-
ညို
ထွန်းတောက်ထွဋ်နဂို background က မကောင်းရတဲ့ကြား ယောက်ျား စွန့်ပစ်ခြင်းကိုပါ ခံရတဲ့ မိန်းမတစ်ယောက်ရဲ့ ဘဝလမ်းခရီးဟာ ဘယ်လိုတွေ ကြမ်းတမ်းနေမလဲ? ဘယ်အခြေအနေထိ ရောက်သွားနိုင်လဲ?
ဆရာထွန်းတောက်ဋ် (သင်္ချာ) ဟာ ပထမဆုံး လုံးချင်း ‘ခေတ္တ နာကျင်ကြေကွဲခြင်း’ မှာ နိုင်ငံရပ်ခြား တိုင်းတစ်ပါးရောက် အမျိုးသားတို့ရဲ့ ဘဝကို အကောင်းဆုံး ပုံဖော်နိုင်ခဲ့သူဖြစ်ပြီး ယခု ဒုတိယစာအုပ်မှာတော့ ခက်ခဲတဲ့ ဘဝလမ်းကြောင်းပေါ်က ဓနအင်အား ကင်းမဲ့၊ background မကောင်းရှာတဲ့ လင်ပစ်မလေးတစ်ဦးဖြစ်သူ ညိုမီမီခင် ရဲ့ အကြောင်းကို ညို အမည်နဲ့ ရေးဖွဲ့ပါတယ်။ ညို ဆိုတာ အသက် ၂၀ ကျော်အရွယ်မှာတင် အိမ်ထောင်ကျခဲ့တဲ့ ရွှေပြည်သာစက်မှုဇုန်ရောက် အလုပ်သမတစ်ဦး။ မိဘနေရပ်ကနေ ဝေးရာမှာ ဘဝလမ်းကြောင်းအတွက် အလုပ်လုပ်နေရင်း သူမလိုပဲ ဘဝတူ သိန်းသန်းမောင်နဲ့ လူငယ်သဘာဝ ချစ်ကြိုက်မိရင်း လက်မထပ်လို့ မရတဲ့ အခြေအနေတစ်ခုကြောင့် ငယ်ငယ်ရွယ်ရွယ်မှာပဲ ညို အိမ်ထောင်သားမွေးဘဝကို ရောက်ခဲ့တယ်။ အခက်အခဲတွေကြားကနေ အိမ်ထောင်တစ်ခုကို ရုန်းကန်တည်ဆောက်နေရင်းက ညို့အမျိုးသားဟာ ခြေရှုပ်လာတယ်။ စင်တင်တေးဂီတဆိုင်က ကောင်မလေးတစ်ယောက်နဲ့ ဇာတ်လမ်းတွေ ဖြစ်လာတယ်။ အစစအရာရာ နိမ့်ပါးတဲ့ ညို့အတွက် ယောက်ျားကို သဝန်တိုဖို့တောင် ခက်ခဲနေဆဲမှာပဲ သိန်းသန်းမောင် ကားတိုက်မှု ဖြစ်တော့ စင်တင်က ကောင်မလေး မေဘရဏီက ငွေကြေးအကူအညီနဲ့ တခြားလိုအပ်တာတွေ ကူညီရင်း ညို့ရဲ့ မိသားစုဘဝကို ခြယ်လှယ်လာတယ်။ သိန်းသန်းမောင် အချုပ်နဲ့ ထောင်ကလွတ်ပြီး နောက်ပိုင်း မေဘရဏီနဲ့ နိုင်ငံခြားကို အတူထွက်သွားတော့ ညို့ကမ္ဘာဟာ အမှောင်ဖုံးလာတယ်။ ရရာအလုပ်တွေ ဝင်လုပ်ရင်း ကလေးတွေရဲ့ စရိတ်ပေါင်းများစွာနဲ့ ဘဝလမ်းကို ခက်ခက်ခဲခဲ လျှောက်နေရင်းက ကိုဗစ်ကာလမှာတော့ ညို့ကမ္ဘာဟာ လုံးဝ မှောင်မိုက်ထဲ ကျသွားစေခဲ့တယ်။
အမှောင်လောကထဲက ညိုမီမီခင် ဘဝကို ဘယ်လို ဆက်လက်ရပ်တည်မလဲ။ ဘဝလမ်းကို ဘယ်လို ဆက်လျှောက်မလဲ။
“ညိုဟာ ဘယ်လို မိန်းမစား၊ ညိုဟာ ဘယ်လို အတန်းအစား ဆိုတာထက် ညို့စိတ်၊ ညို့ဘဝ၊ ညို့ ဆုံးဖြတ်ချက်တွေနဲ့ ညို့ လုပ်ရပ်တွေအပေါ် စာနာ နားလည်ပေးနိုင်ကြမယ် ဆိုရင် ကျေနပ်ပါတယ်” လို့ စာရေးသူက ဆိုပါတယ်။
တကယ်တော့ ညိုဟာ .. ဘာဖြစ်မလဲ ၊ ညို့ကို ဘယ်လို မြင်ရမလဲ၊ ညို့ရဲ့ ဘဝဇာတ်ကြောင်းက စာရေးသူ မျှော်လင့်သလို ခံစားရစေမှာလား။
ထွန်းတောက်ထွဋ် (သင်္ချာ) ရဲ့ ညို ဟာ ဆရာ့စာအုပ်အသစ်ကို မျှော်လင့်နေသူတို့ စိတ်တိုင်းကျ နှစ်ခြိုက်စေမယ့် စာအုပ်ကောင်းတစ်အုပ်ပါပဲ။
Ks 5,000ညို
Ks 5,000 -
ငွေလရောင်ကျိန်စာ
လင်းခန့်ရှေးတုန်းက ထမံသီရွာမှာ လပြည့်ညဆိုရင် လူကနေ ကျားဖြစ်သွားတတ်တဲ့ ဒဏ္ဍာရီတွေကို စာဖတ်သူတို့ ကြားဖူးကြမလား မသိဘူး။ မြစ်ထဲ ဆင်းသမျှ သတ္တဝါမှန်သမျှ အစရှာမရအောင် သတ်ဖြတ်စားသောက်တတ်တဲ့ မိချောင်းကြီး ပါးဖြူကိုတော့ ဧရာဝတီမြစ်ဝကျွန်းပေါ်က လူတွေ ကြားဖူးကြမယ်နဲ့ တူပါရဲ့။ ပါးဖြူသောင်းကျန်းလွန်းလို့ သမန်းမိချောင်းညီအစ်ကိုနှစ်ယောက် လာနှိမ်နင်းတဲ့ ဒဏ္ဍာရီကိုတော့ လူသိနည်းလိမ့်မယ် ထင်ပါတယ်။အနောက်တိုင်းမှာတော့ လပြည့်ညမှာ လူစင်စစ်ကနေ ဝံပုလွေဖြစ်သွားတတ်တဲ့ သမန်းဝံပုလွေဒဏ္ဍာရီတွေဟာ အင်မတန် နာမည်ကြီးပါတယ်။ ဒါကို သဘာဝတရားရဲ့ သွေးပျက်ချောက်ခြားဖွယ် ထူးခြားဆန်းကြယ်မှုလို့လည်း ခေါ်ကြရဲ့။စတီဖင်ကင်းဟာ ဒီလိုထူးခြားဆန်းပြားပြီး ထိတ်လန့်ချောက်ခြားဖွယ်ကောင်းလှတဲ့ ဒဏ္ဍာရီကို အခြေတည်ပြီး ခေတ်သစ်သမန်းဝံပုလွေဇာတ်လမ်းတစ်ပုဒ် ဖန်တီးခဲ့ပါတယ်။ နာမည်က Cycle of the Werewolf တဲ့။ တိုက်ရိုက်ဘာသာပြန်ရရင် ‘သမန်းဝံပုလွေရာသီစက်ဝန်း’ပေါ့။ ကျနော်ကတော့ လပြည့်ညရဲ့ ဝင်းပသာယာတဲ့ လရောင်ဟာ တချို့သူတွေအတွက် ကြောက်မက်ဖွယ် အခြားသော ဘဝတစ်ပါး၊ တချို့သူတွေအတွက် ထိတ်လန့်တုန်လှုပ်ဖွယ် သေခြင်းတရားအဖြစ် ပြောင်းလဲပေးလိုက်တာမို့ ‘ငွေလရောင်ကျိန်စာ’လို့ နာမည်ပေးလိုက်ပါတယ်။Ks 3,500ငွေလရောင်ကျိန်စာ
Ks 3,500 -
နှလုံးလှဆရာဝန်
ကျော်အောင်‘နှလုံးလှဆရာဝန်’ ဟာ ကနေဒီယန်း ခွဲစိတ်ကုဆရာတစ်ယောက်ဖြစ်တဲ့ နော်မန်ဗက်သွန်းရဲ့ ဘဝအကြောင်းကို ဇာတ်လမ်းပြုရေးဖွဲ့ထားတဲ့ ဘာသာပြန်ဝတ္ထုကောင်းတစ်ပုဒ်ပါ။ နော်မန်ဟာ ငယ်စဉ်ကပင် အနုပညာကို ဝါသနာပါခဲ့သူဖြစ်ပြီး ဆရာဝန် မဖြစ်မီကပင် စာပေနှင့် ပန်းချီကားများကို စွဲလန်းသူ၊ ပန်းချီကားရောင်းဝယ်ရေးလုပ်ခဲ့သူဖြစ်ပါတယ်။ ဘဝခရီးတစ်လျှောက် အောင်မြင်တဲ့ဆရာဝန်တစ်ယောက်အဖြစ်ကနေ စပိန်ပြည်တွင်းစစ် နဲ့ တရုတ် – ဂျပန် စစ်ပွဲကာလတွေမှာ ဘယ်လို သရုပ်ဆောင်သွားမလဲဆိုတာ နှလုံးလှဆရာဝန်မှာ တွေ့ရှိရပါမယ်။
အထူးသဖြင့် နော်မန်ဟာ ဖက်ဆစ်ဂျပန် ကျူးကျော်တပ်တွေကို တိုက်ထုတ်ရာမှာ ရွတ်ချွံစွာ ပါဝင်ခဲ့တာကြောင့် တရုတ်တော်လှန်ရေး သူရဲကောင်းတွေကြား “ပိုင်ချူအင်” အဖြစ် အမြတ်တနိုး ခေါ်ဝေါ်ကြတဲ့အထိ ကျော်ကြားခဲ့တယ်။ တရုတ်-ဂျပန်စစ်ပွဲကြီးစတင်ပြီး ခြောက်လခန့်အကြာမှာ တရုတ်နိုင်ငံသို့ ရောက်ခဲ့တဲ့ နော်မန်ဟာ စစ်မြေပြင်ဒဏ်ရာများ ကုသရာတွင် ဆန်းသစ်တဲ့နည်းပညာများကို မိတ်ဆက်ခြင်း ကဲ့သို့ ထူးကဲစွာ တာဝန်ကို ချဉ်းကပ်မှုကြောင့်လည်း သူဟာ ဒဏ္ဍာရီတွင်တဲ့အထိ ဖြစ်ခဲ့ရတာပါ။ မူရင်းဝတ္ထုဟာ ကမ္ဘာကျော်စာအုပ်ဖြစ်ခဲ့ပြီး ဆရာကျော်အောင်က နှလုံးလှဆရာဝန် အမည်နဲ့ ဘာသာပြန်တဲ့အခါမှာလည်း ဖတ်ရှုသူတိုင်း သဘောကျတဲ့ ဘာသာပြန်စာအုပ်ကောင်းတစ်အုပ် ဖြစ်လာပါတယ်။ ဘာသာပြန်စာချစ်သူတို့ လက်မလွတ်ဘဲ ဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
Ks 9,000နှလုံးလှဆရာဝန်
Ks 9,000 -
အရိပ်လေးဆယ် (ရသအက်ဆေးများ)
စံပယ်ဖြူနုဆရာမ စံပယ်ဖြူနု ဆိုတာ စာချစ်သူတို့ကို အထူးတလည် မိတ်ဆက်ပေးရမယ့် စာရေးဆရာမ တဦးတော့ မဟုတ်ပါဘူး။ ရသစာပေချစ်သူတိုင်းက ဆရာမရဲ့ ဝတ္ထုတို၊ရှည်၊ အက်ဆေး စတဲ့ အရေးအသားမှန်သမျှကို နှစ်ခြိုက်နေကြသလို အမျိုးသားစာပေဆုများနဲ့ အခြားစာပေဆုများကို ဆွတ်ခူးထားတဲ့ ကလောင်တစ်ချောင်းလည်း ဖြစ်ပါတယ်။ မဟာစာပေက ဆရာမစံပယ်ဖြူနုရဲ့ မြို့ကလေးနေမကောင်းပါ ဝတ္ထုတိုစု၊ အပြန်လမ်းဘယ်မှာ လမ်းဘယ်မှာနှင့် အခြားမဂ္ဂဇင်းဝတ္ထုတိုများ၊ အခါတစ်ပါး (ဝတ္ထုလတ်)လုံးချင်းတို့ကို ထုတ်ဝေခဲ့ပြီးဖြစ်ရာ ယခုထုတ်ဝေတဲ့ အရိပ်လေးဆယ်က မဟာစာပေနဲ့ စံပယ်ဖြူနုတို့ရဲ့ လေးအုပ်မြောက်လက်တွဲခြင်းဖြစ်ပါတယ်။ အရိပ်လေးဆယ်မှာ ဆရာမစံပယ်ဖြူနုက သူ့ရဲ့ စာဖတ်ပရိသတ်ကို ဘယ်လို အရေးအသားတွေနဲ့ ချပြမလဲ?
လူတိုင်း လူတိုင်းမှာ အရိပ်ကိုယ်စီရှိကြပါတယ်။ ကျား မ မရွေး၊ ကလေးလူကြီး အရွယ်စုံ သူ့ အတိုင်းအထွာနဲ့သူ အရိပ်တွေ ကိုယ်စီရှိကြပါတယ်။ လူတိုင်းဟာ နေ့ရက်တွေတိုင်းကို နေထိုင်မှုအမျိုးမျိုးနဲ့ ရုန်းကန်လှုပ်ရှားသွားလာပြီး ဖြတ်သန်းကြရလေတော့ သူတို့ရဲ့ အရိပ်တွေဟာလည်း အရိပ်ရှင်တို့ရဲ့ ဖြတ်သန်းမှုတွေပေါ်မူတည်ပြီး အရောင်အသွေးတွေ၊ အဆင်အပြင်တွေ၊ ဖော်ပြမှုပုံစံတွေ ဖြစ်တည်လာပါတော့တယ်။ ဒီစာအုပ်မှာ ဆရာမစံပယ်ဖြူရဲ့ ဘဝဖြတ်သန်းမှု နေထိုင်လှုပ်ရှားမှုတွေထဲက အရိပ်လေးဆယ်တိတိကို ရသမြောက် အရေးအသားတို့နဲ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။
အရိပ်တခုချင်းစီတိုင်းဟာ ရသမြောက်အရေးအသား တစ်ပုဒ်ဖြစ်တာကို တွေ့ရမှာဖြစ်ပြီး ဆရာမစံပယ်ဖြူနုရဲ့ ဘဝထဲကို အရိပ်တွေကနေ တဆင့် စာချစ်သူတို့ မြင်တွေ့ခွင့်ရမှာပါ။ အရိပ် – ၁ မှာ သူမရဲ့ အတွင်းနက်နက် စိတ်ပိုင်းဆိုင်ရာအကြောင်းတစ်ခုကို အိပ်မက်ကတဆင့် ထိတွေ့ခွင့်ရမှာဖြစ်သလို အရိပ် – ၃ မှာ ဆိုရင်လည်း တီဗွီနဲ့ ဆရာမစံပယ်ဖြူနုရဲ့ အဘွားအကြောင်းကို ခပ်ပါးပါး တို့ထိခွင့်ရမှာဖြစ်ပါတယ်။ “ကျွန်မက ကံကောင်းလို့ ကြည်အောင် မဖြစ်တာ” ဆိုတဲ့ အရိပ် – ၄ ဟာလည်း စံပယ်ဖြူနုဆိုတဲ့ ကလောင်နာမည် ဘာကြောင့် ဘယ်လိုဖြစ်လာသလဲဆိုတာကို ထဲထဲဝင်ဝင် ရေးထားတာမို့ တစ်ခါဖတ်ပြီးတာနဲ့ ဆရာမရဲ့ ပရိသတ်တို့ ဘယ်တော့မှ မမေ့တော့မယ့် အရေးအသားတစ်ပုဒ်လို့ ဆိုရမှာပါ။ အရိပ် – ၇ မှာဆို စံပယ်ဖြူနုရဲ့ အကြိုက်ဆုံးဟင်းအကြောင်း၊ အရိပ် – ၉ မှာ စံပယ်ဖြူနုနဲ့ ကြောင်အကြောင်း စတဲ့ သူမရဲ့ ဘဝထဲကို အရိပ်တွေကနေတဆင့် ဖတ်ရှုရမှာဖြစ်ပြီး လူသိပ်မသိတဲ့အကြောင်းလေးတွေကို လှစ်ဟပြတဲ့ အရိပ်အကြောင်းတွေပါ ဖတ်ရမှာပါ။
“စာရေးကောင်းသူတို့ဟာ ဘာရေးရေး ဖတ်လို့ကောင်းနေတာပဲ” လို့ ပြောကြပါတယ်။ ဒီစာအုပ်မှာ စံပယ်ဖြူနုရဲ့ ဘဝနဲ့ ဆက်စပ်အကြောင်းအရာတို့ကို အပုဒ် ၄၀ တိတိ ဖတ်ရှုရမှာ ဖြစ်ပြီး ရသမြောက် အရေးအသားတို့နဲ့ ကွပ်ထားတဲ့ ဆရာမရဲ့ ဘဝထဲက ရှင်သန်လှုပ်ရှားမှုတွေဖြစ်တာမို့ အရိပ်တိုင်းဟာ စာဖတ်သူကို အတွေးတစ်စစီ ချန်ထားခဲ့မှာ ဖြစ်ပါတယ်။ ခရစ်သက္ကရာဇ် ၂၀၂၀ မှာ အသက် ၄၀ ပြည့်ခဲ့သူ စံပယ်ဖြူနုရဲ့ အရိပ်လေးဆယ် ကို အပိုင်း ၅ ပိုင်း ခွဲချပြထားတဲ့ ဒီစာအုပ်ကနေတဆင့် ဆရာမရဲ့ ဘဝနဲ့ နေ့ရက်ဆိုင်ရာအချို့ကို တို့ထိနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Ks 6,000အရိပ်လေးဆယ် (ရသအက်ဆေးများ)
Ks 6,000 -
ပီကာဆို၏ ပဉ္စလက်မီးအိမ်
မြသန်းတင့်ဆရာမြသန်းတင့် လက်ရာ စုစည်းမှု ဖြစ်တဲ့ ” ပီကာဆို၏ပဉ္စလက်မီးအိမ် ” စာအုပ်ဟာ စာဖတ်သူတွေကို ဟင်းကောင်းကျွေးကောင်း များစွာနဲ့ ထမင်းတစ်နပ် စားလိုက်ရသလို ခံစားမိစေနိုင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဆရာမြသန်းတင့် ရေးထားသမျှ ခရီးသွား ဆောင်းပါး ၊ အက်ဆေး၊ အင်တာဗျူး တွေနဲ့ ၊ အမှာစာတွေထဲကမှ ကောင်းနိုးရာရာ စာလေးတွေကို သီးသန့် စုစည်းထားတာ မို့ပါ။
“ပီကာဆို၏ပဉ္စလက်မီးအိမ် ၊ နှစ်သိန်းတန် ထမင်းပွဲနှင့် မိုးကောင်း ” ဆိုတဲ့ ခေါင်းစဉ်နဲ့ မိုးကောင်း စာပေဟောပြောပွဲကို ရထားနဲ့ ခရီးသွားခဲ့ရင်း သူကြုံတွေ့ခဲ့ရတာကို ပရေးဗားရဲ့ ကဗျာတစ်ပုဒ်နဲ့ ထင်ဟပ် ရေးသားထားပါတယ်။
စာဖတ် ပရိသတ် အကြိုက်ဆုံး အက်ဆေး တစ်ပုဒ်ကတော့ “တမာနုချိန်စစ်တမ်း ” ဖြစ်ပါတယ် ။
အညာသား ဖြစ်တဲ့ ဆရာမြ ၊ သူ အညာကို လွမ်းတဲ့ အချိန်ဖြစ်တဲ့ တပို့တွဲ လဆန်း အချိန်ကို ဖွဲ့.နွဲ့ ထားတာများ လက်ဖျားခါလောက်ပါတယ်။ နမူနာ နည်းနည်း ဖတ်ကြည့်ပါဦး ။
“ထို အချိန်သည်
နွေနတ်သမီးက မြူဇာပဝါပါးကို နေလှန်းချိန် …
ကျေးငှက် ကိုယ်စားလှယ် အဆင့်ဆင့်တို့၏ နှစ်ပတ်လည် ကွန်ဖရင့် …..
ဂီတမိခင် က ဥသြငှက်ကို ဒိုရေမီဖာ စ၍ သင်ပေးခါစ ။
ဆက်ရက်က ထန်းရည်မူးပြီး ပေါက်ပင်ပေါ်တွင် ကျူးကျော်တဲ ဆောက်နေဆဲ ။
…………………သဇင်ကြွင်းက ဖန်ခွက်ထဲမှ နောက်ဆုံးနှင်းစက် ကို အငမ်းမရ မော့နေဆဲ ။
ကျေးဖိုက ကျေးမ၏ မီးနေခန်းနားတွင် တရစ်သီသီ ။
…………………………..ကောက်လှိုင်းစည်းက သူ့စင်ပေါ် တက်ခွေပြီး
သူ့တလင်းကို လွမ်းလွမ်းဆွေးဆွေး ကြည့်လျက်
…………………………..တမာပင်က ဝတ်လစ်စလစ် ချွတ်ချလိုက်ပြီး
မလုံ့တလုံ ရွက်နုကို ခြုံနေဆဲ ။“နောက်ပြီး အိမ်ပြန်ရောက်လာတဲ့ သူ့ကို အမေက အမဲခြောက်ကို ခရမ်းချဉ်သီး နိုင်နိုင် ၊ ငြုတ်သီးတွေနဲ့ ချဉ်စပ်ဟင်း ချက်ကြွေးတဲ့ အကြောင်း ၊ သူ ခပ်ငယ်ငယ် ကျောင်းနေတုန်း မြို့အဝင် လမ်းဘေး တစ်ဖက်တစ်ချက် မှာ ပေါက်နေတဲ့ တမာပင်တွေ ဘယ်မှာဆုံးမလဲ ဆိုတာ သိချင်လို့ အိမ်က ထွက်ပြေးလာပြီး သူငယ်ချင်း နဲ့ လျှောက်ကြည့်တဲ့ အကြောင်း ၊ ဖတ်ရင်းနဲ့မရောက်ဘူးတဲ့ “မြိုင် ” မြို့ကို လွမ်းမိစေပါတယ် ။
“မုန်တိုင်းထဲကလူ ”
“ဇော်ဂျီ ၊ ကျွန်တော်နှင့် သီရိပစ္စယာအလွမ်း _၁ ” “_၂” နဲ့
“လက်ဖက်ရည်ဆိုင် ထဲမှာ ဖြတ်သန်းစီးဆင်း သွားသော ရေအလျင် ” လေးပုဒ် က ဗန်းမောင်တင်အောင် ၊ ဇော်ဂျီ နဲ့ ခေတ်ဟောင်း စာရေးဆရာ တွေရဲ့ တစ်ပိုင်းတစ ရုပ်ပုံလွှာ အဖွဲ့ ဖြစ်ပါတယ်။” အင်ဒရေဂျိ ၏ လိပ်ပြာတစ်ကောင် ” က စန်းဦးရေးတဲ့ “မိုးရာသီဆက်တင် ” ကဗျာစာအုပ် အမှာစာ ။ ဂျိုဇော် ရေးတဲ့ “နာရီ ထဲက တံလျှပ်များ ဝတ္ထုတိုစု” စာအုပ် အမှာစာ။ ချယ်ရီ မဂ္ဂဇင်း က မေးတဲ့အင်တာဗျူးက တစ်ပုဒ် ။
အဲဒီ အင်တာဗျူး ထဲမှာ “စစ်နဲ့ငြိမ်းချမ်းရေး ” ဝတ္ထု ဘာသာပြန် ဖြစ်ခဲ့ပုံ အကြောင်းပါတယ်။ ဆရာမြသန်းတင့် နောက်ဆုံးရေးခဲ့တဲ့ ဆောင်းပါးလို့ ယူဆလို့ရတဲ့ တစ်ပိုဒ်က တော့ ၊ ချားလ်ဒစ်ကင်း ဝတ္ထု ထဲက ကောင်လေး ဒေးဗစ်ကောပါးဖီးလ်အကြောင်းကို အခြေခံပြီး ရေးတဲ့ “ကျောင်းဆိုး နဲ့ ကျောင်းကောင်း ” ဆောင်းပါး။
ပုံစံ မတူညီတဲ့ စာတွေ တစ်စုတည်း ဖတ်လိုက်ရတာ အစုံသုပ် ကောင်းကောင်း တစ်ပွဲ စားလိုက်ရတာထက်ကို ပိုပါတယ် ။ဆရာမြသန်းတင့် ရဲ့ ဘာသာပြန် စာအုပ်တွေကို နှစ်သက်ခဲ့လို့ရှိရင် ဆရာ့ရဲ့ ပင်ကိုယ်ရေး ဆောင်းပါးတွေ ၊ အက်ဆေးလေးတွေကိုလည်း ခံစား မြည်းစမ်း ကြည့်ပါဦး ခင်ဗျာ။
Ks 5,000ပီကာဆို၏ ပဉ္စလက်မီးအိမ်
Ks 5,000 -
ကြာညိုနံ့သင်းသော ရေဝတီမ
မြသန်းတင့်ဆရာမြသန်းတင့်ရေးတဲ့ ဆောင်းပါးတွေကို စုပြီး စာအုပ်အများအပြား ထုတ်ဝေခဲ့ဖူးပြီ ။ အဲဒီ များပြားလှတဲ့ ဆောင်းပါးပေါင်းစု စာအုပ်လေးတွေ ထဲကမှ ဒီစာစုဟာ ထူးခြားပါတယ်။
စာပေ ဆိုင်ရာ ဆောင်းပါး အများစုနဲ့ ရုပ်ပုံလွှာ အဖွဲ့ အချို့ကို စုစည်းထားလို့ ဖြစ်ပါတယ် ။ ကမ္ဘာ့စာပေ မှာ အုတ်အော်သောင်းတင်း ဖြစ်ခဲ့တဲ့ စာအုပ် အကြောင်း ၊ ကမ္ဘာကျော် စာရေးဆရာ တချို့ အကြောင်း ၊ မြန်မာစာပေလောကကို သုံးသပ် ဝေဖန်ထားတာတွေ ၊ အညတရ ကျောင်းဆရာ တစ်ယောက်ရဲ့ ရုပ်ပုံလွှာအဖွဲ့ ၊ စတာတွေပါတဲ့ ဆောင်းပါး စုစုပေါင်း ( ၁၆ ) ပုဒ်ကို စုစည်းထားပါတယ်။
အညှီအဟောက် ဝတ္ထုလို့ နာမည်ကြီး တဲ့ “လေဒီချက်တာလေ၏ ချစ်သူ ” ဝတ္ထု တရားရုံး အထိ ရောက်သွားတဲ့ အကြောင်း ဆောင်းပါးတစ်ပုဒ် နဲ့ စဖွင့်ထားတယ်။ ညစ်ညမ်းစာပေ ဆိုတာ ဘယ်လို စာမျိုးကို ခေါ်တာလဲ ။ ဘာတွေ ပါနေလို့ ညစ်ညမ်းစာပေ လို့ သတ်မှတ်ကြသလဲ။
ဟိုတစ်ခေတ်မှာ ညစ်ညမ်းစာပေလို့ သတ်မှတ်ထားပြီး အခုခေတ် ကျမှ ဂန္ထဝင်စာပေ စာရင်းထဲ ဝင်သွားတဲ့ စာအုပ်တအုပ်ကတော့ အင်္ဂလိပ် စာရေးဆရာကြီး ဒီ အိတ်ချ်.လောရင့်ရေးတဲ့ လေဒီချက်တာလေ၏ ချစ်သူ စာအုပ်ပါ။ ၁၉၂၈ နှစ် ဥရောပ မှာပဲ ထုတ်ဝေခွင့်ရပြီး ၁၉၆၀ နှစ် ကျမှ အင်္ဂလန်မှာ ထုတ်ခွင့်ရတဲ့ လေဒီချက်တာလေ၏ ချစ်သူ စာအုပ်ဟာ တရားစွဲဆိုခြင်းကို ခံရတယ် ။ သူ့ခေတ်မှာ လှုပ်လှုပ်ရှားရှား အဖြစ်ဆုံး အဲဒီစာအုပ်ကို ညစ်ညမ်းစာပေ ဟုတ်မဟုတ် တရားရုံးမှာ ဆုံးဖြတ်ရတဲ့ အထိပဲ။ တရားလိုနဲ့ တရားခံ နှစ်ဖက်စလုံး ရဲ့ ရှေ့နေတွေ အပြန်အလှန် လျှောက်လှဲ ချေပကြပြီး နောက်ဆုံးမှာ ဂျူရီလူကြီးတွေက “အပြစ်မရှိ “လို့ ဆုံးဖြတ်ပေးခဲ့တယ် ။ အဲဒီ လျှောက်လှဲချက်တွေကို “လေဒီချက်တာလေ၏ ချစ်သူ တရားခွင်” ဆိုပြီး စာအုပ် ထုတ်လိုက်သေးတယ်။
” ကြာညိုနံ့သင်းသော ရေဝတီမ” ဆိုတဲ့ ဆောင်းပါးက .. ပြင်သစ် စာရေးဆရာ မော့ပတ်ဆွန်း အကြောင်း ။ မော့ပတ်ဆွန်း စာအုပ်တွေကို အင်္ဂလန်မှာ ထုတ်ဝေခဲ့သူ Frank Harris ရေးတဲ့ မော့ပတ်ဆွန်းဘဝ ဇာတ်သိမ်းခန်း ဟာ တကယ်ကို ကြေကွဲစရာပါ။ အောင်မြင် ထင်ရှားတဲ့ စာရေးဆရာတစ်ယောက်ရဲ့ ကန့်လန့်ကာ နောက်ကွယ်က ရင်နင့်စရာ အဖြစ်တွေ။
The Root ဇစ်မြစ် ဝတ္ထုနဲ့ နာမည်ကြီးလာတဲ့ စာရေးဆရာ Alex Haley ကို စာဖတ်သူတွေ သိကြမှာပါ ။ ကမ်းခြေစောင့်တပ်မှာ ဆယ်နှစ်ကျော် အမှုထမ်းခဲ့တယ် ။ စာရေးဆရာ လုပ်မယ်ဆိုပြီး အလုပ်ထွက်လိုက်တယ် ။ အောင်မြင်တဲ့ စာရေးဆရာဘဝ မရောက်မီ အဲလက်စ်ဟာလီ ရုန်းကန်ခဲ့ရပုံများကို ဖွင့်ဟထားတဲ့ ဆောင်းပါးလေးပါ။
စာရေးဆရာ ဖြစ်ဖို့ ” မျှော်လင့်ချက်တိုင်းပြည်ထဲမှာ နေရဲတဲ့ သတ္တိရှိအောင် ၊ နေရဲတဲ့ ဖွဲရှိအောင် လှုံ့ဆော်ပေးတဲ့ အရာက တခုပဲ ရှိတယ် ” လို့ သူ ပြောခဲ့ပါတယ် ။ အဲဒီ ဆောင်းပါးက “ငါးသေတ္တာနှစ်ဘူးနှင့် အကြွေ ၁၈ဆင့်” “ကြာညိုနံ့သင်းသော ရေဝတီမ ” ထဲက ဆောင်းပါးတွေဟာ နိုင်ငံတကာ က စာရေးဆရာတွေရဲ့ ပုံရိပ်တွေ၊ ကမ္ဘာကျော် စာအုပ်တွေ အကြောင်းနဲ့ မြန်မာစာပေလောကကို သုံးသပ်ထားတဲ့ ဆောင်းပါးတွေ ဖြစ်ပါတယ်။ ဆောင်းပါး ဆိုတာ သုတစာပေ ထဲပါတယ် ပြောကြပေမဲ့ ရသကိုလည်း ပေးနိုင်စွမ်းကြောင်း ဒီစာစုတွေက သက်သေပြလိုက် သလိုပဲ ။
Ks 4,000ကြာညိုနံ့သင်းသော ရေဝတီမ
Ks 4,000 -
ဆယ်ကြိမ်မြောက်အလည်ရောက်ခြင်း
မြသန်းတင့်အသက် ၃၀ အရွယ်တွင်ပင် ထောင်ထဲ ၉ ခါ အဝင်အထွက် လုပ်ပြီးတဲ့ ချစ်သဲ။ ချစ်သဲ ထောင် ၉ ခါကျရခြင်း အကြောင်းကို လူထုဦးလှက “အားလုံးကောင်းကြရဲ့လား” ဆိုတဲ့အမည်နဲ့ စာအုပ်ရေးခဲ့ဖူးတယ်။
ချစ်သဲက လူမိုက်။ ၁၄ နှစ်သားကတည်းက အမှုတစ်ခုနဲ့ စတင်ရင်ဆိုင်ရပြီး ထောင်နဲ့ အပြင်လောကကို ကူးချည်သန်းချည်လုပ်ရင်း ဘဝကို ကျင်လည်ခဲ့တယ်။ ချစ်သဲ အရွယ်ရောက်လာတော့ လူဆိုးလူပေဖြစ်လာတယ်။ လူအငှားရိုက်ပေးတာ၊ ခိုးတာ၊ လုတာ၊ ချွေးတပ်အငှားလိုက်တာ စတဲ့ လူဆိုးလူပေတို့ရဲ့ အလုပ်တွေကို ကျင်လည်စွာ လုပ်ကိုင်ရင်း ထောင်ထဲ ဝင်လိုက်ထွက်လိုက်ဖြစ်၊ လက်စလက်နရှိသူဆိုတော့ ထောင်ထဲမှာလည်း ထောင့်အဌာရသတွေ ကျွမ်းကျင်စွာ တတ်မြောက်ရင်း ထောင်မင်းသား ဖြစ်လာသူ။ ချစ်သဲထောင်ကျတဲ့ကာလတုန်းက အင်းစိန်ထောင်မှာ ညဘက်ဆို ၁၅ မိနစ် ၁ ခါ ထောင်ဝါဒါတွေက အားလုံးကောင်းကြရဲ့လား လို့ အော်ပြီး မေးတယ်။ ဘဝမှာ ခိုးဆိုးလုနှိုက် ပေတေမိုက်ခဲ့သူ ဘာမှမကောင်းခဲ့တဲ့ ချစ်သဲအဖို့ အဲ့ဒီအော်သံဟာ သူ့ကို တိုက်ရိုက်မေးတယ်လို့ ယုံကြည်ရင်း ထောင်ထဲမှာ တချို့ညတွေဆို အိပ်မပျော်တဲ့အထိပဲ။ လူထုဦးလှက ထောင်ထဲမှာ ချစ်သဲနဲ့ ဆုံတော့ သူ့ဘဝဇာတ်ကြောင်းကို စာအုပ်ရေးရင်း ချစ်သဲတစ်ယောက် နောက်ထပ် ထောင်မကျတော့ဘဲ လူကောင်းတစ်ယောက်အဖြစ် ဘဝကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းခဲ့တယ်။ ဆရာမြသန်းတင့်ဟာလည်း ဦးလှရဲ့ စာအုပ်ကို ဖတ်ရင်း ထပ်တူ ဆုတောင်းပြုခဲ့တယ်။ ဒါပေမဲ့ ဆရာတို့ ဆုတောင်းတွေ မပြည့်ခဲ့ပါဘူး။ ဆရာမြသန်းတင့် ကိုကိုးကျွန်းကနေ အင်းစိန်ထောင် ရောက်လာတဲ့အချိန်မှာ ထောင်ထဲကို ၁၀ ကြိမ်မြောက် ရောက်လာတဲ့ ချစ်သဲနဲ့ တွေ့ပါတော့တယ်။
ချစ်သဲက သူ ၁၀ ကြိမ်မြောက် ထောင်ကျခဲ့ရင်းအကြောင်းကို ဆရာမြသန်းတင့်ကို လုံးစေ့ပတ်စေ့ ပြောပြပါတယ်။ ၉ ကြိမ်မြောက် ထောင်ကလွတ်ပြီး နောက်ပိုင်း ချစ်သဲရဲ့ ဘဝဇာတ်ကြောင်းက စိတ်ဝင်စားစရာအတိပါ။ တော လူချမ်းသာတွေအတွက် အငှားလူမိုက်လုပ်ပေးခဲ့တာ၊ အစိုးရနဲ့ သူပုန်တပ်တွေကြား နှစ်ဖက်လုံးကို အယုံသွင်းပြီး လိမ်ခဲ့ပုံ၊ ဘုရားပွဲတွေမှာ ကစားဝိုင်းဒိုင်လုပ်ခဲ့တာ၊ ဇာတ်ထဲ မန်နေဂျာရာထူး တစ်နေရာ ရပြီး မင်းသားကို အန္တရာယ်ပေးတာ၊ ဇာတ်မင်းသမီးနဲ့ သံယောဇဉ်ဖြစ်၊ လက်ကြောမတင်းတဲ့ ချစ်သဲအဖို့ ငွေရပြီး လွယ်လွယ်ပြန်ကုန်တာ၊ မထင်မှတ်တဲ့ ကိစ္စကနေ ၁၀ ကြိမ်မြောက် ထောင်ကျရတဲ့ အဖြစ်အပျက် စတဲ့ အကြောင်းတွေဟာ ဆရာမြသန်းတင့်ရဲ့ “ဆယ်ကြိမ်မြောက် အလည်ရောက်ခြင်း” စာအုပ်ဖြစ်စေခဲ့ပါတယ်။“ဆယ်ကြိမ်မြောက် အလည်ရောက်ခြင်း” ဟာ “ကျွန်တော် ဆက်၍ရေးချင်သော ဝတ္ထုများ” စာအုပ်ကို ရေးခဲ့သူ ဆရာမြသန်းတင့်ရဲ့ ကျွန်တော်ဆက်၍ ရေးလိုက်သော ဝတ္ထုတစ်အုပ်လည်း ဖြစ်ပါတယ်
Ks 3,500ဆယ်ကြိမ်မြောက်အလည်ရောက်ခြင်း
Ks 3,500 -
ကျွန်တော်ဆက်၍ ရေးချင်သောဝတ္ထုများ
မြသန်းတင့်စာဖတ် ဝါသနာပါသူတိုင်းမှာ သူတို့ ဘဝ အပေါ် လွှမ်းမိုးတဲ့ စာအုပ်တွေ ရှိကြပါတယ် ။ ကိုယ် စွဲလမ်းရတဲ့ စာအုပ်တိုင်းရဲ့ အချို့သော ဇာတ်ကောင်စရိုက်တွေ ၊ အချို့သော ဇာတ်သိမ်းခန်းတွေဟာ ကိုယ့်အကြိုက် ဖြစ်ချင်မှ ဖြစ်တာ ။ ကိုယ်ကလည်း ဒီစာအုပ်ကို ကြိုက်နေတော့ ကိုယ်မကြိုက်တဲ့ ဇာတ်ဆောင်စရိုက်တွေ ၊ ဇတ်သိမ်းတွေကို ကိုယ့်စိတ်ကူးနဲ့ ဖန်တီးပြီး စိတ်ကျေနပ်မှု ရအောင် စိတ်ကူးယဉ် ခဲ့ဖူးတဲ့ အခိုက်အတန် ့ ဟာ စာဖတ်သူတွေ စိတ်ထဲမှာ ရှိခဲ့ဖူးမှာပါ ။
ဝတ္ထု ဇာတ်လမ်းတွေ ရေးတဲ့ စာရေးဆရာတွေ အတွက် ပိုခံစားရပေမပေါ့ ။ ဒါပေမဲ့ အဲဒီအကြောင်းကို စာတစ်စောင် ပေတစ်ဖွဲ့ အနေနဲ့ ရေးသားခဲ့တာတော့ ဆရာမြသန်းတင့် တစ်ယောက်ပဲ ရှိမယ် ထင်ပါတယ် ။ အဲဒီ စာအုပ်ကတော့ ” ကျွန်တော်ဆက်၍ရေးချင်သော ဝတ္ထုများ ” ဆိုတဲ့ စာအုပ်ပါပဲ ။ စာအုပ်ကောင်း တစ်အုပ်ဟာ ခေတ်ကို ကျော်လွှားနိုင်ပါတယ် ။ ၁၉၇၄ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဒီစာအုပ် “ကျွန်တော်ဆက်၍ရေးချင်သော ဝတ္ထုများ ” ဆိုရင် အကြိမ်ကြိမ် ပြန်ထုတ်ရတဲ့ အထိ စာဖတ်သူ မျိုးဆက် အဆင့်ဆင့် ဖတ်ရှုနေကြရတဲ့ လက်စွဲ စာအုပ်တစ်အုပ် ပါ ။
တစ်ချိန်သော အခါကာလ တစ်ခုမှာ မြသန်းတင့် ဟာ တစ်ယောက်ထီးတည်း လပေါင်းများစွာ နေခဲ့ရတယ် ။ စာကားပြောဖော် မရှိ ၊ စာအုပ်ဆိုတာ လုံးဝ မရှိတဲ့ အချိန်ကာလ တစ်ခုကို သူဖြတ်ကျော်ခဲ့ရတယ် ။ သူ့အတွက် ပစ္စုန်ပ္ပန် နဲ့ အနာဂတ် ကာလတွေ ပျောက်ဆုံးနေပြီး “အတိတ်ကာလ ” တစ်ခုတည်းမှာ နေခဲ့ရတဲ့ အချိန်မှာ ဒီစာအုပ်ရေးဖို့ စိတ်ကူးရခဲ့တယ် ။
၁၉၂၀ ကနေ ၁၉၄၅ ကာလ ထုတ်ဝေခဲ့တဲ့ စာအုပ်တွေ ထဲကမှ သူ ဖတ်ခဲ့ပြီး သူ နှစ်သက်ခဲ့တဲ့ ဝတ္ထုတွေထဲက ဇာတ်ကောင်တွေကို ဆရာမြသန်းတင့် ဟာ စိတ်ကူးထဲမှာ တွေ့ဆုံ ဆွေးနွေးဖို့ ဖြစ်လာပါတယ် ။ အဲဒီ ဝတ္ထုတွေရဲ့ ဇတ်လမ်းနဲ့ ဇာတ်ကောင်စရိုက်တွေ ကို ပြန်စဉ်းစား သုံးသပ်ပြီး စာအုပ် ဝေဖန်ရေး ပုံစံနဲ့ ရေးထားပါတယ် ။ ဒီစာအုပ်ကို ဖတ်ပြီးမှ ဒီထဲက ညွှန်းဆို ထားတဲ့ စာအုပ်တွေကို ရှာဖတ်ကြည့်တဲ့ သူတွေလည်း မနည်းပါဘူး ။
ဆရာမြသန်းတင့် က ဘယ်ဝတ္ထုတွေကို ဘယ်လို ဆက်ပြီး ရေးချင်သလဲ ဆိုတာ နမူနာ ပြရရင် ….
” အကောင်းကို ရှာ၏ ။ အကောင်းကား မရှိတော့ ” ဆိုတဲ့ မေ ကို အမျိုးသမီး ဘော်ဒါဆောင် တစ်ခုဖွင့်ပြီး တက္ကသိုလ်ကျောင်းသူ တွေကို ထိန်းကျောင်း ပြုပြင်ပေးလိုတဲ့ ရွှေအိုရောင်မေ အဖြစ် ဖန်ဆင်းလိုက်တယ် ။ ( ဒဂုန်တာရာ _ မေ )
ကောလိပ်ကျောင်းသား ထဲက ရွှတ်နောက်နောက် သိန်းဖေ ဟာ ဥရောပနိုင်ငံ အနှံ ့အပြား လည်ပတ် သွားလာနေတဲ့ ၊ ဘာသာစကား အသစ်တွေကို သင်ယူနေတဲ့ ဦးသိန်းဖေ အဖြစ် ဆရာမြ ပုံဖော် စိတ်ကူးယဉ် ခဲ့တယ် ။ ( ဇဝန _ကောလိပ်ကျောင်းသား)
မြသန်းတင့် ဆက်ပြီး ရေးချင်တဲ့ ဝတ္ထုတွေထဲက ဇာတ်ကောင် တချို့က တော့…
မင်းဆွေ ရေးတဲ့ “ဓား” ဝတ္ထု ထဲက မျိုးမြင့်ရန်နောင်ဇေယျ ရေးတဲ့ “မြတ်လေးရွှေဓားဗိုလ် ” ဝတ္ထုထဲက မြတ်လေးရွှေဓားဗိုလ်
ရဲထွန်းလင်း ရေးတဲ့ “အရေးတော်ပုံတပ်သား” ဝတ္ထုထဲက မျိုးတင့် တို့နဲ့ အခြား ဇာတ်ဆောင် ၅ယောက် ဖြစ်ပါတယ် ။
အခုအချိန်မှာ မြသန်းတင့် ဝေဖန် ညွှန်းဆို ခဲ့တဲ့ ဒီစာအုပ် (၁၀) အုပ်ဟာ ဂန္ထဝင် စာရင်းတွင်နေပါပြီ ။ ဆရာမြသန်းတင့် နှစ်သက် စွဲလမ်းခဲ့တဲ့ စာအုပ် (၁၀) အကြောင်းနဲ့ ဆရာမြ ဘယ်လိုဆက်ပြီး ရေးချင်သလဲတာတွေအပြင် မိမိစာအုပ်စင်မှာ သိမ်းဆည်းထားရမယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
Ks 6,000ကျွန်တော်ဆက်၍ ရေးချင်သောဝတ္ထုများ
Ks 6,000 -
ကမ္ဘာမြေ၏ ဝင်ရိုးတစ်ချောင်း
ရဲသျှမ်းမီးရထားကြီးတစ်စီး ဥဩတွေဆွဲရင်း ဘူတာထဲက ထွက်ခွာသွားသည်ဖြစ်စေ .. ဘူတာထဲ ဝင်လာသည်ဖြစ်စေ .. အဲ့ဒီမြင်ကွင်းတွေကို အများစု မြင်ဖူးကြမှာပါ။ မီးရထားကြီးပေါ်မှာ ပါသွားတဲ့ ချစ်သူနဲ့ ဝေးရလို့ လွမ်းရတာ၊ ရထားနဲ့ အလုပ်က ပြန်လာတဲ့ ဖခင်က မုန့်ဝယ်လာလို့ ပျော်တာ၊ စသဖြင့် မီးရထားတွေဟာ လူသားတွေကို ခံစားမှုတွေ ပေးစွမ်းနိုင်ပါတယ်။
တကယ်တော့ မီးရထားတွေ အချိန်မှန်မှန် ဘူတာတွေက ထွက်ခွာပြီး အချိန်မှန်မှန် ဆိုက်ဖို့၊ ခရီးလမ်းတစ်လျှောက် ဘေးကင်းဖို့၊ ရထား အတွင်းအပြင် သန့်ရှင်းမှုနဲ့ စီးနင်းသူတို့ သက်သောင့်သက်သာရှိမှုတို့အတွက် ရထားနဲ့ ပတ်သက်ပြီး တာဝန်ရှိသူ အဆင့်ဆင့်မှာ တာဝန်ကိုယ်စီ ရှိကြပါတယ်။ တစ်နည်း မီးရထားလုပ်ငန်းခွင်က သူတို့တွေရဲ့ ရင်ထဲမှာလည်း ခံစားချက်တွေ ရှိသလို သူတို့ရဲ့ ဘဝအဖြစ်အပျက်တွေ၊ အတွေးအမြင်တွေမှာလည်း စိတ်ဝင်စားစရာတွေ ရှိပါတယ်။ ဒါတွေကို ထုံးလိုချေ ရေလိုနှောက် သိရှိ နားလည်တဲ့ စာရေးဆရာကောင်းတစ်ဦးက ဇာတ်လမ်းအဖြစ် စာစီလိုက်တဲ့အခါ ဝတ္ထုကောင်းတစ်ပုဒ် ဖြစ်လာပါတယ်။
ဘူတာကြီးရဲ့ အနီးတဝိုက် ဝန်းကျင်က ဝန်ထမ်းဘဝတွေ၊ ဘူတာနဲ့ ရထားတွေကို အမှီပြုပြီး ဝမ်းစာရှာ နေထိုင်ရှင်သန်သူတွေ အကြောင်းကို ဆရာရဲသျှမ်းက “ကမ္ဘာမြေရဲ့ ဝင်ရိုးတစ်ချောင်း”မှာ ရသမြောက်စွာ ပုံဖော်ခဲ့တယ်။ ဆရာဟာ ရန်ကုန်ဘူတာကြီးမှာ ကိုယ်တိုင်တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့အတွက် ရေးသားလိုက်တဲ့ စာများဟာ ကြွရွလှပနေခဲ့တယ်။ မြန်မာ့မီးရထားဝန်ထမ်းတစ်ဦး ဖြစ်ရုံသာမက ရသစာပေဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဆရာဟာ “ကမ္ဘာမြေရဲ့ ဝင်ရိုးတစ်ချောင်း”မှာ မီးရထားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေတင်မက ကိုယ်တိုင်ဖြတ်သန်းကြုံတွေခဲ့ရတဲ့ စာပေလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ရသစာဖတ်ဝိုင်းအကြောင်းကို ရသမြောက်စွာ မှတ်တမ်းပြုရေးသားထားတာ ဖတ်ရှုရပါမယ်။
“ကမ္ဘာမြေရဲ့ ဝင်ရိုးတစ်ချောင်း”က ဆရာရဲသျှမ်းရဲ့ ပထမဆုံး ပင်ကိုရေး လုံးချင်းဝတ္ထုရှည်ဖြစ်ပါတယ်။ ခေတ် ကာလ အဖြစ်အပျက် နေရာ အခင်းအကျင်းတွေမှာ ချစ်ခြင်း၊ မုန်းခြင်း၊ မေတ္တာတရားတို့ ရှိကြတဲ့ ဇာတ်ကောင်များကို ဖွဲ့တည်ထားသည် လို့ အမှာစာမှာ ဖော်ပြထားပြီး စာဖတ်သူ၏ ခံစားမှုသည် အမှန်တရားလို့ ဆိုတဲ့ ဒီဝတ္ထုရှည်မှာ စာဖတ်သူတို့ မီးရထားတစ်စင်းကို နောက်ကွယ်က ခုတ်မောင်းစေသူတို့ရဲ့ ဘဝတွေနဲ့ ပတ်သက်တာတွေကို ခံစားရမှာပါ။
Ks 4,000ကမ္ဘာမြေ၏ ဝင်ရိုးတစ်ချောင်း
Ks 4,000 -
ငမွဲလော့ဂျစ်
အကြည်တော်အနုပညာသမားတွေဟာ လူပင်ကွယ်လွန်ခဲ့သော်ငြား နာမည်မသေဘူး လို့ ပြောစမှတ်ပြုကြပါတယ်။ ဆရာအကြည်တော်ဟာ စာဖတ်ပရိသတ်ကို ဟာသရသမြောက်တဲ့ စာတို စာရှည်ပေါင်းများစွာနဲ့ အားလုံးကို အပြစ်ကင်းစွာ ပျော်စေခဲ့သူပါ။ ဆရာ ကွယ်လွန်ပြီးတဲ့နောက်မှာလည်း ဆရာ့ရဲ့ စာတွေ၊ ပုံရိပ်တွေဟာ စာချစ်သူတို့ မမေ့ကြဘဲ သတိရလျက် ရှိနေကြဆဲပါ။
ဆရာ မကွယ်လွန်ခင်က ပေးအပ်ခဲ့တဲ့ စာမူအသစ် ငမွဲလော့ဂျစ် ဟာ ဆရာအကြည်တော်ကို လွမ်းလို့ မဝသေးသူတွေအတွက် အင်မတန်ကောင်းတဲ့ ဆေးတစ်ခွက်ဖြစ်လာမှာပါ။
ကမ္ဘာမှာ လော့ဂျစ်တွေ အများအပြား ရှိပါတယ်။ Logic ကို အဘိဓာန်မှာ ယုတ္တိဗေဒ လို့ ဖွင့်ဆိုပါတယ်။ ဆရာကြည်ရဲ့ ငမွဲလော့ဂျစ် မှာ လောကကြီးထဲ ဘယ်လိုနေထိုင်ရင် မွဲနိုင်မလဲဆိုတဲ့ အချက်တွေကို အလင်းပြထားတယ်။ စာအရှည်ကြီးတွေနဲ့ ရှည်လျားထွေပြား ရှင်းပြထားတာလည်း မဟုတ်ဘူး။ ဘယ်လိုလုပ်ရင် မွဲမလဲ ဆိုတာ တိုတိုနဲ့ ယုတ္တိရှိရှိ ရေးပြထားတာ .. ။ အားလုံးကို ကိုယ့်လိုပဲ မွဲစေချင်တဲ့ စာရေးဆရာနဲ့ ထုတ်ဝေသူတို့ရဲ့ စေတနာတွေပေါ့လေ။
ဒီတော့ … မွဲချင်ရင် ပြာပုံတောင် တိုးနေစရာ မလိုဘူး။ ဟောဒီက အကြည်တော် ရဲ့ ငမွဲလော့ဂျစ် ကိုသာ ဖတ်လိုက်။ ဆရာကြည် ပြုစုထားတဲ့ လော့ဂျစ်ပေါင်း ၄၀၀ ကျော်ကို ဖတ်ပြီး အချက်အလက်တွေက ကိုယ်ဟာ ငမွဲတစ်ယောက်လား ဆိုတာ အဖြေထွက်သွားလိမ့်မယ်။ မမွဲသေးဘူး ဆိုရင်တောင် မွဲကြည့်ချင်သွားမှာ … သေချာတယ်။
Ks 3,500ငမွဲလော့ဂျစ်
Ks 3,500 -
လူပျိုအပျိုဖတ်စာ
အကြည်တော်သမီးရည်းစားတွေ ဆိုတာ…
အမြဲတမ်း စစ်ပွဲစတင်တယ် ၊
အမြဲတမ်း လက်နက်ချတယ် ၊
အမြဲတမ်း စစ်ပြေ ငြိမ်းတယ် ၊
အမြဲတမ်း ချစ်ကြည်ရေးကတိတွေ ပေးတယ် ၊
အမြဲတမ်း စစ်ပွဲ ပြန်လည်စတင်တယ် ၊
အမြဲတမ်း လက်နက် ပြန်ချတယ် ၊
.
ဒီ အမြဲတမ်းတွေက ကမ္ဘာဦး ကတည်းက လူပျို အပျိုတွေ ကြုံရတဲ့ ပြဿနာ မဟုတ်လား။ရောဂါတစ်ခုရဲ့ ဇာစ်မြစ်ကို သိမှ ဆေးကုသနိုင်သလိုပဲ လူငယ်တွေရဲ့ အချစ်ပြဿနာတွေရဲ့ အကြောင်းရင်းကို ဆန်းစစ်ဝေဖန် လမ်းညွှန်ပြထားတဲ့ ဆရာ အကြည်တော်ရဲ့ စာအုပ်အသစ်။
အပျိုလူပျိုဖတ်စာ လို့ ဆိုထားတဲ့ ဒီစာအုပ်လေးက ဆုံးမစာ လုံးဝ မဟုတ် ၊ ရှေ့ကို အရင် ရောက်နှင့်နေသူ တစ်ယောက်ရဲ့ လမ်းညွှန်စာအုပ် ၊ တစ်နည်း ပြောရရင် လမ်းပြမြေပုံလိုပေါ့။
ငယ်ရွယ်နုနယ် အသိမကြွယ်သေးတဲ့ အပျို လူပျိုလေးတွေအတွက် ချစ်မှုနယ်ပယ်မှာ ဆောင်သင့်တာလေးတွေ ၊ ရှောင်သင့်တာလေးတွေကို ဆရာ အကြည်တော်က စေတနာရှေ့ထား အမှာစကား ပါးလိုက်တဲ့ စာလေးတွေလည်း ဖြစ်ပါတယ် ။
လူကသာ လက်တောက်လောက် အတွေ့အကြုံတွေက ဆရာကြီးလောက် ဖြစ်နေကြတဲ့ အခုခေတ်မှာ အပျို လူပျိုလေးတွေ ဟာ အမြန်ချစ်ကြ ၊ အမြန်ကွဲကြ ဖြစ်နေကြတာ များလှချည့် ။ အဲဒီ ကိစ္စ အပေါ် ဆရာ အကြည်တော်ရဲ့ သုံးသပ်ချက် တစ်ခုကတော့ ” သဝန်တိုခြင်း ” ကြောင့်လို့ ဆိုပါတယ် ။ စဉ်းစားစရာ မဟုတ်ပါလား…
“ကိုယ့်ကိုယ်ကိုယ် အင်မတန်မှကို အကောင်းမြင်တတ်ပြီး အင်မတန်မှကို စိတ်ရှည်သည်းခံနိုင်တယ် ထင်နေလား ”
“ရည်းစားထားကြည့်ပါ ” လို့ဆိုပြီး သမီးရည်းစား ဖြစ်ခြင်းကြောင့် စိတ်ရှည်တာ ၊ စိတ်တိုတာ ၊ စိတ်မတိုမရှည် ဖြစ်တာတွေကို ရေးပြထားတာလည်း သဘောကျစရာ။
အချုပ်ပြောရရင် ဒီစာတွေဟာ ချစ်ခြင်းတရားရဲ့ လမ်းဆုံးဘူတာ ရောက်ပြီးသူ အိမ်ထောင်သည်တွေနဲ့ မဆိုင်ရေးချ မဆိုင်ဘဲ ငယ်ရွယ် နုပျိုဆဲ အချစ်ဘူတာ အစကနေ ခရီးနှင်မယ့် အပျိုလူပျို လေးတွေ ဖတ်ဖို့ ဖြစ်ပါကြောင်း။
Ks 3,500လူပျိုအပျိုဖတ်စာ
Ks 3,500 -
ဇော်က ကနေသည်
အကြည်တော်ဆရာ အကြည်တော်ရဲ့ ဝတ္ထုအများစုဟာ ရယ်မောစရာတွေမို့ ဆရာ့ကို ဟာသစာရေးဆရာလို့ ပြောကြပါတယ်။ အမှန်လည်း ဆရာအကြည်တော်ရဲ့ စာအုပ်တွေဟာ ရယ်ရပါတယ်။ ဒီစာအုပ် ဇော်က က နေသည် ကတော့ စာဖတ်သူတို့ ရယ်လည်းရယ်ရသလို မောလည်းမောရမှာပါ။
တောထဲတောင်ထဲ သူယောင်ပင်လိုက်ရှာ၊ တွေ့ပြီဆို အကိတ်ဆုံးသူယောင်သီး တုတ်နဲ့ထိုး၊ ဟတ်ချလောင်းဆို သူယောင်မယ်ဖြစ်၊ ဇော်ဂျီနဲ့ သီချင်းဆို ကခုန်ကြ။ အဲ့ဒီလို ဇော်ဂျီမဟုတ်ပါဘူး။ လမ်းတကာလှည့်၊ လူစည်ကားရာ ဈေးလိုနေရာမှာ ဇော်က က၊ အစွမ်းထက်တဲ့ ဆေးတွေကို ရောင်းချကာ ဘဝလမ်းကို အခြေခံကျကျ လျှောက်နေတဲ့ ဆေးဆရာဇော်ဂျီ။
ဇော်ဂျီတွေရဲ့ တောထဲတောင်ထဲက ဒဏ္ဍာရီနဲ့ ပတ်သက်ပြီး “အမှန်တော့ လူတွေအမြင်မှားနေတာပါ။ ကျွန်တော်ကိုယ်တိုင်က ဇော်ဂျီပါပဲ” လို့ ဖွင့်ဟခဲ့သူ ဇော်ဂျီတစ်ယောက်ရဲ့ ဇာတ်လမ်း။ ဇော်ဂျီဟာ နိစ္စဓူဝ ဆေးရောင်းရင်း တစ်နေ့မှာ သူ့အစ်ကို ဆုံးပါးသွားခြင်းနဲ့ အတူ မိဘမဲ့ တူလေးတစ်ယောက်နဲ့နေထိုင်ဖို့ ဖြစ်လာတယ်။ ကိုယ်တိုင်က ကြမ်းတမ်းတဲ့ဘဝခရီးလမ်းအတွက် လမ်းတကာလှည့်၊ ဇော်ဂျီဝတ်စုံကြီးဝတ်၊ လျက်ဆားနဲ့ ဆေးတွေရောင်းနေရတဲ့ ဆင်းရဲလှတဲ့ဘဝထဲဝင်လာတဲ့ ကလေးငယ်လေးဟာ သူကိုယ်တိုင် ဦးလေးဇော်ဂျီနောက် လျှောက်လိုက်ရင်း ဇော်ဂျီပေါက်စနလေး ဖြစ်လာတယ်။ ဦးလေးဇော်ဂျီနဲ့ အတွဲညီညီ ဇော်က က ရင်း လောကဓံကို တူတူ ရင်ဆိုင်ခဲ့ကြတယ်။ ဒီလိုနဲ့ ဇော်ဂျီတို့ရဲ့ ဘဝဇာတ်ခုံပေါ်ကို မထင်မှတ်ဘဲ တက်လာသူက မဉ္ဖူ။ ဇော်ဂျီလေးရဲ့ မမနတ်သမီး။ ကားမတော်တဆဖြစ်ရာက မိသားစုတွေ ဆုံးပါး၊ ကိုယ်တိုင်က ခေါင်းကို ထိပြီး ယဉ်ယဉ်လေး ရူးနေသူ။ သူ့ကိုယ်သူ နတ်သမီးလို့ စွဲမှတ်နေတဲ့ မဉ္ဖူဟာ ဇော်ဂျီ တူဝရီးကို ခင်မင်ပြီး မခွဲနိုင် မခွာရက်ဖြစ်ရာက ဇော်က ကနေသည်ဟာ ရယ်စရာ မောစရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါတော့တယ်။
ဟာသတ္ထုတွေနဲ့ တောက်လျှောက်အောင်မြင်နေတဲ့ ဆရာအကြည်တော်ဟာ ဇော်က က နေသည် ကို ထုတ်ဝေလိုက်တော့ ရသစာဖတ်သူတို့ကြားမှာ ဘဝသရုပ်ဖော်ကို ပီပြင်တဲ့ဝတ္ထုအဖြစ် ရေပန်းစား လူပြောများခဲ့တယ်။ အပြစ်ကင်းစင်တဲ့ ဟာသလေးတွေ ကြားညပ်ပြီး ရေးထားတဲ့အတွက်လည်း ဆရာအကြည်တော်ရဲ့ ဟန်ကနေ ကွဲထွက်မသွားဘူး။ စာအုပ်အနေနဲ့ အောင်မြင်တဲ့ ဇော်က က နေသည်ကို ၂၀၀၈ ခုနှစ်မှာ နိုင်ငံကျော် အနုပညာ၊ အတတ်ပညာရှင်တွေနဲ့ ရုံတင်ခဲ့ရာမှာ အထူးလူကြိုက်များပြီး အကယ်ဒမီဆုတွေလဲ ရရှိခဲ့ပါတယ်။
Ks 3,000ဇော်က ကနေသည်
Ks 3,000