖတ်သူ အတွက် ဇာတိမြေကို လွမ်းတဲ့ ဝေဒနာ ခံစားရမှာပါ။ မြန်မာပြည်မြောက်ပိုင်းဒေသ ချစ်စရာရွာကလေးတစ်ရွာက အသက်၆၀ကျော် အမေအို တစ်ယောက် ရန်ကုန်မှာ အခြေချနေတဲ့ သမီးရဲ့ တိုက်ခန်းကျဉ်းလေးထဲကနေ ဇာတိမြေကို လွမ်းနေပုံက ရင်ကိုထိခိုက်စေပါတယ်။

    “အိမ်” ဆိုတဲ့ တစ်ပုဒ်မှာတော့ ဗဟန်းမြို့နယ်ထဲ တာဝါတစ်ခုနားက ရုံးမှာ အလုပ်လုပ်နေတဲ့ နယ်မြို့ကလာသူ မိန်းမပျိုတစ်ယောက် တာဝါအောက်ခြေထောင့်တစ်ခုကို အိမ်အမှတ်နေတဲ့ စိတ်မနှံ့သူ အမျိုးသမီးတစ်ယောက် အကြောင်းပြောပြတာ။

    ရန်ကုန်မြို့ တိုက်ခန်းကျဉ်းလေး တစ်ခုထဲက ဇာတိရွာကို လွမ်းနေတဲ့ အညောင်းမိ ခိုတစ်ကောင်၊ တာဝါအောက်က အိမ်ကလေးနဲ့ အဲဒီအိမ်ကို သံယောဇဉ် တွယ်နေသူတစ်ဦးအကြောင်း စတဲ့ လူထဲက လူတွေရဲ့ အဖြစ်အပျက်တွေနဲ့ စီခြယ်ထားတဲ့ ဝတ္ထုတိုလေးတွေ ဖြစ်ပါတယ်။

    စာဖတ်ပရိသတ်အား နှစ်သက်ခြင်းကို ဖြစ်စေလျှက် ထိုနှစ်သက်ခြင်းနှင့် တပါတည်း ဘဝအသိ တစ်ခု အလိုအလျောက် ရလာစေတယ်ဆိုတာ ရသစာပေကသာ ပေးစွမ်းနိုင်တာလို့ ဆရာဇော်ဂျီ ပြောတဲ့ စကားအတိုင်းပါပဲ။ ဝတ္ထုတို (၂၂) ပုဒ် စလုံးကို ရိုးရှင်းတဲ့ အရေးအသား၊ တွေ့နေကျ လူတွေရဲ့ စရိုက်သဘာဝကို ရှုထောင့် တစ်နေရာက ရေးသားဖေါ်ပြသွားတာ သိပ်ကောင်းလှပါတယ်။

    ဒီဝတ္ထုတိုလေးတွေ ကို ဖတ်ရှုပြီးရင် လောကကြီးနဲ့ လူသားတွေ အပေါ် ချစ်ခင်မြတ်နိုးခြင်း၊ ကိုယ်ချင်းစာ နားလည်ခြင်း တွေ တိုးပွားလာစေနိုင်မယ်လို့ ယုံကြည်မိကြောင်းပါ။

    Ks 6,000
  • ကျွန်တော်ဆက်၍ ရေးချင်သောဝတ္ထုများ

    စာဖတ် ဝါသနာပါသူတိုင်းမှာ သူတို့ ဘဝ အပေါ် လွှမ်းမိုးတဲ့ စာအုပ်တွေ ရှိကြပါတယ် ။ ကိုယ် စွဲလမ်းရတဲ့ စာအုပ်တိုင်းရဲ့ အချို့သော ဇာတ်ကောင်စရိုက်တွေ ၊ အချို့သော ဇာတ်သိမ်းခန်းတွေဟာ ကိုယ့်အကြိုက် ဖြစ်ချင်မှ ဖြစ်တာ ။ ကိုယ်ကလည်း ဒီစာအုပ်ကို ကြိုက်နေတော့ ကိုယ်မကြိုက်တဲ့ ဇာတ်ဆောင်စရိုက်တွေ ၊ ဇတ်သိမ်းတွေကို ကိုယ့်စိတ်ကူးနဲ့ ဖန်တီးပြီး စိတ်ကျေနပ်မှု ရအောင် စိတ်ကူးယဉ် ခဲ့ဖူးတဲ့ အခိုက်အတန် ့ ဟာ စာဖတ်သူတွေ စိတ်ထဲမှာ ရှိခဲ့ဖူးမှာပါ ။

    ဝတ္ထု ဇာတ်လမ်းတွေ ရေးတဲ့ စာရေးဆရာတွေ အတွက် ပိုခံစားရပေမပေါ့ ။ ဒါပေမဲ့ အဲဒီအကြောင်းကို စာတစ်စောင် ပေတစ်ဖွဲ့ အနေနဲ့ ရေးသားခဲ့တာတော့ ဆရာမြသန်းတင့် တစ်ယောက်ပဲ ရှိမယ် ထင်ပါတယ် ။ အဲဒီ စာအုပ်ကတော့ ” ကျွန်တော်ဆက်၍ရေးချင်သော ဝတ္ထုများ ” ဆိုတဲ့ စာအုပ်ပါပဲ ။ စာအုပ်ကောင်း တစ်အုပ်ဟာ ခေတ်ကို ကျော်လွှားနိုင်ပါတယ် ။ ၁၉၇၄ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဒီစာအုပ် “ကျွန်တော်ဆက်၍ရေးချင်သော ဝတ္ထုများ ” ဆိုရင် အကြိမ်ကြိမ် ပြန်ထုတ်ရတဲ့ အထိ စာဖတ်သူ မျိုးဆက် အဆင့်ဆင့် ဖတ်ရှုနေကြရတဲ့ လက်စွဲ စာအုပ်တစ်အုပ် ပါ ။

    တစ်ချိန်သော အခါကာလ တစ်ခုမှာ မြသန်းတင့် ဟာ တစ်ယောက်ထီးတည်း လပေါင်းများစွာ နေခဲ့ရတယ် ။ စာကားပြောဖော် မရှိ ၊ စာအုပ်ဆိုတာ လုံးဝ မရှိတဲ့ အချိန်ကာလ တစ်ခုကို သူဖြတ်ကျော်ခဲ့ရတယ် ။ သူ့အတွက် ပစ္စုန်ပ္ပန် နဲ့ အနာဂတ် ကာလတွေ ပျောက်ဆုံးနေပြီး “အတိတ်ကာလ ” တစ်ခုတည်းမှာ နေခဲ့ရတဲ့ အချိန်မှာ ဒီစာအုပ်ရေးဖို့ စိတ်ကူးရခဲ့တယ် ။

    ၁၉၂၀ ကနေ ၁၉၄၅ ကာလ ထုတ်ဝေခဲ့တဲ့ စာအုပ်တွေ ထဲကမှ သူ ဖတ်ခဲ့ပြီး သူ နှစ်သက်ခဲ့တဲ့ ဝတ္ထုတွေထဲက ဇာတ်ကောင်တွေကို ဆရာမြသန်းတင့် ဟာ စိတ်ကူးထဲမှာ တွေ့ဆုံ ဆွေးနွေးဖို့ ဖြစ်လာပါတယ် ။ အဲဒီ ဝတ္ထုတွေရဲ့ ဇတ်လမ်းနဲ့ ဇာတ်ကောင်စရိုက်တွေ ကို ပြန်စဉ်းစား သုံးသပ်ပြီး စာအုပ် ဝေဖန်ရေး ပုံစံနဲ့ ရေးထားပါတယ် ။ ဒီစာအုပ်ကို ဖတ်ပြီးမှ ဒီထဲက ညွှန်းဆို ထားတဲ့ စာအုပ်တွေကို ရှာဖတ်ကြည့်တဲ့ သူတွေလည်း မနည်းပါဘူး ။

    ဆရာမြသန်းတင့် က ဘယ်ဝတ္ထုတွေကို ဘယ်လို ဆက်ပြီး ရေးချင်သလဲ ဆိုတာ နမူနာ ပြရရင် ….

    ” အကောင်းကို ရှာ၏ ။ အကောင်းကား မရှိတော့ ” ဆိုတဲ့ မေ ကို အမျိုးသမီး ဘော်ဒါဆောင် တစ်ခုဖွင့်ပြီး တက္ကသိုလ်ကျောင်းသူ တွေကို ထိန်းကျောင်း ပြုပြင်ပေးလိုတဲ့ ရွှေအိုရောင်မေ အဖြစ် ဖန်ဆင်းလိုက်တယ် ။ ( ဒဂုန်တာရာ _ မေ )

    ကောလိပ်ကျောင်းသား ထဲက ရွှတ်နောက်နောက် သိန်းဖေ ဟာ ဥရောပနိုင်ငံ အနှံ ့အပြား လည်ပတ် သွားလာနေတဲ့ ၊ ဘာသာစကား အသစ်တွေကို သင်ယူနေတဲ့ ဦးသိန်းဖေ အဖြစ် ဆရာမြ ပုံဖော် စိတ်ကူးယဉ် ခဲ့တယ် ။ ( ဇဝန _ကောလိပ်ကျောင်းသား)

    မြသန်းတင့် ဆက်ပြီး ရေးချင်တဲ့ ဝတ္ထုတွေထဲက ဇာတ်ကောင် တချို့က တော့…
    မင်းဆွေ ရေးတဲ့ “ဓား” ဝတ္ထု ထဲက မျိုးမြင့်ရန်နောင်

    ဇေယျ ရေးတဲ့ “မြတ်လေးရွှေဓားဗိုလ် ” ဝတ္ထုထဲက မြတ်လေးရွှေဓားဗိုလ်

    ရဲထွန်းလင်း ရေးတဲ့ “အရေးတော်ပုံတပ်သား” ဝတ္ထုထဲက မျိုးတင့် တို့နဲ့ အခြား ဇာတ်ဆောင် ၅ယောက် ဖြစ်ပါတယ် ။

    အခုအချိန်မှာ မြသန်းတင့် ဝေဖန် ညွှန်းဆို ခဲ့တဲ့ ဒီစာအုပ် (၁၀) အုပ်ဟာ ဂန္ထဝင် စာရင်းတွင်နေပါပြီ ။ ဆရာမြသန်းတင့် နှစ်သက် စွဲလမ်းခဲ့တဲ့ စာအုပ် (၁၀) အကြောင်းနဲ့ ဆရာမြ ဘယ်လိုဆက်ပြီး ရေးချင်သလဲတာတွေအပြင် မိမိစာအုပ်စင်မှာ သိမ်းဆည်းထားရမယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

    Ks 6,000
  • လမ်းပျောက်

    ပြဿနာဆိုတာမျိုးက တခါတလေ ကိုယ်က မရှာပေမယ့် မထင်ရင်မထင်သလို တကူးတကနဲ့ ရောက်လာတတ်တယ် မဟုတ်လား။ ကယ်ပါဦး ဆိုလို့ တကူးတက သွားကူညီပါမှ ကိုယ်ပါ ဘဝပျက်ကိန်းနဲ့ ကြုံရတာမျိုးကျ “စေတနာသည် လူတိုင်းနှင့် မတန်” လို့ပဲ ဆိုရမလိုလို .. ။
    ဆရာဖိုးနိုင်လင်း ဘာသာပြန်တဲ့ လမ်းပျောက် က မူရင်း Stephen King နဲ့ Joe Hill တို့ရေးသားတဲ့ In The Tall Grass ။ Stephen King ရဲ့ ဝတ္ထုများအတိုင်းပဲ ဒီဝတ္ထုဟာလည်း စိတ်လှုပ်ရှားဖွယ် Thriller အမျိုးအစားဖြစ်ပြီး ရုပ်ရှင်အဖြစ် Netflix က တင်ဆက်တဲ့အခါတုန်းကလည်း အင်မတန် အောင်မြင်ခဲ့တယ်။ ရုပ်ရှင်နဲ့ ဝတ္ထုက ဇာတ်အိမ်တူပေမယ့် ဇာတ်လမ်းမှာ ကွဲလွဲချက်တွေ ရှိပါတယ်။
    ဝတ္ထုက အမေရိကန်နိုင်ငံ ကမ်းဆပ်ပြည်နယ်၊ အဝေးပြေးလမ်းအမှတ် ၄၀၀ ရဲ့ နံဘေးတစ်နေရာက မြက်ရိုင်းတောကြီးထဲမှာ ဇာတ်အိမ်တည်ထားတယ်။ ကယ်လ်ဒီးမုသ် နဲ့ ဘက်ကီဒီးမုသ် တို့ဟာ သိပ်ချစ်ကြတဲ့ မောင်နှမ ၂ ယောက်။ အသက်ကလည်း တစ်နှစ်ကျော်ကျော်ပဲကွာတော့ ဆိုးအတူ ကောင်းအတူ ဆိုတာမျိုး။
    အဝေးပြေးလမ်းမပေါ်က မြက်ရိုင်းတောကြီးနဲ့ ဒီမောင်နှမ ပတ်သက်ခဲ့တာက ဘက်ကီဒီးလ် အသက် ၁၉ လောက်မှာ ကိုယ်ဝန်ရှိခဲ့ရာလို့ပဲ ပြောရမယ်။ ကိုယ်ဝန်ရှိလာတော့ ကလေးမွေးပြီးရင် ဖြစ်လာမယ့်ကိစ္စတွေ ရှိလာတာကြောင့် မောင်နှမ ၂ ယောက်ဟာ ဘက်ကီ ကိုယ်ဝန် ၆ လ လောက်မှာ ကားတစ်စီးနဲ့ ရောက်ရာပေါက်ရာ လျှောက်သွားခဲ့တယ်။ ဒီလိုနဲ့ .. ဒီလိုနဲ့ … ပြဿနာက တကူးတက မဖိတ်ခေါ်ဘဲ ပြဿနာရှိရာအရပ် မြက်ရိုင်းတောကြီးတွေ ကပ်လျက် ရှိတဲ့ အဝေးပြေးလမ်းကို မောင်းမိလာတယ်။ မောင်းနေရင်းနဲ့ ၂ ယောက်စလုံး ကြားလိုက်ရတာက “ကယ်ကြပါ၊ ကယ်ကြပါ၊ ကျွန်တော့်ကို တစ်ယောက်ယောက် ကယ်ကြပါဦး” ဆိုတဲ့ ကလေးလေးတစ်ယောက်ရဲ့ အသံ။ ကြည့်လိုက်တော့ ကားလမ်းနံဘေး မြက်ရိုင်းတောကြီးထဲက ထွက်လာတဲ့ အသံမှန်းသိလိုက်တယ်။
    ကယ်လ် နဲ့ ဘက်ကီတို့ဟာ ပြန်မထွက်တတ်ဘဲ လမ်းပျောက်နေပြီး အကူအညီတောင်းနေတဲ့ သနားစဖွယ် ကလေးငယ်ကို ကယ်တင်ဖို့ ဆုံးဖြတ်ကာ မြက်ရိုင်းတောထဲ ဆင်းခဲ့ကြတယ်။ တကယ်တမ်း ဆင်းကြည့်မှ မြက်ရိုင်းတွေဟာ ထင်တာထက် ပိုမြင့် ပိုရှည်လျားပြီး သာမန်မြက်ရိုင်းတွေလို မပျော့ပျောင်းတာ သိလိုက်ရတယ်။ နောက်ထပ် ထူးဆန်းတာက မြက်ရိုင်းရှည်တောကြီးဟာ ကမ္ဘာမြေပေါ်က အခြားနေရာတွေလို မဟုတ်ဘဲ အရပ်ဒေသ တည်နေရာ ၊ ရေခံမြေခံ ၊ အချိန် တွေက တသမတ်တည်း မဟုတ်ဘဲ ပြောင်းလဲနေတာပါ။ အဲ့ဒါတွေထက်ပိုပြီး ဘက်ကီတို့ မောင်နှမ အံ့အားသင့်ခဲ့ရတာက မြက်ရိုင်းရှည်တောကြီးထဲမှာ လမ်းပျောက်လို့ အော်နေတဲ့ ကလေးလေး တစ်ယောက် မက ရှိနေတာ သိလိုက်ရပြီး သိပ်မကြာခင် သူတို့မောင်နှမ ကိုယ်တိုင် လမ်းပျောက်တဲ့ အဖြစ်ကို ရောက်ခဲ့တာပါပဲ။
    ကယ်လ်နဲ့ ဘက်ကီတို့ ဘာတွေ ဆက်ကြုံရမလဲ ဆိုတာ လမ်းပျောက်ဝတ္ထုမှာ ဖတ်ရှုနိုင်မှာဖြစ်ပြီး ရုပ်ရှင်နဲ့မတူတဲ့ ရသအသစ်တစ်ခုကို ရင်တထိတ်ထိတ်နဲ့ ခံစားရမှာဖြစ်ပါတယ်။
    Ks 3,000

Main Menu