• ချွေးနှင့်သွေးနှင့် ရင်းသည့်မြေ

    ဆရာကျော်အောင်၏ ချွေးနှင့်သွေးနှင့်ရင်းသည့်မြေ ဝတ္ထုသည် ခေတ်စနစ်တစ်ခုအပေါ် အ‌ခြေခံပြီး ကွဲပြားခြားနားသွားသည့် လူ့သဘော လူ့စရိုက်သဘာဝကို ဖော်ပြထားသည်။
    အခြေခံအုတ်မြစ်ဖြစ်သော တောင်သူလယ်သမားတို့၏ ချွေးစက်များကို တန်ဖိုးထား ကာကွယ်လိုသောစိတ်၊ တောသူတောင်သားတို့အပေါ် ငဲ့ညှာထောက်ထားစေလိုသော စိတ်ရင်းစေတနာတို့ကို ဤဝတ္ထုတွင် စာရေးဆရာ ပုံဖော်ထားသည်ကို တွေ့မြင်ရပေမည်။
    အညာကျေးလက်ဒေသ၏ သာယာအေးချမ်းသော ရှုမျှော်ခင်းအချို့ကို ဖတ်ရှုနေရင်း လိုက်ပါမြင်ယောင် ခံစားစေအောင်လည်း ရေးဖွဲ့သည်။ အညာဒေသ၏ လတ်ဆတ်သော လေကောင်းလေသန့်ကို ချွေးနှင့်သွေးနှင့်ရင်းသည့်မြေ ဝတ္ထုတွင် ရှူရှိုက်မိစေမည်။ ယာတောသူလေးများ၏ သာယာနာပျော်ဖွယ် တေးသီချင်းသံတို့ကိုလည်း ကြားရမိပြန်မည် ဖြစ်သည်။
    ဆရာကျော်အောင်၏ ချွေးနှင့်သွေးနှင့်ရင်းသည့်မြေ ဝတ္ထုသည် ယခင်တစ်ချိန်က ရှိခဲ့ဖူးသည့် ခေတ်ကာလတစ်ရပ်ကို ထင်ဟပ်စေသည့် စာကောင်းတစ်ပုဒ် ဖြစ်ပါသည်။ ဤဝတ္ထုထဲတွင် ကိုယ့်မြေကိုယ့်ရေကို ချစ်ခင်သော စိတ်နှလုံးသားတို့ များစွာ ဖူးပွင့်လျက်ရှိပေသည်။
    Ks 6,000
  • ခေါင်းဆောင်ကောင်းတို့၏ ဝိသေသ

    လူ့ပတ်ဝန်းကျင်‌ကောင်းတစ်ခု ဖြစ်တည်ဖို့အတွက် ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတစ်ခု ရှိသင့်ပါတယ်။ အဲ့ဒီအဖွဲ့အစည်းတစ်ခုမှာလည်း ခေါင်းဆောင်ကောင်းတစ်ဦး မဖြစ်မနေ လိုအပ်ပါတယ်။ လူတိုင်းလူတိုင်းဟာ လုပ်ငန်းခွင်တစ်ခုမှာပဲဖြစ်ဖြစ်၊ မိသားစုတစ်စုမှာပဲဖြစ်ဖြစ် ဦးဆောင်သူအနေဖြင့်သာ ရှင်သန်လိုကြတယ်။ လက်ရှိနေရာကနေ မြင့်သထက်မြင့်တဲ့နေရာတွေ ရာထူးဌာနတွေဆီ အဆင့်ဆင့် တက်လှမ်းသွားချင်ကြတယ်။ ဒီလိုနဲ့ အမြင့်ဆုံးနေရာကို ရောက်ပြီဆိုရင် ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီလို့ ယူဆကြပါတယ်။
    မြင့်မားတဲ့ နေရာဌာနကိုရောက်ရင် ခေါင်းဆောင်ဖြစ်ပြီ သတ်မှတ်လို့ရပေမဲ့ ခေါင်းဆောင်ကောင်းတစ်ဦးလို့ ခေါ်ဆိုထိုက်ဖို့ကတော့ မြင့်မားတဲ့စိတ်ဓာတ်ကပါ တွဲပါလာဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လူတစ်ဦးတစ်ယောက်ရဲ့ ဦးဆောင်မှုနောက်မှာ နယ်ပယ်ဒေသတွေရှိပါတယ်။ များပြားတဲ့ လုပ်ငန်းတာဝန်တွေ၊ မှီခိုရပ်တည်နေတဲ့ မိသားစုအင်အားတွေကလဲ တစ်ဆင့်ပြီးတစ်ဆင့် ပတ်သက် ဆက်နွယ်ပြီး တည်ရှိနေပြန်တယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းတစ်ရပ်မှာ စိတ်ဓာတ်ပြည့်ဝပြီး အရည်အချင်းမြင့်မားတဲ့ ခေါင်းဆောင်တွေ ပေါ်ထွက်လာသင့်ပါတယ်။
    ခေါင်းဆောင်တစ်ယောက်ဟာ ကောင်းမွန်တဲ့အရာတွေကို မွေးဖွားဖို့အတွက်ဆိုရင် အများနဲ့မတူတဲ့ နည်းလမ်းတွေကို ရှာဖွေကြံဆနိုင်ရမယ်။ အများနည်းတူ ရောနှောနေတဲ့ လုပ်ထုံးလုပ်နည်းတွေကို ပယ်ဖျက်ရဲရမယ်။ ကိုယ်ပိုင်လမ်းသစ်ကို တီထွင်ပြီး ဖောက်နိုင်ရမယ်။
    စီးပွားရေးနယ်ပယ်မှာ အောင်မြင်တဲ့ ခေါင်းဆောင်တွေကို ကြည့်လိုက်ရင် သူတို့မှာ အများနဲ့ မတူညီတဲ့ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်အယူအဆတွေ ရှိကြတာကို တွေ့မြင်ရမှာပါ။ အတွေးအခေါ် အယူအဆတွေဟာ သာတူညီမျှ ရောနှောပြီး ကွဲမထွက်လာသရွေ့ လူထဲကလူပဲ ဖြစ်နေဦးမှာပါပဲ။ လူထဲကနေပြီး လူသားအကျိုးပြု ခေါင်းဆောင်ကောင်းဖြစ်ချင်တယ်ဆိုရင်တော့ မတူညီတဲ့ အရာတွေကို လုပ်ဆောင်ရဲဖို့ လုပ်ဆောင်ပြဖို့ လိုအပ်ပါတယ်။
    ဒီစာအုပ်ထဲမှာတော့ နယ်ပယ်အသီးသီးက အောင်မြင်ထင်ရှားတဲ့ ခေါင်းဆောင်တွေရဲ့ မတူညီတဲ့ အပြုအမူတွေ၊ ကွဲပြားတဲ့ ပြောဆိုပုံတွေကို ဖတ်ရှုခံစားရမှာပါ။ ဒီစာအုပ်လေးဟာ ခေါင်းဆောင် ဖြစ်လိုသူတွေအတွက်ရော၊ ခေါင်းဆောင်ကို ခွဲခြားသိမြင်စေဖို့အတွက်ရော အထောက်အကူ ပြုပေးပါလိမ့်မယ်။
    Ks 5,000
  • အကြည်တော်ရဲ့ ဖြူစင်ခြင်း (အမှတ်တရစာစုများ)

    Categories: ,

    အကြည်တော် လို့ ဆိုလိုက်တာနဲ့ ဘီလူး၊ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ အသည်းကွဲ နှစ်ဆယ့်လေးနာရီ အစရှိတဲ့ ပျော်ရွှင်ရယ်မောဖွယ်ရာ ဝတ္ထုဇာတ်လမ်းတွေကို ပြန်တွေးပြီး ပြုံးမိစေမှာပါ။ ဆရာအကြည်တော်ဟာ သူ့ဇာတ်ကောင်တွေကနေတဆင့် စာဖတ်ပရိသတ်များဆီကို ပျော်ရွှင်မှုတွေ စီးဝင်စေခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဆရာကြည်ရဲ့ စာတွေဟာ စိတ်ညစ်နေတဲ့အချိန်မှာ ဖတ်ရှုမိရင်တောင် အကြည်ဓာတ် ပြန်ရလာတဲ့အထိပါပဲ။ ဒါဟာ သူမွေးထုတ်လိုက်တဲ့ ဇာတ်ကောင်တွေရဲ့ ရယ်မောဖွယ်ကောင်းတဲ့ ကာရိုက်တာတွေက အကျိုးပြုတာကြောင့်ဆိုတာ မလွဲပါဘူး။

    ခုချိန်မှာတော့ ဆရာအကြည်တော်ဟာ ရယ်စရာတွေကို တစ်ပုံကြီးချန်ထားခဲ့ပြီး လူ့လောကထဲကနေ ထွက်ခွာသွားခဲ့ပါပြီ။ ရှင်သန်ခဲ့တဲ့ကာလမှာ လူတွေကိုပြုံးပျော်စေခဲ့တဲ့ သူကိုယ်တိုင်ကရော ဘယ်လိုနေထိုင်ခဲ့ပါသလဲ။ ဒီစာအုပ်လေးထဲမှာ ဆရာကြည်နဲ့ပတ်သက်တဲ့ အမှတ်တရပေါင်းများစွာကို သူ့ရဲ့ညီအစ်ကိုမောင်နှမတွေ၊ စာရေးဆရာ/ဆရာမတွေနဲ့ သားတပည့်တွေက လွမ်းဆွတ်တမ်းတစွာ ဝိုင်းဝန်းပုံဖော်ထားကြပါတယ်။
    ဆရာကြည်ရဲ့ ညီအစ်ကိုမောင်နှမတွေ အမှတ်တရရေးဖွဲ့ထားတဲ့ စာစုတွေထဲက ကောက်နုတ်ချက်တချို့ကို ဖော်ပြပါရစေ။
    တကယ်တော့ သူဟာ ငယ်စဉ်အခါတုန်းကတော့ သူကိုယ်တိုင် မသိခဲ့တဲ့ ရတနာပစ္စည်းတစ်ခုပါ။ သူ့ချည်းသာလောဆိုတော့လည်း မိဘ၊ ဆရာသမား၊ ညီအစ်ကိုမောင်နှမများကအစ ဘယ်သူမှမသိကြတဲ့ ရွှံ့နွံဖုံးလွှမ်းနေသော ရတနာပစ္စည်းပါ။
    ကျောင်းစာနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရ အဖြစ်အပျက်တွေကတော့ အဲ့ဒီ့အချိန်မှာ သူက အလယ်တန်းကျောင်းသား(ငါးတန်း/ခြောက်တန်း) ဖြစ်ပြီးနေတာတောင် အင်္ဂလိပ်စာ၊ သင်္ချာဘာသာရပ် နှစ်ခုကတော့ မူလတန်း‌အောက်အဆင့်(နှစ်တန်း/သုံးတန်း)လောက်က မတက်နိုင်၊ သင်လို့မရနိုင်၊ မှတ်လို့မရနိုင်သူ ဖြစ်သော်လည်း သူစိတ်ဝင်စားရာ ဘာသာရပ်များဖြစ်သော မြန်မာစာ၊ သမိုင်း စသည်တို့မှာတော့ သိပ်ကို ထူးချွန်ထက်မြက်ပြီး စကားပြေ၊ စာစီစာကုံးများကိုတော့ ထူးချွန်ဆုများရတဲ့အထိ သင်ပြစရာမလိုအောင် ချောမောပြေပြစ်စွာ ရေးတတ်နေပါပြီ။ တော်တဲ့နေရာမှာ သူမတူအောင် လွှတ်ကုန်တော်ပြီး ညံ့တဲ့နေရာကျ‌တော့လည်း လုံးဝ သုံးစားမရအောင်၊ သင်ကြားညွှန်ပြလို့ မရအောင် ညံ့လွန်းသူအဖြစ် အံ့ဩစရာ စံပြ ဖြစ်နေပါပြီ။
    ကျွန်မက အိမ်ရှေ့ကခုံတန်းလေးမှာ ထိုင်ပြီး ကောင်း‌ကင်ပေါ်က တိမ်တွေနဲ့ ထိုင်ဆော့နေတယ်။ ဟိုးမှာ ငါ့တိမ်တိုက်အိမ်ကြီး ဒီနားလေးတော့ အိမ်ပန်းခြံ မွေးပွခွေးလေးက ပါသေးတယ်။ ကျွန်မပိုင်တဲ့ တိမ်တိုက်အိမ်ကြီးကို အဝါရောင်တိမ်တိုက်တွေက ရွှေမင်သုတ်ထားသလို သိပ်ကို လှပနေခဲ့တယ်။ အဲ့ဒီ့အချိန်မှာ ကျွန်မမျက်လုံးထောင့်ထဲကို တော်တော်သန့်စင်တဲ့ အဖြူရောင်တိမ်လေးက လွင့်ခနဲ ဝင်လာတယ်။ တကယ်တော့ အဲ့ဒီ့အဖြူရောင်တိမ်တိုက်လေးက ကိုကြည်။ အဲ့ဒီ့နေ့က သူအဖြူရောင်အင်္ကျီ‌လေးဝတ်ပြီး ပုဆိုးလေးနဲ့ ဆံပင်ကလည်း အတိုလေး ညှပ်ထားတယ်။
    အကြည်တော်ဟာ စာရေးဆရာတစ်ယောက်ပါ။ ကျွန်တော့်အတွက်တော့ တေးရေးဆရာပါ။ ကျွန်တော်က ဂီတပညာနဲ့ ရပ်တည်တော့ ဂီတပညာအကြောင်းတွေ၊ လူပုဂ္ဂိုလ်တွေ အကြောင်းတွေ၊ သမိုင်းတွေ၊ ဆင့်ကဲဖြစ်စဉ်တွေ၊ ရေစီးကြောင်းတွေ အများကြီး လေ့လာပါတယ်။ အဲ့ဒီ့ထဲမှာ ထူးခြားတဲ့သူတွေရဲ့ အကြောင်းတွေ အများကြီး တွေ့ရပါတယ်။ ကိုကြည်ဟာ အဲ့ဒီ့လို လူထဲက တစ်ယောက်ပါ။
    ခင်ဗျားတို့ မသိသေးတဲ့ စာမျက်နှာတခုက ဘိုကြည်က အထူးရဲ ကွန်မန်ဒိုသင်တန်းလည်း တက်ခဲ့ဖူးသေးသည်။ အထူးရဲ ကွန်မန်ဒိုဘဝမယ် ကရာတေးဒို၊ တိုက်ကွမ်ဒိုများ သင်ကြားခဲ့ရုံမက အရှေ့တောင်အာရှ ဘောက်ဆာရွှေတံဆိပ်လည်း ရခဲ့ဖူးသေးသည်။
    လူ့လောကထဲမှာ ပင်ပင်ပန်းပန်း ရှင်သန်ကြရင်း မပျော်တာတွေ များလာတဲ့အခါ ပျော်ရွှင်မှုဟာ တန်ဖိုးအကြီးဆုံး ဖြစ်လာတယ်။ ဆရာအကြည်တော်ဟာ အဲ့သလို တန်ဖိုးကြီးမားတဲ့ ပျော်ရွှင်ရယ်မောစရာတွေကို လူတွေကြားထဲ တနင့်တပိုးကြီး ကြဲချခဲ့သူပါပဲ။ ဆရာထွက်ခွာသွားခဲ့တာတောင် သူချန်ခဲ့တဲ့ ရယ်မောစရာတွေက နောင်နှစ်ပေါင်းများစွာထိ ရှင်သန်ကျန်ရစ်နေပါလိမ့်မယ်။ နောက်ထပ် သူချန်ထားခဲ့တဲ့ အမှတ်တရပေါင်းများစွာကိုတော့ ဒီစာအုပ်လေးထဲမှာ ရှာဖွေတမ်းတကြည့်လိုက်ပါ။ ဒီစာအုပ်လေးဟာ အကြည်တော်၊ အကြည်တော်ရဲ့ ဘဝ၊ အကြည်တော်ရဲ့ စာ၊ အကြည်တော်ရဲ့ အနုပညာ၊ အကြည်တော်ရဲ့ ယုံကြည်ရာတွေက ဘာတွေလဲ ဆိုတာကို စာဖတ်ပရိသတ်တို့ မြင်မိမှာ ဖြစ်ပါတယ်။
    Ks 10,000
  • အပူသစ်နှင့် ရယ်ကြပါသည်

    Categories: ,

    ‘အပူသစ်နှင့် ရယ်ကြပါသည်’ က ဆရာကြီး မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ ‘အပူသစ်နှင့် လူဖြစ်စေသတည်း’ ဝတ္ထုလတ်တစ်ပုဒ်ရယ် ဆရာဟိန်းဆက်သွင်ရဲ့ ‘မရယ်ရ၍ ရယ်ကြပါသည်’ ဝတ္ထုလတ်တစ်ပုဒ်ရယ် ဝတ္ထုလတ်နှစ်ပုဒ်ပေါင်းပြီး တစ်အုပ်တင်ဆက်ထားတဲ့ စာအုပ်ပါ။ ရသစာပေချစ်သူတို့ အရသာသစ်တစ်ခု ခံစားမိစေဖို့ တင်ဆက်ထားတဲ့ စာအုပ်လေးတစ်အုပ်ဆိုလဲ မမှားပါဘူး။

     

    ဆရာကြီး မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ ‘အပူသစ်နှင့် လူဖြစ်စေသတည်း’ ဟာ ဆရာကြီးရဲ့ စာပေလက်ရာအများစုမှာ မြင်တွေ့ရတဲ့ ကံ့ကော်မြေ၊ အင်းယား၊ တက္ကသိုလ်မြေ စတာတွေကို ဖတ်ရှုရမှာ မဟုတ်ပါဘူး။ အရာရှိလစာ ထောင်ဂဏန်း၊ ဝန်ထမ်းလစာ ရာဂဏန်း၊ ဆီတစ်ပိဿာ သုံးဆယ့်လေးကျပ်၊ ဗယာကြော်တစ်ခု သုံးတယ့်ငါးပြား အစရှိတဲ့ ခေတ်ကာလတစ်ခုမှာ စက်ရုံလုပ်သားအဖြစ် တာဝန်ထမ်းဆောင်သူ အလုပ်သမားလေး သိန်းထူးနဲ့ သူ့လိုပဲ အလုပ်သမလေး အေးအေးမြင့်တို့ရဲ့ အချစ်ဇာတ်လမ်းနောက်ခံ ဘဝသရုပ်ဖော် ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ဖတ်ရှုရပါမယ်။ ကိုယ်စီ မိသားစုတွင်း မိဘတွေရဲ့ ကျန်းမာရေး၊ မောင်နှမတွေရဲ့ ပညာရေး၊ အလုပ်တွင်း ပြဿနာတွေလို အခက်အခဲတွေ ကိုယ်စီကြောင့် ချစ်လျက်နဲ့ အိမ်ထောင်မပြုနိုင်သေးတဲ့ သူတို့ရဲ့ အချစ်ဇာတ်လမ်းကို ဖတ်ရှုရင်း တစ်ခေတ်တစ်ခါက ဘဝအမောတွေကြား ကြည်နူးဖွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဆရာကြီး မောင်စိန်ဝင်း(ပုတီးကုန်း) က ‘အပူသစ်နှင့် လူဖြစ်စေသတည်း’ မှာ တင်ပြထားပါတယ်။

     

    ဆရာဟိန်းဆက်သွင်ရဲ့ ‘မရယ်ရ၍ ရယ်ကြပါသည်’ မှာက ယနေ့ကာလလို့ ဆိုရမယ့် သက္ကရာဇ် ၂၀၀၀ ခုနှစ်တစ်ဝိုက်က လူငယ်တွေရဲ့ ယုံကြည်ချက်၊ အချစ်၊ အလုပ်အကိုင် စတဲ့ သူတို့တွေရဲ့ ဘဝတွေကို မြင်တွေ့ရမယ်။ တက္ကသိုလ် အောင်ပြီးနောက်ပိုင်း စာရေးဆရာပဲ လုပ်မယ်ဆိုတဲ့ ဘဝယုံကြည်ချက်နဲ့ ရှင်သန်နေထိုင်ခဲ့သူ ပီယ။ ပီယမှာ ကျောင်းနေဖက် သူငယ်ချင်း ၂ ယောက်ရှိတယ်။ ကျော်စွာနဲ့ ညီညီအောင်။ ကျော်စွာက ဘဝအတွက် ကိုရီးယားသွားပြီး အလုပ်လုပ်တယ်။ ညီညီအောင်က သင်္ဘောတက်တယ်။ ပီယကတော့ သူ့ယုံကြည်ချက်အတိုင်းပဲ စာပေနယ်ထဲမှာ နေရာတစ်ခုရအောင် နေထိုင်ရှင်သန်တယ်။ စာပေနယ်ထဲမှာ ရှင်သန်နေထိုင်သူတို့ ပေးဆပ်ရတဲ့ အရာအားလုံးကို ပီယတစ်ယောက် ဘာမှမမှုဘဲ ဖြတ်ကျော်ခဲ့သလို သိပ်ချစ်ရတဲ့ မြသက်ပန် တစ်ယောက် သူမအဒေါ်စီစဉ်ပေးမှုနဲ့ စင်ကာပူ ထွက်ဖို့ ဖြစ်လာတဲ့အခါမှာလည်း ပီယဟာ ငွေရှာဖို့အတွက် တစ်ခုတည်းနဲ့ စာပေနယ်ကို ကျောခိုင်းပြီး ချစ်သူနောက် လိုက်မသွားခဲ့ပါဘူး။ ချစ်လျက်နဲ့ ရေခြားမြေခြား ခွဲခဲ့ရတဲ့ ပီယနဲ့ မြသက်ပန်တို့ ဆုံဆည်းမှာလား။

     

    အချိန်ကာလ သက္ကရာဇ်တွေဟာ အမြဲတမ်း ပြောင်းလဲနေမှာ ဖြစ်ပေမယ့် လူသားတို့ရဲ့ ကြားက ချစ်ခြင်းတရား၊ မိသားစုတွင်း အခက်အခဲတွေနဲ့ ပျော်ရွှင်စရာတွေ၊ ယုံကြည်ချက်တွေဟာ အမြဲဖြစ်တည်နေတာပါ။ ‘အပူသစ်နှင့် လူဖြစ်စေသတည်း’ နဲ့  ‘မရယ်ရ၍ ရယ်ကြပါသည်’ ဝတ္ထုလတ် နှစ်ပုဒ်ပေါင်း တစ်အုပ်ဖြစ်တဲ့ ‘အပူသစ်နှင့် ရယ်ကြပါသည်’ ကို ဖတ်ရှုပြီး ပြောင်းလဲလာတဲ့ ခေတ်စနစ်၊ အခြေအနေ၊ ဘဝ တွေကို မြင်တွေ့နိုင်မယ်လို့ ယုံကြည်ပါတယ်။

    Ks 4,000
  • ညီမလေး

    ညီမလေး …

    မီးမီးရဲ့ ညီမလေး ငယ်ငယ်။

    ပရလောကကို ရောက်နေတဲ့ ငယ်ငယ်။ မတော်တဆမှုကြောင့် အသက်ဆုံးရှုံးပြီး ဘဝခြားနေပေမဲ့ မီးမီးရဲ့ အနားမှာပဲ နေချင်နေတဲ့ ငယ်ငယ်။ ညီမလေး ငယ်ငယ် ပေါ့။

    မီးမီးတို့က အမြွာလေ။ Identical Twins. ညီအစ်မနှစ်ယောက်က အရာရာထပ်တူလိုကို ဖြစ်တဲ့အထိ တူတာ။

    ငယ်ငယ်က သိပ်သနားဖို့ ကောင်းတယ်။ အရှိန်နဲ့ သွားနေတဲ့ မြင်းလှည်းပေါ်ကနေ လမ်းပေါ်ကို ခေါင်းနဲ့ ပြုတ်ကျသွားတာ … မီးမီးတို့ မိသားစုတွေ စီးလာတဲ့ မြင်းလှည်းကို ကုန်ကားက ဝင်တိုက်တာလေ။ မီးမီးက အသက်အန္တရာယ် မရှိခဲ့ပေမဲ့ လမ်းပေါ်ကို ခေါင်းနဲ့ ပြုတ်ကျတဲ့ ညီမလေး ငယ်ငယ်က အဲ့ဒီနေရာမှာတင် ပွဲချင်းပြီးပေါ့။

    ငယ်ငယ်လား … သူများတွေအတွက်တော့ ငယ်ငယ်က ကွယ်လွန်ချင် ကွယ်လွန်ပြီး ဖြစ်ပေမဲ့ မီးမီး အနားမှာ ငယ်ငယ်က ရှိနေတာ။ မီးမီးတို့ မတော်တဆမှု ဖြစ်တော့ မီးမီး ခြေကျိုး၊ နံရိုးကျိုးတော့ ဆေးရုံတက်ရတယ်။ ဆေးရုံပေါ်မှာ သတိပြန်ရကတည်းက ငယ်ငယ်က ခုတင်ဘေးမှာ ငိုင်ငိုင်လေး ရပ်နေတာ မီးမီး တွေ့နေရတာပဲကို။

    ငယ်ငယ်က သူ့အစ်မ မီးမီးကို သိပ်ချစ်တယ်။ အမြွာညီအစ်မတွေ ဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်ကြတာ။ ငယ်ငယ် ကွယ်လွန်ပြီးပြီ ဆိုပေမဲ့ မီးမီး အနားမှာ သူရှိနေပါတယ်။ မီးမီး ကလဲ သူငယ်ချင်း အပေါင်းအသင်း မရှိသလောက် နည်းတယ်။ ချောင်တစ်ချောင်မှာ တိတ်တိတ်လေး ငြိမ်နေပြီး မီးမီးပြောတဲ့ စကားတွေ နားထောင်နေတဲ့ ညီမလေး ငယ်ငယ်နဲ့ပဲ မီးမီး ကျောင်းသူဘဝတစ်ခုလုံး နေထိုင်ရှင်သန်ခဲ့တာ။ ညီမလေးဟာ ကွယ်လွန်ပြီးပြီ ဆိုပေမဲ့ မီးမီးနဲ့ပဲ ရှိနေပြီး မီးမီး အသက်ကြီးသွားတဲ့ ကာလအတိုင်း ညီမလေးပါ လိုက်လံကြီးထွားလာခဲ့တာ။ ငယ်ငယ့်အကြောင်း ဘယ်သူ့ကိုပဲ ပြောပြော မယုံကြဘဲ မီးမီးကို အရူးတစ်ယောက်လိုသာ အကြည့်ခံရတာသာ အဖတ်တင်တာ။ မီးမီးလဲ အပေါင်းအသင်း နည်းတဲ့ ဘဝမှာ အနားမှာ အမြဲလိုလိုရှိနေတဲ့ ငယ်ငယ့်ကို စကားတွေ ပြောလိုက်၊ ရင်ဖွင့်လိုက်နဲ့ပေါ့။ ထူးခြားတာက ငယ်ငယ်က ပြောသမျှကို နားထောင်ပေးပေမဲ့ ဘာမှ ပြန်မပြောဘူး။ တိတ်တိတ်လေးပဲ အမြဲနေနေတာ။

    ဒီလိုနဲ့ ငယ်ငယ် နဲ့ မီးမီး တို့ ခွဲရမဲ့ နေ့ရက်အချိန်တစ်ခုကို ရောက်လာခဲ့တယ်။ အဲ့ဒီအဖြစ်အပျက်တွေကလဲ မီးမီးရဲ့ ဘဝထဲကို ချစ်သူ ကိုဦး ရောက်လာတာကနေ စခဲ့တာပါပဲ။

    မမနားကို ငယ်ငယ်မလာပါနဲ့တော့၊ မကြာခင် မမလဲ အိမ်ထောင်ပြုတော့မယ်၊ မမ ပုံမှန်ဘဝမှာ ရှင်သန်ပါရစေတော့၊ မမကို လူတွေက အရူးလို့ ထင်နေကြမှာ ငယ်ငယ် မြင်ချင်တာလားလို့ မီးမီးလဲ အော်ဟစ်ပြောဆိုလိုက်မိတယ်။

    ညီမလေးဟာ ဘာမှ ပြန်မပြောဘူး။ မျက်ရည်တွေပဲ ကျလို့။ မီးမီးလဲ သူ့ကို သနားတာ တစ်ဖက်၊ ကိုယ့်ဘဝကို ရှေ့ဆက်ရမှာ တစ်ဖက်နဲ့ ဘာလုပ်လို့ လုပ်မိမှန်း မသိဘဲ …ငယ်ငယ် အခုထွက်သွား လို့ ကြုံးအော်လိုက်မိတယ်။ ငယ်ငယ်ကလေ ဝမ်းနည်းလွန်းတဲ့ ပုံနဲ့ စိုက်ကြည့်ပြီး လှေကားကနေ တဒုန်းဒုန်း ပြေးဆင်းသွားတော့တယ်။ အဲ့ဒီအချိန်မှာပဲ မီးမီးလေ .. မှားသွားပြီလို့ တွေးပြီး ညီမလေးစိတ်နဲ့ မူးမေ့ သတိလစ်ခဲ့တဲ့အထိပါပဲ။

    ဒီလိုနဲ့ ကိုဦးနဲ့ မီးမီးတို့ မင်္ဂလာပွဲနေ့ ကျင်းပမဲ့ နေ့ရက်ကို ရောက်ရှိလာခဲ့တယ်။

    ငယ်ငယ်ရယ် … မီးမီးနဲ့ အိမ်ထောင်ပြုတော့မဲ့ အမျိုးသားကိုမှ ကိုယ်ထင်ပြ ခြောက်လှန့်ရသလား။

    ဒီလိုနဲ့ ကိုဦးနဲ့ မီးမီး အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ မီးမီး ဇာတိ သန်လျင် ကနေ ကိုဦးနဲ့အတူ ၈ မိုင်မှာ ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ ငယ်ငယ့်ကိုလဲ မီးမီး မတွေ့တော့ဘူး။ မီးမီးလဲ ဘဝသစ်မှာ အရာရာဟာ အသားတကျနဲ့ အဆင်ပြေတော့မယ့်ဟန်နဲ့ နေ့ရက်တွေက တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးခဲ့တယ်။ ဒါပေမဲ့ တစ်ရက်။ မီးမီး မေ့မရမဲ့ တစ်ရက်ပေါ့။

    ညီမလေးရဲ့ စူးစူးဝါးဝါး အော်သံကို ကြားတယ်။ အိမ်တံခါးမကို ဆောင့်တွန်းဖွင့်လိုက်တော့ အပေါ်ထပ်ကနေ ‘မမ’ လို့ အာခေါင်ခြစ် အော်သံကို ကြားလိုက်ရပြန်တယ်။ အပေါ်ကို ပြေးတက်ရင်း အခန်းဝ ရောက်တော့ ပိတ်ထားတဲ့ အခန်းထဲကနေ ကြားရတာက ကြာပွတ်သံတွေ တရွှမ်းရွှမ်း နဲ့ ငယ်ငယ့် ငိုသံတွေ။

    “ငါ့ကို ကယ်ပါဦး မမရယ်” တဲ့။

    “ငါ့ကို ကယ်ပါဦး မမရယ်” ဆိုတာ ခုနက အိပ်မက်ထဲမှာပဲ မီးမီး ကြားခဲ့တာ မဟုတ်ဘူး။ ချွေးစေးတွေနဲ့ အိပ်မက် လန့်နိုးပြီးတဲ့အထိ အပြင်မှာပါ ဆက်ကြားနေတာ။ အိပ်မက်က ပီပြင်လိုက်တာ။ ညီမလေးနဲ့ ပတ်သက်ပြီး မမက်တာ မကြားတာ ကြာပြီ။ ဒါဆို သန်လျင်အိမ်မှာ ညီမလေး ဘာဖြစ်နေပြီလဲ … မီးမီး သိရမှ ဖြစ်မယ်။

    Ks 4,500
  • ဖွေရှာမောရသူမယ်

    ကျွန်တော်တို့တစ်တွေ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူး တခုအဖြစ် ကိုယ်ချင်းစာတတ်ခြင်း ဆိုတာ ရရှိခဲ့ပါတယ်။ အဲဒီ ကိုယ်ချင်းစာတရားကို နိုင်ငံခြား ထွက်ပြီး အလုပ်လုပ်ရတဲ့ ယောကျာ်းလေးတွေ ၊ မိန်းကလေးတွေ အပေါ်မှာ ထားနိုင်ဖို့ ဒီစာအုပ်လေးက အထောက်အကူ ပြုနိုင်ပါတယ်။

    မိဘနှစ်ပါး အတူမနေကြတဲ့ ၊ ခွဲခွာနေကြရတဲ့ မိသားစုက ကလေးတွမှာ စိတ်ဒဏ်ရာတွေ ရှိတတ်ကြတယ် ။ တချို့က ပေတုံးပေါ်က သံတွေ သံခဲလို မာကျောသွားကြတယ်။ တချိူ့ကျတော့ ပတ်ဝန်းကျင် နဲ့ လူသူစိမ်းတွေကို ကြောက်ရွံ့ သွားတတ်တဲ့ ယုန်သူငယ်လေးလို ဖြစ်သွားတတ်တယ်။ အဲဒီလို မိသားစု တစ်ခုထဲက မွေ့မွန် ဆိုတဲ့ ကောင်းမလေး တစ်ယောက်ရဲ့ နာကျင်မှု နဲ့ ဖြတ်သန်းမှု တွေကို ကြည့်မယ်ဆိုရင်… ။

    သူစိမ်း တစ်ယောက်လို တခါတရံ မှ လာတွေ့တတ်တဲ့ အဖေကို စိတ်ထဲ နာကျဉ်းနေတဲ့ မွေ့မွန် ဟာ အမေတယောက်သာ မှီတွယ်ရာရှိတဲ့ ကမ္ဘာကျဉ်းကျဉ်းလေး ထဲမှာပဲ ရှင်သန်နေသူပါ ။

    လူ့လောကကို သူ စရောက်ကတည်းက အမေနဲ့  သူ့ကို ပစ်ထားတယ် ဆိုပြီး အဖေကို  စိတ်နာနေခဲ့တာ။ အဖေနဲ့ ဝေးနေသူ သမီးလေးကို မာကျော ကြံ့ခိုင်စေချင်တဲ့ မေမေ ရဲ့ တွန်းအားတွဟော မွေ့မွန် ကို တသက်သာ နာကျင်နေတဲ့ သစ်ရွက်ဝါလေး တရွက်လို ဖြစ်သွားစေတယ် ။

    စိတ်သန္တန်ရဲ့ အောက်ဆုံးအလွှာမှာ ခိုကပ်နေတဲ့ ၊ နက်ရှိုင်းတဲ့ ၊ နာကျင်မှုကလာတဲ့ အထီးကျန်ဝမ်းနည်းမှုတွေ အကင်းမသေနိုင်သေးတဲ့ မွေ့မွန် ဟာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဘဝ ပြဿနာ အဖုံဖုံကို သိရပြီးနောက် လောကကြီးမှာ မိမိ တယောက်တည်း ခံစားနရေတာ မဟုတ်ဘူး ဆိုတာ သိသွားပါတယ် ။

    ချင်းတွင်းမြစ်အထက်ပိုင်းက မော်လိုက်မြို့လေးက မွေ့မွန် ဆိုတဲ့ ကောင်မလေး တစ်ယောက် ရဲ့ အကင်းမသေနိုင်သေးတဲ့ အထီးကျန်ဝမ်းနည်းမှုတွေနဲ့အတူ အရုပ်မြို့တော်လို့ မွေ့မွန် တင်စားထားတဲ့ ယူအေအီးနိုင်ငံ အထိ စာဖတ်သူကို ဆွဲခေါ်သွားမယ့် ဇာတ်လမ်းတပုဒ်ဖြစ်ပါတယ်

    Ks 2,500
  • ဝတ္တုတိုပေါင်းချုပ်- ၁ (၁၉၄၉-၁၉၆၁)

    ဆရာမြသန်းတင့်လို့ ဆိုတာနဲ့ မျက်စိထဲ ပြေးမြင်လိုက်တာက “လေရူးသုန်သုန် ” ၊ “စစ်နဲ့ငြိမ်းချမ်းရေး ” ၊ “ခန်းဆောင်နီအိမ်မက် ” စတဲ့ နာမည်ကြီး ဘာသာပြန်စာအုပ် အထူကြီးတွေပါ။ ဘာသာပြန် ကဝိတစ်ဆူရယ်လို့ ဆရာမြသန်းတင့်ကို အမည်ပေးကြပေမယ့် စာပေလောကကို စတင် ခြေချစဉ်က ပင်ကိုယ်ရေး ဝတ္ထုတိုလေးတွေနဲ့ ဖြစ်ပါတယ်။

    ၁၉၄၉ ၊ တာရာမဂ္ဂဇင်းမှာ စတင် ရေးသားခဲ့တဲ့ “ဒုက္ခသည် ” ဝတ္ထုတိုလေးက ဆရာမြရဲ့ ပထမဆုံးလက်ရာပါ။ ဒုတိယကမ္ဘာစစ်အပြီး မြန်မာပြည်သူလူထုအများစု ဒုက္ခ ပင်လယ်ဝေကြရတယ်။ အဲဒီထဲက ဒုက္ခသည်တစ်ယောက်ရဲ့ဘဝကို ရေးဖွဲ့ထားတဲ့ “ဒုက္ခသည် ” ဝတ္ထုတိုက ဘယ်လိုထူးခြားပါသလဲဆိုရင်၊ စစ်အစိုးရခေတ် တစ်ခေတ်လုံး ထုတ်ဝေခွင့်မရခဲ့ဘူး။

    တာရာမဂ္ဂဇင်းမှာ ပွဲဦးထွက် ပါခဲ့တယ်။ နိုဝင်ဘာလ ၊ ၁၉၇၂ က သစ္စာစာပေကထုတ်တဲ့ မြသန်းတင့် _ဝတ္ထုတိုပေါင်းချုပ် (၁)ထဲမှာပါခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ စာအုပ်စျေးတိုက်က ထုတ်တဲ့ အချိန်မှာ ပါမလာခဲ့ဘူး။

    အခု စတုတ္ထအကြိမ်အဖြစ် မဟာစာပေက ထုတ်ဝေမယ့် စာအုပ်မှာ ပထမအကြိမ်မူအတိုင်း အပြည့်အစုံ ပြန်လည်ဖြည့်ဆည်းထားတဲ့အပြင် အတွင်းသရုပ်ဖော်ပုံများနဲ့ ဝေဝေဆာဆာနဲ့ ဖတ်လို့ကောင်းမယ့် စာအုပ်တစ်အုပ်ပါ။ စာအုပ်အမှာစာတွေထဲမှာ နာမည်ကြီးလှတဲ့ ဆရာဒဂုန်တာရာရဲ့ အမှာစာလဲ ပါပါတယ်။

    ဒီစာအုပ်မှာ ၁၉၄၉ ခုနှစ် ကနေ ၁၉၆၁ အထိ တာရာမဂ္ဂဇင်း၊ စာပေသစ်မဂ္ဂဇင်းနဲ့ ရှုမဝမဂ္ဂဇင်းတွေမှာ ဆရာမြသန်းတင့် ရေးသားခဲ့တဲ့ ဝတ္ထုတို (၁၀) ပိုဒ် ပါပါတယ်။ ဆရာမြသန်းတင့် ရှေးဦးပိုင်းရေးခဲ့တဲ့ဝတ္ထုတိုတွေရဲ့ ဖြတ်သန်းမှုကို သိမြင်နိုင်ကြမှာ ဖြစ်ပါတယ်။
    လူမှုဘဝတွေကို သရုပ်ဖေါ်ရေးဖွဲ့ရာမှာ ပိုင်နိုင်တဲ့ ဆရာမြသန်းတင့်ရဲ့ ဝတ္ထုတိုတွေ ဖတ်ပြီး ၁၉၅၀ ဝန်းကျင်က လူတွေရဲ့ဘဝတွေကို အတိတ်ရဲ့အရိပ်အဖြစ် ပြန်လည်ငဲ့စောင်း ကြည့်ရှုခံစား ကြည့်ကြပါစို့လား ခင်ဗျာ။

    စာကြွင်း _ ဒီ ဝတ္ထုတိုပေါင်းချုပ် (၁) ထဲမှာပါတဲ့ ဝတ္ထုတိုတွေကို ရေးပြီး ဆယ်နှစ်ကျော် အကြာမှာ ဆရာမြသန်းတင့် ကိုယ်တိုင် ပြန်လည်သုံးသပ် ဝေဖန်ထားတဲ့ ဆောင်းပါးတစ်ပိုဒ် အပိုထည့်ပေးထားပါတယ်။

    Ks 6,000
  • နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း

    ခေတ်သစ်၏ ခေါ်ရာသို့ မလိုက်နိုင်ဘဲ ကျဆုံးသွားသည့် လူတန်းစားတစ်ရပ်တစ်ကြောင်း။

    ပေါင်းလောင်းရပ်နေ ဦးရွှေဖြူ၊ ဒေါ်ငြိမ်း၊ ၎င်းတို့၏သား ကိုဖေမောင်၊ စမုန်ကွင်းကောက်ရပ်နေ ဦးဇေယျာ၊ ဒေါ်လှမေ၊ ၎င်းတို့၏ သမီး မညွန့်ခင်။
    သူတို့သည် ဤဇာတ်လမ်း၏ ဇာတ်ဆောင်များ။ စာရေးဆရာကြီး ကျော်အောင်က ထိုဇာတ်ဆောင်တွေနဲ့ ထိုခေတ်က လူတွေအကြောင်းကို ‘နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း’မှာ ဇာတ်လမ်းတစ်ပုဒ်နဲ့ ပမာပြု တင်ပြတယ်။

    ပေါင်းလောင်းဆိုတဲ့ အရပ်က ခေါင်တယ်၊ မြန်မာပြည်အလယ်ပိုင်း တစ်နေရာကို ကိုယ်စားပြုတဲ့အရပ်ဒေသ။ အဲ့ဒီဒေသမှာ နေထိုင်ကြတဲ့သူတွေက ရိုးရိုးအေးအေးတွေ။ သီပေါမင်း ပါတော်မူပြီး အင်္ဂလိပ်တွေ ရောက်လာလို့ ခေတ်ပညာတတ်ကျောင်းတွေ ဖွင့်တဲ့အခါ “ပညာများ ဘုန်းကြီးကျောင်းမှာ ထားလည်း ရတာပဲ၊ ဘာလို့ လောကဓာတ်ကျောင်းပို့မလဲ” လို့ မေးငေါ့ကြတဲ့အရပ်။

    စမုန်ကွင်းကောက်က အောက်ပြည်အောက်ရွာက အရပ်ဒေသတစ်ခု၊ တိုးတက်ခေတ်မီတဲ့ ရန်ကုန်လို အရပ်နဲ့ ကုန်စည် အကူးအသန်း အဆက်အသွယ်ရှိတယ်။ မိရိုးဖလာ လယ်မြေ စိုက်ပျိုးစီးပွားကို အစိုးရဆီက ချေးငွေတွေ ယူပြီး ပိုမိုတိုးတက်တဲ့ စီးပွားတစ်ရပ်ဆီ ရှေ့တိုးဖို့ ကြိုးစားနေကြတဲ့ အရပ်။
    ပေါင်းလောင်းက ဦးရွှေဖြူဟာ သူကြီးမျိုးဆက်။ အဖေသူကြီး ကွယ်လွန်တော့ အလိုလို သူကြီးဖြစ်လာသူ။ သူ့ခေတ်မှာ မြန်မာတို့ ထီးနန်းကျိုးပေါက် အင်္ဂလိပ်လက်အောက်ရောက်တော့ သူက သူကြီးအရာကနေ မကျသွားတဲ့တိုင် သူ့အထက်မှာ မြို့အုပ်မင်းဆိုသူတစ်ယောက် ပေါ်လာတယ်။ သူက ဒုတိယဖြစ်သွားတယ်။ အပြောင်းအလဲခေတ်ကြီးမှာ ထိုင်နေရင် ဘာမှဖြစ်လာဘူးဆိုတဲ့ စိတ်နဲ့အောက်ပြည်အောက်ရွာ စုန်ဆင်းရာက စမုန်ကွင်းကောက်ကို ရောက်သွားတယ်။

    ‘နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း’ မှာ ကျော်အောင်ရဲ့ metaphor ဆန်ဆန် တင်ပြမှုကို ဖတ်ရပါမယ်။ ခေတ်တွေကို ပြတယ်။ လူတန်းစားတွေကိုပြတယ်။ အတွေးအခေါ် ၊ ဘဝရပ်တည်ရှင်သန်မှု၊ လူမှုစီးပွား စတာတွေကို ဇာတ်ဆောင်တွေက တစ်ဆင့်၊ စာမျက်နှာထက်က တစ်ဆင့်၊ ရေးသားတင်ပြတယ်။
    တစ်နည်း ‘နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း’ ဟာ ဝတ္ထုစာအုပ်တစ်အုပ်ထက်ပိုတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

    ဆရာကျော်အောင်၏ ပထမဆုံး ရသဝတ္ထုရှည်တစ်အုပ်ဖြစ်သလို စာပေအစဉ်အလာ ကြီးမားလှတဲ့ ပုဂံစာအုပ်တိုက်ရဲ့ (သတ္တမမြောက်) နှစ်လည်အထူးထုတ် ပင်ကိုယ်ရေး ရသဝတ္ထုရှည်တစ်အုပ်လည်း ဖြစ်ပါတယ်။

    Ks 15,000
  • ဗီလိန်

    ကြည်လင်အေးက အောင်မြင်ကျော်ကြားနေပြီဖြစ်တဲ့ best seller စာရေးဆရာလေး။ လုံးချင်းစာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ်ထွက်ရှိလာခဲ့ပြီး စာဖတ်ပရိသတ်တွေလဲ အခိုင်အမာ ရရှိနေပြီဖြစ်သူ။
    သူ့ရဲ့ ခုနစ်အုပ်မြောက် လုံးချင်းဝတ္ထုက သက် ငယ် မုဒိန်းမှုတစ်ခုကို အခြေခံပြီး ရေးဖွဲ့ထားတယ်။ သက် ငယ် မုဒိန်းကို အခြေခံထားတယ်ဆိုသော်ငြား ပုံမှန်ဇာတ်လမ်းတွေလို မဟုတ်ဘဲ နစ်နာသူတွေဘက်က ထိုက်တန်တဲ့ တရားမျှတမှုကို မရတဲ့အခါ ကျူးလွန်သူတွေကို သူတို့နည်းသူတို့ဟန်နဲ့ ပြစ်ဒဏ်စီရင်တဲ့ အကြောင်းကို ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်။
    အဲ့ဒီ ခုနစ်အုပ်မြောက် စာအုပ် ထုတ်ဝေခြင်း အမှတ်တရ လက်မှတ်ရေးထိုးပွဲကနေ အပြုံးလေးတစ်ခုကို အစပြုပြီး စာရေးဆရာကြည်လင်အေးနဲ့ စာဖတ်ပရိသတ်တစ်ဦးဖြစ်တဲ့ နှင်းစံပယ်တို့ ဆုံဆည်းခဲ့တယ်။
    စာအုပ်ထွက်ရှိပြီး ကာလတစ်ခုရောက်တော့ စာရေးဆရာ ကြည်လင်အေး အိမ်မှာ နေရင်းထိုင်ရင်း ရဲတွေလာဖမ်းတာ ခံရပါလေရော … ။
    အဖမ်းခံရတဲ့အကြောင်းက ရပ်ကွက်တစ်ခုမှာ သန်းဌေး အမည်နဲ့ လူတစ်ယောက် လုပ်ကြံခံရတယ်။ သန်းဌေး လုပ်ကြံခံရတာက ထူးသလို ဆန်းလဲ ဆန်းပြားတယ်။ ပြီးတော့ ရင်ဘတ်မှာ တက်တူးနဲ့ ‘မု ဒိန်း ကောင်’ ဆိုတာကို အရေးခံထားရသေးတယ်။ သန်းဌေး ကိစ္စမှာ ကြည်လင်အေး အဖမ်းခံရတာက စာရေးဆရာရဲ့ နောက်ဆုံး ထွက်ထားတဲ့ စာအုပ်ထဲက လုပ်ကြံနည်းအတိုင်း သန်းဌေး ကြုံခဲ့ရလို့ပဲ ဖြစ်တယ်။ တိုက်ဆိုင်တာက သေဆုံးသူ သန်းဌေးဟာ ကြည်လင်အေးရဲ့ ချစ်စခင်စ ချစ်သူလေး နှင်းစံပယ်ရဲ့ အစ်ကိုဝမ်းကွဲဖြစ်နေတာ။
    ပြဿနာတွေဟာ ကြည်လင်အေး အချုပ်ကျသွားရုံနဲ့ ပြီးမသွားဘူး။ သံသယမှုနဲ့ ကြည်လင်အေး အချုပ်ကျနေစဉ်အတွင်း လုပ်ကြံမှု ၂ မှု ထပ်ထပ်ဖြစ်တယ်။ ထပ်လုပ်ကြံခံရတဲ့သူတွေဟာ သန်းဌေးလိုပဲ စိတ်ကြိုက်စီရင်မှု ခံရတယ်။ ရင်ဘတ်မှာလဲ ‘မု ဒိန်း ကောင်’ ဆိုတာ တက်တူးနဲ့ ရေးခံခဲ့ရတယ်။ ပြီးတော့ သန်းဌေးနောက်မှာ လုပ်ကြံခံရတဲ့သူ နှစ်ယောက်ကလဲ နှင်းစံပယ်ရဲ့ အစ်ကိုဝမ်းကွဲတွေပဲ။
    သက် ငယ် မုဒိန်းမှုကို စာရေးဆရာက ရေးသားပုံဖော်တဲ့ ဇာတ်လမ်းတစ်ပုဒ်။
    အဲ့ဒီဇာတ်လမ်းထဲက စီရင်ပုံအတိုင်း လိုက်လံပြီး မုဒိန်းကောင်တွေကို စီရင်သူ လူတစ်ယောက်။
    ဇာတ်လမ်းရေးသူ ကြည်လင်အေးရဲ့ ချစ်သူက မုဒိန်းကောင်တွေလို့ သတ်မှတ်ခံရသူတွေနဲ့ ဆွေမျိုးတော်စပ်သူ။
    ချစ်ခိုင်စံ ရဲ့ ဗီလိန် ဟာ စဖတ်လိုက်တာနဲ့ ဇာတ်သိမ်းအထိ ရင်တမမ ဖြစ်နေရမဲ့ လျှို့ဝှက်သည်းဖို ချောက်ချားဖွယ် ဇာတ်လမ်းတစ်ပုဒ်။
    စာချစ်သူတို့ကို အကြုံပြုလိုတာက လုပ်စရာရှိတဲ့ အလုပ်တွေ မပျက်ချင်ရင် ချစ်ခိုင်စံ ရဲ့ ဗီလိန် ကို ဘယ်လိုမှ အစပြုပြီး သွားမဖတ်လိုက်ပါနဲ့။ စ ဖတ်လိုက်တာနဲ့ အကုန်လုံးကို မေ့ပြီး အဆုံးထိ ဆွဲခေါ်သွားမှာမို့ အစ အဆုံး ဖတ်ဖို့ အေးဆေး အချိန်ရှိတယ် ဆိုမှသာ ဖတ်ရှုပါလို့ အကြံပြုလိုက်ပါတယ်ခင်ဗျာ။
    Ks 5,000
  • အတိတ်စိုက်ခင်း

    ou reap what you sow (ကိုယ်စိုက်တာ ကိုယ်ပြန်ရိတ်သိမ်းရမယ်) ဆိုတဲ့ ကမ္ဘာကျော်စကားပုံ ရှိပါတယ်။ ဒီစာအုပ်မှာ ဆရာမခတ္တာခင်ရဲ့ အတိတ်စိုက်ခင်းကို ဖတ်ရှုရမှာပါ။ စာရေးဆရာမ ခတ္တာခင်ရဲ့ အတိတ်စိုက်ခင်းဆီ စာဖတ်သူတွေကို ဘယ်လို ခေါ်ဆောင်သွားမလဲ?
    အတိတ်စိုက်ခင်းကို စစချင်း မျိုးစေ့ချတဲ့ဆီကနေ ဖတ်ရှုရမယ်။ မွန်ကျော်ဆိုတဲ့ အဓိက ဇာတ်ကောင် မမွေးဖွားမီ မွန်ကျော့်အဖေ(ဖြစ်လာမယ့်သူ)က ဟိုဘက်ရွာက အမေ(ဖြစ်လာမယ့်သူ)ကို သွားခိုးတဲ့ ဇာတ်လမ်းက အသည်းတယားယားနဲ့ပေါ့။ ဒီလိုနဲ့ … ရခိုင်ပြည်နယ် တစ်နေရာ၊ မြစ်ကမ်းဘေး ရွာတစ်ရွာက မွန်ကျော် ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အတိတ်စိုက်ခင်းလေး အစပျိုးခဲ့တယ်။
    မြစ်ကမ်းဘေးရွာလေးတစ်ရွာက အသံချဲ့စက် ဆောင်းဘောက်စ်ပိုင်ရှင်ရဲ့ သမီးလေး မွန်ကျော်ရဲ့ ငယ်ဘဝစိုက်ခင်းက အရောင်အသွေး စိမ်းစိုလှပလတ်ဆတ်တာကို မြင်ရမယ်။ ငယ်စဉ်ကတည်းက နှစ်ခြိုက်ခဲ့တဲ့ အဆိုတော်တွေရဲ့ သီချင်းတွေ၊ သူငယ်ချင်း အမွန်နဲ့ ရွာရိုးကိုးပေါက် လျှောက်သွားတာ၊ လှေသမားဖြစ်တာကြောင့် တစ်လ ကိုးသီတင်းနေမှ အိမ်ကိုလာပြီး မွန်ကျော့်ကို စာအုပ်တွေ၊ အကောင်လေးတွေ သယ်သယ်လာတဲ့ ဦးလေးဖြစ်သူ မိခင်ရဲ့ မောင် ဦးဦးဝင်းမြင့်၊ ရွာမှာ သူစိမ်းတွေ များလာတာနဲ့အညီ ဖွင့်ဖြစ်တဲ့ မွန်ကျော်တို့ အိမ်က ခနော်ခနဲ့ လက်ဖက်ရည်ဆိုင်လေး၊ ရွာထဲက မူးနေတဲ့ ကာလသားတွေနဲ့ ၎င်းတို့ရဲ့ အိမ်ရှင်မများက ဇာတ်လမ်းတွေ၊ ထိုစဉ်ကာလ ရွာတွေတိုင်းလိုလို ရှိကြတဲ့ အခပေး ကာရာအိုကေရုံ နဲ့ လူကြီးတွေ ကာရာအိုကေမှာ သီချင်းဆိုတာ သွားသွားနားထောင်တဲ့ မွန်ကျော်နဲ့ အထွေး၊ ဦးဦးဝင်းမြင့် လှေဆိုက်တော့ သယ်လာတဲ့ ဝက်မကလေး ဖြူလုံးမ၊ ဖြူလုံးမနဲ့ မွန်ကျော့်ကြား သံယောဇဉ်၊ စတာတွေနဲ့ အခြားအခြားသော မွန်ကျော်ရဲ့ ဘဝ စိုက်ခင်းလေးကို ဖတ်ရှုရင်း ဆရာမ ခတ္တာခင် ရေးခြယ်ဖန်တီးတဲ့ ဝတ္ထုကောင်းတစ်ပုဒ်ကို ဖတ်ရှုရပါမယ်။
    မွန်ကျော်ရဲ့ ဘဝ စိုက်ခင်းလေးဟာ ဆရာမခတ္တာခင်ရဲ့ ဖြစ်ရပ်မှန် အတိတ်စိုက်ခင်းလား ဆိုတာကိုတော့ ဒီဝတ္ထုလေးကို ခံစားဖတ်ရှုပြီး အဖြေထုတ်ကြည့်စေချင်ပါတယ်။ ဆရာမ ခတ္တာခင်ကလဲ “ကျွန်မအတွက်တော့ အတိတ်ဟာ ခံစားမှုပေါင်းစုံ ရောပြွမ်းနေတဲ့ စိုက်ခင်းတစ်ခု၊ အဲ့ဒီ ခံစားမှုတွေကို စာဖတ်သူဆီ ဆင့်ပွားပေးလိုက်ရတဲ့အခါ စာဖတ်သူတို့ ခံစားမှုက ဘယ်သူဖြစ်လာမလဲ မျှော်လင့်နေပါတယ်” လို့ ဆိုပါတယ်။
    Ks 6,000
  • တောရိုင်းမြေ

    📢 ကမ္ဘာ့ဝတ္ထုသမိုင်းမှာ ရုရှားဝတ္ထုရေးဆရာတွေဟာ ထိပ်တန်းတစ်နေရာမှာ ရှိတယ်လို့ ဆိုကြတယ်။ တော်လ်စတွိုင်း၊ မစ်ခေးရှိုလိုကော့ ၊ အန်တွန် ချက်ကော့ဗ်၊ တူရဂေညက်၊ ဂေါ်ကီတို့ဟာ ကမ္ဘာကျော် ရုရှား စာရေးဆရာကြီးတွေ ဖြစ်ကြပါတယ်။ အခု ဒီစာအုပ် တောရိုင်းမြေဟာ ကမ္ဘာ့ဂန္တဝင် စာပေ စာရင်းဝင် ဖြစ်ပါတယ်။
    #တောရိုင်းမြေ စာအုပ် ရေးသူက မစ်ခေးရှိုလိုကော့ (၁၉၀၅_၁၉၈၄) ဖြစ်ပါတယ်။ သူဟာ ရုရှားတောင်ပိုင်းက ကျေးတောသား တစ်ယောက် ဖြစ်တယ်။ နောက်ပြီး ရုရှားပြည်မှာ ထင်ရှားတဲ့ ကော့ဆက် စစ်သည်တော် အနွယ်ဝင်လည်း ဖြစ်ပါတယ်။ မစ်ခေးရှိုလိုကော့ က ပြည်တွင်းစစ်ကာလအတွင်းကနေ ၁၉၂၂ အထိ တပ်နီတော်မှာ အမှုထမ်းခဲ့တယ်။
    ရှိုလိုကော့ဟာ စာရင်းအင်းဋ္ဌာနမှာ စာရေးအဖြစ် အမှုထမ်းဖူးတယ်။ မူလတန်းကျောင်းဆရာအဖြစ်လည်း လုပ်ဖူးတယ်။ သင်္ဘောကြီး ကုန်တင်ကုန်ချ အလုပ်သမားအဖြစ်လည်း လုပ်ဖူး၏။ စစ်သားအဖြစ်နှင့် တိုက်ပွဲဝင်ခဲ့ဖူးတယ်။ သတင်းစာဆရာလည်း ဖြစ်ခဲ့ဖူး၏။ သူ့ရဲ့ ဘဝအတွေ့အကြုံတွေဟာ စုံလင်လှပါတယ်။ နောက်တော့ ၁၉၂၃ မှာ ဝတ္ထု စတင် ရေးသားခဲ့ပါတယ်။
    #တောရိုင်းမြေ ဝတ္ထုကြီးရဲ့ နောက်ခံကာလက ၁၉၃၀ ဝန်းကျင်၊ မဟာအောက်တိုဘာ ဆိုရှယ်လစ်တော်လှန်ရေး ပြီးဆုံးခါစအချိန်၊ တန်ပြန် တော်လှန်ရေးသမားတွေဟာ ဒွန်ဒေသမှာ ဆိုဗီယက်အစိုးရကို ပြန်လည်တိုက်ခိုက်နေချိန် ဖြစ်ပါတယ်။ ပြည်တွင်းစစ် ကာလလည်း ဖြစ်တယ် ။
    ဒွန်မြစ်ကြီးဟာ ရုရှားနိုင်ငံရဲ့ အသက်သွေးကြောမြစ်ကြီး တစ်စင်းလည်း ဖြစ်ပါတယ်။ အဲဒီ ဒွန်မြစ်ကမ်းက ဂရယ်မျချီ ရွာအပြင် အခြားရွာတွေကိုပါ စည်းရုံးပြီး စုပေါင်းလယ်ယာ ထူထောင်တဲ့ကိစ္စဟာ အတော် တာဝန်ကြီးပါတယ်။
    ကွန်မြူနစ်ပါတီကို မယုံကြည်သူတွေ၊ တန်ပြန် တော်လှန်ရေးသမားတွေ၊ ရှေးရိုးစွဲ လယ်သမားတွေက အတိုက်အခံ ပြုမှုတွေကို ရွာခံ ပါတီဝင်တွေနဲ့အတူရင်ဆိုင် ဖြေရှင်းရပါတယ်။ ဒီကြားထဲ လူပျို လူလွတ်တစ်ယောက် ဖြစ်နေတဲ့ ဒါဗီးဒေါ့ ရဲ့ အချစ်ရေး ကိစ္စတွေကလည်း ပြည်ထဲရေးထက် လွမ်းရေးခက် ဆိုသလို ကြုံရပြန်တယ်။ စနစ်ဟောင်းနဲ့ စနစ်သစ် တို့ရဲ့ အားပြိုင်မှု ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
    📌ပုဂံစာအုပ်တိုက်နေ ၁၉၆၅ ခုနှစ်က ပထမအကြိမ် နှစ်တွဲခွဲ ထုတ်ဝေခဲ့ပြီး တစ်ခါမှ ပြန်လည်ထုတ်ဝေခြင်း မပြုရသေးတဲ့ ဂန္တဝင် စာအုပ်တစ်အုပ်ဖြစ်တဲ့ #တောရိုင်းမြေကို နှစ်တွဲပေါင်းချုပ် ဒုတိယ အကြိမ်အဖြစ် မဟာစာပေမှ ဂုဏ်ယူစွာ ထုတ်ဝေလိုက်ပါတယ်။📌
    Ks 15,000
  • လမ်းပျောက်

    ပြဿနာဆိုတာမျိုးက တခါတလေ ကိုယ်က မရှာပေမယ့် မထင်ရင်မထင်သလို တကူးတကနဲ့ ရောက်လာတတ်တယ် မဟုတ်လား။ ကယ်ပါဦး ဆိုလို့ တကူးတက သွားကူညီပါမှ ကိုယ်ပါ ဘဝပျက်ကိန်းနဲ့ ကြုံရတာမျိုးကျ “စေတနာသည် လူတိုင်းနှင့် မတန်” လို့ပဲ ဆိုရမလိုလို .. ။
    ဆရာဖိုးနိုင်လင်း ဘာသာပြန်တဲ့ လမ်းပျောက် က မူရင်း Stephen King နဲ့ Joe Hill တို့ရေးသားတဲ့ In The Tall Grass ။ Stephen King ရဲ့ ဝတ္ထုများအတိုင်းပဲ ဒီဝတ္ထုဟာလည်း စိတ်လှုပ်ရှားဖွယ် Thriller အမျိုးအစားဖြစ်ပြီး ရုပ်ရှင်အဖြစ် Netflix က တင်ဆက်တဲ့အခါတုန်းကလည်း အင်မတန် အောင်မြင်ခဲ့တယ်။ ရုပ်ရှင်နဲ့ ဝတ္ထုက ဇာတ်အိမ်တူပေမယ့် ဇာတ်လမ်းမှာ ကွဲလွဲချက်တွေ ရှိပါတယ်။
    ဝတ္ထုက အမေရိကန်နိုင်ငံ ကမ်းဆပ်ပြည်နယ်၊ အဝေးပြေးလမ်းအမှတ် ၄၀၀ ရဲ့ နံဘေးတစ်နေရာက မြက်ရိုင်းတောကြီးထဲမှာ ဇာတ်အိမ်တည်ထားတယ်။ ကယ်လ်ဒီးမုသ် နဲ့ ဘက်ကီဒီးမုသ် တို့ဟာ သိပ်ချစ်ကြတဲ့ မောင်နှမ ၂ ယောက်။ အသက်ကလည်း တစ်နှစ်ကျော်ကျော်ပဲကွာတော့ ဆိုးအတူ ကောင်းအတူ ဆိုတာမျိုး။
    အဝေးပြေးလမ်းမပေါ်က မြက်ရိုင်းတောကြီးနဲ့ ဒီမောင်နှမ ပတ်သက်ခဲ့တာက ဘက်ကီဒီးလ် အသက် ၁၉ လောက်မှာ ကိုယ်ဝန်ရှိခဲ့ရာလို့ပဲ ပြောရမယ်။ ကိုယ်ဝန်ရှိလာတော့ ကလေးမွေးပြီးရင် ဖြစ်လာမယ့်ကိစ္စတွေ ရှိလာတာကြောင့် မောင်နှမ ၂ ယောက်ဟာ ဘက်ကီ ကိုယ်ဝန် ၆ လ လောက်မှာ ကားတစ်စီးနဲ့ ရောက်ရာပေါက်ရာ လျှောက်သွားခဲ့တယ်။ ဒီလိုနဲ့ .. ဒီလိုနဲ့ … ပြဿနာက တကူးတက မဖိတ်ခေါ်ဘဲ ပြဿနာရှိရာအရပ် မြက်ရိုင်းတောကြီးတွေ ကပ်လျက် ရှိတဲ့ အဝေးပြေးလမ်းကို မောင်းမိလာတယ်။ မောင်းနေရင်းနဲ့ ၂ ယောက်စလုံး ကြားလိုက်ရတာက “ကယ်ကြပါ၊ ကယ်ကြပါ၊ ကျွန်တော့်ကို တစ်ယောက်ယောက် ကယ်ကြပါဦး” ဆိုတဲ့ ကလေးလေးတစ်ယောက်ရဲ့ အသံ။ ကြည့်လိုက်တော့ ကားလမ်းနံဘေး မြက်ရိုင်းတောကြီးထဲက ထွက်လာတဲ့ အသံမှန်းသိလိုက်တယ်။
    ကယ်လ် နဲ့ ဘက်ကီတို့ဟာ ပြန်မထွက်တတ်ဘဲ လမ်းပျောက်နေပြီး အကူအညီတောင်းနေတဲ့ သနားစဖွယ် ကလေးငယ်ကို ကယ်တင်ဖို့ ဆုံးဖြတ်ကာ မြက်ရိုင်းတောထဲ ဆင်းခဲ့ကြတယ်။ တကယ်တမ်း ဆင်းကြည့်မှ မြက်ရိုင်းတွေဟာ ထင်တာထက် ပိုမြင့် ပိုရှည်လျားပြီး သာမန်မြက်ရိုင်းတွေလို မပျော့ပျောင်းတာ သိလိုက်ရတယ်။ နောက်ထပ် ထူးဆန်းတာက မြက်ရိုင်းရှည်တောကြီးဟာ ကမ္ဘာမြေပေါ်က အခြားနေရာတွေလို မဟုတ်ဘဲ အရပ်ဒေသ တည်နေရာ ၊ ရေခံမြေခံ ၊ အချိန် တွေက တသမတ်တည်း မဟုတ်ဘဲ ပြောင်းလဲနေတာပါ။ အဲ့ဒါတွေထက်ပိုပြီး ဘက်ကီတို့ မောင်နှမ အံ့အားသင့်ခဲ့ရတာက မြက်ရိုင်းရှည်တောကြီးထဲမှာ လမ်းပျောက်လို့ အော်နေတဲ့ ကလေးလေး တစ်ယောက် မက ရှိနေတာ သိလိုက်ရပြီး သိပ်မကြာခင် သူတို့မောင်နှမ ကိုယ်တိုင် လမ်းပျောက်တဲ့ အဖြစ်ကို ရောက်ခဲ့တာပါပဲ။
    ကယ်လ်နဲ့ ဘက်ကီတို့ ဘာတွေ ဆက်ကြုံရမလဲ ဆိုတာ လမ်းပျောက်ဝတ္ထုမှာ ဖတ်ရှုနိုင်မှာဖြစ်ပြီး ရုပ်ရှင်နဲ့မတူတဲ့ ရသအသစ်တစ်ခုကို ရင်တထိတ်ထိတ်နဲ့ ခံစားရမှာဖြစ်ပါတယ်။
    Ks 3,000

Main Menu